← Chapters

အမွှမ်းတင်သော ဝေဖန်ချက်များ

Vol. 19 Ch. 282

အမွှမ်းတင်သော ဝေဖန်ချက်များ

Vol. 19 Ch. 282

ကဗျာအဆုံးတွင် ဖန်သားပြင်တစ်ခုလုံး ငြိမ်သက်နေသည်။ လူတိုင်း အတွေးထဲ ဗလာဖြစ်နေပြီး ဘယ်သူမှ တစ်ခွန်းပင် မပြောနိုင်ကြချေ။

ငါးမိနစ်တိတိ ကြာပြီးနောက် နားထောင်နေသူများ တဖြည်းဖြည်း သတိပြန်ဝင်လာ၏။

[ကောင်းလိုက်တဲ့ကဗျာ၊ တကယ်ကို ကဗျာကောင်းတစ်ပုဒ်ပဲ]

[လခွမ်း ငါ တစ်စက္ကန့်လောက် အကောင်းအတိုင်းပဲ ဒါပေမဲ့ ခဏလောက်လည်းနေရော ငါ့မျက်ရည်တွေ စီးကျလာပါလေရောကွာ၊ မင်းတို့ ယုံနိုင်မလား]

[ဒီကဗျာက ကောင်းလွန်းတယ်၊ ဘဝရဲ့ အရေးမပါမှုတွေကို ငါ အဲ့တစ်ခဏလေးအတွင်းမှာ ခံစားလိုက်ရတယ်]

[အောင်ပွဲတွေနဲ့ ရှုံးပွဲတွေအားလုံး တစ်ခဏအတွင်း ဘာမှမရှိတော့သလို ပျောက်ကွယ်သွားခဲ့တယ်၊ မိတ်ဆွေကောင်းတစ်ယောက်က သေရည်တစ်ပုလင်းနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရောက်လာပြီး ပုံပြင် အဟောင်းတွေ အသစ်တွေအားလုံးကို ပြောဆိုမျှဝေပြီး အတူတူ ရယ်မောကြတယ်တဲ့၊ ချီးပဲ ငါ့လူရေ၊ ငါ့စိတ်အခြေအနေ ချက်ချင်း တိုးတက်လာတာကို ငါ ခံစားမိတယ်]

[ဝိုင်နတ်ဘုရားက တကယ် ထူးချွန်တာပဲ၊ သောက်ရမ်း မိုက်လွန်းတယ်၊ ဒီကဗျာက စာရေးဆရာဝိုင်ရဲ့ ကဗျာထက်တောင် သာတယ်လို့ ငါ ထင်တယ်]

[ပုံစံအရဆို ဒီကဗျာက ငါ့အတွက် နက်ရှိုင်းတဲ့ ခံစားမှု ကျန်ရစ်ခဲ့စေတယ်၊ ငါ အရိုအသေ ပြုတာကို လက်ခံပေးပါ]

…

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားလေသည်။

လူအများသည် ကွန်ပျူတာရှေ့၌ ခံစားချက်များဖြင့် ထိုင်နေဆဲဖြစ်ကာ ပြောစရာစကားများ အပြည့်ပင်။ တိုက်ရိုက် ထုတ်လွှင့်မှုက ပြီးသွားပြီ ဖြစ်သော်လည်း သူတို့သည် ထုတ်လွှင့်မှုထဲဥ ဆက်နေကာ အချိန်တစ်ခုအထိ ဖန်သားပြင်ပေါ်၌ ပြောဆိုနေကြသည်။

[သူ သမိုင်းကို ပြောပြတဲ့ပုံစံကို ဘယ်သူမှ မယှဉ်နိုင်ဘူး၊ တကယ် ကောင်းတာ]

[ခင်ဗျားပြောတာ မှန်တယ်၊ ကျွန်တော်က မူလတန်းကျောင်းသားပဲ ရှိသေးပင်မယ့် ဒါကို စွဲနေပြီ]

[မင်းတို့ ယုံချင်မှ ယုံလိမ့်မယ်၊ ဒါပေမဲ့ ငါက ထူးခြားဆန်းကြယ်တာမျိုးကိုပဲ သဘောကျတဲ့သူ၊ မီးအိမ်မှုတ် တစ္ဆေကို နားထောင်ပြီးတော့ ငါ ထွက်သွားမလို့ လုပ်ခဲ့ပင်မယ့် ရုတ်တရင် ငါ သမိုင်းကိုလည်း သဘောကျတယ် ဆိုတာကို သိလိုက်ရတယ်]

[ကြည့်ရတာ ငါ ဝိုင်နတ်ဘုရားကို တစ်သက်လုံး ကပ်တွယ်ဖို့ ကံပါတယ်နဲ့ တူတယ်၊ ဝိုင်နတ်ဘုရားက အံ့ဩဖို့ ကောင်းတယ်]

[ဒီလို တိုက်ရိုက်ထုတ်လွှင့်မှုပုံစံမျိုးက လုံးဝကို ကြည့်ကိုကြည့်သင်တဲ့ အရာပဲ၊ စိတ်ဝင်စားဖို့ ကောင်းရုံ တင်မကဘူး ပညာလည်း ရတယ်၊ တကယ် ကောင်းတာ]

….

ကလင် ကလင် ကလင်

တိုက်ရိုက် ထုတ်လွှင့်မှုမှ ထွက်လာပြီး စက္ကန့်ပိုင်းမျှပင် မကြာသေးသောအချိန်၌ စုန့်ချမ်က ရဲ့လင်းချန်ကို ဖုန်းခေါ် လာသည်။

ရဲ့လင်းချန် ပြုံးလိုက်ပြီး ဖုန်းကိုင်လိုက်သည်။

“ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား”

“ဝိုင်နတ်ဘုရား၊ မင်းက အံ့ဩဖို့ ကောင်းတာပဲ၊ မင်း မလုပ်နိုင်တာ ဘာမှမရှိဘူး၊ တကယ်ကို ပြည့်စုံတယ်”

ဖုန်းထဲမှနေ၍ စုန့်ချမ်၏ အံ့ဩသောအသံ ထွက်ပေါ်လာသည်။

“ငါတို့ ဒါကို အာရုံစိုက်ပြီး ကြော်ငြာလို့ရတယ်”

မီးအိမ်မှုတ်တစ္ဆေသည် ထူးခြားဆန်းကြယ် ကဏ္ဍအမျိုးအစား ဖြစ်သဖြင့် အချို့သော ကန့်သတ်ချက်များ ရှိလာပေလိမ့်မည်။ သို့သော် သုံးပြည်ထောင်ကမူ ကွဲပြားပြီး ကောင်းမွန်သော စွမ်းအားဟု သတ်မှတ်နိုင်ပေသည်။ ၎င်းတွင် ဘယ်အချိန်၊ ဘယ်နေရာမှာမဆို၌ ကြော်ငြာနိုင်သည့် အလားအလာ ရှိပေသည်။

“ဒါက တကယ်ကို ဘာမှမဟုတ်ပါဘူး၊ အားလပ်ချိန်မှာ စာအုပ်တွေ ပိုဖတ်သရွေ့ ဒါတွေအားလုံးကို သိနိုင်တာပဲလေ”

ရဲ့လင်းချန်၏ လေသံက တည်ငြိမ်နေသည်။

“လူတော်တော်များများက သုံးပြည်ထောင်လို ဇာတ်လမ်းမျိုး နားထောင်ရတာကို သဘောကျတယ်လေ၊ အဲ့ဒါက ဇာတ်လမ်းတစ်ပုဒ်ဆိုတော့ ချဲ့ကားပြောဆိုမှာက မလွဲမသွေပဲ၊ အဲ့ဒါက အမှန်တရားနဲ့ ကွဲစေပြီးတော့ မမှန်တဲ့ သဘောထားတွေ ချန်ထားခဲ့စေတာပဲလေ၊ အားလုံးကို နားထောင်ဖို့အတွက် တကယ့် သမိုင်းစာအုပ်အစစ် အချို့ကို ဖတ်ဖို့ပဲ လိုတာပါ၊ ဥပမာ သုံးပြည်ထောင်မှတ်တမ်းနဲ့ အခြားတူညီတဲ့ စာအုပ်မျိုးတွေပေါ့”

“ဝိုင်နတ်ဘုရား၊ မင်းက တကယ့်ကို စာပေသမားပဲ၊ မင်း စာအုပ်တွေ အများကြီး ဖတ်တယ်၊ အမှန်အတိုင်း ပြောရရင် ငါ သုံးပြည်ထောင် ချစ်ဇာတ်လမ်းကိုတောင် မဖတ်ရသေးဘူး၊ သုံးပြည်ထောင်ရဲ့ ဇာတ်လမ်း တစ်ချို့က ကောလာဟလတွေ၊ ကြားစကားတွေပေါ်မှာ အခြေခံထားတာက ရှက်စရာပဲ”

စုန့်ချမ် အနည်းငယ် ရှက်နေလေသည်။

“ဪ … အဲ့ဒါက ပုံမှန်ပါပဲ”

ရဲ့လင်းချန်က မအံ့ဩပေ။ ယနေ့ခေတ်တွင် စိတ်ကို အေးအေးထား၍ သမိုင်းကို သေချာဖတ်ရှုချင်စိတ် ရှိသူက လူအနည်းစုသာ ရှိတော့သည်။ တရားဝင်မဟုတ်သော သမိုင်းမှတ်တမ်းအချို့ ဖတ်လျင်ကိုပင် တော်နေပြီဟု ဆိုရပေမည်။

“တိုက်ရိုက်ထုတ်လွှင့်မှု ရလဒ်က အဆင်ပြေရင် ပြီးတာပါပဲ”

“ဟားဟားဟား တိုက်ရိုက်ထုတ်လွှင့်မှုရလဒ်က ထင်ထားထက်တောင် ကျော်သေးတယ်”

စုန့်ချမ်က ရယ်လေသည်။

“မင်း စကားပြေတောင် ရေးလို့ရတယ် ဝိုင်နတ်ဘုရားရေ၊ မင်းက တကယ်ကို အံ့ဩဖို့ ကောင်းလွန်းတယ်”

ဟူယွီကို ဆန့်ကျင်ချိန်တုန်းက ဝိုင်နတ်ဘုရားတစ်ယောက် ဘယ်ကနေ ယုံကြည်မှု ရခဲ့တာလဲဆိုသည်ကို ယခုအခါမှ သူ နားလည်သဘောပေါက်သွားသည်။ ထက်မြက်သူများသည် တစ်ကမ္ဘာလုံးအနှံ့တွင် ရှားမှရှားသည့် အရာတစ်ခု ဖြစ်သည်မှာ သေချာလှသည်။

အတိတ်အခါကဆိုလျင် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်း၊ မီးအိမ်မှုတ်တစ္ဆေနှင့် သုံးပြည်ထောင်အား လေ့လာခြင်းကို ရေးနိုင်သည့် မည်သူမဆိုသည် ထင်ပေါ်ကျော်ကြားသော စာရေးသူတစ်ယောက်ဟု သတ်မှတ် နိုင်ပေသည်။ ဟူယွီ ထုတ်လွှင့်ရေးက စစ်ယွီကဲ့သို့သော လူတစ်ယောက်အတွက်နှင့် သူ့လိုလူကို ရန်သူအဖြစ် သတ်မှတ်ခဲ့သည်။ ယခုလောက်ဆိုလျင် သူတို့ ထိုအတွက် နောင်တရကောင်းရနေလောက်သည်။

…

တစ်ချိန်တည်းမှာပင် ဟူယွီ ထုတ်လွှင့်ရေးဌာနချုပ်၌။

ဟူယွီ၏ ရာထူးကြီးများအားလုံး အစည်းအဝေး စုထိုင်နေပြီး ပလက်ဖောင်းကို အနာဂတ်တွင် ဆက်လက် ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်မလဲဟု ဆွေးနွေးနေကြသလို ပန်ဒါ ထုတ်လွှင့်ရေးနှင့် ဘယ်လို ယှဉ်ပြိုင်မလဲဟုလည်း ပြောဆိုနေကြသည်။

ပန်ဒါ ထုတ်လွှင့်ရေး လျင်မြန်စွာ မြင့်တက်လာသည်က သူတို့စိတ်ထဲ၌ ဆူးငြောင့်တစ်ခုပင်။ အစက သူတို့သည် တိုက်ရိုက် ထုတ်လွှင့်မှုနယ်ပယ်ကို သက်တောင့်သက်သာဖြင့် လက်ဝါးကြီး အုပ်ထားခဲ့သော်လည်း သူတို့၏ အေးဆေးသော ဘဝကို ပန်ဒါ ထုတ်လွှင့်ရေးက မမျှော်လင့်ဘဲ ဖျက်ဆီးသွားလေသည်။ အားလုံး၏ အခရာမှာ တိုက်ရိုက် ထုတ်လွှင့်မှုတွင်းမှ ဝိုင်နတ်ဘုရား၏ တည်ရှိမှုကြောင့်ပင်။ သူ၏ ရေပန်းစားမှုအပေါ် သက်ရောက်မှုက အထင်ကြီးစရာ ကောင်းလွန်းလှသည်။

ရုတ်တရက် အပြင်မှနေ၍ ဝန်ထမ်းတစ်ယောက် ပြေးဝင်လာသည်။

“စီအီးအိုဝမ်၊ ဒီနေ့ ပန်ဒါ ထုတ်လွှင့်ရေးမှာ ကိစ္စကြီးတစ်ခု ဖြစ်သွားခဲ့ပါတယ်၊ ဝိုင်နတ်ဘုရားက ဇာတ်လမ်း အမျိုးအစားကို ပြောင်းလိုက်ပြီးတော့ သမိုင်းအကြောင်း တိုက်ရိုက် ထုတ်လွှင့်နေပါတယ်”

အစည်းအဝေးချိန်အတွင်း ထိုသို့ နှောင့်ယှက်ခံလိုက်ရသဖြင့် ရာထူးကြီးသူ တော်တော်များများ မျက်မှောင်ကြုတ် သွားသည်။ သို့သော် သတင်းကို ကြားလိုက်ရသောအခါ အားလုံး အံ့အားသင့်သွားကြသည်။ ဝမ်ယွမ်က ယုံရခက်နေသဖြင့် ထပ်မေးလိုက်သည်။

“ဝိုင်နတ်ဘုရားက သမိုင်းအကြောင်း ပြောနေတယ်ဆိုတာ မင်း သေချာလား”

“တစ်ရာ ရာခိုင်နှုန်း သေချာပါတယ်၊ သူက သုံးပြည်ထောင်အကြောင်း ပြောနေတာပါ”

“သူကလား၊ သုံးပြည်ထောင်အကြောင်း ပြောနေတယ် ဟုတ်လား၊ လာနောက်နေတာလား”

ဝမ်ယွမ်က မခိုးမခန့် ပြုံးလိုက်သည်။

“သုံးပြည်ထောင်အကြောင်း သူ နားလည်လား၊ နားမလည်ဘူးလား ပြောနေစရာတောင် မလိုဘူး၊ ခေါင်းစဉ် တစ်ခုတည်းနဲ့တင် ကြည့်ချင်တဲ့သူ ရှိလိမ့်မယ်လို့ ငါ မယုံဘူး”

အလုပ်အမှုဆောင်တစ်ယောက်က သရော်လေသည်။

“ဟဲဟဲ တိုက်ရိုက်ထုတ်လွှင့်မှုကို သမိုင်းအကြောင်းပြောဖို့ အသုံးချလို့ ရတယ်လို့ တစ်ယောက်ယောက် ပြောတာကို ငါ တစ်ခါမှ မကြားဖူးပါဘူး။ ဒါ သူ့ကိုယ်သူ သေဒဏ် ပေးနေတာ မဟုတ်ဘူးလား၊ သူ အရမ်း နာမည်ကြီးနေတာနဲ့ သူ ဘာလုပ်ချင်ချင် လုပ်နိုင်တယ်လို့ ဝိုင်နတ်ဘုရားက ထင်နေတာလား”

ကျိုးမင်သည်လည်း ပျော်ရွှင်နေသည်။

“ငါတို့ပြိုင်ဘက်တွေက စပြီး ရူးမိုက်လာပြီပဲ၊ ဒါ ငါတို့အတွက် သတင်းကောင်းပဲ”

အလုပ်အမှုဆောင်များအားလုံး ပြုံးလာပြီး မေးလိုက်သည်။

“ဒီတစ်ခေါက် ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုက ရေပန်းစားမှု ဘယ်လောက် ဆုံးရှုံးသွားလဲ”

“ဟိုဘက်မှာ တစ်ယောက်က ဒေတာတွေကို စုဆောင်းနေပါတယ်”

“အရင် ခန့်မှန်းထားကြည့်တာပေါ့၊ အနည်းဆုံး လူနှစ်သိန်းလောက် ဆုံးရှုံးမယ်လို့ ငါ ထင်တယ်”

“နှစ်သိန်းလား၊ နှစ်သိန်းလောက် ဆုံးရှုံးရင် ပန်ဒါ ထုတ်လွှင့်ရေးက ကံကောင်းပြီလို့ သတ်မှတ်နေမှာ၊ တစ်သန်းထက် လျော့မှာ မဟုတ်ဘူး”

“ဝိုင်နတ်ဘုရားရဲ့ ကျော်ကြားမှုက အတော်လေး ကောင်းနေသေးတယ်၊ အဲ့တော့ ငါ ငါးသိန်းနဲ့ ခြောက်သိန်း ကြားလို့ မှန်းတယ်၊ ဒါပေမဲ့ သူ သမိုင်းအကြောင်း ဆက်ပြောနေရင်တော့ သူ့ကျော်ကြားမှုက ဆက်ကျဆင်းနေမှာပဲ”

“စီအီးအိုဝမ်”

ထိုစဉ် တစ်စုံတစ်ယောက်က အော်ခေါ်လာ၏။ လူတော်တော်များများက အစီရင်ခံစာများကိုင်၍ ပြေးဝင် လာသည်။ သူတို့မျက်နှာတွင် သွေးပျက်ဟန် ပေါ်လွင်နေပြီး ခြေထောက်များ တုန်ယင်နေ၏။

“ဘာဖြစ်တာလဲ၊ ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ရေပန်းစားမှုနှုန်းက မင်းတို့ ကြောက်သွားရ လောက်တဲ့အထိ ကျသွားတာလား”

“ဟားဟားဟား သူတို့ အရမ်း စိတ်လှုပ်ရှားနေတဲ့ပုံ ပေါက်နေတယ်၊ သတင်းကောင်းပဲ ဖြစ်မယ်”

အလုပ်အမှုဆောင်များက ပျော်ရွှင်နေကြလေသည်။ စိတ်ထဲတွင် သူတို့ အောင်ပွဲ ကျင်းပရန်ပင် စကြံစည် နေကြသည်။

ဝမ်ယွမ်က ချောင်းဟန်၍ ခုံကိုမှီ၍ တည်ငြိမ်စွာ ထိုင်နေသယောင် ဆောင်လိုက်သည်။

“စိတ်မပူနဲ့၊ မင်းတို့ တစ်ခုခု ပြောချင်တာရှိရင် ဖြည်းဖြည်းချင်းပြော၊ ငါတို့ ပြိုင်ဘက်က သွားပြီ ဟုတ်တယ်မလား၊ စိတ်ကို ငြိမ်ငြိမ်ထားပြီး ငါ့ကိုပြော၊ ပန်ဒါ ထုတ်လွှင့်ရေးက ဒီတစ်ခေါက် ဘယ်လောက်များများ ဆုံးရှုံးသွားလဲ”

ထိုလူများသည် အချင်းချင်း ပြန်ကြည့်နေကြပြီး မပြောရဲကြချေ။ သူတို့သည် အစီရင်ခံစာမှ စာမျက်နှာ တစ်ခုကိုသာ ဝမ်ယွမ်ရှေ့ ချပြလိုက်ပြီး ဘာမှမပြောပေ။

ဝမ်ယွမ်က အစီရင်ခံစာကို ယူ၍ တစ်ချက် ကြည့်လိုက်သည်။ သူ့တစ်ကိုယ်လုံး ထိတ်လန့်သွားသဖြင့် သူ့ခုံပင် အနောက်သို့ ရွေ့သွားလေသည်။ ကျွီခနဲ အသံကျယ်တစ်ချက် ကြားလိုက်ရပြီး သူ ကြမ်းပြင်ပေါ် ထိုင်လျက်သား ကျသွားသည်။

သူ ဘာနာကျင်မှုမှ မခံစားရသည့်ပုံပင်။ သူ့ပါးစပ်က အဟောင်းသား ပွင့်နေပြီး ကြမ်းပြင်ပေါ်၌ ငိုင်တွေ၍ ထိုင်နေ လေသည်။

“မစ္စတာဝမ် ရှင် ဘာဖြစ်တာလဲ”

ကျိုးမင်က အနားသို့ လျှောက်လာသည်။ တစ်ချက် ကြည့်လိုက်ပြီးနောက် သူမမျက်လုံးများ ပြူးကျယ်လာပြီး အသည်းအသန် စိုက်ကြည့်လေသည်။ သူမ လက်ထဲမှ အစီရင်ခံစာကို ကတုန်ကယင် ကိုင်ထားပြီး သေချာအောင် အထပ်ထပ် အခါခါ ဖတ်နေသည်။ သူမ ကြက်သေ သေနေပြီးနောက် စူးရှစွာ အော်ဟစ်လိုက်သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ဘာဖြစ်တာလဲ”

အလုပ် အမှုဆောင်အဖွဲ့ဝင်များသည် မကောင်းသော ခံစားချက်များ ရလာကြပြီး အစီရင်ခံစာကို ကြည့်ကြ လေသည်။

ချက်ချင်းဆိုသလိုပင် အားလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။

ရုံးခန်းထဲမှ လူများအားလုံး ကျောက်ရုပ်များသဖွယ် အေးခဲငြိမ်သက်နေကြသည်။ သူတို့ အလွန် အံ့ဩလွန်းသဖြင့် အတွေးများပင် ဗလာ ဖြစ်နေလေ၏။

သူတို့၏ စိတ်ဝိညာဉ်များပင် ခန္ဓာကိုယ်ထဲမှ ထွက်သွားသလား မှတ်ရသည်။

ဝိုင်နတ်ဘုရား၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် ရေပန်းစားမှု ကျဆင်းသွားရမည့်အစား တိုးပင် တိုးလာပြီး ယခင်ကထက် လူ ၁.၅သန်း ပိုတိုးလာ၏။ ထို့အပြင် ကဗျာတစ်ပုဒ်ကြောင့် ပန်ဒါထုတ်လွှင့်ရေး၏ ကျော်ကြားမှု အလွန် မြင့်တက်လာလေသည်။ လူတိုင်း မျက်လုံးကျွတ်ကျမတတ် ဖြစ်သွားကြသည်။

*ဝိုင်နတ်ဘုရားက ကဗျာ ဘယ်လို ဖန်တီးရမလဲဆိုတာကိုလဲ သောက်ကျိုးနည်း သိတာပဲလားဟ*

All Chapters