← Chapters

ယန်ဘုရင်ကို သတ်ဖြတ်ခြင်း

Vol. 3 Ch. 32

ယန်ဘုရင်ကို သတ်ဖြတ်ခြင်း

Vol. 3 Ch. 32

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၃၂) - ယန်ဘုရင်ကို သတ်ဖြတ်ခြင်း

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

“မဟန်ဘူး”

ယန်ဘုရင်၏ ဘေးနှစ်ဖက်တွင် ထိုင်နေကြသော ချီစုဖွဲ့စစ်သည်တော်လေးယောက်က ချက်ခြင်း ထရပ်လိုက်ကြပြီး သူတို့၏ မျက်နှာအမူအယာက သိသိသာသာ ပြောင်းလဲသွား၏။

အဲ့ဒါ တော်တော် အန္တရာယ်ရှိတယ်။

ပျော့တိပျော့ဖတ် စာပေသမားလေးက အခြားလူတစ်ယောက်လို ရုတ်ချည်းပြောင်းလဲသွား၏။ ထွက်ပေါ်လာသောအော်ရာက ချီစုဖွဲ့စစ်သည်တော်များကိုပင် ကျောချမ်းသွားစေ၏။

ချီစုဖွဲ့စစ်သည်တော်တွေတောင် ဒီလိုဆိုမှတော့ ကျန်တဲ့သူတွေဆို ဆိုဖွယ်ရာ မရှိတော့ချေ။ တစ်ချို့အရာရှိများဆို အကြောက်လွန်ပြီး မြေပေါ်ကိုတောင် ဖင်ထိုင်ပစ်လဲကျကုန်၏။

“ဘုန်း”

ဆူဇီမို၏ ခြေဖဝါးက ကြမ်းပြင်ကို ကန်လိုက်ချိန်တွင် ဝုန်းကနဲမြည်သံက ထွက်ပေါ်လာ၏။ ရွှေအုတ်များဖြင့် ခင်းထားသောကြမ်းပြင်သည် အက်ကွဲသွား၏။

နန်းတော်တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါသွားပြီး ဖုန်မှုန့်များက လုံးကနဲ ထလာ၏။ ချက်ခြင်းပဲ ကောင်းကင်က ပြိုကျတော့မယောာင်နှင့် ပတ်ဝန်းကျင်လေထုက ကြောက်စရာကောင်းလာ၏။

မျက်စိနှင့်သာ တပ်အပ်မမြင်ရဘူးဆိုလျှင် ဤကဲ့သို့သော မြင်ကွင်းက လူတစ်ယောက်တည်းကြောင့် ဖြစ်လာတာဆိုတာ ဘယ်သူမျှ ယုံကြမှာ မဟုတ်ချေ။

ဆူဇီမိုသည် မူလရပ်နေသောနေရာတွင် မရှိတော့ပေ။ သူ့ပုံရိပ်က ‌ဒေါမာန်ထနေသော နတ်မြင်းတစ်ကောင်လို လျှစ်ကနဲ ပြေးထွက်သွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ယန်ဘုရင်ရှေ့မှာ ပြန်ပေါ်လာလေ၏။

မြန်လိုက်တာ.. သောက်ရမ်းမြန်တာ!

စောစောက ဆူဇီမိုရပ်နေသော နေရာက ယန်ဘုရင်နှင့် အနည်းဆုံး ဆယ်ပေလောက် ကွာဝေး၏။ အားလုံးကြည့်နေရင်းနှင့်ပင် ဆူဇီမို၏ ပုံရိပ်သည် ခဏလောက်လေး ဝါးကနဲ ဖြစ်သွားပြီး ယန်ဘုရင်နှင့် လက်တစ်ကမ်းအကွာတွင် ဘွားကနဲ ပြန်ပေါ်လာလေ၏။

ဒီအချိန်တွင် ယန်ဘုရင်ဘေးနားရှိ ချီစုဖွဲ့စစ်သည်တော်လေးယောက်သည် သူတို့၏ သိုလှောင်အိတ်ထဲမှ လက်နက်များကို ဆွဲထုတ်လိုက်ကြ၏။

ချီစုဖွဲ့စစ်သည်တော်များ၏ တုံ့ပြန်မှုက ဆူဇီမို၏ အမြန်နှုန်းကို လိုက်မမီခဲ့ချေ။

ယန်ဘုရင်နှင့် သူသည် ဆယ်ပေအကွာတွင် ရှိနေသော်လည်း ဆူဇီမိုအတွက်တော့ ထိုအကွာအဝေးက လက်တစ်ကမ်းသာ ဖြစ်လေသည်။

ဤမျှနီးကပ်သောအကွာအဝေး၌ ယန်ဘုရင်တွင် တိုင်းပြည်တစ်ခုလုံး၏ အထောက်အပံ့ရှိသည်ဆိုလျှင်တောင် ဘာမျှ သုံးစားမရတော့ပေ။

“မင်း.. မင်း ဘာလုပ်မလို့လဲ”

ယန်ဘုရင်သည် ထိတ်လန့်ကြောက်ရွံ့သွားပြီး သူ့အသည်းများ၊ ကျောက်ကပ်များက ပြတ်ထွက်ကုန်သလို ခံစားလိုက်ရ၏။ သူသည် လိပ်ပြာလွင့်မတတ် ဖြစ်လာပြီး မျက်လုံးများက အကြောက်တရားများနှင့် ပြည့်ကာ မသိလိုက်ဘဲ အနောက်သို့ အလိုအလျောက်ဆုတ်လိုက်ရာမှ ဖင်ထိုင်လျက် လဲကျသွား၏။

ဆူဇီမို၏ အမူအယာက ‌အေးစက်ခက်ထန်နေ၏။ သူသည် ယန်ဘုရင်ခေါင်းပေါ်မှ သရဖူကို ရိုက်ဖယ်ချလိုက်ရာ သူ့ဆံပင်များက မျက်နှာပေါ်သို့ ပြန့်ကျဲကျလာပြီး အရှက်တကွဲ အကျိုးနည်းပုံပေါက်သွားလေ၏။

ဆူဇီမိုသည် ရှေ့သို့တိုးလိုက်ပြီး ယန်ဘုရင်ကို ထူမပေးလိုက်၏။ ဆံပင်ကနေ ကိုင်ဆွဲလျက်။

“အ..အား”

ဦးရေပြားထက်က ပြင်းထန်သော နာကျင်မှုကြောင့် ယန်ဘုရင်သည် အော်ဟစ်လိုက်၏။ သူနဖူးတွင် ချွေးသီးချွေးပေါက်များက ထွက်လာပြီး ခြေဖျားလက်ဖျားများက အေးစက်လာ၏။

“မော်တယ်.. သင် ဘယ်လိုတောင် အတင့်ရဲလိုက်တာလဲ”

“ဘုရင်ကို အခုချက်ခြင်း လွှတ်ပေးလိုက်နော်.. မဟုတ်ရင် မင်းသေပြီပဲ”

ချီစုဖွဲ့စစ်သည်တော်ထဲလေးယောက်တွင် နှစ်ယောက်က ဓါးပျံများကို ထိန်းချုပ်လိုက်ပြီး၊ တစ်ယောက်က ဆေဘာဓါးဖြင့် ချိန်ရွယ်ထားကာ ကျန်တစ်ယောက်က ထက်ရှသော အနားစောင်းများပါသည် စင်္ကြာတစ်ခုကို ထိန်းချုပ်ထား၏။

စိတ်ဝိညာဉ်လက်နက်လေးခုထဲတွင် စင်္ကြာလက်နက်တစ်ခုသာလျှင် စိတ်ဝိညာဉ်အင်းကွက်ပါရှိပြီး တစ်ခုတည်းသော အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက် ဖြစ်လေ၏။ ကျန်လက်နက်သုံးခုကတော့ စိတ်ဝိညာဉ်လက်နက်တုများသာ ဖြစ်လေသည်။ သူတို့သည် ဆူဇီမို၏ သေကွင်းသေကွက်များကို ချိန်ရွယ်ထားကြပြီး တိုက်ခိုက်ရန် အခွင့်အရေးပေါ်လာဖို့ကို စောင့်ဆိုင်းနေကြ၏။

ဆူဇီမိုက သူတို့ကို အရေးပင် လုပ်မနေချေ။ သူသည် ယန်ဘုရင်၏ဆံပင်ကို ဆွဲ၍ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သူ့အနောက်ဘက်စင်တစ်ခုပေါ်တွင် ကန့်လန့်ဖြတ် တင်ထားသော ဆေဘာရှည်တစ်ချောင်းကို လက်ပြန်လှမ်းဆွဲလိုက်၏။

ရွှမ်း!

ထက်ရှသောဓါးသွား ထွက်ပေါ်လာသော အသံက ခန်းမထဲတွင် ပဲ့တင်ထပ်သွား၏။ ထွက်ပေါ်လာသောအသံက လူတိုင်းကို ကျောချမ်းသွားစေ၏။

ဆူဇီမိုသည် ဆေဘာကို ယန်ဘုရင်၏ လည်ပင်းပေါ်တွင် ကန့်လန့်ဖြတ်တင်လိုက်၏။

ယန်ဘုရင်သည် ထက်ရှသောဓါးသွားမှ အေးမြသော အထိအတွေ့ကို ခံစားလိုက်ရပြီး နောက်တစ်ခဏ သူ့တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထလာလေ၏။

“ငါ့နာမည်က ဆူဇီမို.. ဆူမိုရဲ့သားအလတ်ကောင်.. သေချာလဲ မှတ်ထားလိုက်ဦး” ဆူဇီမို၏ အသံက သူနားထဲသို့ တိုးဝင်လာ၏။ ဆူဇီမိုသည် ခံစားချက်မဲ့နေသော မျက်နှာအမူအယာနှင့်ပင် ရှိနေပြီး ယန်ဘုရင်ကတော့ အကြောအခြင်များ တောင့်တင်းနေပေပြီ။

“ဆူဇီမို.. မင်းသိလား.. အထူးတပ်နဲ့ တော်ဝင်မြို့စောင့်တပ်တွေပေါင်းလိုက်ရင် စစ်သည် တစ်သိန်းခွဲကျော်တယ်ဆိုတာ.. ငါ့နောက်က အင်မော်တယ်ကလန်တစ်ခုနဲ့ပါ ထပ်ပေါင်းလိုက်ရင် မင်းမှာအတောင်ပံတွေပါပြီး ပျံနိုင်ရင်တောင် ပြေးလွတ်မှာ မဟုတ်ဘူးကွ”

ဘာပဲပြောပြော ယန်ဘုရင်က တိုင်းပြည်၏ အရှင်သခင် တစ်ယောက်ဖြစ်၏။ သူ့အသက်က လောင်းကြေးထပ်ထားရသော အခြေအနေတွင် ရောက်လာသောအခါ သူ့အမူအယာကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ပြီး ကြောက်ရွံ့မှုကို ဖိနှိမ်ကာ အံကြိတ်ရင်း ပြောလိုက်လေ၏။

“မင်းနဲ့ငါ အပေးအယူတစ်ခု လုပ်ကြမယ်ဆိုရင်ရော...”

“ဟီးဟီး”

ဆူဇီမိုသည် ရယ်မောလိုက်၏။

ထိုရယ်သံကို ကြားလိုက်ရချိန်တွင် ယန်ဘုရင်၏ အသည်းနုလုံးက ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။

ဆူဇီမိုက သူ့ကို သတ်ဖို့ ဆုံးဖြတ်ချက်ခိုင်မာစွာ ချထားပြီးသားဖြစ်သည်ကို သူခံစားလိုက်ရ၏။

“ရွှစ်”

ထိုအချိန်ကလေးမှာပင် ယန်ဘုရင်သည် လျှပ်စီးလက်သလို အမြန်နှုန်းဖြင့် လေထဲတွင် လက်နက်တစ်ခု ဖြတ်သန်းလာသောအသံကို ကြားလိုက်ရ၏။

ချီစုဖွဲ့စစ်သည်တော်က စတင်လှုပ်ရှားလိုက်ပေပြီ။ ယန်ဘုရင် ရင်ထဲမှာ ကြိတ်ပြီး ပျော်သွား၏။

ချီစုဖွဲ့စစ်သည်တော်က ဆူဇီမိုကို ဓါးချက်တစ်ချက်တည်းဖြင့် သေအောင်သတ်လိုက်နိုင်မည်ဆိုလျှင် သူအသက်ရှင်ဖို့ မျှော်လင့်နိုင်သေး၏။

လှုပ်ရှားလိုက်သော ချီစုဖွဲ့စစ်သည်တော်က ဆူဇီမို၏ အနောက်ဘက်တွင် ရပ်နေသောတစ်ယောက်ဖြစ်၏။ သူတို့ကြားက အကွာအဝေးသည် ဆယ်ပေလောက်သာ ကွာဝေးလေသည်။

ဓါးပျံက ဆူဇီမို၏ မမြင်ကွယ်ရာဘက်မှ ရောက်ချလာ၏။ ၎င်းက လျှပ်တစ်ပြက်အတွင်း ဆူဇီမို၏ ဦးခေါင်းနောက်ဘက်ဆီသို့ ချည်းကပ်လာလေ၏။

ချီစုဖွဲ့စစ်သည်တော်များ၏ မျက်လုံးများက ဝင်းလက်သွား၏။

ဓါးပျံက ဆူဇီမို၏ ဦးနှောက်ထဲသို့ ဖောက်ဝင်တော့မည့်အချိန်မှာပင် - ဆူဇီမိုသည် သူ့နောက်ကျောမှာ မျက်စိပါသည့်အတိုင်း လှည့်ပင်မကြည့်ဘဲ သူ့လက်ကို ဦးခေါင်းအနောက်ဘက်သို့ လှမ်းလိုက်ပြီး ဝင်လာသော ဓါးပျံကို ရစ်ပတ်လှမ်းဆွဲလိုက်၏။ သူ့ပုံစံက သက်တောင့်သက်သာပင်။ အားပင် သိပ်သုံးလိုက်သည်ဟု မထင်ရပေ။

“အမ်”

တိုက်ခိုက်လိုက်သော ချီစုဖွဲ့စစ်သည်တော်၏ မျက်နှာက ပြောင်းလဲသွား၏။ သူ့ဓါးပျံကို သူထိန်းချုပ်လို့ မရတော့တာကို သိလိုက်ရ၏။

ချီစုဖွဲ့စစ်သည်တော်သည် ဓါးပျံကို ထိန်းချုပ်ဖို့အတွက် ဓါးပျံ၏ ဘေးပတ်လည်တွင် သူ့စိတ်ဝိညာဉ်ချီတစ်စွန်းတစ်စကို ခွဲထည့်လိုက်ရ၏။ ထိုစိတ်ဝိညာဉ်ချီနှင့် ချိတ်ဆက်ကာ သူ့လက်ကို လှုပ်ရှား၍ တိုက်ခိုက်ရာ၊ ခုခံရာတွင် ထိန်းချုပ်ရလေ၏။

သို့သော်လည်း နွားရိုင်းလျှာဆေဘာ၏ အစွမ်းက အံ့မခန်းပင်။

သူ့လက်ဖြင့် ရစ်ပတ်လိုက်ချိန်တွင် ဓါးပျံတွင် ပါလာသော စိတ်ဝိညာဉ်ချီက ချက်ခြင်းပင် ကုန်ခမ်းပျောက်ကွယ်သွားလေ၏။

ဆူဇီမိုသည် သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး ဓါးပျံကို လာရာလမ်းအတိုင်း ပြန်၍ ပစ်လွှတ်လိုက်၏။

ဖောက်!

ဓါးပျံသည် ချီစုဖွဲ့စစ်သည်တော်၏ ရင်အုပ်ကို ‌‌ဖောက်ဝင်သွားပြီး သွေးများက ပန်းထွက်လာ၏။ တုံ့ဆိုင်းခြင်းမရှိဘဲ ဓါးပျံသည် ရင်အုပ်ကို ဖောက်ထွက်သွားပြီးနောက် ခန်းမဆောင်၏ နံရံတွင် သွားစိုက်ကာ အဆက်မပြတ် တုန်ခါနေလေ၏။

ဖြစ်စဉ်တစ်ခုလုံးက ရှင်းပြနေရသည်မှာ ကြာသော်လည်း အလွန်လျှင်မြန်စွာ ဖြစ်သွားခဲ့ခြင်းဖြစ်၏။

ချီစုဖွဲ့စစ်သည်တော် စတင်လှုပ်ရှားချိန်မှ သူ့ရင်အုပ်ကို ဓါးပျံဖောက်ဝင်သွားချိန်ထိ အသက်တစ်ရှိုက်ခန့်သာ ကြာမြင့်ခဲ့လေ၏။

ထိုလူ၏ မျက်နှာအမူအယာက တောင့်ခဲသွား၏။ သူ့မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့်၊ အသိစိတ်ပျောက်သွားကာ ကြမ်းပြင်ပေါ်သို့ ဝုန်းကနဲ ပစ်ချသွားလေ၏။

“အာ”

ကျန်ရှိသော ချီစုဖွဲ့စစ်သည်တော်သုံးယောက်သည် ရင်ထိတ်သွားကာ မသိလိုက်မသိဖာသာ အနောက်သို့ ဆုတ်လိုက်မိကြ၏။ သူတို့သည် ဆူဇီမိုနှင့် ခွာနေဖို့ ကြိုးစားလိုက်ကြ၏။

စောစောက ဆူဇီမို ပစ်ထုတ်လိုက်သော ဓါးက သူတို့ဆီကို ဦးတည်တာဆိုလျှင် သူတို့လဲ ဘယ်သူမျှ ထိုဓါးကို ရှောင်နိုင်မည် မဟုတ်ချေ။

ထိုဓါး၏ အရှိန်က သူတို့တုံ့ပြန်နိုင်သော အချိန်ထက် လွန်စွာပိုမြန်နေ၏။

“သွား သွား မြန်မြန်သွား.. စီနီယာအစ်ကိုလျှိုဆီကို စစ်ကူသွားတောင်း”

ချီစုဖွဲ့စစ်သည်တော်သုံးယောက်ထဲက တစ်ယောက်က ထိတ်ထိတ်ပြာပြာဖြင့် ခန်းမဆောင်အနောက်ဘက်သို့ ပြေးဝင်ချသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေ၏။

ယန်ဘုရင်အတွက်တော့ ဒီအချိန်ခဏလေးက နှစ်တစ်ရာလောက် ကြာသည်ဟု ထင်ရလေသည်။

သူလုပ်ဆောင်ချက် မအောင်မြင်ဘူးပေါ့။

ချီစုဖွဲ့စစ်သည်တော်တောင် ကျရှုံးသွားပြီ။

တစ်ချိန်လုံးတွင် ယန်ဘုရင်၏ လည်ပင်းထက်မှ ဆေဘာက တစ်လက်မမျှ ခွာမသွားခဲ့ချေ။

ဆူဇီမိုသည် ခေါင်းအနည်းငယ်ငုံ့လိုက်ပြီး ယန်ဘုရင်၏နား အနားသို့ တိုးတိုးလေး ကပ်ပြောလိုက်၏။

“ကျောက်ချန်.. မင်းသိလား.. ငါ ဒီနန်းတော်ကို စတင်ခြေချလိုက်ကတည်းက မင်းက သေလူတစ်ယောက်ဖြစ်သွားပြီး.. ငါက မင်းကို သတ်မယ်လို့ ပြောလိုက်ရင် သေချာပေါက် သတ်မှာပဲ.. မင်းလိုလူကမှ မင်းကို လာကယ်နိုင်မှာ မဟုတ်ဘူး”

ကြီးမားကျယ်ဝန်းလှသောခန်းမကြီး တစ်ခုလုံးသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။

လူတိုင်းသည် အကြောက်လွန်ပြီး စကားတစ်ခွန်းမျှပင် မဟရဲကြချေ။

ဆူဇီမို၏ အသံက သိပ်မကျယ်ပေ။ သူသည် ယန်ဘုရင်နှင့် အေးအေးလူလူ စကားစမြည်ပြောကြားနေသလိုပင်။ သို့သော်လည်း သူ့အသံ၏ နောက်တွင် နုလုံးသွေးရပ်လောက်သည့် သတ်ဖြတ်လိုစိတ်ကို လူတိုင်း ခံစားမိကြ၏။

ယန်ဘုရင်သည် တစ်ကိုယ်လုံး တုန်ယင်လာပြီး သူ့သွားများက တစ်ဂတ်ဂတ်နှင့် အပေါ်နှင့်အောက် ရိုက်ခတ်နေ၏။

“ကျောက်ချန်.. မင်းအဲ့လောက်ထိ ကြောက်နေစရာ မလိုပါဘူးကွာ.. အဲ့ဒါက တစ်ချက်တည်းနဲ့ ပြီးသွားမှာပါ.. သိပ်ကြာကြာလဲ နာလိုက်မှာ မဟုတ်ပါဘူး”

ဆူဇီမို၏ အကြည့်က ရေခဲတစ်မျှ အေးစက်လာပြီး တစ်လုံးခြင်း ပြောလိုက်လေ၏။

“ငါ့မိဘတွေကို သွားတောင်းပန်ဖို့ ငါမင်းကို ပို့ပေးပါမယ်”

ဖောက်!

ယန်ဘုရင်၏ ဦးခေါင်းက ဆူဇီမို၏ ဓါးချက်ဖြင့် တိတိရိရိ ပြတ်ထွက်သွားပြီး သူက ၎င်းကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်၏။(ဆံပင်ကနေ)

ဤသေဆုံးမှုတွင် ယန်ဘုရင်၏ မျက်လုံးက ပြူးကျယ်နေပြီး အကြောက်တရားများဖြင့် ပြည့်နှက်နေ၏။ တစ်ကယ်တော ဓါးဖြင့် မလှီးဖြတ်ခင်ကတည်းက ယန်ဘုရင်သည် အကြောက်လွန်ပြီး သေနှင့်နေပြီး ဖြစ်၏။

သူသည် အသက်ထွက်ရလောက်အောင်ပင် အကြောက်လွန်သွားခဲ့၏။

ချပ် ချပ် ချပ်!

နန်းတော်အပြင်ဘက်မှ ခြေသံများ ဆက်တိုက်ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ ယန်တိုင်းပြည်၏ အထူးရှေ့တန်းစစ်တပ်ကြီးက ‌ပြေးဝင်ချလာကြပေပြီ။

ဆူဇီမိုသည် ယန်ဘုရင်၏ ဦးခေါင်းကို သူ့ခါးတွင် တွဲချည်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ် ထောက်လှမ်းလိုက်၏။ သူ့လက်ထဲက ဆေဘာက တစ်ဆတ်ဆတ်တုန်ခါနေပြီး အားကောင်းသော သတ်ဖြတ်စိတ်အော်ရာက ထွက်ပေါ်လာကာာ သူသည် အေးစက်စွာ ပြောလိုက်၏။

“ယန်ဘုရင်ကတော့ သေသွားပြီး.. နောက်ထပ်လိုက်သေချင်တဲ့ကောင်တွေ ငါ့ကို လာတားကြည့်ကြစမ်း”

All Chapters