မင်းနေပြည်တော်မြို့က ပြင်းထန်တိုက်ပွဲ
Vol. 3 Ch. 34
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း (၃၄) - မင်းနေပြည်တော်မြို့က ပြင်းထန်တိုက်ပွဲ
Translator – Than Toe Aung
ဘုရင့်စစ်တပ်သည် စတင် အထိနာလာလေပြီ။ ဆူဇီမိုသည် ထူးထူးခြားခြား မည်သည့်လှုပ်ရှားကွက်ကိုမျှ မသုံးဘဲ ကောင်းကင်ထယ်သွားခြေလှမ်းဖြင့် စစ်သည်များကြား ဒီတိုင်းလျှောက်ပြေးနေ၏။ ဆယ်မိနစ်လောက်အကြာမှာတော့ သူသည် လမ်းကြောင်းတစ်ခုကို ဖော်ထုတ်ပြီးသွားပေပြီ။
ဘုန်း! ဘုန်း! ဘုန်း!
ဆူဇီမိုဖြတ်သွားရာ လမ်းတစ်လျှောက်သည် အကုန်ဖရိုဖရဲ ဖြစ်ကျန်ခဲ့၏။ ဆူဇီမိုကို တားဆီးရန် ကြိုးစားနေကြသော စစ်သည်တစ်သိန်းကျော်ရှိ၏။ သို့သော်လည်း ဆူဇီမိုသည် သူ့အိမ်သူ့ယာထဲမှာ လျှောက်သွားနေသလိုပင် မည်သူကမျှ သူ့ခြေလှမ်းကို မရပ်တန့်နိုင်သေးပေ။
ဆူဇီမိုသည် ခန္ဓာကျောက်ရုပ်ကိုယ်ဟန်ကို ပုံဖော်လိုက်၏။ သူ့ခန္ဓာတစ်ကိုယ်လုံးရှိ ကြွက်သားများသည် ကျောက်သားလို တင်းမာခက်ထန်လာပြီး ခံစစ်စွမ်းရည်က သိသိသာသာ တိုးလာလေ၏။
ဘုရင့်စစ်သားများက ဆူဇီမိုကို လှံတံများဖြင့် လှမ်းထိုးကြချိန်တွင် အချို့လှံတံများက ချော်ထွက်သွားပြီး အချို့ကတော့ ကွေးကောက်၊ ကျိုးပဲ့ကုန်ကြလေ၏။
များမကြာမီ ဆူဇီမိုသည် နန်းတော်ဝန်းအပြင်ဘက်သို့ ရောက်ရှိလာ၏။
ဤအချိန်တွင် ဆူဇီမိုသည် သူ့စိတ်ထဲကနေ အန္တရာယ်ရောက်လာတော့မှာကို ခံစားမိလိုက်၏။ သူသည် ပြေးနေရင်းနှင့် ရုတ်တရတ် ရှောင်ချလိုက်ပြီး ခန္ဓာကိုယ်ကို ဝပ်ကာ အနာကွန်ဒါမြွေလို မြေပေါ်တွင် လျှောထိုးသွားလိုက်၏။
“ရွှစ်”
အေးစက်စက် ဓါးအလင်းတန်းတစ်ခုက ဆူဇီမိုခေါင်းပေါ်မှ ဖြတ်သန်းသွား၏။
ဒါက ချီစုဖွဲ့စစ်သည်တော်ရဲ့ လက်ချက်ပဲ။
ဆူဇီမိုသည် ကျုံးထလိုက်ပြီး ဓါးထွက်လာရာ နေရာဆီသို့ နွားရိုင်းတစ်ကောင်လို ကမူးရှူးသိုး ပြေးဝင်ချသွားလေ၏။ သွားရာလမ်းတစ်လျှောက်တွင် ရှိနေသော စစ်သားများကိုလည်း အကုန်ပစ်တိုက်ချခဲ့၏။
စစ်သားများကြားထဲတွင် ပုန်းကွယ်လျှိုးနေသော ချီစုဖွဲ့စစ်သည်တော်သည် သူ့ဓါးပျံက ပစ်မှတ်ကို လွဲချော်သွားတာ သိလိုက်၏။ သူသည် ဓါးပျံကို ပြန်လည် ထိန်းချုပ်မည်ကြံတုန်း ရှိသေးသည်၊ သူကွယ်ထားသော သူ့ရှေ့မှ စစ်သားများသည် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်ကို အတုံးအရုံး လဲကျကုန်တာကို သူတွေ့လိုက်ရ၏။
ထို့နောက် သွေးဆာနေသော ဆူဇီမိုက သူ့ရှေ့တွင် ဘွားကနဲ ပေါ်လာချေပြီ။ သူရှောင်ချင်သော်လည်း နောက်ကျသွားပေပြီ။
ဘုန်း!
ဆူဇီမိုသည် ဒီတိုင်းပဲ လက်သီးနှစ်လုံးကို ပစ်သွင်းလိုက်ပြီး တစ်ဖက်လူက လွင့်ထွက်သွားလေ၏။
ချီစုဖွဲ့စစ်သည်တော်၏ အမြင်အာရုံက ဝေဝါးလာ၏။ သူ့ရင်အုပ်က စုတ်ပြတ်သွားပြီး အရိုးများက ကျိုးပဲ့ကာ အဆုတ်ကို သွားစိုက်လေ၏။ သူ့ခန္ဓာက မြေကြီးနှင့် မထိခင် လေထဲမှာပင် အသက်ပျောက်သွားချေပြီ။
ဆူဇီမို၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားခွန်အားများနှင့်ဆိုပါက၊ သူသည် မည်သည့်သိုင်းကွက်ကိုမျှ မသုံးလျှင်ပင်၊ သူ့ခြေလက်များမှ ဒီအတိုင်း သာမန်ကန်ချက်၊ထိုးချက်များကိုပင် ချီစုဖွဲ့စစ်သည်တော်များသည် ခံနိုင်ရည် မရှိကြချေ။
ဤအချိန်တွင် မြို့တော်တစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်နေချေပြီ။
နေရာအနှံ့အပြားမှ ချီစုဖွဲ့စစ်သည်တော်များသည် မြို့တော်သို့ အပြေးအလွှား ပြန်ရောက်လာကြ၏။ ယခုအခါ ဆူဇီမိုကို ရန်ရှာတိုက်ခိုက်ဖို့ ချောင်းမြောင်းနေကြသော ချီစုဖွဲ့စစ်သည်တော် ဆယ်ယောက်လောက်ရှိ၏။
အစကတော့ ချီစုဖွဲ့စစ်သည်တော်များသည် မြို့စောင့်တပ်များ၊ ဘုရင့်စစ်သည်တော်များအကြားတွင် ပုန်းကွယ်လျှိုးကာ ဓါးပျံများကို ထိန်းချုပ်၍ ဆူဇီမိုကို အလစ်ချောင်းမြောင်းတိုက်ခိုက်ရန် စောင့်နေကြ၏။
သို့သော်လည်း ဆူဇီမိုသည် သူတို့ထဲမှ သုံးလေးယောက်လောက်ကို သတ်ပြလိုက်သောအခါ ကျန်ရှိနေသော ချီစုဖွဲ့စစ်သည်တော်များသည် သွေးပျက်ကုန်ကြ၏။ လူအုပ်ကြားထဲတွင် သူတို့ပုန်းနေကြသော်လည်း သူတို့ စတင်လှုပ်ရှားလိုက်တာနှင့် ဆူဇီမိုက သူတို့ကို အလွယ်တကူ ရှာဖွေနိုင်ကြောင်း သူတို့နားလည်သွားကြ၏။
မြို့စောင့်တပ်နှင့် ဘုရင့်စစ်သားများကလည်း ဆူဇီမိုကို လုံးဝ မရပ်တန့်နိုင်တော့ချေ။
ထို့နောက် ချီစုဖွဲ့စစ်သည်တော်များသည် တစ်ယောက်ပြီးတစ်ယောက် လေထဲသို့ တက်လိုက်ပြီး ဆူဇီမိုကို ဝန်းရံတိုက်ခိုက်လိုက်ကြ၏။
ဓါးပျံစီးနင်းခြင်းက စိတ်ဝိညာဉ်ချီကုန်ဆုံးမှုကို မြန်စေသော်လည်း သူတို့ လေထဲမှာ ရှိနေလျှင် ဆူဇီမိုက သူတို့ကို ဘာမျှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
သူစိုးရိမ်ခဲ့သော အခြေအနေက ရောက်လာပေပြီ။
ချီစုဖွဲ့စစ်သည်တော် ဆယ့်လေးငါးယောက်၏ ဆက်တိုက် တိုက်ခိုက်မှုအောက်တွင် ဆူဇီမိုသည် အဆင့်နိမ့် ချီစုဖွဲ့စစ်သည်တော်များ၏ တိုက်ခိုက်မှုကို ခန္ဓကျောက်ရုပ်ကိုယ်ဟန်ဖြင့် တောင့်ခံရ၏။
သို့စေကာမူ ဆူဇီမိုသည် အဆင့်၉ ချီစုဖွဲ့စစ်သည်တော်များ၏ အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်များနှင့် တိုက်ခိုက်မှုကိုတော့ ရှောင်ဖို့လိုအပ်လေသည်။ ဘုရင့်စစ်သည်တော်များ၏ ဆက်တိုက် ထပ်တလဲလဲ တိုက်ခိုက်မှုများကလည်း ရှိနေသောကြောင့် ဆူဇီမိုသည် အတော်လေး ရုန်းကန်နေရပြီး မြို့ထဲမှာ အသက်ပျောက်ဖို့ပင် နီးစပ်လာနေ၏။
“အားလုံးပဲ .. ဘာမှ ကြောက်စရာ မရှိဘူး.. ငါတို့ စည်းစည်းလုံးလုံးနဲ့ ဒီကောင်ကို မြို့ထဲက ထွက်မသွားနိုင်အောင် ဝိုင်းထားနိုင်ရင်ပဲ အဆင်ပြေနေပြီ.. ငါတို့ ပျော်ရွှင်ဖွယ်ဂိုဏ်းက အခြေတည်အဆင့် ပညာရှင်တွေ မကြာခင် ရောက်လာတော့မှာ”
လေထဲမှ ပကတိ ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်၏။
ဤအချိန်တွင် ဆူဇီမိုသည် ထိုလူကို ရုတ်တရတ် လှည့်ကြည့်လိုက်ပြီး ပြုံးပြလိုက်၏။ သူ့အမူအယာက ထူးဆန်းနေ၏။
စောစောကပြောလိုက်သောသူသည် ရင်ထိတ်သွားပြီး ဆူဇီမိုနှင့် ပို၍ ကွာဝေးသွားစေရန် ဓါးပျံပေါ်ကနေ အနောက်သို့ လျှင်မြန်စွာ ဆုတ်လိုက်၏။
ဆူဇီမိုသည် မြို့ဝင်ဂိတ်တံခါးဘက်သို့ သွားရမည့်အစား မထင်မရှားလမ်းကြားလေးတစ်ခုဘက်သို့ ဦးတည်ဆုတ်ခွာသွားနေကြောင်း သူတို့ သတိထားမိလာကြ၏။
အဲ့ဒါက ရတနာကောင်းကင် အရောင်းပြခန်း တည်ရှိရာ နေရာပင် ဖြစ်လေသည်။
ဤအချိန်တွင် ဆူဇီမိုသည် ဝန်းရံပိတ်ဆို့ထားသော စစ်သည်များအကြား ကမူးရှူးသိုး ဖောက်ထွက်လိုက်ပြီး ရှေ့မှာ ရှိသော တံတိုင်းနံရံတစ်ခုဆီ ဦးတည်လိုက်လေ၏။
ရွှစ်!
ဆူဇီမိုသည် တံတိုင်းနံရံနှင့် ထိမိချိန်တွင် ၎င်းသည် ရုတ်တရတ် ကြည်လင်နေသာ ရေလိုက်ကာတစ်ခုပုံစံပြောင်းသွားပြီး ဆူဇီမို၏ ပုံရိပ်က ထိုအထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။
များစွာသော စစ်သည်တော်များသည် အံ့သြကြောင်အသွားကြ၏။
ထို့နောက်သူတို့သည် ဆူဇီမိုလိုပင် နံရံဆီသို့ ခေါင်းနှင့် တိုးဝင်လိုက်ကြ၏။ သို့သော် နံရံနှင့် တိုက်မိချိန်တွင် သူတို့၏ ဦးခေါင်းများသည် ကွဲကြေဒဏ်ရာရကုန်ကြလေ၏။
“အမ်”
လေထဲမှ ချီစုဖွဲ့စစ်သည်တော်များသည် မျက်ခုံးတွန့်လိုက်ကြ၏။ ထိုနေရာက ရတနာကောင်းကင် အရောင်းပြခန်းဆိုတာ သူတို့အားလုံး သိထားကြ၏။
သူတို့ကို တစ်ကယ်တမ်း အံ့အားသင့်စေတာက ဆူဇီမိုသည် ချီစုဖွဲ့စစ်သည်တော် မဟုတ်ဘဲနှင့် ထိုနေရာသို့ စိတ်ရှိသလို ဝင်ထွက်သွားလာနိုင်တာပင် ဖြစ်လေသည်။ ဒါက သူသည် ရတနာကောင်းကင်တံဆိပ်ပြားကို ပိုင်ဆိုင်ထားသည်ဟု ဆိုလိုလေသည်။
“စီနီယာအစ်ကိုလီ.. ဘယ်လိုလုပ်ကြရင် ကောင်းမလဲ” ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က မေးလိုက်၏။
ရတနာကောင်းကင် အရောင်းပြခန်းသည် မဟာကျိုးအင်ပါယာတွင် အတော်ကို အဆင့်အတန်း မြင့်မားသော ကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်၏။ သူတို့၏ ဌာနတည်နေရာများတွင် တိုက်ခြင်းသတ်ဖြတ်ခြင်းများကို ပိတ်ပင်ထား၏။ တစ်ခါတုန်းက အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်သည် ရတနာကောင်းကင် အရောင်းပြခန်းတွင် သွား၍ ပြဿနာရှာခဲ့ဖူး၏။ ရလာဒ်ကတော့ သူသည် နေရာမှာပင် တစ်ခါတည်း အသတ်ခံလိုက်ရ၏။
ရတနာကောင်းကင် အရောင်းပြခန်း၏ အဓိက ကျောထောက်နောက်ခံမှာ မဟာကျိုးအင်ပါယာ၏ အရှင်သခင် ဖြစ်သည်ဆိုသော ကောလဟလများလည်းရှိ၏။
ချီစုဖွဲ့စစ်သည်တော်များသည် ဘယ်လောက်ပင် သတ္တိကောင်းကြပါစေ၊ ထိုနေရာကိုတော့ သွား၍ ပြဿနာမရှာရဲကြပေ။
“ဘာမှ ပူစရာမလိုဘူး.. သူအမြဲတမ်း အထဲမှာ ပုန်းမနေနိုင်ပါဘူး.. သူအနှေးအမြန်ဆိုသလို ထွက်လာရမှာပဲ.. ဂိုဏ်းက အကြီးအကဲတွေ ရောက်လာရင် ရတနာကောင်းကင် အရောင်းပြခန်းက တာဝန်ရှိသူတွေနဲ့ သွားပြီး ညှိနှိုင်းကြလိမ့်မယ်.. ရတနာကောင်းကင် အရောင်းပြခန်းက မော်တယ်တစ်ယောက်အတွက်နဲ့ ပျော်ရွှင်ဖွယ်ဂိုဏ်းကို မျက်နှာအပျက်ခံမှာ မဟုတ်လောက်ပါဘူး”
ရတနာကောင်းကင် အရောင်းပြခန်း ဒုတိယထပ်တွင် ...
ရတနာကောင်းကင် မန်နေဂျာသည် ကယောင်ကတမ်းနှင့် နိုးလာ၏။ သူသည် အိပ်ချင်နေသေးသော မျက်လုံးများကို ပွတ်သပ်ရင်း ဘေးရှိ အစောင့်ဝန်ထမ်းတစ်ယောက်ကို မေးလိုက်၏။
“အပြင်မှာ ဘာတွေ ဖြစ်နေတာလဲဟ.. ဘာလို့ ဒီလောက် အုတ်သော်အောင်းနင်း ဖြစ်နေကြတာလဲ”
“ကျတော်ကြားတာတော့ ယန်ဘုရင်က သေပြီတဲ့.. လူသတ်သမားက ပြေးနေဆဲလို့ သိရတယ်”
“အခုထိ မမိသေးဘူးလားဟ”
“ဟင့်အင်း.. အပြင်ကလူတွေ ပြောကြတာတော့ လူသတ်သမားက ချီစုဖွဲ့စစ်သည်တော် မဟုတ်ဘူးတဲ့.. ဒါပေမယ့် သိုင်းတော့တတ်ပုံရတယ်.. အနီးကပ်တိုက်ခိုက်ခြင်းမှာဆို သူ့ကို ဘယ်သူ့မှ မယှဉ်နိုင်ဘူးတဲ့.. သူ့လက်ထဲမှာ အသက်ပျောက်သွားတဲ့ ချီစုဖွဲ့စစ်သည်တော်ကို တော်တော်များနေပြီဆိုပဲ”
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် ခန်းမထဲသို့ ဝင်ရောက်လာသော ခြေသံကို ကြားလိုက်ရ၏။ ဝင်လာသူ၏ ခြေလှမ်းက အရမ်းမြန်လေ၏။ နောက်တစ်ခဏမှာပင် ခြေသံက ဒုတိယထပ်သို့ တက်လာနေပေပြီ။
ရတနာကောင်းကင် မန်နေဂျာက အာရုံစိုက် လှမ်းကြည့်လိုက်၏။
သွေးသံရဲရဲခေါင်းပြတ်ကြီးကို ခါးမှာချည်ထားပြီး သူ့တစ်ကိုယ်လုံးလဲ သွေးများရွှဲနစ်နေသော လူငယ်လေးတစ်ယောက်ကို သူမြင်လိုက်ရ၏။ ထိုသွေးသံရဲရဲ ခေါင်းပြတ်ကြီးက ယန်ဘုရင်၏ ဦးခေါင်းပင် ဖြစ်လေ၏။
“ဒီမှာ ကျုပ်အပ်ထားခဲ့တဲ့ အေးမြစန္ဒာဆေဘာနဲ့ မျှော်လင့်ချက်သလင်းလေးကို ပြန်ယူဖို့ လာတာ” ဝင်ရောက်လာသူက လေးနက်သော အသံဖြင့် ပြောလိုက်၏။
ရတနာကောင်းကင် မန်နေဂျာက တစ်ကိုယ်လုံး တုန်ယင်သွားပြီ ချက်ခြင်းပင် သတိပြန်ဝင်လာ၏။ သူသည် တံတွေးမြိုချလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်လေ၏။
“ကောင်းပါပြီ ကောင်းပါပြီး .. ကျုပ်ယူလာပေးပါ့မယ်”
နောက်တစ်ခဏတွင် ရတနာကောင်းကင် မန်နေဂျာသည် အေးမြစန္ဒာဆေဘာနှင့် မျှော်လင့်ချက်သလင်းလေးကို ယူပြီး ပြန်ထွက်လာလေ၏။
ဒီလက်နက်နှစ်ခုက အတော်ကို လေးလံလေသည်။ ရတနာကောင်းကင် မန်နေဂျာသည် စိတ်ဝိညာဉ်ချီကို သုံးထားတာတောင် သယ်လာနိုင်ရုံသာ ရှိလေသည်။
“ကျေးဇူးအများကြီး တင်ပါတယ်”
ဝင်ရောက်လာသူသည် အေးမြစန္ဒာဆေဘာကို ခါးတွင် ချည်လိုက်၏။ မြားကျည်တောက်ကို ကျောတွင်လွယ်လိုက်ပြီး မျှော်လင့်ချက်သလင်းလေးကို ကိုင်စွဲကာ ပြန်လှည့်ထွက်သွားလေ၏။
ဝင်ရောက်လာသူ ပျောက်ကွယ်သွားမှသာလျှင် အစောင့်ဝန်ထမ်းသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး စိတ်သက်သာရာ ရသွားလေ၏။
“ဒီလူက တော်တော်ကြောက်စရာကောင်းတာပဲ.. ကျုပ်သူ့နားမှာ ရပ်နေတာနဲ့တင် ကြက်သီးတွေထပြီး အလိုလိုကြောက်စိတ်တွေ ဝင်လာတယ်” အစောင့်ဝန်ထမ်းက ပြောလိုက်၏။ ခဏလောက် ရပ်တန့်သွားပြီးနောက် သူသည် တစ်ခုခုကို နားလည်လိုက်သလို တုန်လှုပ်စွာ ထပြောလိုက်လေ၏။
“ယန် ယန်ဘုရင့်ကို သတ်ခဲ့တဲ့သူက သူလား.. သူက ဘယ်သူလဲ.. ယန်ဘုရင်ကို ဘာလို့ သတ်ရတာလဲ”
ရတနာကောင်းကင် မန်နေဂျာ၏ မျက်နှာက သုန်မှုန်နေ၏။ အတန်ကြာ ချင့်ချိန်စဉ်းစားပြီးနောက် သူသည် သိုလှောင်အိတ်ထဲကနေ စက္ကူကြိုးကြာရုပ်တစ်ခုကို ဆွဲထုတ်လိုက်၏။ သူသည် လက်ညိုးထိပ်တွင် စိတ်ဝိညာဉ်ချီအနည်းငယ် ထုတ်လိုက်ပြီး စာနည်းနည်း ရေးလိုက်၏။
‘ယန်ဘုရင်ကတော့ သေပြီ.. တိုင်းပြည်က အခုချိန် ခေါင်းဆောင်မဲ့နေပြီး မြို့တော်ကလည်း အုတ်သော်အောင်းနင်း ဖြစ်နေပြီ.. လူသတ်သမားက ကျင့်ကြံသူမဟုတ်ဘူး.. သူ့မှာ တတိယမင်းသမီးရဲ့ ရတနာကောင်းကင် တံဆိပ်ပြားလဲ ရှိနေတယ်.. သူရဲ့ သရုပ်မှန်က သံသယဝင်ဖို့ကောင်းတယ်. . .’
စာရေးပြီးနောက် ရတနာကောင်းကင် မန်နေဂျာသည် ပြတင်းပေါက်နားသို့ လျှောက်သွားကာ သူ့လက်ထဲက စက္ကူကြိုးကြာလေးကို လွှတ်လိုက်လေ၏။
စက္ကူကြိုးကြာလေးသည် အတောင်ပံများကို တစ်ဖျတ်ဖျတ်ခတ်ကာ လေထဲသို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျံသန်းပျောက်ကွယ်သွားလေတော့၏။