← Chapters

အမှောင်ထုအတွင်း ထာဝရသက်ဆင်းသွားရပါသော

Vol. 4 Ch. 57

အမှောင်ထုအတွင်း ထာဝရသက်ဆင်းသွားရပါသော

Vol. 4 Ch. 57

တောင်တန်းပင်လယ်ပညာရပ်သည် သာမန်ရွက်ကြမ်းရေကျိုအဆင့်သာရှိသော ပညာရပ်တစ်မျိုးဖြစ်ပြီး ဓာတ်နှောများကို ဖယ်ထုတ်ပေးနိုင်သည့်အဆင့်မှာလည်း သာမန်သာရှိသည်။

နန်းဟွမ်ဒေသကြီး၌ ထိုကဲ့သို့ ကျင့်ကြံခြင်းပညာရပ်များစွာ ရှိသည်။ ထိုပညာရပ်များထဲမှ အများစုကို အင်အားစုလေးများနှင့် မိသားစုလေးများက လေ့ကျင့်ကြသည်။

လူတစ်ယောက်က ထိုပညာရပ်များကို လေ့ကျင့်၍ အထွတ်အထိပ်အဆင့်ထိ ရောက်သွားခဲ့သည့်တိုင်အောင် တိုက်ရည်ခိုက်ရည်က ကြောက်ခမန်းလိလိ မြင့်မားသွားမည် မဟုတ်ပေ။ ပညာရပ်အကြောင်းမိတ်ဆက်ကို မကြာခဏ ချဲ့ကား ရေးတတ်ကြပေသည်။

ဥပမာအနေဖြင့် ရှောင်တစ်ကောင်က တောင်ကြီးကို ရွှေ့နိုင်ပြီး ကွေတစ်ကောင်က ပင်လယ်များကို ပြောင်းပြန်လှန်ပစ်နိုင်သည်။ ထိုစာကြောင်းသည် အမှန်စင်စစ် ချဲ့ကားရေးသားထားခြင်းသာ ဖြစ်သည်။

သို့သော်လည်း ရွှီချင်း လေ့ကျင့်လိုက်သည့်အခါ တောင်တန်းပင်လယ်ပညာရပ်သည် မကြုံစဖူး ထူးကဲအောင် အစွမ်းထက်လာသည်။ ထိုပညာရပ်၏ ဖန်တီးသူသည်ပင် ထိုအဆင့်အထိ ရောက်ခဲ့ဖူးမည် မဟုတ်ချေ။

သူ အဆင့်ငါးသို့ ရောက်စဉ်အခါက သူ၏အရိပ်က တောင်တန်းပင်လယ်ပညာရပ်ကို လေ့ကျင့်ထားသည့် အဆင့်ခြောက် သို့မဟုတ် အဆင့်ခုနစ်ရှိကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိခဲ့သည်။ ယခု သူက အဆင့်ခြောက်သို့ ရောက်သောအခါ ကွေအရိပ် ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။

၎င်းက အကောင်ပေါက်စလေးသာ ရှိသေးပါသော်လည်း ၎င်း၏အစွမ်းက ရှောင်တစ်ကောင်ထက် များစွာ သာလွန်ပေသည်။

ရွှီချင်းက တောင်တန်းပင်လယ်ပညာရပ်၏ အဆင့်ခုနစ်ကို ရောက်သောအခါတွင် သူ့အရိပ်က ပြီးပြည့်စုံသည့်အသွင် ဖြစ်သွားကောင်း ဖြစ်သွားနိုင်သည်။

ထိုအချိန်သည် တောင်တန်းပင်လယ်ပညာရပ်ကို ကျင့်ကြံသူများအတွက် ဆုံးခန်းတိုင်ပြီဖြစ်သည်။

သို့သော်လည်း သူ့တွင် လျှောက်လှမ်းစရာလမ်းကျန်သေးသည်။

“ တောင်တန်းပင်လယ်ပညာရပ်ထဲမှာ ဖော်ပြထားတာတော့ အဆင့်တစ်ဆယ်ကို ရောက်သွားရင် ကွေအရိပ်ဖြစ်လာမယ်။ အထွတ်အထိပ်အဆင့်ကို ရောက်သွားရင် အရွယ်ရောက်တဲ့ကွေအရိပ်ဖြစ်လာမယ် ”

ရွှီချင်းသည် စမ်းသပ်ခန်းထဲတွင် ထိုင်နေပြီး သူ၏မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းများ တဖျပ်ဖျပ် လက်နေသည်။

“ ငါ့တိုးတက်မှုတွေကို ကြည့်ရတာ အဆင့်ခုနစ်ရောက်ရင် အရွယ်ရောက်တဲ့ ကွေ့အရိပ် ဖြစ်သွားလောက်မယ်။ အဆင့်ရှစ်ဆိုရင်ရော၊ အဆင့်ကိုး၊ အဆင့်တစ်ဆယ်၊ အထွတ်အထိပ်အဆင့်တွေဆိုရင် ဘယ်လောက်တောင် ဖြစ်နေမလဲ ”

ရွှီချင်းသည် မျှော်လင့်ချက်များ ပြင်းထန်နေပြီး သူ၏ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။

ဤတစ်ကြိမ်တွင် သူ၏အမြန်နှုန်းနှင့် ခွန်အားကို စမ်းသပ်နေရန် မလိုအပ်ပေ။ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါက အဆင့်ငါးကို ကျော်လွန်သွားပြီဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း အာရုံခံမိနေသည်။

ထိုခွန်အားက သူ့ကိုပင် အံ့အားသင့်သွားစေခဲ့သည်။

သူ၏အမြန်နှုန်းသည်လည်း ထိုနည်းတူပင်။ သူသာ အားကုန်သုံး၍ လှည့်ပတ်လိုက်ပါက လေသည်သာ သူ၏အတားအဆီးဖြစ်လာဖွယ်ရှိသည်။

ယခု စခန်း၌ သူ၏အဆင့်က မည်သည့်အဆင့်ဖြစ်မည်ကို သူ မသိချေ။

သို့သော် ပြီးခဲ့သည့်ရက်အနည်းငယ်က ဝတ်ရုံနက်အဘိုးအိုကဲ့သို့ ချီစုစည်းခြင်းအဆင့်ခုနစ်ရှိသည့် လူနှစ်ယောက်ကို သူ သတ်နိုင်ကြောင်း ကောင်းစွာ သိသည်။

ခဏအကြာ ရွှီချင်းသည် အသက်ဝဝရှူသွင်းလိုက်ပြီး ဘေးပတ်လည်ရှိ မြေပြင်ကို ငုံ့ကြည့်လိုက်သည်။

ထိုအချိန်၌ အပြင်ဘက်တွင် ညအချိန် ရောက်နေသည်ဖြစ်၍ အခန်းတစ်ခုလုံး မှောင်မည်းနေပါသော်လည်း အရိပ်ကို သူ ခပ်ဖျော့ဖျော့ အာရုံခံမိနေသေးသည်။

သူ၏အဆင့်တက်ခြင်းသည် အရိပ်အပေါ်တွင်လည်း သက်ရောက်သွားဟန်တူပြီး ဓာတ်နှောများကို ပို၍ပင် စုပ်ယူသွားနိုင်သည်။ အရိပ်နှင့်သူ့အကြား ဆက်နွယ်မှုက ပို၍ပင် နီးစပ်လာပြီး ပို၍ သိမ်မွေ့လာသည်။

ရွှီချင်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မြေပြင်ကို စူးစိုက်၍ ကြည့်လိုက်သည်။ အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး အပြင်ဘက်ရှိ မိုးသားကောင်းကင်ကြီး လင်းထိန်လာသည်။

နေရောင်ခြည်တန်းများ ဝင်ရောက်လာသောအခါ ရွှီချင်း၏ဘေးရှိ ဝိုးတဝါးအရိပ်သည် တစတစ ရှင်းလင်းပြတ်သားလာ၏။

၎င်း ပေါ်လွင်လာသည့်အခိုက် ရွှီချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

သူသည် ထိုအခိုက်အတန့်ကို စောင့်နေခဲ့ခြင်း ဖြစ်သည်။ သူ၏အတွေးများ လွင့်ပျံသွားသောအခါ သူ၏အရိပ်က အနည်းငယ် လှုပ်ယမ်းလာသည်ကို မြင်လိုက်ရသည်။

အရိပ်၏ညာလက်က တဖြည်းဖြည်း မြှောက်လာသည်။

ရွှီချင်း၏အသက်ရှူသံများ ပြတ်တောင်းပြတ်တောင်းဖြစ်လာပြီး အရိပ်ကို မမှိတ်မသုန် ကြည့်နေသည်။ သူက အရိပ်၏ညာလက်ကို မြေပြင်ပေါ်တွင် လှုပ်ရှားစေလိုက်ပြီး အမှောင်ထုနေရာကို ရောက်သောအခါ အရိပ်က အမှောင်ထုနှင့်ပေါင်းစပ်၍ ပျောက်ကွယ်သွားသည်။ သို့သော်လည်း သူ တည်ငြိမ်နေပြီး အရိပ်ရှိနေသေးသည်ကို အာရုံခံမိနေသည်။

အရိပ်၏လက်သည် ဆေးစင်ကလေးကို ရောက်သွားပြီး တဖြည်းဖြည်း တွားသွားကာ ဆေးပင်တစ်ပင်ကို ဆုပ်ကိုင်လိုက်သည်။

အရိပ်က ဆေးပင်ကို ဆုပ်ကိုင်လိုက်သည့်အခိုက် ဆေးပင်ထဲရှိ ဓာတ်နှောများက ချက်ချင်း သိပ်သည်းလာကာ စိမ်းပုပ်သွားသည်။

ထိုအချိန်တွင် ရွှီချင်း၏ထိန်းချုပ်မှုသည်လည်း အကန့်အသတ်ကို ရောက်သွားသည်။ သူ၏ခေါင်းထဲတွင် မြည်ဟည်းသံ ထွက်ပေါ်လာသည်နှင့်အတူ အရိပ်သည်လည်း ချက်ချင်း ပြန်ဆုတ်ခွာသွားကာ မူလပုံစံ ပြန်ပြောင်းသွားသည်။

ခဏအကြာ ရွှီချင်းသည် ခေါင်းမော့လိုက်၏။ သူ့မျက်လုံးများ အနည်းငယ် နီမြန်းနေပြီး တဆစ်ဆစ် ခေါင်းကိုက်နေသည်။ သူက မျက်လုံးများကို ချက်ချင်းမှိတ်၍ အသက်ရှူသံကို ပုံမှန်ဖြစ်အောင် ထိန်းညှိလိုက်သည်။

နှစ်နာရီကြာပြီးနောက် သူသည် မျက်လုံးများ ဖွင့်လိုက်ပြီး သူ၏ခေါင်းထဲမှ တဆစ်ဆစ်နာကျင်နေမှုများသည်လည်း ပျောက်ကွယ်သွားလေပြီ။

“ ငါ ဒါကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး ”

ရွှီချင်းသည် အရိပ်ကို လေးနက်စွာ ကြည့်၍ အတွေးစများကို ရုတ်သိမ်းလိုက်သည်။

သူ အလျဉ်မလိုပေ။ ထိုနှုန်းဖြင့်သာဆိုပါက အနှေးနှင့်အမြန် အရိပ်ကို သူ လုံးဝဥဿုံ ထိန်းချုပ်လာနိုင်ပေလိမ့်မည်။

ထိုအခါတွင် အရိပ်သည် သူ၏လျှို့ဝှက်လက်နက် ဖြစ်လာပေမည်။

သူ အနည်းငယ် အနားယူလိုက်သည်။ ထို့နောက် သူ၏လက်ကိုမြှောက်၍ ဖမ်းဆုပ်ဟန်ပြုလိုက်ရာ သန္ဓေပြောင်းသွားသော ဆေးပင်က ချက်ချင်း ပျံသန်းလာပြီး သူ၏လက်ထဲ ရောက်လာသောအခါ ငုံ့ကြည့်၍ သေသေချာချာ လေ့လာလိုက်သည်။

“ နတ်ဘုရားရဲ့ အကြည့်သက်ရောက်ခံလိုက်ရတဲ့ ဆေးဆိုင်က ဆေးပင်တွေနဲ့ တထေရာတည်းပဲ ”

“ ဒါဆိုရင် အရိပ်က အရာဝတ္ထုတွေထဲကို ဓာတ်နှောတွေ စိမ့်ဝင်သွားအောင် လုပ်နိုင်တာလား ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး အရိပ်ကို ထပ်မံထိန်းချုပ်လိုက်သည်။

ထိုနည်းအားဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားသည်။

လေးနာရီကြာပြီးနောက် ရွှီချင်းသည် အရိပ်၏အစွမ်းများကို အကြမ်းဖျင်း နားလည်လာသည်။

အရိပ်က ဓာတ်နှောများကို အချိန်မရွေး စိမ့်ဝင်စေနိုင်စွမ်းမရှိဘဲ သူ၏ထိန်းချုပ်မှုအောက်တွင်သာ သူထိလိုက်သည့် အရာဝတ္ထုများက သန္ဓေပြောင်းသွားခြင်း ဖြစ်သည်။

ထိုအစွမ်းသတ္တိက မကြုံစဖူး ထူးကဲသည့် သေစေနိုင်စွမ်း ရှိပေသည်။ သို့သော်လည်း အရိပ်ကို သူ ကိုင်တွယ်ရာ၌ အကြပ်အတည်း ဖြစ်နေရသေးသည်။

ထိုအချိန်၌ ရွှီချင်းက ခရမ်းရောင်သလင်းကျောက် မြှုပ်နှံထားရာ သူ၏ဝမ်းဗိုက်ကို လှမ်းကြည့်လိုက်သည်။ ထိုခရမ်းရောင်သလင်းကျောက်က အရိပ်ကို ထိန်းချုပ်ကာ ဖိနှိပ်နိုင်သည်ဟု သူ ခံစားမိနေသည်။

ခဏအကြာ သူသည် အကြည့်လွှဲလိုက်ပြီး လက်ထဲရှိ ဆေးပင်ကို ပြန်ချလိုက်သည်။ ထို့နောက် ဘေးပတ်ဝန်းကျင်ရှိ ဆေးစင်ကလေးများကို လှမ်းကြည့်လိုက်သည်။ ယခုအခါ ဆေးပင်စုစုပေါင်း၏ တစ်ဆယ်ရာခိုင်နှုန်းသည်လည်း ကျောက်ခွက်ထဲတွင် စုပြုံရောက်ရှိသွားပြီဖြစ်သည်။

သူက ကျောက်ခွက်လေးကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

ထိုကျောက်ခွက်ထဲရှိ ဆေးအနှစ်များကို သူ လွှင့်မပစ်နိုင်ချေ။ အနည်းငယ် တွေးတောလိုက်ပြီး မည်းနက်နေသော ဆေးရည်များသည်လည်း ကောင်းမွန်စွာ အသုံးချပါက လက်နက်တစ်မျိုး ဖြစ်လာနိုင်သည်ဟု သူ ခံစားလိုက်ရသည်။

သို့ဖြစ်၍ သူက ကျောက်ခွက်ထဲရှိ ဆေးအနှစ်များကို ဆေးလုံးများအဖြစ် တစ်လုံးပြီးတစ်လုံး လုပ်လိုက်ပြီး အပေါ်ယံအလွှာအဖြစ် ခုနစ်ရွက်မြက်ပင်ကို အသုံးချလိုက်သည်။

နောက်ဆုံး၌ သူသည် အတွင်းပိုင်း၌ မည်းနက်နေပြီး အပြင်ဘက်ပိုင်း စိမ်းဖန်နေသော ဆေးလုံးဒါဇင်ကျော် ထုတ်လုပ်လိုက်လေသည်။

“ ဒီတော့လဲ ဒီဆေးလုံးတွေကို အနက်ရောင်ဆေးလုံးဆိုပြီး ခေါ်တာပေါ့ကွာ ”

ရွှီချင်းသည် ထိုဆေးလုံးများကို သိမ်းဆည်းလိုက်ပြီး ဆေးပင်အနည်းငယ် ရှာဖွေရန် အပြင်ဘက် ထွက်လာသည်။ တချိန်တည်းမှာပင် သူက ဝံပုလွေနက်တစ်ကောင်အား ဖမ်းရမည့်နည်းလမ်းကိုလည်း တွေးတောလာသည်။

ဤရက်ပိုင်းအတွင်း သူသည် ဝံပုလွေနက်ကို စမ်းသပ်ခံသားရဲအဖြစ် အသုံးချနေသည်ဖြစ်ရာ ၎င်းတို့ကို ကိုင်တွယ်ရာ၌ ပို၍ အကျွမ်းတဝင် ရှိလာသည်။ သူက လျှိုမြောင်ထဲမှ ထွက်လာပြီး ဘုရားကျောင်းအစုအဝေးထံ တန်းတန်းမတ်မတ် သွားလိုက်သည်။ သို့သော် သူသည် ထိုနေရာတွင် မရပ်နားဘဲ တောနက်ထဲကို ခပ်သွက်သွက် ခရီးဆက်လိုက်သည်။

တောနက်ထဲတွင် အပြင်ဘက်ပိုင်းထက် ဆေးပင်များစွာ ပေါက်ရောက်နေပေသည်။

ထို့ပြင် ရွှီချင်းက တောနက်ထဲကို တစ်ခေါက်မက သွားထားခဲ့သည်။ သူက တောနက်အတွင်းထိ မရောက်ခဲ့ပါသော်လည်း သူ တစ်ကြိမ်သွားတိုင်း ဆေးပင်များစွာ ရရှိခဲ့သည်။

တောနက်ထဲကို ရွှီချင်း ရောက်ပြီး မရှေးမနှောင်းမှာပင် လူတစ်စုက တားမြစ်နယ်မြေ၏ အစွန်အဖျားတွင် လေ့လာနေကြသည်။

ထိုအုပ်စု၌ အစောင့်အရှောက်များစွာ ဝန်းရံထားသည့် ယောက်ျား၊ မိန်းမ တစ်ရာကျော်ရှိသည်။ ဘေးပတ်ဝန်းကျင်ကို သတိထား၍ စောင့်ကြည့်နေ

သော အလွန် အစွမ်းထက်သော သက်လတ်ပိုင်းအရွယ် လူငါးယောက်၊ ခြောက်ယောက်ခန့်လည်း ပါသည်။

ထိုလူများ စောင့်ကြပ်နေကြသည့်လူများသည် ရတနာမုဆိုးစခန်းအပြင်ဘက်၌ စခန်းချနေခဲ့ကြသော လူငယ်လေးများနှင့် မိန်းမပျိုလေးများမှလွဲ၍ တခြားမဟုတ်ချေ။ သူတို့က အပျော်ခရီး ထွက်လာကြသည့်အလား သူတို့၏မျက်နှာများပေါ်၌ စိုးရိမ်ကြောင့်ကြစိတ်များ ရှိမနေကြဘဲ ရယ်မောသံများသည်သာ လွင့်ပျံနေတော့သည်။

သူတို့၏လမ်းပြက အဘိုးအိုလောင်ရှစ်ဖြစ်သည်။

ထိုအချိန်၌ သူ၏မျက်နှာတွင် ကူကယ်ရာမဲ့သည့် အရိပ်အယောင်များဖြင့် ပြည့်နေသည်။ သူသည် ထိုလူငယ်လေးများနှင့် မိန်းမပျိုလေးများကို အချိန်တိုင်း လှည့်ကြည့်ကာ သူတို့၏ လွတ်လပ်ပေါ့ပါးနေသော အမူအရာများကိုကြည့်၍ ရင်ထဲတွင် သက်ပြင်းမောသာ ချနေသည်။

“ ဒါက တားမြစ်နယ်မြေနော် … ”

အဘိုးအိုလောင်ရှစ်သည် တစ်စုံတစ်ခု ပြောချင်နေပါသော်လည်း ချီတုံချတုံ ဖြစ်နေသည်။ တစ်ယောက်မှ သူ့စကား နားထောင်မည် မဟုတ်သည်ကို သူ သိသည်။ မြို့ထဲတွင်သာ အမြဲ နေထိုင်ခဲ့ရသော ထိုလူများသည် တားမြစ်နယ်မြေက မည်မျှအန္တရာယ်များသည်ကို သိရှိထားကြပါသော်လည်း အမှန်စင်စစ် တားမြစ်နယ်မြေ၏ အန္တရာယ်များကို ကြုံတွေ့နေရသော ရတနာမုဆိုးများနှင့် ယှဉ်ပါက လွန်စွာ နိမ့်ကျနေသေးသည်။

ထိုလူကုံထံကလေးငယ်များသည် စာအုပ်များနှင့် တစ်ဆင့်စကားတစ်ဆင့်ကြားကာ အန္တရာယ်များကြောင်း သိထားကြပြီး ရတနာမုဆိုးများမှာမူ အန္တရာယ်များကို အသက်နှင့်ရင်း၍ ကြုံတွေ့ထားခဲ့ရသူများဖြစ်သည်။

“ ဒီခရီးက ဘာမှမဖြစ်ဘဲ ချောချောမွေ့မွေ့ပြီးသွားရင် သိပ်ကောင်းမယ်။ ဒီတာဝန်ပြီးရင်တော့ ငါလည်း အနားယူပြီး တားမြစ်နယ်မြေထဲကို ထပ်မလာတော့ဘူး ”

အဘိုးအိုလောင်ရှစ်သည် စိတ်ထဲမှနေ၍ တီးတိုးရေရွတ်လိုက်ပြီး သတိကြီးကြီးထားကာ ခရီးဆက်လိုက်သည်။

ထိုလူငယ်များထဲ၌ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပိတုန်းရောင်ဆံပင်ရှည်များနှင့် မိန်းမလှလေးသည် သူမကို သဘောကျနေသော ဝတ်စုံအပြာဝတ်လူငယ်လေးနှင့် ရယ်ရယ်မောမော စကားပြောနေရင်း ဆေးမှုန့်များ ဖြန့်ကျဲနေသည်ကို တစ်ယောက်မှ သတိမထားမိကြချေ။

လေတိုက်ခတ်သွားသည်နှင့် ဆေးမှုန့်များသည် အရောင်အဆင်းမဲ့သွားကာ လွင့်ပျံသွားသည်။ ယင်းသည် တားမြစ်နယ်မြေ၏တောနက်ထဲတွင် ပြောင်းလဲမှုတချို့ ဖြစ်ပျက်သွားစေဟန်တူသည်။

မကြာခင် ထိုအပြောင်းအလဲကို ရွှီချင်း အာရုံခံမိလိုက်သည်။

ထိုအချိန်၌ တားမြစ်နယ်မြေတောနက်ထဲကို သတိကြီးကြီး သွားနေသော သူသည် ယနေ့ သန္ဓေပြောင်းသားရဲများ နည်းပါးနေကြောင်း ခံစားလိုက်ရသည်။

ချီစုစည်းခြင်းအဆင့်ခြောက် သို့မဟုတ် အဆင့်ခုနစ်တွင်ရှိသော ရက်စက်ကြမ်းတမ်းသည့် ဖွတ်ကြီးတစ်ကောင်က ရွှံ့ထဲတွင် ဝပ်နေသည်ကိုပင် သူ မြင်လိုက်ရသည်။ သူ အနီးကပ်သွားသည့်အချိန်မှာပင် ၎င်းက မတိုက်ခိုက်ဘဲ အပြင်ဘက်လောကမှ တစ်စုံတခုကို ကြောက်ရွံ့နေဟန်တူသည်။

ယင်းသည် ရွှီချင်းကို အလွန်သတိထားသွားစေပြီး တားမြစ်နယ်မြေတောအုပ်ကို စူးစမ်းလေ့လာလိုက်သည်။

သူ၏ရင်ထဲတွင် မကောင်းသောခံစားချက်များ ဝင်ရောက်လာ၏။ ထို့ကြောင့် သူက ဆေးပင်အနည်းငယ် ခူးပြီး ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် သူ ဆုတ်ခွာလိုက်သည့်အခိုက် တောနက်ထဲမှ အေးစက်စက်အရှိန်အဝါတစ်မျိုး လွင့်ပျံလာသည်။ ထိုအရှိန်အဝါက ချက်ချင်း ပျံ့နှံ့လာရာ ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်များကို အေးခဲသွားစေသည်။

ရွှီချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဒရောသောပါး ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူသည် ခေါင်းမော့၍ ကြည့်လိုက်ရာ တောနက်ထဲမှ ဖောက်ထွင်းမြင်ရသော ရေခူမြောက်မြားစွာ ပျံသန်းလာနေသည်ကို မြင်လိုက်ရသည်။

ထိုရေခူများအနက် ခန္ဓာကိုယ်ကြီးမားသော ရေခူခြောက်ကောင်ပါပြီး ၎င်းတို့နောက်မှ ရေခူရာချီ၍ လိုက်ပါလာသည်။ ၎င်းတို့သည် ခံ့ညားထည်ဝါစွာဖြင့် ဘုရားကျောင်းအစုအဝေးဆီ ပျံသန်းသွား၏။

ထိုနေရာရှိ တစ်စုံတစ်ခုက ၎င်းတို့၏စိတ်အာရုံကို ပြင်းပြင်းထန်ထန် ဆွဲဆောင်နေသည့်အလားပင်။

ထိုရေခူများကို သူ မြင်လိုက်သည့်အချိန်မှာပင် ဝေဟင်ရှိ ရေခူအုပ်ကြီးသည်လည်း သူ့ကို မြင်သွားသည်။

ရေခူကြီးတစ်ကောင်က လေထဲတွင် ရပ်သွားပြီး ရွှီချင်းကို လှည့်ကြည့်လာသည်။ ထိုအခါ ၎င်း၏ခြေလက်များပေါ်ရှိ မျက်လုံးတစ်ဝက်ကျော် ရုတ်တရက် ပွင့်လာသည်။

ရွှီချင်း၏နှလုံးသားထဲမှ အန္တရာယ်အငွေ့အသက်များ ရုတ်ခြည်း ထိုးတက်လာသည်။ သူ၏တစ်ကိုယ်လုံးရှိ အသွေးအသားများ တဆတ်ဆတ်တုန်ရီနေသည်ဟု သူ ခံစားနေရသည်။ သူ့နောက်တွင် ကွေအရိပ်ကလေး ရုတ်ခြည်း ပေါ်ထွက်လာပြီး ဝေဟင်ရှိ ရေခူကိုကြည့်၍ ဟိန်းဟောက်နေသည်။

ရွှီချင်း၏ မျက်လုံးများ ကျဉ်းမြောင်းနေသည်။ ထိုအချိန်၌ သူသည် ချီစုစည်းခြင်းအဆင့်သုံးကို ကျော်လွန်နေပြီဖြစ်ပါသော်လည်း ထိုရေခူကြီး၏ဖိအားကြောင့် ခုခံရန် အားအင်မဲ့နေရသည်။

ယခုအခါ သူ၏ခန္ဓာကိုယ်ထဲရှိ ချီနှင့် သွေးများ တပွက်ပွက်ထနေစဉ် သူ့နောက်ရှိ အရိပ်ကလေးသည်လည်း ဟိန်းဟောက်နေပြီး သူ့ကိုကြည့်နေသော ရေခူကြီးသည် ချီတုံချတုံ ဖြစ်နေဟန်တူသည်။

ဘုရားကျောင်းအစုအဝေးကြီးထံမှ ဆွဲဆောင်နေသည့်အတွက်ကြောင့်လော၊ ရွှီချင်းကို အန္တရာယ်ဟု မမြင်သည့်အတွက်ကြောင့်ပေလော၊ ၎င်းသည် ခဏအကြာ တွန့်ဆုတ်နေပြီးနောက် လှည့်ထွက်သွားသည်။

ရေခူကြီး ထွက်သွားပြီးနောက် ရွှီချင်းသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။

သူက တားမြစ်နယ်မြေပတ်လည်ကို လျှောက်ကြည့်လိုက်ပြီး ယနေ့ ထူးဆန်းနေသည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူသည် လှစ်ခနဲ လှုပ်ရှားသွားကာ ချက်ချင်း ထွက်ခွာသွားသည်။

“ သူတို့က ဘုရားကျောင်းအစုအဝေးကြီးဆီကို သွားနေတာလား၊ ဒါမှမဟုတ် အဲဒီအလွန်ကို သွားနေတာလား။ ဘုရားကျောင်းအစုအဝေးကြီးဘေးကနေ ဖြတ်သွားတာပဲ ဖြစ်ပါစေ၊ မဟုတ်ရင် ငါ ရှောင်ကွင်းသွားနေရလိမ့်မယ် ”

လမ်းခရီး၌ ရွှီချင်း၏စိတ်ထဲတွင် အတွေးများစွာ ပေါ်လာပါသော်လည်း အရှိန်လျော့မသွားချေ။ သူက မီးခိုးငွေ့တန်းပမာ တောအုပ်ထဲ ဖြတ်သန်းသွားလေသည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်လာခဲ့သည်။ နှစ်နာရီကြာပြီးနောက် အတန်ငယ်ဝေးသောနေရာမှ ဆူဆူညံညံ အသံဗလံများကြောင့် ရွှီချင်းသည် သစ်ပင်မြင့်ကြီးတစ်ပင်အပေါ် ခုန်တက်၍ ဘုရားကျောင်းအစုအဝေးဆီကို လှမ်းကြည့်လိုက်သည်။

ဤနေရာသည် ဘုရားကျောင်းအစုအဝေးဆီ ရောက်ရန် တစ်နာရီ သွားရသေးသည်ဖြစ်၍ ဘုရားကျောင်းနယ်နိမိတ်ကို သူ လှမ်းမြင်နေရပေသည်။

ရွှီချင်းသည် လှမ်းကြည့်ပြီးနောက် သူ၏မျက်နှာတစ်ခုလုံး သုန်မှုန်သွားသည်။ သူ စိုးရိမ်နေသော ကိစ္စရပ် ဖြစ်ပွားလာခဲ့လေပြီ။

ထိုအချိန်၌ ရေခူအုပ်ကြီးသည် ဘုရားကျောင်းအစုအဝေးအထက် လေထဲတွင် ရှိနေသည်။ လူတစ်ယောက်က ၎င်းတို့နှင့် တိုက်ခိုက်နေဟန်တူပြီး တဝုန်းဝုန်းမြည်သံသဲ့သဲ့ လွင့်ပျံနေသည်။

ရွှီချင်းသည် အလွန်ဝေးကွာနေသည့်အတွက်ကြောင့် တိုက်ခိုက်နေသူ၏ရုပ်ကို ရှင်းရှင်းရှင်းလင်းလင်း မမြင်ရပေ။ ထို့ကြောင့် အနည်းငယ် စဉ်းစားတွေးတောပြီး သတိထား၍ ချဉ်းကပ်သွားသည်။

တချိန်တည်းမှာပင် ဘုရားကျောင်းအစုအဝေးထဲရှိ အဘိုးအိုလောင်ရှစ်၏ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ခါနေပြီး သူ၏နှုတ်ခမ်းများ တဖပ်ဖပ် တုန်ရီနေကာ ဘေးပတ်လည်ကို စိတ်ဓာတ်ကျစွာဖြင့် ကြည့်နေသည်။

သူ့ပတ်လည်၌ အလောင်းမြောက်မြားစွာ ရှိနေပြီး လူငယ်လေးများကို ခေါ်ဆောင်လာခဲ့သော အစောင့်အရှောက်များနှင့် နောက်လိုက်တို့၏အလောင်းများ ဖြစ်ပေသည်။

ထိုလူငယ်လေးများနှင့် မိန်းကလေးများသည် ယခင်ကကဲ့သို့ လွတ်လပ်ပေါ့ပါးနေဟန် မရှိတော့ပေ။ သူတို့အားလုံး ဒဏ်ရာများ ရထားကြပြီး ဖျော့တော့သော မျက်နှာများ ဖြစ်နေကြလေပြီ။ သူတို့သည် စိတ်ပင်ပန်းနွမ်းနယ်နေသောရုပ်များ ဖြစ်နေကြပြီး ထိတ်လန့်ကြောက်ရွံ့နေကြသည်။

လက်ကျန်အစောင့်အရှောက်များနှင့် နောက်လိုက်များသည် သွေးချောင်းစီးတိုက်ပွဲ ဆင်နွှဲရင်း သူတို့ကို ကာကွယ်ကာ အပြင်သို့ ထွက်နေကြသည်။

သူတို့ကို အရူးအမူး တိုက်ခိုက်နေကြသည့်သတ္တဝါများသည် ရာချီသော ရေခူလေးများ ဖြစ်ကြသည်။ ဝေဟင်၌ ရေခူကြီး ငါးကောင်၊ ခြောက်ကောင်က လူငယ်လေးများနှင့် ပါလာသော သက်လတ်ပိုင်းအရွယ် အစွမ်းထက်ကျင့်ကြံသူ ငါးယောက်နှင့် တိုက်ခိုက်နေကြသည်။

“ ဒါ ဘယ်လိုဖြစ်ရတာတုံး၊ ဒါ ဘယ်လိုဖြစ်ရတာတုံး၊ စောစောတုန်းက အကောင်းကြီး ရှိနေသေးတာလေ … ”

အဘိုးအိုလောင်ရှစ်သည် တုန်ရီနေလျက် သွေးရူးသွေးတန်း သွားနေသော လူငယ်လေးများ၏နောက်သို့ လိုက်နေသည်။ သို့သော်လည်း သူသည် အသက်ကြီးနေပြီဖြစ်၍ ခြေလှမ်းအနည်းငယ် သွားပြီးသည်နှင့် ရေခူလေးတစ်ကောင်က အစောင့်အရှောက်များကို ကျော်ဖြတ်လာကာ သူ့ကို ခုန်အုပ်လိုက်သည်။

သူ ရှောင်တိမ်းရန် အချိန်မရလိုက်ပေ။ ရေခူက အဘိုးအိုလောင်ရှစ်ကို ထိုးဖောက်သွားကာ သူ၏နှလုံးသားကို ဝါးမျို၍ လူငယ်လေးများထံ ဆက်လက်တိုးဝင်သွားသည်။

အဘိုးအိုလောင်ရှစ်၏ခန္ဓာကိုယ်ကြီး ပြိုလဲသွားကာ တဆတ်ဆတ် တွန့်ကွေးနေတော့သည်။

သူ၏ဗိုက်ထဲမှ သွေးစိမ်းရှင်ရှင် စီးကျနေကာ ဘေးပတ်လည်ကို ပျံ့နှံ့သွားသည်။ သူ၏ပါးစပ်ထဲမှလည်း သဲများ ဖွာကြဲနေသည့်အလား သွေးများ တားဆီးမရ စီးကျနေသည်။ သူသည် နောက်ဆုံးထွက်သက်ကလေး၌ ရင်ထဲမှနေ၍ နောက်ဆုံးစကားတစ်ခွန်း ရေရွတ်လိုက်သည်။

“ မြို့ဝင်ခွင့် … ဒီတစ်သက်တော့ ငါ မဝယ်နိုင်တော့ပါဘူး ”

အဘိုးအိုလောင်ရှစ်သည် မျက်လုံးများ ဖွင့်လာပြီး အသက်ရှူသံများ ရပ်သွားကာ မလှုပ်မယှက်ဖြစ်သွားတော့သည်။ သူ၏မျက်လုံးများထဲတွင် အရာအားလုံးက အဆုံးမဲ့ အမှောင်ထုကြီး ဖြစ်သွားတော့သည်။

All Chapters