← Chapters

သတိပေးခြင်း

Vol. 17 Ch. 246

သတိပေးခြင်း

Vol. 17 Ch. 246

ရွှီချင်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ဆောင်ရွက်ပုံကို ဂရုမထားပေ။ အရိပ်ကို ဖိနှိပ်နေရင်း မိုးကုတ်စက်ဝိုင်းဆီသို့သာ သူ ကြည့်နေသည်။

သူ့စိတ်ထဲ ပထမဆုံးအကြိမ် အရိပ်ကို ရရှိခဲ့သည့်မြင်ကွင်း ပေါ်လာသည်။

တားမြစ်နယ်မြေတောအုပ်ထဲ၌ သူနှင့် မိုးကြိုးအဖွဲ့တို့ ဝံပုလွေနက်အုပ်စုကို သတ်ဖြတ်ခဲ့စဉ်အခါက ဝံပုလွေနက်တစ်ကောင် သေဆုံးသွားသည်နှင့် ၎င်း၏ အရိပ်က သူ့ကို ကပ်တွယ်ချင်နေသည့်အလား ပြန့်ကားလာခဲ့သည်။

ထိုအချိန်က ခရမ်းရောင်သလင်းကျောက်သည်လည်း ပြောင်းလဲသွားခဲ့ပြီး ထိုအရိပ်ကို ဖိနှိပ်လိုက်သည်။

ထိုအခါမှစ၍ သူ့အရိပ်က သန္ဓေပြောင်းသွားခဲ့သည်။

တိတိကျကျပြောရမည်ဆိုလျှင် သူ့အရိပ်က ဝံပုလွေနက်၏အရိပ်ဖြစ်လာကာ နှစ်ခုလုံး ပေါင်းစည်းသွားခဲ့သည်။

အရိပ်က ဓာတ်နှောများကို စုပ်ယူနိုင်သည့်အချက်ကြောင့် ရွှီချင်း၏ ကျင့်ကြံခြင်းက ပို၍ အဆင်ပြေချောမွေ့လာခဲ့သည်။ သူ့ခန္ဓာကိုယ် သန့်စင်လာခဲသည်။ တချိန်တည်းမှာပင် အရိပ်သည်လည်း ဓာတ်နှောများကို စုပ်ယူရင်း ပို၍ အစွမ်းထက်လာခဲ့သည်။

နောက်ရက်များတွင် အရိပ်က သိသိသာသာ ပြောင်းလဲသွားခြင်း မရှိခဲ့တော့ပေ။ အရိပ်အား ထိန်းချုပ်နိုင်သည်ကို ရွှီချင်း တွေ့ခဲ့ပြီးနောက် အရိပ်က သူ၏ ဝှက်ဖဲတစ်ချပ် ဖြစ်လာခဲ့သည်။

အရိပ် အသက်ဝင်လာသည့်တိုင်အောင် ထိုသို့သာ ဆက်သွားခဲ့သည်။ ထို့နောက် လူအလေး၏ အသိပေးစကားနှင့် လင်းရှီမီးအိမ်ကို ငြှိမ်းသက်သည့်အပြုအမူကြောင့် ရေသူမကျွန်းပေါ်၌ အရိပ် အမှန်တကယ် နိုးလာခဲ့သည်။

ထိုအခါမှစ၍ အရိပ်က အသက်ဝင်လာသည်သာမက အတိုင်းအတာတစ်ခုအထိ အသိစိတ်ရှိလာသည်။

ထိုအခြင်းအရာအားလုံးကို ရွှီချင်း မျှော်လင့်ထားပြီး ဖြစ်သည်။

သူသည် အစကတည်းက အရိပ်ထက် ပို၍ အစွမ်းထက်ခဲ့သည်။ ထို့ပြင် ခရမ်းရောင်သလင်းကျောက်နှင့် ဖိနှိပ်နိုင်သည့်အတွက်ကြောင့် အရိပ်ကို ပို၍ အစွမ်းထက်ခွင့် ပေးလိုက်သည်။ ထိုနည်းအားဖြင့် ဖီဆန်သောလုပ်ရပ် ပေါ်ပေါက်လာခဲ့သည်။

အရိပ်၏ ဖီဆန်သောလုပ်ရပ်ကြောင့် ရွှီချင်း အံ့အားသင့်မသွားပေ။ ယင်းအချက်ကို သူ မှန်းဆထားပြီးသား ဖြစ်သည်။

သူ အံ့အားသင့်သွားရသည်မှာ အရိပ်က လူ့ဘီလူးကြီးနှင့် နဂါးလှည်းကြီးကို ဆွဲဆောင်နိုင်ခြင်း ဖြစ်သည်။ ယင်းကြောင့် အရိပ်၏ ဇစ်မြစ်နှင့် ပတ်သက်၍ မှန်းဆချက်များ ဖြစ်လာရသည်။

“ ဘယ်လိုပဲဖြစ်ဖြစ် ငါ့အမြင်မှာ မင်းရှိနေတာက အကျိုးရှိတာထက် အကျိုးမရှိတာက ပိုများနေတယ် ”

ရွှီချင်းက အရိပ်ကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

သူ့လေသံကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး တုန်ရီသွားရသည်။ အရိပ်သည်လည်း ပုံမှန်နှင့်မတူသည်ကို အာရုံခံမိလိုက်ပြီး တောင်းပန်တိုးလျိုးနေသည့်အလား ကြောက်လန့်တကြားဖြင့် ခံစားချက်များ ပို၍ ပြသလိုက်လေသည်။

“ ဒါဆိုရင် မင်းရှိတာက ဘာများ အသုံးဝင်လို့လဲ ”

ရွှီချင်းက မျက်လုံးများကို မှိတ်၍ ညာလက်ကို မြှောက်လိုက်ပြီး တွေဝေတွန့်ဆုတ်မနေဘဲ ကုန်းပတ်ပေါ်ရှိ အရိပ်ကို ဖိချလိုက်သည်။

ယခုတစ်ခေါက်တွင် အရိပ်ပေါ်သို့ ခရမ်းရောင်အလင်းတန်း ဖြာကျလာခြင်းမျိုး မဟုတ်တော့ပေ။ ရွှီချင်း၏ ညာလက်တစ်လျှောက် ခရမ်းရောင်အလင်း စီးဆင်းသွားပြီး အရိပ်၏ ခန္ဓာကိုယ်ပေါ် ကျရောက်သွားသည်။ ထို့နောက် သင်္ဘောကြီး တုန်ခါသွားသည်။ အရိပ်သည်လည်း တောင့်မခံနိုင်တော့ဘဲ တစ်ခါမှ မကြုံဖူးလောက်အောင် စူးစူးဝါးဝါး အော်ဟစ်လေသည်။

ယင်းအော်ဟစ်သံသည် နာကျင်ခြင်းနှင့် အမျက်ဒေါသများ ကိန်းအောင်းနေသည့် အော်ဟစ်သံဖြစ်ကြောင်း ရွှီချင်း အာရုံခံမိလိုက်သည်။

ရွှီချင်းက ခံစားချက်များကို ဂရုစိုက်မနေဘဲ ဆက်လက်ဖိနှိပ်လိုက်သည်။

အရိပ်၏ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံများကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ စိတ်ထဲအထိ တုန်ရီသွားရပြီး အလိုလို နောက်ဆုတ်သွားသည်။ ရွှီချင်းကို သူ လှမ်းကြည့်လိုက်သောအခါ သူ့အကြည့်ထဲတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေသည်။

တဝုန်းဝုန်းမြည်ဟည်းသံများနှင့် အော်ဟစ်မြည်တမ်းသံများကြားတွင် အရိပ်မှာ ပို၍ပင် မှိန်ဖျော့လာသည်။ ထို့နောက် ၎င်းမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး သစ်ပင်အဖြစ်မှ သာမန်အရိပ်ပုံစံသို့ ပြောင်းလဲသွားသည်။

အော်ဟစ်မြည်တမ်းသံများသည်လည်း တဖြည်းဖြည်း အားပျော့လာပြီး ဝမ်းနည်းပူဆွေးသည့်အသွင်မှ တောင်းပန်တိုးလျှိုးသည့်အသွင် ပြောင်းလဲသွားသည်။ တချိန်တည်းမှာပင် အားနည်းသော ခံစားချက်များ ထွက်လာသည်။

ရွှီချင်းသည် မျက်နှာသေဖြင့် ဆက်လက်ဖိနှိပ်လိုက်သည်။

တစ်ရာ့ရှစ်ဆယ်ကြိမ်၊ နှစ်ရာ့လေးဆယ်ကြိမ်၊ သုံးရာ့နှစ်ဆယ်ကြိမ် …

ခရမ်းရောင်အလင်းများ ဆက်လက် ဖြာကျနေပြီး အရိပ်ကို ထပ်ခါထပ်ခါ ဖိနှိပ်လေသည်။ အရိပ်မှာ ဝိုးတဝါးဖြစ်လာပြီး ၎င်း၏ မြည်တမ်းသံများ အားပျော့သည်ထက် အားပျော့လာသည်။ ရွှီချင်း၏ အကြည့်က ပကတိပြတ်သားနေသည်။

အရိပ်ကို အပြီးတိုင် သူ ဖျောက်ဖျက်ချင်သည်။ အရိပ် သေဆုံးသွားပြီးနောက် ဓာတ်နှောများအား ဖြေရှင်းရမည့်ကိစ္စအတွက် သူ စိုးရိမ်ပူပန်မနေပေ။

ယင်းသည် သာမညကိစ္စတစ်ခုသာ ဖြစ်သည်။ သူ့ခရမ်းရောင်သလင်းကျောက်က အဓိကဖြစ်ပြီး အရိပ်က အရန်သာ ဖြစ်သည်။

အရိပ်က ဓာတ်နှောများကို စုပ်ယူနိုင်ပါသော်လည်း ခရမ်းရောင်သလင်းကျောက်က အရိပ်ကို ချုပ်နှောင်နိုင်သည့်အတွက်ကြောင့် အရိပ်ကဲ့သို့ တခြားသတ္တဝါများကိုလည်း ချုပ်နှောင်နိုင်မည်သာ ဖြစ်သည်။ အရိပ်ကို သူ သတ်ဖြတ်ပြီးနောက် တားမြစ်နယ်မြေထဲသို့ သူ သွားကာ အရိပ်ကို အစားထိုးရန် နောက်ထပ်အချုပ်အနှောင်အသစ်တစ်ခုကို ရှာဖွေနိုင်သည်။

ထို့ကြောင့် ယခု အရိပ်မှာ အလွန်ဖျော့တော့နေသည့်တိုင်အောင် သူ ဆက်လက်ဖိနှိပ်လေသည်။ သုံးရာ့ငါးဆယ်ကြိမ်၊ လေးရာ့ခြောက်ဆယ်ကြိမ်၊ ငါးရာ့ခုနစ်ဆယ်ကြိမ်၊ ခြောက်ရာ့ရှစ်ဆယ်ကြိမ် စသည်ဖြင့် သူ မရပ်မနား ဖိနှိပ်လေသည်။

အရိပ်မှာ ဆက်လက်မှိန်ဖျော့လာပြီး ဘောလုံးအသွင် ကျုံ့ဝင်သွားလေရာ ဝင်းလက်တောက်ပခြင်းမရှိတော့ဘဲ အနည်းငယ် သိပ်သည်းလာသည်။ ၎င်းမှာ လူပုလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပြီး အဆက်မပြတ် နဖူးတိုက်ကာ အသနားခံ တောင်းပန်လေသည်။

ရွှီချင်းက အဆက်မပြတ် နဖူးတိုက်နေသော အရိပ်ကို အေးစက်စက်ကြည့်ကာ ထပ်မံဖိနှိပ်လိုက်သည်။

လက်ဝါးရိုက်ချက်ကြောင့် ၎င်းမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။

စူးစူးဝါးဝါးအော်ဟစ်သံများ ဆတ်ခနဲ ရပ်သွားသည်။

ရွှီချင်းသည် တည်ငြိမ်စွာဖြင့် နေရောင်အောက်၌ ထိုင်နေပြီး သူ့ဘေးတွင် အရိပ်ပေါ်မလာတော့ပေ။ သို့သော်လည်း ထိုထူးဆန်းသောဖြစ်ရပ်ကို သူ ဂရုမစိုက်ပေ။ သူ မတ်တတ်ရပ်၍ မှော်လှေ၏ အစွန်အဖျားသို့ လျှောက်သွားကာ ပင်လယ်နက်ထဲသို့ ငုံ့ကြည့်လိုက်သည်။

သူ့မှာ အရိပ်ရှိနေခဲ့ပါက နေရောင်အောက်၌ ဓာတ်နှောများဖြင့် ပြည့်နှက်နေသော ပင်လယ်ပြင်ပေါ်တွင် အရိပ် ပေါ်နေမည်ဖြစ်သည်။

အချိန်ကြာမြင့်စွာ ရပ်နေပြီးနောက် ရွှီချင်းက သင်္ဘောထိပ်ဦးသို့ သွားကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ ထွက်ခဲ့စမ်း ”

ကုန်းပတ်တစ်ခုလုံး ငြိမ်သက်နေသည်။

ရွှီချင်းက ရယ်မောလိုက်သည်။ သူ့မျက်လုံးများ အေးစက်စက်ဝင်းလက်သွားပြီး သူ့ဗိုက်မှ ခရမ်းရောင်အလင်းဖျော့ဖျော့ ဖြာထွက်လာသည်။ သူ ဆက်လက်ဖိနှိပ်ရန် ပြင်လိုက်သည့်အချိန်မှာပင် အစောပိုင်းက ပြိုလဲသွားခဲ့သော အရိပ်မှာ တုန်တုန်ရီရီဖြင့် ပေါ်လာသည်။

၎င်းက ပေါ်လာသည်နှင့် ချက်ချင်း ကျုံ့ဝင်သွားကာ နဖူးတိုက်နေသော လူပုလေးအသွင် ပြောင်းလဲသွားသည်။ ၎င်း၏ တောင်းပန်တိုးလျှိုသော စိတ်မှာလည်း ယခင်ကထက် ပို၍ အားကောင်းလာသည်။

“ နှေးလွန်းတယ် ”

ရွှီချင်းက ပြောပြောဆိုဆိုဖြင့် ထပ်မံဖိနှိပ်လိုက်သည်။

လူပုလေးမှာ စူးစူးဝါးဝါးအော်ဟစ်ကာ ပြိုလဲသွားသည်။

ရွှီချင်းသည် မျက်နှာသေဖြင့် ရှိနေပြီး မျက်လုံးများကို မှိတ်၍ တရားထိုင်လိုက်သည်။ အနှီအရိပ်ကို သတ်ရသည်မှာ အတော်လေး ဒုက္ခများသည်ဟု သူ ခံစားနေရသည်။ ထို့ကြောင့် ခရမ်းရောင်သလင်းကျောက်ကို လေ့လာကာ အရိပ်ကို အပြီးတိုင် သတ်ဖြတ်နိုင်မည့်နည်းအား ရှာဖွေလိုက်သည်။

အချိန်များ ကုန်လွန်သွားပြီး မကြာခင် မွန်းတည့်ချိန်သို့ ရောက်သွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး အပြင်းအထန် စိုးရိမ်ကြောက်လန့်နေစဉ် ရွှီချင်းသည် မျက်လုံးများကို ဖွင့်၍ ကုန်းပတ်ပေါ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ ထွက်ခဲ့စမ်း ”

ထို့နောက် အရိပ်လေးသည် နှေးလွန်း၍ ထပ်မံနှိပ်စက်ခံရမည်ကို ကြောက်လန့်နေသည့်အလား လက်ဖျားခါရလောက်အောင် မြန်ဆန်စွာ စုစည်းသွားသည်။

အရိပ်လေးသည် အလွန် ဖျော့တော့နေပြီဖြစ်ပါသော်လည်း နှစ်နာရီကျော်ကြာ အနားယူပြီးနောက် သစ်ပင်ပုံစံ ပြန်ဖြစ်လာသည်။

ထိုအချိန်၌ တောင်းပန်တိုးလျှိုခြင်းအပြင် ၎င်းသည် ယခင်ကထက် ဆယ်ဆကြောက်လန့်တုန်ရီနေလျက် ခံစားချက်များ ပို့လွှတ်လိုက်သည်။

“ ငါ့ဘေးမှာ နေတာ ဒီလောက်ကြာနေပြီကို ငါ့အကျင့်ကို မသိဘူးလား ”

ရွှီချင်းက အရိပ်လေးကို အေးတိအေးစက်ကြည့်လိုက်သည်။ အရိပ်လေးကို သူ သတ်ချင်ပါသော်လည်း သလင်းကျောက်ကို လေ့လာရန် အချိန်ယူရမည်ဖြစ်သည်။ ထို့ကြောင့် အရိပ်ကို စူးစိုက်ကြည့်လိုက်ရာ အရိပ်လေး၏ ထိတ်လန့်ကြောက်ရွံ့စိတ်များ တစတစ တိုးပွားလာသည်ကိုတွေ့၍ သူ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ ငါ မင်းကို မသတ်အောင်လုပ်ဖို့ အချိန်သုံးလပေးမယ်။ မင်း မလုပ်နိုင်ရင်တော့ … ”

ရွှီချင်း ဆက်မပြောတော့ပေ။

အရိပ်လေးမှာ တုန်ရီနေပြီး ကြိုတင်၍ ကတိပေးနေသည့်အလား အဆက်မပြတ် နဖူးတိုက်နေလေသည်။

“ မင်း အဆင့်တက်လာပြီးတော့ အရင်ကနဲ့ ဘာတွေကွာသွားလဲ အခု ငါ့ကို ပြော ”

ရွှီချင်းက အရိပ်ကို လှမ်းကြည့်လိုက်သည်။

“ ကိုက်စား … ထိန်းချုပ်… ”

အရိပ်လေးက အတတ်နိုင်ဆုံး သတင်းပို့ရန် ကြိုးစားလိုက်ပါသော်လည်း အားနည်းလွန်းနေသည်။ ၎င်း၏စရိုက်လက္ခာကြောင့် အဆင့်တက်ပြီးသည့်တိုင်အောင် အမူအရာဖြင့် ပြသနိုင်ခြင်း မရှိသေးသည်လည်း ဖြစ်တန်ရာသည်။ ၎င်းမှာ အတတ်နိုင်ဆုံး ကြိုးစား၍သာ ရှင်းပြလိုက်၏။

ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။ အရိပ်၏ ဖော်ပြချက်မှာ ရိုးရှင်းသည်။ အဆင့်တက်ပြီးနောက် အရိပ်၏ အရည်အချင်းအစစ်အမှန်ကို သူ သိရန်လိုအပ်သည်။ သို့မှသာ လာမည့်တိုက်ပွဲများ၌ အရိပ်၏ အစွမ်းနှင့် ပတ်သက်၍ သူ စီစဉ်ထားနိုင်မည်ဖြစ်သည်။

“ သခင်လေး၊ ကျွန်တော်မျိုး တာဝန် ထားပါ ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် အခွင့်အရေးကို ရှာတွေ့သွားပြီး ခပ်သွက်သွက်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ် ပတ်လည်တွင် လျှပ်စီးများ ဝင်းလက်သွားပြီး အရိပ်ရှေ့သို့ ချက်ချင်း ရောက်သွားသည်။ သူက အရိပ်၏ မျက်လုံးတစ်ရာကို စူးစိုက်ကြည့်ကာ ခပ်တိုးတိုးဖြင့် မေးမြန်းလိုက်သည်။

“ ငါ မေးတယ်။ ငါ ပြောတာမှန်ရင် မျက်တောင်ခတ်လိုက်။ ငါ မှားရင် ခေါင်းညိတ်ပြ။ အခု မင်း ကိုက်စားတဲ့အကြောင်းကို ပြောမယ်။ ဓာတ်နှောတွေကို ကိုက်စားတာလား၊ အသားကို ကိုက်စားတာလား၊ အရိပ်တွေကို ကိုက်စားတာလား ”

အရိပ်က ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို သူစိမ်းဆန်ဆန်ကြည့်လိုက်သည်။ သို့သော်လည်း ယခုအချိန်တွင် ၎င်းမှာ ရွေးချယ်ခွင့်မရှိပေ။ ၎င်း၏ ဖော်ပြချက်က မရှင်းလင်းရာ နားထောင်ရုံသာ တတ်နိုင်သည်။ ထို့နောက် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အရိပ်များကို ကိုက်စားသည်ဆိုသော စကားကို ကြားသောအခါ အလျင်အမြန် မျက်တောင်ခတ်ပြလိုက်သည်။

“ မင်းကိုယ်မင်း ကိုက်စားတာလား၊ တခြားသူတွေကို ကိုက်စားတာလား ”

“ တစ်ခုပဲ ကိုက်စားတာလား၊ နှစ်ခုလုံး ကိုက်စားတာလား ”

“ အဲဒါကို ဝါးမျိုတာလို့ ခေါ်တယ်ကွ။ ဝါးမျိုပြီးတော့ ထိန်းချုပ်တာလား။ ခန္ဓာကိုယ်ကို ထိန်းချုပ်တာလား၊ ဝိညာဉ်ကို ထိန်းချုပ်တာလား ”

အနည်းငယ် ဆက်သွယ်ကြည့်ပြီးနောက် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ နားလည်သွားပြီး ရွှီချင်းကို အလျင်အမြန် ရှင်းပြလိုက်သည်။

“ သခင်လေး၊ ကျွန်တော်မျိုး နားလည်ပါပြီ။ အရိပ်လေး ပြောချင်တာက တခြားလူတွေရဲ့ အရိပ်တွေကို ဝါးမျိုပြီးတော့ အဲဒီလူတွေရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်တာပါ။ ဒါပေမဲ့ သခင်လေးဆီမှာ သူ ကြောက်တဲ့ပစ္စည်းတစ်ခု ရှိနေလို့ သခင်လေးကို မထိန်းချုပ်နိုင်ပါဘူး ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စကားဆုံးသွားသည့်အခါ အရိပ်လေးက ထောက်ခံသည့်ခံစားခကျ် ပြသလိုက်ပြီး အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

သို့သော်လည်း ၎င်းက ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။

အဆုံးသတ်၌ ၎င်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ယခုတစ်ခေါက် ရွှီချင်း၏ တစ်ခါမှ မလုပ်ဖူးသော ဖိနှိပ်ခြင်းကြောင့် ၎င်းမှာ အသိဉာဏ်ချို့ယွင်းသွားဟန် တူသည်။ ၎င်း၏ အသိဉာဏ်က ယခင်ထက် ပို၍ပင် နိမ့်ကျသွားသည်။

“ အရိပ်လေး၊ မှတ်ထားနော်၊ ငါ မှန်ရင် မျက်တောင်ခတ်လိုက်၊ ငါ မှားရင် ခေါင်းညိတ်လိုက်။ ဒါမှ မင်း ဘာပြောချင်လဲ ငါ နားလည်မှာ ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ကြင်နာသောအမူအရာဖြင့် ပြောသည်။ သူ့အတွင်းစိတ် မည်သို့ရှိသည်ကိုမူ မည်သူမျှ ပြောနိုင်မည် မဟုတ်ပေ။

ထိုစကားကို အရိပ်လေး ကြားသောအခါ ခပ်သွက်သွက်ခေါင်းညိတ်ပြလိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ပို၍ပင် ကြင်နာစွာ ပြုံးပြလိုက်သည်။ သို့သော် စိတ်ထဲတွင် သူ ပြောနေ၏။

‘ ငတုံးအရိပ်လေး၊ မင်းကများ ငါ့ကို ရန်ရှာချင်သေးတယ်ပေါ့။ နောက်ကျ မင်းကို ဘယ်လိုအပြစ်ပေးပြမလဲ ကြည့်နေလိုက်စမ်း။ ငါ ပြောတိုင်းသာ မှားတိုင်း ခေါင်းညိတ်ပြနေရင်တော့ မင်းကို ခံစားရအောင် လုပ်ဖို့ ငါ့မှာ နည်းလမ်းတွေ အများကြီး ရှိပါတယ်ကွ ’

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အတွေးများကို ရွှီချင်း ဂရုမစိုက်ပေ။ အရိပ်လေး၏ အစွမ်းကို သူ ကြားပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

သူ့အတွက် ထိုအစွမ်းမှာ အလွန် ထူးဆန်းသည်။ တချိန်တည်းမှာပင် အရိပ်လေး ကြောက်သည့်ပစ္စည်းမှာ ခရမ်းရောင်သလင်းကျောက်ဖြစ်ကြောင်း သိလိုက်သည်။

“ တခြားရှိသေးလား ”

“ မျက်လုံး … စစ်ဆေး …”

အရိပ်လေးက အလျင်အမြန် ပြောလိုက်သည်။ ပြောပြီးသည်နှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို လှမ်းကြည့်လိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက နောက်တစ်ကြိမ် ဆက်သွယ်ပြီးနောက် ရှင်းပြလိုက်သည်။

“ အရိပ်လေးမှာ တခြားတစ်ယောက်ရဲ့ အရိပ်ထဲကို သူ့မျက်လုံးဝှက်ပြီး သခင်လေး ကြည့်နိုင်အောင် လုပ်နိုင်တဲ့အစွမ်းလည်း ရှိတယ် ”

“ နယ်မြေ …”

အရိပ်လေးက ထပ်ပြောလိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက တွေးတောလိုက်ပြီး မေးခွန်းအနည်းငယ် မေးလိုက်သည်။ အရိပ်လေး ဆိုလိုချင်သည့်စကားကို အတည်ပြုပြီးနောက် ရွှီချင်းဘက်သို့ လှည့်၍ လေးစားစွာ ပြောလိုက်သည်။

“ သခင်လေး၊ အရိပ်လေးက အရိပ်နယ်မြေလိုမျိုး အခြေအနေတစ်ခုကိုလည်း ဖန်တီးနိုင်တယ်။ ဒါပေမဲ့ အဲဒါကို အသက်သွင်းလိုက်တာနဲ့ အဲဒီအရိပ်နယ်မြေထဲမှာ သူ့အစွမ်းက တိုးလာမှာတဲ့ ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ရှင်းပြချက်ကို ကြား၍ အရိပ်လေးမှာ ကျေနပ်သွားဟန်တူသည်။ ၎င်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ကြည့်ကာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ယခင်ကကဲ့သို့ မုန်းစရာမကောင်းကြောင်း ခံစားလာရပြီး အလျင်အမြန် မျက်တောင်ခတ်ပြလိုက်သည်။

ရွှီချင်း အတွေးနက်သွားသည်။ အဆင့်တက်သွားပြီးနောက် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အပြောင်းအလဲများကို ပကတိမျက်စိဖြင့် မြင်နိုင်ပြီး အရိပ်လေးသည်လည်း ပို၍ပင် ထူးဆန်းလာသည်။ သူတို့နှစ်ယောက်နှင့်ဆိုပါက သူ အမျိုးမျိုါ် တိုက်ခိုက်လာနိုင်မည် ဖြစ်သည်။

အတန်ငယ် တွေးတောပြီးနောက် ရွှီချင်းက ပင်လယ်ပြင်ကို ကြည့်ကာ လူ့ဘီလူးကြီးနှင့် နဂါးလှည်းအကြောင်းကို တွေးတောလိုက်သည်။

တဖြည်းဖြည်းနှင့် အကြီးအကဲကျောက် ပြောပြခဲ့သည့် နဂါးလှည်းကြီးထဲတွင် ထွင်းထုထားသော လျှို့ဝှက်အတတ်အကြောင်း သူ တွေးမိလိုက်သည်။

ဧကရာဇ်အဆင့်လျှို့ဝှက်ပညာရပ်၊ ကျင်းဝူလျန့်ဝမ့်လင် …

“ အဲဒီလျှို့ဝှက်အတတ်ကို သင်ဖို့ နဂါးလှည်းထဲ ငါ ဘယ်လိုဝင်ရပါ့ …”

ရွှီချင်း စိတ်ဝင်စားနေပြီး ပင်လယ်ပြင်ကို ကြည့်ကာ တွေးနေသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အရိပ်လေးဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ပရိယာယ်ဖြင့် ဆိုလိုက်သည်။

“ အရိပ်လေး၊ သခင်လေးကို မင်း သဘောမကျတာ ငါသိပါတယ် ”

အရိပ်လေးမှာ မှင်သက်သွားပြီး ခပ်သွက်သွက်ခေါင်းညိတ်ပြလိုက်သည်။

“ မင်း ဒီလိုမလုပ်သင့်ဘူးကွ။ ရှေးဟောင်းစာအုပ်တွေအများကြီးကို ဒီအဘိုးကြီး ဖတ်ဖူးတယ်။ အဲဒီထဲမှာ သစ္စာဖောက်တဲ့သူတိုင်း အဆုံးသတ်မကောင်းဘူး။ မင်း ငါပြောတာ မယုံမှန်း ငါ သိတယ်။ မင်းက ကောင်းကင်ကျယ်ကြီးဆီကနေ လာတာဖြစ်လို့ သခင်လေးကို တန်ပြန်တိုက်ခိုက်ပြီး သတ်ချင်နေတာမလား ”

ထိုစကားကို ရွှီချင်း ကြားသောအခါ လှမ်းကြည့်လိုက်သည်။

ရွှီချင်း၏ အကြည့်ကြောင့် အရိပ်လေးမှာ တုန်ရီသွားရပြီး သတိထား၍ ခေါင်းညိတ်ပြလိုက်သည်။

All Chapters