← Chapters

နတ်ဘုရားရာထူးနှင့်ပတ်သက်၍

Vol. 29 Ch. 401

နတ်ဘုရားရာထူးနှင့်ပတ်သက်၍

Vol. 29 Ch. 401

အခန်း (၄၀၁) နတ်ဘုရားရာထူးနှင့်ပတ်သက်၍

ခွန်လွန်စိတ်ကျမ်း။

ထိုကျမ်းစာကိုတော့ ကျန်းလန် ကောင်းကောင်းသိရှိသည်။

အထူးသဖြင့် ခွန်လွန်ဝတ်ကျောင်းတော်ရှိ ခွန်လွန်စိတ်ကျမ်း ကျောက်စာတိုင်နံဘေးတွင် သူ အချိန်အတော်ကြာအောင် ထိုင်နေခဲ့ဖူးသည်။

ခွန်လွန်ဝတ်ကျောင်းတော်ထဲတွင် ထူခြားသည့်အရာများစွာ ရှိပြီး ခွန်လွန်စိတ်ကျမ်း ကျောက်စာတိုင်ဘေးတွင်တော့ လူအနည်းငယ်သာ နေထိုင်နိုင်ခြင်း ရှိသည်။

ထို့ပြင် ခွန်လွန်ဝတ်ကျောင်းတော်ဖွင့်သည့် အကြိမ်အရေအတွက်ကလည်း နည်းပါးလွန်းသည်။ သူ ခွန်လွန်တောင်ကို ရောက်ရှိသည့် နှစ်ပေါင်း (၅၈၀)အတွင်း တစ်ကြိမ်သာလျှင် ဖွင့်ဖူးသည်။

သို့ပေသိ ထိုနေရာက သေချာပေါက် တစ်စုံတစ်ရာ ထူးခြားမှု ရှိသည်။

ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ထိုနေရာမှ ပြန်လာသည့်အချိန်တွင် သူ ရရှိခဲ့ခြင်း ဖြစ်၏။

ကျန်းလန်က ခွန်လွန်စိတ်ကျမ်းအကြောင်းကို မဖတ်ဘဲကျော်လိုက်ပြိး မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရွှေရာင်ကြာပန်းအကြောင်းကို အာရုံစိုက်လိုက်သည်။

ထိုကြာပန်းက မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ကာကွယ်ပေးနိုင်သည်ဟု ဆရာဖြစ်သူက ပြောခဲ့ဖူးသည်။

သို့သော် သက်ရောက်မှုအတိအကျကိုတော့ ကျန်းလန် မသိရှိပေ။

သိချင်စိတ်ဖြစ်မိသဖြင့် မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရွှေရောင်ကြာပန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စတင်ဖတ်ရှုလိုက်သည်။

မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရွှေရာင်ကြာပန်းမှာ ခွန်လွန်ဘိုးဘေး ချန်ထားခဲ့သည့် ရတနာပစ္စည်းတစ်ခု ဖြစ်သည်။ စုစုပေါင်း (၉)ခု ရှိပြီး တစ်ခုချင်းစီတိုင်းတွင် တာအိုတရားထည့်သွင်းထားသည်။

ထိုပစ္စည်းက အလွန်တရာရှားပါးပြီး ရှာရလည်းခက်လှသည်။

ရွှေရာင်ကြာပန်းကို ဖန်တီးရာတွင် မိုးကောင်းကင်စမ်းသပ်ခံရခြင်း မှော်ဝင်ကျောက်တုံးကို အသုံးပြုထားပြီး ထိုပစ္စည်းက မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ကာကွယ်ပေးနိုင်ပြီး မိုးကြိုးကပ်ဘေးစွမ်းအားများကို စုပ်ယူနိုင်စွမ်း ရှိသည်။

ကျင့်ကြံသူတစ်ယောက်ကို မိုးကောင်းကင်စမ်းသပ်ခံရခြင်းမှ ကာကွယ်ပေးပြီးလျှင် ရွှေရာင်ကြာပန်းထဲတွင် မိုးကြိုးကပ်ဘေး အရိပ်အငွေ့များက ပဲ့တင်ထပ် ကျန်ရစ်နေမည် ဖြစ်သည်။

၎င်းအရိပ်အငွေ့များက နှစ်ပေါင်း (၁၀၀) ကြာမှ ပျောက်ကွယ်သွားပေလိမ့်မည်။

ကြာပန်းထဲတွင် များစွာသော မိုးကောင်းကင်စမ်းသပ်ခံရခြင်း ပဲ့တင်သံများရှိနေပါက ရွှေရောင်ကြာပန်း၏ စွမ်းအားကို လျော့နည်းသွားစေမည် ဖြစ်သည်။

စာအုပ်ထဲတွင် ရွှေရောင်ကြာပန်းနှင့်ပတ်သက်သည့် အခြားသောအသေးစိတ်အချက်အလက်များကိုလည်း မှတ်တမ်းတင်ထားသေးသည်။

ကျန်းလန်က ဆက်လက်ဖတ်ရှုကြည့်လိုက်ပြီး သိပ်အသုံးမဝင်ကြောင်း သိလိုက်သည်။

သို့သော်…

စာအုပ်ကို ဖတ်ပြီးသည်နှင့် သူ စိတ်အနှောက်အယှက်များစွာ ဖြစ်သွားရသည်။

"ကျင့်ကြံသူတစ်ယောက်ကို မိုးကောင်းကင်စမ်းသပ်ခံရခြင်းမှ ကာကွယ်ပေးပြီးလျှင် ရွှေရာင်ကြာပန်းထဲတွင် မိုးကြိုးကပ်ဘေး အရိပ်အငွေ့များက ပဲ့တင်ထပ် ကျန်ရစ်နေမည် ဖြစ်သည်။

၎င်းအရိပ်အငွေ့များက နှစ်ပေါင်း (၁၀၀) ကြာမှ ပျောက်ကွယ်သွားပေလိမ့်မည်။"

ထိုစာပိုဒ်များက မည်သည့်အဓိပ္ပါယ်ကို ဆောင်ပါသနည်း။

အဓိပ္ပါယ်ကတော့ ဆရာဖြစ်သူ သူ့ကိုပေးလိုက်သည့် ရွှေရာင်ကြာပန်းထဲတွင် မိုးကြိုးကပ်ဘေး အငွေ့အသက်များ ပဲ့တင်ထပ် ကျန်ရစ်နေမည် မဟုတ်ပေ။

အကြောင်းမှာ သူက မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို အမှန်တကယ် ရင်မဆိုင်ခဲ့ဘဲ ဟန်ဆောင်ခဲ့သောကြောင့် ဖြစ်၏။

ကျန်းလန်က စာအုပ်ကိုပိတ်လိုက်ပြီး သူ့နေရာသူ ပြန်ထားလိုက်သည်။

ထို့နောက် ဟိုဟိုဒီဒီ အခြားစာအုပ်များကို လျှောက်ကြည့်နေလိုက်သည်။

ဆရာဖြစ်သူ သူ့အကြောင်း သိသွားပြီလား ၊ မသိသေးဘူးလား မသေချာသေးသည့်တိုင် သူ့ရင်ထဲ အနည်းငယ် ပူပန်နေသည်။

သူ့အကြောင်းပေါ်သွားခြင်းက ဖြစ်နိုင်ခြေများသည်။ သို့ရာတွင် ဆရာဖြစ်သူက လုံး၀ ထုတ်ဖော်မေးမြန်းခဲ့ခြင်း မရှိပေ။

မသိချင်ယောင် ဆောင်နေခြင်း ဖြစ်နိုင်သည်။

ဆရာဖြစ်သူကို ပွင့်ပွင့်လင်းလင်း မေးကြည့်လျှင် ကောင်းမည်လားဟု စဉ်းစားမိသည်။

ခဏမျှ လျှောက်ကြည့်နေပြီးနောက် စိတ်ဝင်စားစရာ ကောင်းသည့်စာအုပ်များကို မတွေ့ရတော့ပေ။

နောက်တစ်လွှာသို့ သူ ဆက်တက်သွားသည်။

တာ့လော်အင်မော်တယ်များသာ ဝင်ရောက်နိုင်သည့်အလွှာဖြစ်သည်။

အကြီးအကဲအချို့နှင့် ဆုံတွေ့ရမည်ကို စိတ်ပူပန်မိသော်လည်းဆရာဖြစ်သူပေးလိုက်သည့် ကျောက်စိမ်းပြားကြောင့်သာ ရှားရှားပါးပါး အထပ်မြင့်များသို့ တက်ခွင်ရသည်ဖြစ်လေရာ အခွင့်အရေးကို လက်လွှတ်မခံလိုပေ။

ကံကောင်းစွာပင် အပေါ်ထပ်တွင် မည်သူမှ ရှိမနေခဲ့ပေ။

သူ လျှောက်ကြည့်ရင်း အထင်ကြီးစရာကောင်းလှသည့် စာအုပ်စာတမ်းများစွာကို တွေ့ခဲ့ရသည်။

ကျင့်စဉ်များ၊ မန္တန်များနှင့် ကျင့်ကြံခြင်းဆိုင်ရာ ထိုးထွင်းသိမြင်မှုဆိုင်ရာ စာအုပ်များစွာ။

သို့သော် ကျန်းလန် ထိုစာအုပ်များကို မထိဝံ့ပေ။ ဗဟုသုတဆိုင်ရာ စာအုပ်အချို့ကိုလည်း သူ ကိုင်ပင်မကြည့်ဝံ့ခဲ့ပေ။

သူ့အပေါ် ဆိုးကျိုးများ ဖြစ်ပေါ်လာစေပြီး ကျင့်ကြံခြင်းတွင် အတားအဆီးဖြစ်မည်ကို စိတ်ပူသောကြောင့် ဖြစ်၏။

နောက်ဆုံးတော့ ထူခြားသည့်စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။

"ရှေးဟောင်းဧကရာဇ်သုတ" ဆိုသည့်စာအုပ်ဖြစ်၏။

ဖတ်ချင်လွန်းလှသော်လည်း ကျန်းလန် ထိုစာအုပ်ကို တစ်ချက်ပင် မကြည့်ရဲခဲ့ပေ။

နောက်ဆုံးတော့ ကျန်းလန် ထိုအထပ်မှ ထွက်ခွာလာခဲ့သည်။

အပေါ်ထပ်သို့လည်း ဆက်မတက်ဝံ့ခဲ့ပေ။ သူမသိသည့် နယ်ပယ်တစ်ခုသို့ သွားရမည်ကို ကြောက်ရွံ့စိုးရိမ်နေခဲ့သည်။

အပေါ်ထပ်သို့ ဆက်တက်လျှင် အန္တရယ်ရှိနိုင်သည်ဟုလည်း ခံစားနေရ၏။

လူသားအင်မောတယ်အဆင့်ကျင့်ကြံသူတစ်ယောက် ဤအထပ်အထိ ရောက်လာခြင်းကပင် တော်တော်လွန်နေပြီ မဟုတ်ပါလား။

လူသားအင်မော်တယ်များအတွက် ရည်ရွယ်သည့် အထပ်သို့ ပြန်ရောက်လာမှသာ ကျန်းလန် စိတ်သက်သာရာရစွာဖြင့်သက်ပြင်းချမိတော့သည်။

ယခုမှ စိတ်သက်သာရာရခြင်းကို ခံစားလိုက်ရသည်။

"ရှေးဟောင်းဧကရာဇ်သုတစာအုပ်က ငါရရှိထားတဲ့ နတ်ဘုရားရာထူးနဲ့ ပတ်သက်မှုရှိမလားတော့ မသိဘူး ၊ တာ့လော်အင်မော်တယ်တွေပဲ အဲဒီအထပ်ကို တက်ခွင့်ရတာ ကံဆိုးတာပဲ ၊ အဲဒီစာအုပ်ကို ဖတ်ချင်တယ်ဆိုရင် ငါ အချိန်အကြာကြီး စောင့်ရဦးမယ်"

ကျန်းလန် သက်ပြင်းတစ်ချက်ချလိုက်သည်။

သူ ထိုစာအုပ်ကို ဖတ်ချင်သည်ဆိုလျှင် အများအမြင်တွင် တာ့လော်အင်မော်တယ်ဖြစ်သည်အထိ စောင့်ဆိုင်းရပေလိမ့်မည်။

သို့မဟုတ် သူ၏ တန်ခိုးစွမ်းအားက ဆရာဖြစ်သူနှင့် အခြားတောင်သခင်များကို ယှဉ်နိုင်ပြီဆိုလျှင် ဖတ်ခွင့်ရပေလိမ့်မည်။

ထိုအဆင့်သို့ ရောက်ရှိပြီဆိုလျှင် မည်သည့်အရာကိုမှ ကြောက်စရာမလိုတော့ပေ။ ထိုအချိန်ရောက်လျှင် သူ၏ကျင့်ကြံခြင်းအဆင့်ကိုလည်း ဖုံးကွယ်ထားစရာ မလိုတော့ပေ။

သူ့ခေါင်းထဲ မေးခွန်းတစ်ခုကို တွေးလိုက်မိသည်။

အများအမြင်တွင် တာ့လော်အင်မော်တယ်ဖြစ်ရန်နှင့် ဆရာဖြစ်သူ၏အဆင့်ကို မှီလာရန် မည်သည့်အရာက ပိုမိုမြန်ဆန်မည်နည်း။

ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို လိုက်မီရန်က ပိုမိုလွယ်ကူမည်ဟု ခံစားရသည်။

တာ့လော်အင်မော်တယ်ဖြစ်လာပြီးနောက် နောက်တစ်ဆင့်သို့တက်ရန် မည်မျှခက်ခဲမည်ကို မသိနိုင်ပေ။

လောလောဆယ်တော့ ထိုစာအုပ်ကို သူ ကြည့်မည်မဟုတ်ပေ။ ရှေးဟောင်းဧကရာဇ်နန်းတော်အကြောင်း ကျန်းလန် မသိရှိပေ။

သို့ဖြစ်ရာ ထိုစာအုပ်ကို လှန်ကြည့်လိုက်သည်နှင့် တစ်စုံတစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်သည်။

ထို့နောက် သူ့အကြောင်း ပေါ်သွားမည် ဖြစ်၏။

ဆရာဖြစ်သူ သူ့အကြောင်း သိသွားသည်က ပြဿနာမရှိပေ။ ဆရာက အခြားသူများကဲ့သို့ မဟုတ်ဘဲ သူ့ကို ကာကွယ်ပေးသူ ဖြစ်သည်။

သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းမရှိသေးခင် ဆရာဖြစ်သူ၏အရိပ်အောက်တွင်ပုန်းအောင်းနေနိုင်ရန် မော့ကျန်းသုန့်ကအစွမ်းကုန်ကြိုးစားပေးထားသည်။

သူ လျှို့ဝှက်စွာဖြင့်ပင် တဖြည်းဖြည်း တန်ခိုးစွမ်းအား မြင့်မားလာမည် ဖြစ်သည်။

လက်ရှိတွင်တော့ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် သူ့တွင် လုံလောက်သည့် တန်ခိုးစွမ်းအား မရှိသေးပေ။

သူ၏ လက်ရှိ ရည်မှန်းချက်မှာ ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိရှိရန် ဖြစ်သည်။

ကံမကောင်းစွာပင် ယခုအချိန်ထိ ထိုအချက်ကို သိရှိနိုင်ခြင်း မရှိသေးပေ။

***

ညနေပိုင်း။

ကျန်းလန် စာကြည့်တိုက်ရုံးခန်းသို့ ပြန်ရောက်လာသည်။

ဂိုဏ်းတူညီလေးချောင် သူ့ကို စောင့်နေသည်မှာ အချိန်အတာ်ကြာနေဟန်ပင်။

"ဂိုဏ်းတူအစ်ကို ၊ ဒီမှာ..."

ကျန်းလန်ရောက်လာသည်ကို တွေ့သည်နှင့် သူက စာရင်းစာရွက်တစ်ခုနှင့် စာအုပ်များကို ယူပြီး ကျန်းလန်ကို ပေးလိုက်သည်။

"ဂိုဏ်းတူအစ်ကို ၊ စာအုပ်တွေရပါပြီ"

စာအုပ်စာရင်းကိုကြည့်လိုက်ပြီး စာအုပ်များမှာ အမျိုးအစား စုံလင်လှကြောင်း သိလိုက်သည်။

အများစုက လူသားအင်မော်တယ်နှင့် အစစ်အမှန်အင်မော်တယ်များအတွက် ရည်ရွယ်သည့် စာအုပ်များ ဖြစ်သည်။ စာအုပ်အနည်းစုကသာ မိုးကောင်းကင်အင်မော်တယ်အဆင့်နှင့် တာ့လော်အင်မော်တယ်အဆင့်များအတွက် ရည်ရွယ်သည်။

ကျန်းလန် စာအုပ်စာရင်းကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။

စာအုပ်စာရင်းတွင်သာ စနစ်တကျ ရေးသားပေးထားခြင်း မရှိလျှင် စာအုပ်နာမည်ကြည့်ရုံဖြင့် မည်သည့်စာအုပ်က မည်သည့်အဆင့်အတွက် ရည်ရွယ်ကြောင်း  ကျန်းလန် သိရှိမည် မဟုတ်ပေ။

သူက စာအုပ်စာရင်းနှင့် စာအုပ်များကိုသိမ်းဆည်းလိုက်ပြီး စာကြည့်တိုက်မှ ထွက်ခွာလာခဲ့သည်။

ဂိုဏ်းတူညီလေးချောင်က ထွက်ခွာသွားသည့် ကျန်းလန်ကို ကြည့်ရင်း စိတ်ခံစားချက်များစွာဖြင့် သက်ပြင်းချလိုက်သည်။

"အဲဒီ ဂိုဏ်းတူအစ်ကိုက ကျောက်စိမ်းရေကန် နတ်ဘုရားမနဲ့ လက်ထပ်မယ့်သူ မဟုတ်လား"

ဂိုဏ်းတူညီလေးချောင်က ရေရွတ်လိုက်၏။

"ပြီးတော့ သူက ကောလဟလတွေပြောသလောက်လည်း ညံ့ဖျင်းတဲ့ပုံ မပေါ်ပါဘူး ၊ သူ့ကိုကြည့်ရတာ ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးနဲ့ပါပဲ"

ခေါင်းမဖော်ဘဲ စာရင်းများကို ရေးသွင်းနေသည့် ကျန်းရှန်းက...

"ကောလဟလတွေဆိုတာက တကယ်တော့ အမှန်တရားနဲ့ မကိုက်ညီပါဘူး ၊ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးက တကယ်မဆိုးဘူး"

သူက ဆက်ပြောသည်။

"အရင်ကဆိုရင် ဘယ်လောက်ပဲဝဖေန်မှုတွေခံရပါစေ သူက ဘာတုံ့ပြန်မှုမှ မလုပ်ခဲ့ဘူး ၊ အဲဒါကြောင့်လူတွေက သူ့ကို အသုံးမကျတဲ့အမှိုက်တစ်စလို သဘောထားခဲ့ကြတာပေါ့"

"တကယ်တော့ သူ အပြင်တစ်ခါထွက်လာတိုင်း အခြားသူတွေထက် တန်ခိုးစွမ်းအား ပိုပြီး မြင့်မားလာတတ်တယ် ၊ ကောလဟလတွေက ကောလဟလတွေပဲပေါ့ကွာ ၊ နားပဲထောင်နေတာ ကောင်းတယ် ၊ ယုံစရာမရှိပါဘူး"

"ဟုတ် သိပါပြီ"

ဂိုဏ်းတူညီလေးချောင်က ခေါင်းညိတ်ရင်း ပြန်ဖြေသည်။

"အဲဒီ ဂိုဏ်းတူအစ်ကို ဘယ်တော့ အင်မော်တယ် ဖြစ်လာမလဲ မသိဘူးနော် ၊ သူ အင်မော်တယ်ဖြစ်လာရင် ကျောက်စိမ်းရေကန် နတ်ဘုရားမနဲ့ လက်ထပ်ရမှာ ၊ တကယ့်ကို ခမ်းနားတဲ့ မင်္ဂလာပွဲတစ်ခု ဖြစ်မှာပဲ“

ဂိုဏ်းတူညီလေးချောင်က မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ကျန်းလန်က ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသည့်အတွက် အင်မော်တယ်ဖြစ်နေပြီကို ထိုလူငယ်လေး မသိရှိခဲ့ပေ။

ထို့နောက် အလုပ်များ ဆက်လုပ်နေတော့သည်။ စာကြည့်တိုက်အလုပ်များက များလွန်းသည်ဖြစ်လေရာ သူ့မှာ နားချိန်ပင် မရှိပေ။

***

နဝမတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် ကျန်းလန် စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။

တောင်ထွတ်တစ်ခွင် သန့်ရှင်းရေးမလုပ်ခင် စာအုပ်များကို အရင်ဆုံးသိမ်းဆည်းရမည် ဖြစ်သည်။

ထို့ပြင် ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်စဉ် မည်သို့သောထူးခြားချက်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရန် အစီအရင်များကို စစ်ဆေးကြည့်ရဦးမည် ဖြစ်သည်။

သူ ခရီးထွက်သွားသည့် (၁၅)နှစ်အတွင်း ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်မှု ပြီးဆုံးသွားခဲ့သည်။

ထို့ကြောင့် အစီအရင်များ တစ်စုံတစ်ခု ထိခိုက်မှု ရှိ မရှိ စစ်ဆေးရမည် ဖြစ်သည်။

ကျန်းလန် နဝမတောင်ထွတ်စာကြည့်တိုက်သို့ ရောက်လာသည်။

စားပွဲပေါ်တွင်တင်ထားသည့် စာအုပ်အချို့ကို တွေ့လိုက်ရ၏။

"ဒါက ဆရာ့ရဲ့ စာအုပ်တွေ ဖြစ်မယ်ထင်တယ်"

ဆရာဖြစ်သူက မနက်ကပြောသည့်အတိုင်း စာအုပ်များ ပို့ပေးထားဟန် ရှိသည်။ သူက စာအုပ်များကို စနစ်တကျ သိမ်းဆည်းပေးရမည်ပင်။

သို့သော် စာအုပ်များကို ကြည့်လိုက်မိသည်နှင့် ကျန်းလန် အတော်လေး အံ့အားသင့်သွားရသည်။

"ရှေးဟောင်းဧကရာဇ်သုတ"

"ခွန်လွန်တောင်၏နဝမတောင်ထွတ်"

"နတ်ဘုရားရာထူးများ၏နိယာမများ"

"တာ့လော်အင်မော်တယ်အဆင့်"

"တာအိုအင်မော်တယ်အဆင့်သို့သွားရာလမ်း"

ကျန်းလန် စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ယူကြည့်ရင်း နာမည်များကို ဖတ်ကြည့်လိုက်သည်။

စာအုပ်တစ်အုပ်ချင်းစီတိုင်းက ထူးခြားပြီး အချို့စာအုပ်များဆိုလျှင် သူ ကြားပင် မကြားဖူးပေ။

သူက မိုးကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်သည့်တိုင် စာအုပ်များထဲတွင် ပါရှိသည့်အကြောင်းအရာများကို အပေါ်ယံမျှသာ ထိတွေ့နိုင်ခဲ့သည်။

"ဒီစာအုပ်တွေက လူသားအင်မော်တယ်အဆင့်နဲ့ တစ်ခုမှ မသက်ဆိုင်ဘူး"

ကျန်းလန်က မန္တန်စာအုပ်များ ၊ ကျင့်စဉ်များနှင့် ဗဟုသုတစာအုပ်များ၏ စာအုပ်ခေါင်းစဉ်များကိုဖတ်ရင်း ရေရွတ်လိုက်သည်။

စာအုပ်များအားလုံးက မိုးကောင်းကင်အင်မော်တယ်နှင့်အထက်ပိုင်းအဆင့်များအတွက် ရည်ရွယ်သည်။

စာအုပ်များကို ပြန်ချထားပြီးနောက် ကျန်းလန် လေးလေးပင်ပင် ပင့်သက်တစ်ချက် ရှိုက်လိုက်၏။

"ကြည့်ရတာ ဆရာတကယ်ပဲ ငါ့အကြောင်း သိသွားပြီထင်တယ်"

မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရွှေရောင်ကြာပန်း၏ အသေးစိတ်အချက်အလက်များကို မဖတ်ခဲ့မိလျှင်တောင်မှ သူ့အကြောင်းပေါ်သွားပြီမှာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေပေပြီ။

မဟုတ်ပါက ဒီအချိန် ဒီနေရာတွင် ဒီစာအုပ်များ ရောက်နေစရာ အကြောင်းမရှိပေ။ စာအုပ်များက သူ့အတွက် ပြင်ဆင်ထားကြောင်း သိသာလှသည်။

အထူးသဖြင့် "ရှေးဟောင်းဧကရာဇ်သုတ" စာအုပ်နှင့် "နတ်ဘုရားရာထူးများ၏နိယာမများ" စာအုပ်သည် သူ့အတွက် ပြင်ဆင်ထားသည်မှာ ထင်ရှားလွန်းလှသည်။

ပြီးတော့ ထိုအကြောင်းအရာများနှင့်ပတ်သက်၍လည်း သူ အမှန်တကယ် သိရှိနားလည်ခြင်း မရှိခဲ့ဘူး မဟုတ်ပါလား။

All Chapters