← Chapters

အရှိန်အဝါဖြင့် ဖိနှိမ်ခြင်း

Vol. 3 Ch. 33

အရှိန်အဝါဖြင့် ဖိနှိမ်ခြင်း

Vol. 3 Ch. 33

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၃၃) - အရှိန်အဝါဖြင့် ဖိနှိမ်ခြင်း

Translator – Than Toe Aung

ဆူဇီမိုက ယန်ဘုရင်ခေါင်းကို ဖြတ်လိုက်ချိန်တွင် ရာပေါင်းများစွာသော မှူးမတ်များ၊ အရာရှိများသည် ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ဘာလုပ်လို့ ဘာကိုင်ရမည် မသိတော့ချေ။ တစ်ချို့က နေရာမှာတင် ကြက်သေ,သေနေကြပြီး တစ်ချို့တော့ ဦးတည့်ရာ ထွက်ပြေးကုန်ကြလေ၏။

ထွက်ပြေးသွားသော လူအုပ်ထဲတွင် အရာရှိတစ်ယောက်သည် သူ့မျက်နှာ အမူအယာက ကြောက်ရွံ့တုန်လှုပ်နေပုံရသော်လည်း သူ့မျက်လုံးများကတော့ စိတ်လှုပ်ရှားကျေနပ်နေလေ၏။

ထိုလူက နန်းတော်အပြင်ဘက် ထောင့်တစ်နေရာသို့ ‌ရောက်သောအခါ သာမန်ပုံစံစစ်သားတစ်ယောက်က သူ့အနားသို့ ရောက်လာလေ၏။ ထိုလူက အသံတိုးတိုးဖြင့် ပြောလိုက်၏။

“မြန်မြန်သွားပြီး မြို့တော်ဝန်‌လောဆီ အစီရင်ခံစာတစ်စောင် ရေးလိုက်.. ယန်ဘုရင်သေတာနဲ့ အရေးကြီးတဲ့ အချက်အလက်တစ်ချို့ ပါအောင် ထည့်‌ရေးလိုက်”

“အမိန့်လက်ခံရရှိကြောင်းပါ”

စစ်သားက လျှင်မြန်စွာဖြင့် ထွက်ခွာသွားပြီး လူအုပ်ကြီးထဲ တိုးဝင်ပျောက်ကွယ်သွားလေ၏။

ခန်းမထဲတွင် ဆူဇီမိုသည် ဆေဘာကို ညာဘက်လက်က ကိုင်ထားပြီး ယန်ဘုရင်ခေါင်းကို ခါးတွင်ချည်ထားကာ အပြင်ဘက်သို့ ပြေးထွက်ဖို့ လုပ်လိုက်၏။ သို့သော် ထိုအချိန်မှာပင် ရုတ်တရတ် သူ့အနောက်မှ ဟိန်းဟောက်လိုက်သောအသံကို ကြားလိုက်ရ၏။

“မင်းက ဘာကောင်လဲကွ.. နန်းတော်ထဲထိလာပြီးတော့ ပမာမခန့် လုပ်ရဲတယ်ပေါ့”

ဆူဇီမို ပြန်လှည့်ကြည့်လိုက်၏။

ဆူဇီမိုရော ထိုလူပါ ခဏလောက် ငေးကြောင်သွား၏။

စကားပြောလိုက်သောလူက ပိန်လှီခြောက်ကပ်နေသောမျက်နှာရှိပြီး ကြီးမားရှည်လျားသော ဝတ်ရုံကြီးကို ဝတ်ဆင်ထား၏။ သူ့ဘယ်ဘက်အင်္ကျီလက်က ဒီအတိုင်းတွဲလျောင်းကျနေ၏။ လက်တစ်ဖက်ပြတ်နေသော လူတစ်ယောက်ဖြစ်၏။

ထိုလူက တစ်ခြားလူ မဟုတ်ပေ။ ကန်းလန်ရိုးမမှာတုန်းက ဆူဆီမိုလက်ချက်ဖြင့် လက်တစ်ဖက် ကျိုးကြေစုတ်ပြတ်သွားပြီး အသက်လုပြေးခဲ့ရသော ပျော်ရွှင်ဖွယ်ကလန်မှ အဆင့်၈ ချီစုဖွဲ့စစ်သည်တော် ဖြစ်လေ၏။

“အာ မင်းပဲ”

လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်က ဆူဇီမိုကို ချက်ခြင်းပင် မှတ်မိသွား၏။ သူ့မျက်လုံးထဲရှိ သတ္တိဗျတ္တိများက ချက်ခြင်းပင် ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းများအဖြစ် ‌ပြောင်းလဲသွားလေ၏။ ကန်းလန်ရိုးမတွင်းရှိ ထိုလူရိုင်းက စိတ်ဝိညာဉ်တောကောင်များထက်ပင် ပို၍ ရက်စက် ကြောက်စရာကောင်းလေ၏။ သူက ဘယ်လိုမှ ဖယ်ထုတ်လို့မရသည့် အိပ်မက်ဆိုးတစ်ခုလိုပင်။

ဆူဇီမိုသည် ရယ်မောလိုက်၏။ သူသည် မကောင်းဆိုးရွားဆန်ဆန် စိုက်ကြည့်လိုက်ပြီး ကျောချမ်းဖွယ်ရာ အမူအယာနှင့် ပြောလိုက်၏။

“မင်းက အဲ့တုန်းက တစ်ယောက်ပဲ”

“မင်း.. မင်းတို့အားလုံး .. သူ့ကို တားထားကြ.. ငါ.. ငါ ဂိုဏ်းကို စာလှမ်းပို့ရမယ်”

လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်က ဆူဇီမို၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိ၏။ သူသည် ခုခံတိုက်ခိုက်ဖို့ စဉ်းစားမနေဘဲ အော်ဟစ်ပြီးတာနှင့် လာရာလမ်းအတိုင်း ဓါးပျံစီး၍ ပြန်လှည့်ပြေးလိုက်၏။

လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်က ဆူဇီမို၏ အားနည်းချက်ကို ကောင်းစွာ သိထား၏။

ဆူဇီမို လက်တွင်းမှ ရုန်းထွက်ချင်လျှင် သူ ဓါးပျံစီးနင်းခြင်းကို အသုံးပြုရပေမည်။ ခန်းမ၏ မျက်နှာကျက်က အတန်ငယ် မြင့်သော်လည်း ဆူဇီမို၏ သတ်ကွင်းအတွင်းမှ မလွတ်မြောက်နိုင်မှာကို သူစိုးရိမ်မိ၏။

ခန်းမအပြင်ဘက်သို့ ပြေးထွက်နိုင်တာနှင့် သူလွတ်လပ်စွာ ပျံသန်းနိုင်ပြီး အသက်ရှင်နိုင်ပေလိမ့်မည်။

ဆူဇီမိုသည် ရှေ့သို့ လှမ်းခုန်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ချီစုဖွဲ့စစ်သည်တော်တစ်‌ယောက်၏ ရှေ့မှာ ပြန်ပေါ်လာ၏။ သူ့လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ပြီး ရှေ့သို့ တွန်းထုတ်လိုက်၏။

ဘုန်း!

အဲ့လူက သူ့လက်နက်ကို ဆွဲထုတ်ရရုံရှိသေးသည်၊ သူ့ဦးခေါင်းက ကွဲကြေသွားပြီး နေရာမှာတင် ပွဲချင်းပြီးစင်းသွားလေတော့၏။

နတ်မြင်းလျှပ်တစ်ပြက်ပြေးထွက်ခြင်းကို တတ်မြောက်လာပြီးနောက် ဆူဇီမို၏ အမြန်နှုန်းသည် နောက်ထပ်အဆင့်တစ်ခုသို့ တိုးမြင့်ရောက်ရှိလာကာ တစ်ဖက်လူအနားသို့ ပို၍ လွယ်ကူလျှင်မြန်စွာ ချည်းကပ်နိုင်လာ၏။

ဆူဇီမိုနှင့် အနီးကပ်အနေအထားသို့ ရောက်ရှိသွားတာနှင့် ထိုလူ၏ သေခြင်းတရားက ပြဌာန်းပြီးသား ဖြစ်နေပေပြီ။

“ဇီ”

ခန်းမထဲရှိ အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်ထားသော အဆင့်၈ ချီစုဖွဲ့စစ်သည်တော်က သူ၏ စင်္ကြာလက်နက်ကို ဆူဇီမိုထံသို့ ပစ်လွှတ်လိုက်၏။

စိတ်ဝိညာဉ်အင်းကွက်က အရောင်တောက်သွားပြီး လက်နက်၏ စွမ်းအားနှင့် အမြန်နှုန်းကလည်း သိသာစွာ တိုးလာလေ၏။

လှည့်ပင်မကြည့်ဘဲနှင့် ဆူဇီမိုသည် သူ့လက်ကို လှုပ်ရှားလိုက်ပြီး လက်ထဲကဆေဘာနှင့် ၎င်းကို ခုတ်ပိုင်းလိုက်၏။

ချွမ်း!

ပြင်းထန်အားကောင်းသော ထိတွေ့မှုတွင် ဆေဘာသည် ကျိုးပဲ့သွားပြီး စင်္ကြာလက်နက်ကလည်း သိသာစွာ အရှိန်လျော့ကျသွား၏။ ဆူဇီမိုသည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး စင်္ကြာကို လှမ်းဖမ်း၊ ရစ်ပတ်ပြီး နောက် ဆွဲခါလိုက်၏။ ထိုစင်္ကြာလက်နက်က သူ့လက်ထဲသို့ ‌ရောက်ရှိသွားပေပြီ။

စတင်လှုပ်ရှားလိုက်ကတည်းက ဆူဇီမိုသည် တစ်ချက်ကလေးမျှ မရပ်နားခဲ့ပေ။ ဆူဇီမိုသည် နောက်ထပ်ချီစုဖွဲ့စစ်သည်တော်တစ်ယောက်ထံသို့ ပြေးဝင်ချသွားပြီး ရှိသမျှခွန်အားနှင့် ပစ်တိုက်ချလိုက်၏။

ဗုန်း!

အတိုက်ခံရသူသည် ချက်ခြင်းပင် လွင့်စင်သွားပြီး သူ့ခန္ဓာက လေထဲမှာပင် စုတ်ပြတ်သတ်သွားလေ၏။ ကျိုးပဲသွားသော ခြေလက်များနှင့် အသားစများက ပြန့်ကျဲသွားပြီး သွေးစက်များက အဘက်ဘက်သို့ ပြန့်ကျဲသွား၏။

ခဏလေးအတွင်းမှာပင် ဆူဇီမိုသည် ဝန်းရံထားသော ချီစုဖွဲ့စစ်သည်တော်များကို ဖောက်ထွက်ပြီး လက်တစ်ဖက်ပြတ်ချီစုဖွဲ့စစ်သည်တော်နောက်သို့ ပြေးလိုက်ချသွားလေ၏။

လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်က လျှင်မြန်စွာ ထွက်ပြေးနေ၏။ သူသည် ဓါးပေါ်မှာ ပျံနေရင်းနှင့် စာတစ်စောင်ကို အသည်းအသန်‌ရေးနေလေ၏။

လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်သည် နန်းတော်အပြင်ဘက်သို့ ရောက်တာနှင့် သူ့လက်ထဲမှ အရာတစ်ခုကို လေထဲသို့ ပစ်တင်လိုက်၏။

ဆူဇီမိုသည် သေချာစွာ လှမ်းကြည့်လိုက်၏။ အဲ့ဒါက အသက်ရှိနေသယောင် စက္ကူကြိုးကြာလေး ဖြစ်၏။ ၎င်းတွင် စိတ်ဝိညာဉ်အလင်းရောင်က တောက်ပလာပြီး တောင်ပံများကို ခတ်ကာ အဝေးသို့ ပျံသန်းသွားလေ၏။

ထိုစက္ကူကြိုးကြာလေးက ကျင့်ကြံရေးလောကရှိ အဆောင်လက်ဖွဲ့တစ်ခု ဖြစ်ရမည်ဟု ဆူဇီမို ခန့်မှန်းမိလိုက်၏။ ၎င်းသည် ဆက်သွယ်ရေးအဆောင်တစ်ခု ဖြစ်လေ၏။

ဒါကို သူသိသော်လည်း ဆူဇီမိုသည် အရေးလုပ်ပြီး တားမနေတော့ပေ။

လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်၏ ဓါးပျံစီးနင်းသွားသော အမြန်နှုန်းက ဆူဇီမိုလောက် မမြန်ပေ။ ယခု သူသည် စက္ကူကြိုးကြာကို ပစ်လွှတ်လိုက်သော ကြန့်ကြာချိန်လေးမှာပင် ဆူဇီမိုက သူ့ကို အမီလိုက်နိုင်သွား၏။

ထိုလူသည် ကြောက်ရွံ့သွား၏။ သူသည် ဓါးပျံထဲသို့ စိတ်ဝိညာဉ်ချီများကို အရူးအမူး ထိုးသွင်းလိုက်ပြီး လေထဲသို့ တတ်နိုင်သမျှ မြင့်မြင့် ပျံသန်းဖို့ ကြိုးစားလိုက်၏။

“အရင်တစ်ခေါက်တုန်းက မင်းလွတ်သွားတာ ကံကောင်းသွားတယ်မှတ်.. ဒီနေ့ကတော့ သေဖို့သာကြံ”

လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်က ကောင်းကင်အထက် ပျံသန်းသွားတော့မည့်အချိန်တွင် ဆူဇီမိုသည် လှမ်း၍ ကြိမ်းမောင်းလိုက်ပြီး စောစောက သူယူလာခဲ့သော စင်္ကြာလက်နက်ဖြင့် လှမ်းပစ်လိုက်၏။

ဝှစ် ဝှစ် !

စင်္ကြာက အလင်းတန်းတစ်ခုလို ပြေးထွက်သွားပြီး ကြောက်မက်ဖွယ်ရာ လေခွဲသံက ထွက်ပေါ်လာ၏။

တစ်ယောက်က လေထဲမှာ၊ တစ်ယောက်က မြေပေါ်မှာ ရှိနေသော်လည်း သူတို့နှစ်ယောက်က သိပ်တော့ အလှမ်းမဝေးသေး‌ပေ။

လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်က ၎င်းကို ရှောင်ချင်သော်လည်း နောက်ကျသွားပေပြီ။

သူသည် အံကိုကြိတ်၍ လေထဲကနေ ပြုတ်ကျမည်ကို ထည့်မတွက်အားတော့ဘဲ သူ့ခြေဖဝါးအောက်ရှိ ဓါးပျံကို ထိန်းချုပ်လိုက်ပြီး မဖိတ်ခေါ်ဘဲ ရောက်လာသော စင်္ကြာကို ခုခံကာကွယ်ဖို့ ကြိုးစားလိုက်၏။

ခွမ်း!

စင်္ကြာနှင့် ဓါးပျံက တစ်ခုနှင်တစ်ခု ရိုက်ခတ်သွားပြီး မီးပွားများက အဘက်ဘက်သို့ လွင့်ပျံထွက်လာ၏။

လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်၏ မျက်နှာအမူအယာက ရုတ်ချည်း ပြောင်းလဲသွား၏။ သူ့ဓါးပျံပေါ်ရှိ စိတ်ဝိညာဉ်ချီက ချက်ခြင်းပင် ခမ်းခြောက်သွား၏။

ပြင်းထန်သော ထိခတ်မှုတွင် ဓါးပျံသည် သူ့ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားပြီး သူ့ထံသို့ ပို၍ မြန်သော အရှိန်ဖြင့် ပြန်ကန်လွင့်လာ၏။

ဖောက်!

ဓါးပျံသည် လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်၏ ဝမ်းဗိုက်ကြားကို ဖောက်ဝင်သွား၏။ ထိုနေရာသည် ချီစုဖွဲ့စစ်သည်တော်များ၏ အသက်သွေးကြောဖြစ်သော ချီပင်လယ်နေရာပင် ဖြစ်လေသည်။ (ချီပင်လယ်- ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်ချီများကို သိုလှောင်ပေးထားသောနေရာ)

ချီပင်လယ်ပျက်ဆီးသွားခြင်းသည် ကျင့်ကြံသူတစ်ယောက်၏ အနှစ်နှစ်အလလ ကြိုးစားအားထုတ်ခဲ့မှု အားလုံးက အချည်းနှီးဖြစ်သွားသလိုပင်။

လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်သည် လေထဲကနေ ဝုန်းကနဲ ပြုတ်ကျသွားလေ၏။ ဖုန်မှုန့်များက လွင့်ပျံလာပြီး သူ့ခန္ဓာကိုယ်ထဲမှ အရိုးကျိုးသံများက ဆက်တိုက်ထွက်ပေါ်လာ၏။

လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်သည် ပါးစပ်ကနေ သွေးများ ပွက်ကနဲ အန်ထုတ်လိုက်ပြီးနောက် ဆူဇီမိုက သူ့ထံ လှမ်းဝင်လာတာကို တွေ့လိုက်ရ၏။ သူ့မျက်လုံးထဲတွင် မလိုမုန်းထားစိတ်များ၊ မကျေမချမ်းမှုများက ပေါ်လာပြီး ဒေါမာန်အမျက်ထနေသော အမူအယာနှင့်

“မင်းကတော့ သွားပြီ.. အခုလေးပဲ ငါ ဂိုဏ်းကို သတင်းပို့လိုက်ပြီ.. သိပ်မကြာပါဘူး. မင်းကို သတ်ဖို့ အခြေတည်အဆင့် ပညာရှင်တွေ ရောက်လာတော့မှာ.. အဲ့ကျရင် မင်းလဲ ငါ့နောက်ကို လိုက်လာရမှာပါကွ.. ဟဟဟဟားး” ဆို၍ ရူးသွပ်စွာ ရယ်မောပြောဆိုလိုက်၏။

“အို ဟုတ်လား”

ဆူဇီမိုသည် မျက်ခုံးပင့်ပြီး ပြောလိုက်၏။

“ဒါဆို အခုလောလောဆယ် မြို့ထဲမှာ အခြေတည်အဆင့် ကျင့်ကြံသူတွေ မရှိဘူးပေါ့”

လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်က ကြောင်အသွား၏။

“သတင်းအချက်အလက်အတွက် ကျေးဇူးပဲ.. ကြည့်ရတာတော့ ငါ၊ဆူဇီမို သေဖို့ ကံမပါလာသေးဘူးနဲ့ တူပါရဲ့”

ဆူဇီမို၏ အမူအယာက အေးစက်မောက်မာနေ၏။ သူသည် ရှေ့သို့လှမ်းလိုက်ပြီး လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်၏ ဦးခေါင်းကို ကွဲကြေသွားအောင် ဖနောင့်ဖြင့် ပေါက်လိုက်၏။ ထို့နောက် သူသည် ထိုလူ၏ သိုလှောင်အိတ်ကို ကောက်ယူလိုက်ပြီး အပြင်ဘက်သို့ ပြေးထွက်လိုက်၏။

တစ်ကယ်လို့ မြို့ထဲမှာ အခြေတည်အဆင့်ကျင့်ကြံသူများ ရှိပါက၊ အခြားသော ချီစုဖွဲ့စစ်သည်တွေရယ်၊ မြို့စောင့်တပ်ရယ်၊ ရှေ့တန်းအထူးတပ်ရယ် အားလုံးပေါင်းဆိုပါက ဆူဇီမို မြို့ထဲကနေ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ အခွင့် သိပ်မရှိချေ။

ဘာလို့လဲဆိုတော့ အခြေတည်အဆင့်နှင့် ချီစုဖွဲ့အဆင့်ကြားတွင် တိုက်ခိုက်ရည် ကွာဟချက်က အလွန်ကြီးမားသောကြောင့် ဖြစ်၏။

ယခုတော့ အခြေတည်အဆင့်ကျင့်ကြံသူများမရှိဘူးဆိုသောကြောင့် အဆင့်၁၀ ချီစုဖွဲ့စစ်သည်တော်တောင် ဆူဇီမိုကို အနည်းငယ်သာ ခြိမ်း‌ခြောက်နိုင်စွမ်း ရှိလေသည်။

“ဘာပဲဖြစ်ဖြစ် ငါ ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်ဖို့ လုပ်ရမယ်”

ဆူဇီမိုသည် တိတ်တဆိတ် ရေရွတ်လိုက်၏။

သူ မြို့ထဲမှာ ကြန့်ကြာနေသည်နှင့်အမျှ တိုက်ခိုက်ရတာက ပိုမိုခက်ခဲလာမည်ဖြစ်ပြီး ပျော်ရွှင်ဖွယ်ဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူများ ရောက်လာလျှင် သူသေရဖို့ သေချာသလောက် ဖြစ်လာပေလိမ့်မည်။

ယန်ဘုရင် ရှေ့တန်းစစ်တပ်ကြီးက ကြီးမားသော စစ်နည်းဗျူဟာဝင်္ကပါပုံစံတစ်ခုကို ခင်းကျင်းလိုက်ပြီး လှံတံများကို ကိုင်စွဲကာ အကြောက်အလန့်မရှိ ပြေးဝင်ချလာလေ၏။ သူတို့၏ အခင်းအကျင်းပုံစံက ထိုးဖောက်၍ မရနိုင်လောက်အောင်ပင်။

“သတ်!သတ်!သတ်!”

စစ်သည်တစ်သိန်းကျော်သည် ‌ဒေါသတကြီး ဟိန်း‌ဟောက်လိုက်ကြပြီး အသံများက နားကွဲလုမတတ်ပင်။ အားကောင်းကျယ်ပြောလှသော အော်ရာများက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဆူဇီမိုအပေါ်ကို အစိမ်းလိုက် ဝါးမြိုတော့မလို ကျရောက်လာ၏။

ရှေ့တန်းစစ်တပ်က ယန်ဘုရင်အပေါ်လွန်စွာ သစ္စာရှိ၏။ သူတို့သည် ဆုံးဖြတ်ချက် ပြတ်သားခိုင်မာ၏။ ဆူဇီမိုသည် လွန်စွာသန်မာ၍ ချီစုဖွဲ့စစ်သည်‌တော်များကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိသော်လည်း ယန်ဘုရင်၏ စစ်သားများက နောက်ဆုတ်ပေးဖို့ စိတ်ကူးမရှိကြပေ။

ဘုရင့်စစ်တပ်မှ တပ်သားတိုင်းက ဓါးတစ်ချောင်းလို စူးရှပြတ်သားသော အကြည့်များကို ပိုင်ဆိုင်ထားကြ၏။ သူတို့သည် ကြောက်မက်ဖွယ်ရာ အမူအယာ၊ အားကောင်းသော သတ်ဖြတ်လိုစိတ်တို့ဖြင့် ရှေ့သို့ ချီတက်လာကြ၏။

စစ်သည်တစ်သိန်းကျော်ထံမှ ဆူညံပေါက်ကွဲ ထွက်ပေါ်လာသော အသံသည် လူတစ်ယောက်၏ စိတ်နှလုံးကို ခြောက်ခြားပျက်ပြားသွားစေနိုင်၏။ ဒါသည် နိုင်ငံတစ်နိုင်ငံ၏ စွမ်းအားပင် ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမို၏ အမူအယာက ပြောင်းလဲခြင်း မရှိပေ။ ထို့အစား သူ့မျက်လုံးထဲရှိ အလင်းရောင်က ပိုမိုတောက်ပအားကောင်းလာလေ၏။

ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက် အနာကွန်ဒါဝါးမျိုခြင်းသုတ္တန်ကို လှည့်ပတ်လိုက်၏။ နေနှင့်လတို့၏ အဆီအနှစ်များကို စုပ်ယူနေသလို သူရင်အုပ်က နိမ့်ချည်မြင့်ချည် ဖြစ်လာ၏။ ခဏမျှ ရပ်နားလိုက်ပြီးနောက် သူသည် ရုတ်တရတ် ပါးစပ်ကိုဖွင့် သံကုန်ဟစ်၍ သားရဲတစ်ကောင်လို ဟိန်း‌ဟောက်လိုက်လေ၏။

“အား.....”

ဆူဇီမို၏ ပါးစပ်မှ စွမ်းအင်လှိုင်းများ ဖြာထွက်လာ၏။ သူ့အသံသည် လုံးဝအမြင့်သံနှုန်းဖြင့် လေလှိုင်းများကို အဆက်မပြတ် တုန်ခါသွားစေပြီး စစ်သည်တစ်သိန်းကျော်၏ ညာသံပေးချီတက်သံကို အုပ်မိုးလွှမ်းခြုံသွားလေ၏။

ရှေ့ဆုံးကတက်လာသော စစ်သည်များသည် အလွန်အမင်း နာကျင်နေသော အမူအယာနှင့် လက်ထဲမှာ ကိုင်စွဲထားသော လက်နက်များကို လွှတ်ချပြီး နားနှစ်ဖက်ကို လက်ဖြင့် ပိတ်လိုက်ကြ၏။

ကန်းလန်ရိုးမမှာတုန်းက စိတ်ဝိညာဉ်သားရဲများ၏ ဟိန်းဟောက်သံသည် အားနည်းသော တောကောင်ငယ်များ၏ နုလုံးကို ကွဲကြေပျက်စီးသေစေတာကို ဆူဇီမို မြင်ခဲ့ဖူး၏။

ယခုသူ့‌အော်သံသည် ထိုမျှလောက် အားမကောင်းသော်လည်း သာမန်စစ်သည်များသည် ဘယ်လိုလုပ် ခံနိုင်ရည်ရှိပါမည်နည်း။

“ဝုန်း”

ဆူဇီမို ခြေလှမ်းလိုက်သောအခါ မြေပြင်သည် တုန်ခါသွားပြီး  ခင်းထားသော တမံသလင်းက ကွဲကြေသွားပြီး သဲများ၊ ကျောက်စရစ်ခဲများက လွင့်ပျံစင်ထွက်လာ၏။

“ယန်ဘုရင်က သေနှင့်ပြီးပြီ.. ဘယ်သူက ငါ့ကို တားရဲမှာလဲ”

ဒီအချိန်တွင် ဆူဇီမိုသည် စွမ်းအားကြီးသော သားရဲမျိုးနွယ်တစ်ကောင်လို ဖြစ်လာ၏။ သတ်ဖြတ်လိုစိတ်အော်ရာက စုဖွဲ့အားကောင်းလာပြီး ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးတော့မယောင် ထင်ရ၏။ ဤသတ်ဖြတ်လိုစိတ်အော်ရာက စစ်သည်တစ်သိန်း၏ အော်ရာကို ချက်ခြင်းပင် ဖိနှိမ်လိုက်လေ၏။

စစ်သည်အများစု၏ မျက်နှာတွင် ကြောက်လန့်တွန့်ဆုတ်သော အမူအယာများက ပေါ်ပေါက်လာ၏။ အချို့ဆိုလျှင် ခြေထောက်များ ပျော့ခွေယိုင်လာပြီး မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်တော့ချေ။ စစ်တပ်ကြီး တစ်ခုလုံးသည် အုတ်သော်အောင်းနင်း ဖြစ်လာ၏။ စောစောက အားမာန်တက်ကြွစွာဖြင့် ညာသံပေး ချီတက်လာသံသည် တစ်ဖြည်းဖြည်း အားပျော့ပျောက်ကွယ်သွားလေ၏။

အခြေအနေက ဤသို့ ဖြစ်လာချိန်တွင် ဆူဇီမိုသည် အားရပါးရ ရယ်ချလိုက်၏။ သူသည် လူတိုင်းကို အထင်‌သေးစွာ ကြည့်လိုက်ပြီး ယုံကြည်မှုမြင့်လာကာ သူ့အော်ရာက တစ်ဟုန်ထိုးတက်လာလေ၏။

စောစောက ယန်ဘုရင်၏ မျက်လုံးထဲတွင် သာမန်မိုက်ရူးရဲလေးတစ်ယောက်သာဟု အထင်ခံခဲ့ရသူသည် ယခုအခါ တိုင်းပြည်တစ်ခုလုံး၏ အင်အားကိုပင် ဖိနှိမ်ထားနိုင်နေပေပြီ။

All Chapters