← Chapters

ချုပ်စမ်း၊ ချုပ်စမ်း၊ ချုပ်စမ်း

Vol. 16 Ch. 245

ချုပ်စမ်း၊ ချုပ်စမ်း၊ ချုပ်စမ်း

Vol. 16 Ch. 245

အရိပ်လေးမှ ဖြစ်လာသော သစ်ပင်နက်ကြီးသည် အလွန် ထူးဆန်းသည်။

သစ်ပင်ကြီးပေါ်ရှိ မျက်လုံးပေါင်းတစ်ရာက စူးရှတောက်ပသော အနီရောင်အလင်းများကို ထုတ်လွှတ်နေပြီး သတ္တုတွင်းကို သွေးလောကကြီးပမာ အလင်းပေးနေသည်။ ထိုမျက်လုံးများမှ ထွက်ပေါ်နေသော ရက်စက်ကြမ်းကြုတ်သည့်အရိပ်အယောင်များသည် အလွန် သိသာသည်။

ထိုရက်စက်ကြမ်းကြုတ်ခြင်းများထဲတွင် ပြင်းထန်သော အမျက်ဒေါသများ ကိန်းအောင်းနေ၏။

အရိပ်က အချိန်ကြာမြင့်စွာ သည်းခံနေခဲ့ရသည့်အလားပင်။ ယခုအချိန်၌ အဆင့်တက်သွားခဲ့ပြီဖြစ်၍ ၎င်း၏ ရင်ထဲတွင် သိမ်းဆည်းထားခဲ့ရသော မကျေနပ်ချက်များအားလုံးကို ဖိနှိပ်မထားနိုင်တော့ဘဲ ပေါက်ကွဲလာသည်။

သို့သော်လည်း အရိပ်လေး ဒေါသထွက်နေသည်မှာ ရွှီချင်းတစ်ယောက်တည်းမဟုတ်ဘဲ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကိုလည်း ဒေါသထွက်နေသည်။

ရွှီချင်းက နေ့တိုင်း အရိပ်ကို ဖိနှိပ်ခဲ့သည့်အတွက်ကြောင့် အစက ရွှီချင်းကိုသာ ၎င်းက သတ်ချင်ခဲ့ပါသော်လည်း ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အပြုအမူတချို့ကြောင့်လည်း ကျင့်ကန်းဂိုဏ်းစောင့်ဘိုးဘိုးကို မုန်းတီးလာခဲ့သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် ခန္ဓာပတ်လည်တွင် လျှပ်စီးများဖြင့် ဝန်းရံနေလျက် အရိပ်လေးကို တည်ကြည်သောအမူအရာဖြင့် ကြည့်နေသည်။ သို့သော်လည်း သူ ကြိတ်၍ ပျော်နေပြီး စိတ်ထဲမှ တွေးလိုက်သည်။

‘ အရိပ်လေး၊ အရိပ်လေး၊ ချထားကွ။ ဒီလိုဖြစ်နေရမှာပေါ့။ မင်း ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း သစ္စာဖောက်ပြရမှာ ’

အရိပ်လေးက ထိုသို့ဖြစ်လေလေ သူ၏နေရာက ပို၍ တည်မြဲလာလေလေပင်။

ထိုအတွေးနှင့်အတူ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ဟိန်းဟောက်လိုက်သည်။

“ မိစ္ဆာအရိပ်၊ သခင်လေးကို မင်း ပြန်ဝါးမျိုချင်နေတာလားကွ ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် ပြောပြီးသည်နှင့် သူ့သခင်ကို သစ္စာရှိစွာဖြင့် ကာကွယ်ပေးနေသည့်အလား ရွှီချင်းနှင့်အရိပ်ကြားသို့ ချက်ချင်း ရောက်သွားသည်။

တချိန်တည်းမှာပင် အရိပ်ကို သူ မမှိတ်မသုန် ကြည့်လိုက်သည်။ သံတုတ်ပေါ်မှ ကမ္ပည်းစာများ ဝင်းလက်တောက်ပလာပြီး ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်ပေါ်လာသည်။

ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ ယခုအချိန်၌ အရိပ်၏ ရက်စက်ကြမ်းကြုတ်သော အမူအရာကို သူ ဂရုမစိုက်ဘဲ ရင်းနှီးသော အသံများ၏ ဇစ်မြစ်ကို သူ အလျင်အမြန် တွေးတောလိုက်သည်။

ထို့နောက် ထိုအသံများ၏ ဇစ်မြစ်ကို သူ ပြန်စဉ်းစားမိကာ ကွက်ခနဲ မျက်နှာပျက်သွားသည်။

“ လူ့ဘီလူးကြီးနဲ့ နဂါးလှည်း ”

ရွှီချင်း၏ စိတ်ထဲ တုန်ခါသွားသည်။ ထိုအချိန်၌ အပြင်လောကမှ မြည်ဟည်းသံတစ်သံကို သူ ရုတ်တရက် ကြားလိုက်ရသည်။

လေးလံသော ပစ္စည်းတစ်မျိုး မြေပြင်ပေါ် ကျဆင်းသွားသည့်အလား ပြင်းထန်သော အငွေ့အသက်များကြောင့် ပင်လယ်ပြင်လှိုင်းထန်သွားကာ သူ ရှိနေသည့် ကျွန်းတစ်ခုလုံး တုန်ခါလာသည်။

တချိန်တည်းမှာပင် ကျွန်းအောက်ရှိ ပင်လယ်ထဲမှ ရွှီချင်း၏ တားမြစ်ပင်လယ်ရှဲကျင်းလုံ ရုပ်လုံးပေါ်လာပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။

၎င်းလှမ်းကြည့်လိုက်သည့်အခိုက် ၎င်း၏ခန္ဓာကိုယ် တွန့်ကွေးလာသည်။

အဝေးရှိပင်လယ်ပြင်မှ မြူခိုးများ သိပ်သည်းထူထပ်စွာ လွင့်ပျံလာသည်။ ကြမ်းပြင်သို့ လေးလံသော အရာဝတ္ထုများ ရိုက်ခတ်သံ ပို၍ ကျယ်လောင်လာပြီး သံကြိုးသံတချွင်ချွင်လည်း ထိုအသံနှင့်အတူ ကပ်လျက် လိုက်ပါလာသည်။

အဝေးမှကြည့်ပါက ဧရာမလူ့ဘီလူးကြီး တဖြည်းဖြည်း လျှောက်လာနေသည်ကို မြင်နိုင်သည်။

ထိုလူ့ဘီလူးကြီးသည် အလွန် ကြီးမားပြီး ဆံပင်များကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး လက်များဖြင့် ပြည့်နှက်နေသည်။ သူ၏ ခြေလှမ်းတိုင်း ပင်လယ်ကြမ်းပြင် တုန်ခါသွားကာ ဖုန်မှုန့်များနှင့် ပြည့်နှက်နေသည့် မြူခိုးများ ပေါ်လာသည်။

သူ ရှေ့ဆက်တိုးလာသောအခါတွင် သူ့ကိုယ်ပေါ်မှ မည်းနက်တောက်ပြောင်သော သံကြိုးများကို မြင်လာရသည်။

ထိုသံကြိုးများသည် သူ့ခန္ဓာကိုယ်နှင့် ကြေးနဂါးလှည်းကြီးကို ဆက်သွယ်ပေးထားသည်။

ထိုကြေးနဂါးလှည်းကြီးသည် အချိန်ကာလတိုက်စားခြင်း၏ အငွေ့အသက်များကို ဆောင်ကြဉ်းလာပြီး နေရာအများစုတွင် သံကြေးများ တက်နေသည်။ ၎င်းမှာ အနည်းငယ် ဘေးသု့ိ စောင်း၍ ဆွဲခံလိုက်ရသည်ဖြစ်ရာ ပင်လယ်ကြမ်းပြင်၌ ရှည်လျားသော အမှတ်အသားကြီး ဖြစ်သွားသည်။

လူ့ဘီလူးကြီးဖြစ်စေ၊ နဂါးလှည်းကြီးဖြစ်စေ အလွန် ကြီးမားသည်။ ၎င်းတို့နှင့် ယှဉ်ပါက ရွှီချင်းသည် အလွန် သေးငယ်နေ၏။ သူ့အမြင်တွင် ၎င်းတို့သည် ကောင်းကင်ကြီးကို ပင့်,မနိုင်သည့် တောင်ကြီးများပမာပင်။

အထူးသဖြင့် ရှည်လျားသော လှည်းကြီးပင်။ လှည်းကြီးကို လှပသေသပ်ပြီး ထည်ဝါသော ပန်းကနုတ်များဖြင့် ထွင်းထုထားပေရာ မြင်ရသူကို ဧကရာဇ်တစ်ပါး၏ လက်နက်ကဲ့သို့ ခံစားသွားရစေသည်။ ကြီးကျယ်မြင့်မြတ်သော ပုဂ္ဂိုလ်များသည်သာ ထိုနဂါးလှည်းကို သုံးဆောင်နိုင်သည့်အလားပင်။

လူ့ဘီလူးကြီး လျှောက်သွားနေပြီး နဂါးလှည်း ပေါ်လာသည့်အတွက်ကြောင့် ပင်လယ်ပြင်တစ်ခုလုံး တဝုန်းဝုန်း မြည်ဟည်းနေသည်။

ရေလှိုင်းများ ကောင်းကင်ယံသို့တိုင်အောင် လွင့်တက်ကာ ဆူနာမီလှိုင်းများသဖွယ် ဖြစ်လာသည်။

လူ့ဘီလူးကြီးထံမှ ကျူးယင်၏ အစွမ်းထက် အဆပေါင်း မရေမတွက်နိုင်အောင် သာလွန်သော ကြောက်ခမန်းလိလိ အရှိန်အဝါတစ်မျိုး ထွက်ပေါ်နေသည်။ တခဏလေးအတွင်း ရွှီချင်း၏ တားမြစ်ပင်လယ်ရှဲကျင်းလုံ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။

ရွှီချင်း၏ မျက်လုံးများ စူးခနဲ နာကျင်သွားရပြီး အထဲမှ သွေးများ စီးကျလာသည်။ သတ္တုတွင်းသည်လည်း တောင့်မခံနိုင်ပေ။

အက်ကွဲကြောင်းများ ပေါ်လာကာ ပျက်စီးသွားပြီး ပင်လယ်ရေများ တဝေါဝေါ စီးဆင်းလာသည်။

ယင်းကြောင့် ရွှီချင်းသည်လည်း အဝေးရှိ ဧရာမလူ့ဘီလူးကြီးကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရလေသည်။

ဧရာမလူ့ဘီလူးကြီး၏ အရှိန်အဝါကြောင့် သူ့စိတ်များ ပြင်းထန်စွာ တုန်ခါနေသည်။

ရွှီချင်းက တွေဝေတွန့်ဆုတ်မနေပေ။ သူ့ကိုယ်ထဲမှ သက်စောင့်မီးအိမ် လောင်ကျွမ်းလာပြီး ရွှမ်ယောက်အသွင်သဏ္ဍာန်ကို သူ အသက်သွင်းလိုက်ရာ သူ့ကိုယ်ထဲ မီးတောက်ပေါက်ကွဲလာသည့်အလားပင်။ သူ အစွမ်းကုန် ခုခံနေစဉ် ကြေးနဂါးလှည်းကြီးနှင့် အနီးနားတွင် ရှိနေသည်ဖြစ်၍ ကြေးနဂါးလှည်းကြီး၏ အပြင်ဘက်ပိုင်းတွင် ထွင်းထုထားသော ဆေးရေးပန်းချီများကိုလည်း သူ မြင်လိုက်ရသည်။

ဆေးရေးပန်းချီများထဲတွင် အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားသည့် လူချောလေးတစ်ဦးက ဧကရာဇ်သရဖူကို ဆောင်းထားသည်။

သူသည် ကြေးနဂါးလှည်းကြီးထဲတွင် ထိုင်၍ မေးစေ့ကို လက်ဖြင့် ပွတ်ကာ ဝါးပေလွှာတစ်လိပ်ကို ဖတ်ရှုနေသည်။

ပန်းချီတစ်ကားလုံး အနုစိတ်ပြီး အသက်ဝင်နေသည့်အလားပင်။

လူငယ်၏ မျက်နှာအမူအရာနှင့် မျက်ခုံးမွေးများသည်ပင် ရှင်းလင်းနေသည်။ သူက စိတ်ဝင်စားစရာကောင်းသော မှတ်တမ်းတချို့ကို ကြည့်နေဟန်တူပြီး သူ့နှုတ်ခမ်းထောင့်စွန်းမှာ အနည်းငယ် ကွေးညွှတ်ကာ ပြုံးနေသည်။

သူ ထိုင်နေသည့် နဂါးလှည်းကြီးကို ရွှေနဂါးငါးကောင် ရစ်ပတ်ခံထားရသည့် ဧရာမလူ့ဘီလူးကြီးက ကောင်းကင်ဝေဟင်ပြင်သို့ ဆွဲသွားသည်။

ထိုလူ့ဘီလူးကြီးသည် အလွန် ထူးခြားပြီး ပန်းချီထဲတွင်သာ ရှိနေပါသော်လည်း သူ့ကို မြင်မိသူတိုင်း သူ၏ ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားမိမည် ဖြစ်သည်။

တချိန်တည်းမှာပင် ပန်းချီကားချပ်ပေါ်ရှိ လူ့ဘီလူးကြီးသည် နောက်မှလူငယ်ကို လှည့်ကြည့်ချင်နေဟန် တူသည်။

သူ၏အမူအရာသည် သစ္စာရှိခြင်းများ၊ ကိုးကွယ်ယုံကြည်ခြင်းများဖြင့် ပြည့်နေသည်။ လူငယ်က သူ၏ ကံကြမ္မာဖြစ်နေပြီး နဂါးလှည်းကြီးကို ဆွဲခွင့်ရသည်မှာ ဂုဏ်ယူစရာဖြစ်နေသည့်အလားပင်။

နံရံဆေးရေးပန်းချီက ထိုနေရာတွင် အဆုံးမသတ်ပေ။ နောက်ပန်းချီများ၌ ကောင်းကင်တိမ်စိုင်များကို ကြေးနဂါးလှည်းကြီး ဖြတ်သန်းပြီးနောက် အမြင့်ဆုံး ကောင်းကင်သို့ ရောက်သောအခါတွင် လူငယ်သည် ကြေးနဂါးလှည်းကြီးထဲမှ ဆင်းသက်လာပြီး နေမင်းကြီးအဖြစ် ပြောင်းလဲသွားသည်။

သူသည် ကောင်းကင်ကြီးထဲတွင် ချိတ်ဆွဲကာ တစ်လောကလုံးကို အလင်းပေးလေသည်။

နောက်ဆုံးပန်းချီထဲ၌ နေဝင်ဆည်းဆာအချိန်သို့ ရောက်သောအခါ နေမင်းကြီးသည် လူငယ်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြီး ကြေးနဂါးလှည်းကြီးထဲ ပြန်ဝင်သွားကာ လူ့ဘီလူးကြီး၏ ဆွဲခေါ်ရာနောက်သို့ လိုက်ပါ၍ ပင်လယ်ထဲ ဆင်းသက်သွားသည်ဟူ၍ ဖော်ပြထားသည်။

ထိုပန်းချီများကြောင့် ရွှီချင်း၏ စိတ်ထဲ ခံစားချက်လှိုင်းတံပိုးများ ပေါ်လာသည်။ သူ စိတ်လှုပ်ရှားနေစဉ် လူ့ဘီလူးကြီး၏ ပါးစပ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

ဂျစ်၊ ဂျစ် …

အရိပ်ကို တုန့်ပြန်လိုက်သည့်အလား ထူးဆန်းသောအသံ ပဲ့တင်ထပ်သွားသည်။

ရွှီချင်း၏ အရိပ်သည် ပင်လယ်ထဲ၌ ရှိနေပြီး တခြားလူများ မမြင်နိုင်ပါသော်လည်း မကောင်းဆိုးဝါး အရိပ်ပုံစံဖြင့် ရှိနေသေးသည်ကို ရွှီချင်း ခံစားသိနိုင်သေးသည်။ ၎င်းက ရက်စက်ကြမ်းကြုတ်စွာဖြင့် နောက်ထပ်အသံပြုလိုက်သည်။

ဂျစ် … ဂျစ်

လူ့ဘီလူးကြီး၏ ခန္ဓာကိုယ် တုန်ရီသွားပြီး ရွှီချင်းထံ လျှောက်သွားသည်။ သူ အနီးကပ်သွားသည်နှင့် ရွှီချင်းမှာ စပ်ဖျဉ်းဖျဉ်း ခံစားလာရသည်။

ရွှီချင်းက လူ့ဘီလူးကြီးကို စူးစိုက်ကြည့်လိုက်ပြီး နောက်ဆုတ်လိုက်သည်။ တချိန်တည်းမှာပင် သူ့ကိုယ်ထဲမှ ခရမ်းရောင်သလင်းကျောက် ပေါ်လာကာ အရိပ်ကို အစွမ်းကုန် ချုပ်နှောင်လိုက်သည်။

သူက မှော်သင်္ဘောကို ထုတ်၍ ပင်လယ်ပြင်ထဲသို့ ချက်ချင်း ခုန်ထွက်လိုက်သည်။

အပြင်လောက၌ မနက်ခင်းဝေလီဝေလင်းအချိန်သာ ရှိသေးသည်။ နေမင်းကြီး ထွန်းလင်းစွာ တောက်ပနေပြီး ရွှီချင်း၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာသောအခါ သင်္ဘောကုန်းပတ်ပေါ် ထင်ဟပ်နေသည့် အရိပ် ပေါ်လာသည်။

အရိပ်က ရွှီချင်း၏ ချုပ်နှောင်ခြင်းကို အရူးအမူး ရုန်းကန်နေသည့်အလား တွန့်လိမ်နေသည်။

၎င်း၏ ပုံစံအားလုံး ပြောင်းလဲသွားပြီး သစ်ပင်ကြီးမှ လက်များ ရှည်ထွက်လာကာ လူ့ဘီလူးကြီးနှင့် တဖြည်းဖြည်း ဆင်တူလာသည်။

ရွှီချင်း၏ မျက်လုံးများမှာ လူသတ်ငွေ့များဖြင့် ဝင်းလက်သွားသည်။ သူ့ကိုယ်ထဲမှ ဓမ္မတံခါးလေးဆယ့်လေးခု လှည့်ပတ်သွားပြီး သူ့ဗိုက်ထဲရှိ ခရမ်းရောင်သလင်းကျောက်ထဲသို့ ဓမ္မစွမ်းအားများ စီးဝင်သွားသည်။

ပြင်းထန်သောအားကြောင့် ခရမ်းရောင်သလင်းကျောက် တုန်ခါသွားသည်။ ရွှီချင်း၏ ဗိုက်မှ ခရမ်းရောင်အလင်း ဖြာထွက်လာကာ တွန့်လိမ်ရှုံ့တွနေသော အရိပ်ပေါ်သို့ ကျဆင်းသွားသည်။

ယင်းသည် တစ်ကြိမ်သာ မဟုတ်ဘဲ အကြိမ်ငါးဆယ်ကျော်အထိ သူ ချုပ်နှောင်လိုက်သည်။

အရိပ်မှာ ပြင်းပြင်းထန်ထန် တုန်ရီနေပါသော်လည်း အော်ဟစ်နေသေးသည်။ ၎င်း၏ မျက်လုံးများအားလုံး နီမြန်းနေပြီး ၎င်း၏ ဟနေသော ပါးစပ်က အသံတစ်သံကို ပြုနေဟန်တူသည်။ သို့သော်လည်း ရွှီချင်းက အေးစက်စက်နှာမှုတ်ကာ သက်စောင့်မီးတောက်စွမ်းအားများကို ခရမ်းရောင်သလင်းကျောက်နှင့် ပေါင်းစည်းလိုက်သည်။ တချိန်တည်းမှာပင် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ထီးနက်အရိပ် ပေါ်လာသည်။

ထီးနက်ပေါ်လာသည်နှင့် ကောင်းကင်ကြီး အရောင်ပြောင်းလဲသွားပြီး လေပြင်းများ တိုက်ခတ်လာသည်။ ရွှီချင်းက ထီးနက်ဖြင့် အရိပ်ကို လွှမ်းခြုံကာ နေရောင်ခြည်ကို တားဆီးလိုက်ပြီး ပြင်ပလောကကြီးနှင့် အရိပ်၏ အဆက်အသွယ်များကို ဖြတ်တောက်လိုက်သည်။

ထီးအောက်၌ အရိပ်ကို အပြင်လူများ မမြင်နိုင်ပေ။

သို့သော်လည်း အပြင်လောကနှင့် အဆက်အသွယ် ပြတ်တောက်လာပြီးနောက် အရိပ်မှာ သွေးရူးသွေးတမ်းဖြစ်ကာ အပြင်းအထန် ရုန်းကန်နေသည်ကို သူ ကောင်းစွာ အာရုံရလိုက်သည်။

“ အရူး ”

ရွှီချင်း ဖြည်းညင်းစွာ ပြောလိုက်သည်။ သူ့သက်စောင့်မီးက ခရမ်းရောင်သလင်းကျောက်နှင့် ပေါင်းစည်းသွားပြီး ခရမ်းရောင်သလင်းကျောက်ကို အဆုံးစွန်ထိ အသက်သွင်းလိုက်သည်နှင့် တစ်ခါမှ မကြုံဖူးသော ချုပ်အားတစ်ခု ပေါ်လာကာ ခရမ်းရောင်ကွန်ခြာအသွင် ပြောင်းလဲ၍ အရိပ်ထံ ပြေးဝင်သွားသည်။

သုံးကြိမ်၊ ခုနစ်ကြိမ်၊ ဆယ့်ခြောက်ကြိမ် …

သက်စောင့်မီးတောက်၏ အားဖြည့်ပေးခြင်းကြောင့် ထိုချုပ်အား၏ အစွမ်းက ယခင်ထက် အဆပေါင်းများစွာ ကြီးမားသည်။ အရိပ်၏တစ်ကိုယ်လုံး တုန်ရီကာ တဖြည်းဖြည်းနှင့် နောက်ထပ်မလှုပ်ရှားနိုင်တော့ပေ။ အသံတစ်သံ ထွက်အောင်လုပ်ရန်ကိုလည်း ခက်ခဲလာသည်။

တချိန်တည်းမှာပင် အရိပ်ကို ထီးနက်ဖြင့် လွှမ်းခြုံကာ သူသည်လည်း အတင်းအကြပ် ဖိနှိပ်နေသည်ဖြစ်၍ နောက်ဆုံး၌ လူ့ဘီလူးကြီး၏ ခြေလှမ်းများ ရပ်သွားသည်ကို သူ သတိထားမိသွားသည်။

လူ့ဘီလူးကြီးသည် အသိစိတ်ပျောက်သွားသည့်အလား တဖြည်းဖြည်း လှည့်ကာ ကြေးနဂါးလှည်းကြီးကို ပင်လယ်ထဲသို့ သယ်ဆောင်သွားပြီး မည်သူမျှ မသိသောနေရာသို့ ပြန်သွားလေသည်။

လူ့ဘီလူးကြီး ထွက်သွားပြီး စပ်ဖျဉ်းဖျဉ်းခံစားချက်များ ပျောက်ကွယ်သွားကြောင်း အတည်ပြုပြီးနောက် ရွှီချင်းက အရိပ်ကို အေးတိအေးစက် ကြည့်လိုက်ရာ အရိပ်သည် တစ်ခုခု ဆိုးဝါးဝါး ဖြစ်တော့မည်ကို နားလည်နေသည့်အလား တဆတ်ဆတ် တုန်ရီနေသည်။

“ မင်းရဲ့အစီအစဉ် မအောင်မြင်တော့ဘူး ”

ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

အရိပ်သည် တုန်ရီကာ ယခင်ပုံပန်းသွင်ပြင်သို့ ပြောင်းလဲသွားသည်။ ၎င်း၏လက်များ ပျောက်သွားပြီး သစ်ပင် ပြန်ဖြစ်သွားသည်။ သစ်ပင်ပေါ်ရှိ မျက်လုံးများ နီမြန်းနေဆဲဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သောအလင်းကို မထုတ်လွှတ်ဝံ့တော့ဘဲ ကပ်ဖားရပ်ဖားပြုသည့်အမူအရာကိုသာ ဆင်မြန်းထားလေသည်။

ထိုအချိန် ကောင်းကင်ယံတွင် နေမင်းကြီး မြင့်တက်လာသည်။ ပင်လယ်ပြင်ပေါ်တွင် နေမင်းကြီး မြင့်တက်လာသည်ကို မြင်ရခြင်းသည် ဆိပ်ကမ်းပေါ်မှနေ၍ မြင်ရခြင်းထက် ပို၍ ရင်သပ်ရှုမောဖွယ်ရာကောင်းနေသည်။ နေမင်းကြီးက ပင်လယ်ပြင်အိပ်ခန်းထဲမှ ထွက်ခွာ၍ ကောငးကင်ယံသို့ ပျံတက်လာသည့်အလားပင်။ နီစွေးသောရောင်ခြည်တန်းများက လောကကြီးတစ်ခုလုံးကို အနီရောင်မီးတောက်များဖြင့် လောင်ကျွမ်းချင်နေသည့်အလား အလင်းပေးနေလေသည်။

နက်မှောင်သော တားမြစ်ပင်လယ်သည်ပင် ထိုလင်းရောင်ခြည်ကို မယှဉ်နိုင်ပေ။ ထိုအခိုက် နေမင်းကြီးသည်သာ အဓိက ဇာတ်ဆောင်ဖြစ်နေသည့်အလားပင်။

သို့သော်လည်း ယခုလောလောဆယ် ယင်းကို ရွှီချင်း အာရုံမစိုက်နိုင်ပေ။ ညာလက်ကို သူ ဝှေ့ယမ်းလိုက်ရာ ထီးနက်ပျောက်သွားပြီး အရိပ်ပြန်ပေါ်လာသည်။

စူးရှတောက်ပသော နေရောင်ကြောင့် ကုန်းပတ်ပေါ်တွင် ထင်ဟပ်နေသော အရိပ်ကို ပကတိမျက်စိဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

သို့သော်လည်း ကြိမ်ဖန်များစွာ ချုပ်နှောင်ခံခဲ့ရသည်ဖြစ်၍ အရိပ်၏ အရောင်အဆင်းက အဆင့်တက်စဉ်ကကဲ့သို့ နက်မှောင်ခြင်း မရှိတော့ပေ။ ယခု ရွှီချင်း၏ အေးစက်စက်အကြည့်ကြောင့် ၎င်းမှာ ပို၍ပင် တဆတ်ဆတ် တုန်ရီလာတော့သည်။

“ ကျနော် … မှား ”

သူ့အမူအရာများ ပေါ်လာသည်နှင့် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ခရမ်းရောင်သလင်းကျောက်က ချုပ်အားကို ထုတ်လွှတ်လိုက်သည်။

ဆယ်ကြိမ်၊ သုံးဆယ်ကြိမ်၊ ခုနစ်ဆယ်ကြိမ်၊ တစ်ရာ့နှစ်ဆယ်ကြိမ် …

ရွှီချင်းသည် ဘေးတွင် တင်ပျဉ်ခွေထိုင်၍ ရပ်တန့်ရန် စိတ်ကူးမရှိသည့်အမူအရာဖြင့် မိုးကုတ်စက်ဝိုင်းဆီသို့ ကြည့်လိုက်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အစက အလွန် စိတ်လှုပ်ရှားနေပါသော်လည်း ထိုသည်ကို မြင်သောအခါ မထိန်းချုပ်နိုင်ဘဲ တုန်ရီသွားရသည်။

အဆက်မပြတ် ချုပ်နှောင်ခြင်းအောက်တွင် ဆိုးဆိုးဝါးဝါးစုတ်ပြတ်ကာ အရောင်ဖျော့လာသော အရိပ်ကို သူ ကြည့်လိုက်သည်။ အရိပ်မှာ ၎င်း၏ပုံစံကိုပင် ထိန်းချုပ်မထားနိုင်တော့ဘဲ အသက်သေတော့မည့်အလား အားပျော့လာသည်။ ထို့နောက် သူက မျက်နှာသေနှင့် ရွှီချင်းကို ကြည့်လိုက်ကာ မဝံ့မရဲ ပြောလိုက်သည်။

“ သခင်လေး၊ အဲ … အဲကောင် သေတော့မှာ ”

ရွှီချင်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို လှမ်းကြည့်လိုက်သည်။

“ ခင်ဗျားက သနားနေတာလား ”

“ လုံးဝ မသနားပါဘူး ”

ရွှီချင်း၏ အကြည့်ကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ကြက်သီးမွေးညင်းများ ထသွားရပြီး ရင်ဘတ်ကို ကျယ်လောင်စွာ အလျင်အမြန် ပုတ်လိုက်သည်။ သူ ပုတ်လိုက်သည်မှာ ပြင်းသွားသည်ဖြစ်၍ လျှပ်စီးအနည်းငယ်ပင် ဖျပ်ခနဲ လက်သွားသည်။

“ သခင်လေး၊ ဒီသစ္စာဖောက်အရိပ်ကို အတူတူ သတ်ရအောင် ”

ပြောပြီးသည်နှင့် သူ့တစ်ကိုယ်လုံး လျှပ်စီးများဖြင့် ဝင်းလက်သွားပြီး အရိပ်ထံ ပြေးဝင်သွားသည်။ သူသည် နှေးနေမည်ကို စိုးရွံ့နေပြီး အစွမ်းကုန် အကူညီပေးလိုက်သည်။

All Chapters