← Chapters

မင်းတို့ယန်တိုင်းပြည်က ဒီလောက်ပဲ စွမ်းသလား

Vol. 3 Ch. 35

မင်းတို့ယန်တိုင်းပြည်က ဒီလောက်ပဲ စွမ်းသလား

Vol. 3 Ch. 35

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၃၅) – မင်းတို့ယန်တိုင်းပြည်က ဒီလောက်ပဲ စွမ်းသလား

Translator – Than Toe Aung

ချီစုဖွဲ့စစ်သည်တော် ဆယ့်လေးငါးယောက်သည် အပြင်ဘက်၌ စုဝေးနေကြကာ ဆူဇီမိုထွက်လာလျှင် ဘယ်လိုတိုက်ခိုက်ကြမလဲ ဆွေးနွေးရင်း ရတနာကောင်းကင် အရောင်းပြခန်း၏ ဝင်ပေါက်ဘက်ကို ‌ငေးကြည့်နေကြ၏။

သိပ်မကြာမီမှာပင် ဆူဇီမိုသည် ဆေဘာအရှည်တစ်လက်ကို ခါးတွင်းချိတ်၊ သွေး‌ရောင်လေးတစ်လက်ကို လက်ထဲတွင် ကိုင်စွဲကာ ရတနာကောင်းကင် အရောင်းပြခန်းမှ ပြန်ထွက်လာလေ၏။

“ဆူဇီမို.. မင်းပြေးလို့ မလွတ်တော့ဘူးကွ.. အခုနေ အညံ့ခံမယ်ဆို မင်းမိသားစုကို ချမ်းသာပေးလို့ ရသေးတယ်.. အေး အဲ့လိုမှမဟုတ်ရင်တော့ ..ဟမ့်.. မင်းတို့ ဆူတစ်မျိုးလုံး သုတ်သင်ခံရမယ်မှတ်” ပကတိ ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က လှမ်းပြီး ခြိမ်းခြောက်လိုက်၏။

ခဏအတွင်းမှာပင် ဆူဇီမို၏ နောက်ကြောင်းကို အားလုံးသိသွားကြပေပြီ။

“မင်းက ဆူမိသားစုကို သုတ်သင်ချင်တာ ဟုတ်လား.. ဟမ့်” ဆူဇီမိုသည် လှောင်ရယ်လိုက်၏။ သူ့မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်ကို စုဖွဲ့အားကောင်းလာပြီး ရုတ်တရတ်ဆိုသလို သူသည် မြားကျည်တောက်ထဲမှ မြားသုံးချောင်းကို ဆွဲထုတ်လိုက်ပြီး “မင်းတို့ကို ငါက အရင် သုတ်သင်ပေးလိုက်မယ်” ဟု အေးစက်စွာ ပြောလိုက်၏။

သူသည် လေးကြိုးကို ဆွဲလိုက်ပြီး မြားသုံးချောင်းကို တစ်ပြိုင်တည်း ပစ်လွှတ်လိုက်၏။

မျှော်လင့်ချက်သလင်းလေးက ပေါင်ထောင်ချီလေး၏။ လေးကြိုးက အနာကွန်ဒါမြွေ၏ အရွတ်ဖြစ်၏။ ထို့ကြောင့် ၎င်းမှ ထွက်လာသော မြား၏ စွမ်းအားက အနည်းဆုံး ပေါင်တစ်သောင်းအထက်မှာ ရှိလေသည်။

လေးအတတ်ပညာရပ်တွင် အဓိကအချက် နှစ်ချက်ရှိ၏။ ပထမတစ်ချက်မှာ အားပါဖို့ဖြစ်ပြီး ဒုတိယက တိကျဖို့ ဖြစ်လေသည်။

မျှော်လင့်ချက်သလင်းလေး၏ အလေးချိန်ကြောင့် အားပါဖို့က ပြောစရာမလိုပေ။ ၎င်းက တိကျမှုအပိုင်းတွင် အနည်းငယ် အားနည်းချက်ရှိသော်လည်း ချီစုဖွဲ့စစ်သည်တော်များ တစ်နေရာထဲတွင် စုနေကြသော ဤကဲ့သို့သော အခြေအနေမျိုးတွင် အဲ့ဒါက ပြဿနာ မရှိချေ။ ဆူဇီမိုသည် သိပ်ပြီး အထွေအထူး ချိန်ရွယ်မနေပေ။ သူသည် လူအုပ်ကြားထဲသို့ ဒီအတိုင်း ပစ်ထည့်လိုက်၏။

ရွှစ် ရွှစ် ..

မြားသုံးချောင်းသည် တစ်ပြိုင်တည်း ထွက်လာပြီး လေခွင်းသံများက ထွက်ပေါ်လာ၏။

ဖောက်! ဖောက်! ဖောက်!

ချွန်ထက်သော လက်နက်က အသွေးအသားများကို ‌ဖောက်ခွင်းသွားသံများကို ကြားလိုက်ရ၏။

သူတို့မတုံ့ပြန်နိုင်ခင်မှာပင် ချီစုဖွဲ့စစ်သည်တော်သုံးယောက်သည် လေထဲကနေ ပြုတ်ကျလာကြလေ၏။

သောက်ရမ်းမြန်တယ်။

များစွာသော ချီစုဖွဲ့စစ်သည်တော်များသည် အံ့သြကြောက်လန့်သွားကြ၏။ လေထဲမှာနေသော သူတို့ကို ကိုင်တွယ်ဖို့နည်းလမ်း ဆူဇီမိုမှာ ရှိလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြချေ။

ကျန်ရှိနေသော ချီစုဖွဲ့စစ်သည်တော်များ၏ အမူအယာများက ရုတ်ချည်း ပြောင်းလဲသွားကြ၏။ သူတို့သည် ဓါးပျံများကို အပြင်းနှင်လိုက်ပြီး ဆူဇီမိုနှင့် ဝေးရာသို့ ချက်ခြင်း ပျံပြေးကြလေ၏။ တုန်လှုပ်ခြင်းက သူတို့မျက်လုံးထဲတွင် ပြည့်နေပြီး အကြောက်တရားက သူတို့ရင်ထဲတွင် ကြီးစိုးသွား၏။

ထိုမြားသုံးချောင်း၏ အရှိန်နှင့် ခွန်အားအရ၊ ပကတိချီစုဖွဲ့စစ်သည်တော်တောင် အဲ့ဒါကို ရှောင်နိုင်မည် မဟုတ်ပေ။

ဆူဇီမိုသည် မျှော်လင့်ချက်သလင်းလေးကို ကျောတွင် ချိတ်လိုက်ပြီး အေးမြစန္ဒာဆေဘာကို လက်ပြန်ကိုင်ဆွဲထုတ်လိုက်ကာ မြို့ပြင်ဘက်သို့ ဒုန်းစိုင်းသွားလိုက်၏။

အေးမြစန္ဒာဆေဘာနှင့်ဆိုပါက ဆူဇီမိုသည် ကျားကို တောင်ပံတပ်ပေးလိုက်သလိုပင်။

ဘုရင့်စစ်သည်များသည် အရေအတွက်အားဖြင့် အလွန်များပြားသော်လည်း ဆူဇီမို၏ သတ်ဖြတ်ခြင်း အရှိန်အဟုန်ကို မည်သူကမျှ ရပ်တန့်နိုင်ခြင်း မရှိချေ။ ဆူဇီမို ဖြတ်သွားရာ လမ်းတစ်လျှောက်တွင် စစ်ဗျူဟာအခင်းအကျင်းက လုံးဝပုံပျက်သွားပြီး အလောင်းများက အတန်းလိုက်ကျန်ခဲ့ကာ သွေးချောင်းစီးသွား၏။

လေထဲမှာ ရှိနေသော ချီစုဖွဲ့စစ်သည်တော် ဆယ်လေးငါးယောက်က အလျှော့မပေးကြသေးချေ။ သူတို့သည် ဆူဇီမိုနှင့် ခပ်လှမ်းလှမ်းကနေ လိုက်လာကြ၏။ သို့သော် သူတို့၏ လက်နက်များသည် ဆူဇီမိုကို အန္တရာယ်မပေးနိုင်တော့ချေ။

ဓါးပျံတစ်ချောင်းက သူ့ဆီသို့ ဝင်လာသောအခါ ဆူဇီမိုသည် ရှောင်မနေချေ။ သူ့ဆေဘာကို တစ်ချက်ဝေ့လိုက်တာနှင့် ဓါးက လွင့်စင်ထွက်သွား၏။

အေးမြစန္ဒာဆေဘာနှင့် ထိခတ်ပြီးတာနှင့် အဆင့်၉ ချီစုဖွဲ့စစ်သည်တော်များသည် သူတို့၏ အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်များကို ထိန်းချုပ်နိုင်သည်ဆိုရုံသာ ရှိတော့၏။

သို့သော် အခြားသော ချီစုဖွဲ့စစ်သည်တော်များကတော့ သူတို့၏ လက်နက်များကို ထိန်းချုပ်နိုင်စွမ်း မရှိကြတော့ချေ။

အေးမြစန္ဒာဆေဘာက စိတ်ဝိညာဉ်လက်နက်တုတစ်ခု ဖြစ်သော်လည်း ၎င်းကို ရှားပါးသော စိတ်ဝိညာည်ပစ္စည်းများစွာဖြင့် သွန်းလုပ်ထား၏။ ၎င်း၏ မာကျောခိုင်ခံ့မှုက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်များထက် အောက်မကျပေ။ ဆူဇီမို၏ သန်မာအားကောင်းသော ခန္ဓာခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ ဆေဘာဓါးချက်တစ်ချက်က ဓါးပျံများပေါ်ရှိ စိတ်ဝိညာဉ်ချီများကို တန်းပြီး ခမ်းခြောက်သွားစေ၏။

ဆူဇီမို၏ ဆေဘာနှင့် ရိုက်ခတ်ပြီးနောက် ထိန်းချုပ်မှု ကင်းမဲ့သွားသော ဓါးပျံများက ဘုရင့်စစ်သည်တော်များကြားသို့ ပစ်ဝင်သွားသောအခါ စစ်သည်အများအပြားသည် ဒဏ်ရာအနာတရ ရကုန်ကြ၏။ အချို့ကတော့ ပွဲချင်းပြီးပင် တန်းသေကြရလေ၏။

အချိန်ကြာလာသည်နှင့်အမျှ ဘုရင်စစ်သည်တော်များအကြားတွင် ထိတ်လန့်ကြောက်ရွံ့စိတ်များက ပျံ့နှံ့စိမ့်ဝင် ကြီးစိုးလာလေ၏။

လူတစ်‌ယောက်က စပြေးသောအခါ နောက်ထပ်လူများစွာကပါ လိုက်ပါပြေးကုန်ကြ၏။ မူလက မယိမ်းမယိုင်သော စစ်တပ်ကြီးသည် နောက်ဆုံးတွင်တော့ ပြိုလဲကျသွားချေပြီ။

အကြောက်တရားက ကူးစက်လွယ်သော ရောဂါတစ်မျိုးဖြစ်၏။

ချီစုဖွဲ့စစ်သည်တော်များသည် လေထဲတွင် ရပ်တန့်သွားကြ၏။ သူတို့၏ မျက်နှာအမူအယာက မြင်မကောင်း‌အောင်ပင် ပျက်စီးနေပြီး ချီတုံချတုံ ဖြစ်နေကြလေ၏။

တစ်ကယ်တော့ ဆူဇီမို လက်ထဲကို မျှော်လင့်ချက်သလင်းလေး ရောက်လာချိန်ကစပြီး အခြေအနေက သူ့ထိန်းချုပ်မှုအောက်ကို ကျရောက်သွားခဲ့ပြီ ဖြစ်၏။

များစွာသော ချီစုဖွဲ့စစ်သည်တော်များသည် ဆူဇီမိုလက်ထဲက လေးနှင့်မြားကို ကြောက်ရွံ့သောကြောင့် တတ်နိုင်သမျှ ဝေးဝေးခွာနေကြ၏။

အကွာအဝေးက များလာသည်နှင့်အမျှ ပစ်လိုက်သောမြား၏ အဟုန်စွမ်းအားက လျှော့ကျလာပေမည်။ မြား၏ လမ်းကြောင်းသွေဖယ်ခြင်းကလည်း တိုးလာပေမည်။ ထိုအခါ ချီစုဖွဲ့စစ်သည်များသည် တုံ့ပြန်ဖို့ အချိန်ရပြီး ရှောင်ရှားနိုင်လေသည်။

သို့သော်လည်း တစ်ဖက်တွင် အကွာအဝေးက များလာသည်နှင့်အမျှ သူတို့၏ ဓါးပျံများကို လှမ်းပြီး ထိန်းချုပ်ရာတွင် စိတ်ဝိညာဉ်ချီအမြောက်အများ သုံးစွဲရပြီး ကြာရှည် ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

ဆူဇီမို၏ မြားကျည်တောက်ထဲက မြားအချောင်း ၂၀သည် စိတ်ဝိညာဉ်သလင်းလေးကို သွန်းလုပ်ရာတွင် ပိုနေသော ပစ္စည်းများနှင့် ပြုလုပ်ထားတာဖြစ်ပြီး ၎င်း မြားတစ်ချောင်းစီကလည်း စိတ်ဝိညာဉ်လက်နက်တုတစ်ခုနှင့် မခြားပေ။

ထိုမြားတို့ကို ပစ်လွှတ်လိုက်တာနှင့် ၎င်းသည် သေကွင်းသေကွက်ဖြစ်စေ၊ အခြားတစ်နေရာရာဖြစ်စေ၊ ဖောက်ဝင်သွားတာနှင့် မြားအတွင်းရှိသော စွမ်းအင်များက ပေါက်ကွဲထွက်ပေါ်လာမည်ဖြစ်ပြီး ကြီးစွာသော ထိခိုက်ပျက်စီးမှုကို ဖြစ်ပေါ်စေမည် ဖြစ်သည်။

၎င်းသည် လက်မောင်းကို မှန်လျှင် လက်ပြတ်ထွက်သွားမည်ဖြစ်ပြီး၊ ခြေထောက်ကိုမှန်လျှင် ခြေထောက်ပြတ်ထွက်သွားမည် ဖြစ်သည်။ ခန္ဓာကိုယ်ကို မှန်လျှင်တော့ ၎င်းခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားပေလိမ့်မည်။

မြို့ပြင်သို့ ထွက်ခွာတော့မည့်ဆဲဆဲ ဆူဇီမိုကိုကြည့်၍ များစွာသော ချီစုဖွဲ့စစ်သည်တော်များသည် ဘာလုပ်လို့ ဘာကိုင်ရမည်မသိ ဖြစ်လာကြ၏။ သူတို့သည် ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်လာကြ၏။

မြို့အဝင်တံခါးဂိတ်တွင် များစွာသော မြို့စောင့်စစ်သားများက ဂိတ်ကိုပိတ်၍ အတန်းလိုက် ရပ်စောင့်နေကြ၏။ စစ်တိုက်ရာတွင် မြို့ရိုးဖြိုဖို့ သုံးသော ဧရာမဒုံးလေးကြီးဆယ်လက်ကို ဂိတ်တံခါးရှေ့တွင် အတန်းလိုက်ချထား၏။

ဒုံးမြားများက စစ်သည်များကိုင်စွဲထားသော လှံတံများထက် ပိုကြီးမား၍ ပိုရှည်၏။ မြားထိပ်သည် မကောင်းဆိုးရွားဆန်ဆန် အေးစက်စက်အရောင်များဖြင့် တစ်လက်လက်တောက်ပနေပြီး ဆူဇီမိုကို မချိန်မရွေးပစ်နိုင်ဖို့ အဆင့်သင့် ချိန်ရွယ်ထားကြ၏။

ဆူဇီမို၏ သတ်ဖြတ်ခြင်း အရှိန်အဟုန်က မြင့်တက်လာ၏။ သူ့ရှေ့တွင် မြို့တံခါးကို မြင့်လိုက်ရသောအခါ သူသည် ဒုံးလေးစက်တွေဘာတွေ အရေးလုပ်မနေချေ။ အေးမြစန္ဒာဆေဘာကို ကိုင်စွဲပြီး ပြေးဝင်ချသွားလေ၏။

“ပစ်!”

ဒုံးလေးစက်ဘေးတွင် မတ်တပ်ရပ်နေသော ခေါင်းဆောင်လုပ်သူက သူ့လက်ကို အောက်သို့နှိမ့်ချလိုက်ပြီး အော်ဟစ် အမိန့်ပေးလိုက်၏။

ရွှစ် ရွှစ် ရွှစ် ..

ကြီးမားသော မြားဆယ်ချောင်းကို ပစ်လွှတ်လိုက်၏။ မြားလေခွင်းသံများက သွေးပျက်ခြောက်ခြားဖွယ်ရာ ထွက်ပေါ်လာ၏။.

ဒုံးမြားများက ဘယ်လောက် ဖျက်ဆီးအားကြီးသလဲဆို၊ ၎င်းတို့ကို မြို့ရိုးများကို ဖြိုဖျက်ရာတွင် သုံးကြလေ၏။

သို့သော်လည်း ယခုအခါမှာတော့ ဒုံးမြားဆယ်ချောင်းက အသွေးအသားများဖြင့် တည်ဆောက်ထားသော လူတစ်ယောက်တည်းကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေ၏။

ဒုံးမြားများကို မြို့သိမ်းတိုက်ပွဲများတွင် မသုံးဘဲ၊ လူတစ်ယောက်တည်းကို တိုက်ခိုက်ရာတွင် အသုံးပြုသည်ဆိုတာ သမိုင်းထဲမှာတောင် မရှိခဲ့ဖူးပေ။ နောက်လည်း ရှိလာဖို့ မလွယ်ချေ။

ဒုံးမြားများက လျှပ်စီးလို အမြန်နှုန်းဖြင့် ပြေးဝင်လာနေပြီး ဆူဇီမိုကလည်း ‌ရှေ့သို့ တက်နေဆဲဖြစ်၏။ မျက်တစ်မှိတ်အတွင်းများပင် ဒုံးမြားများက ဆူဇီမို၏ ရှေ့မှောက် ရောက်လာခဲ့ပေပြီ။

ဒုံးမြားဆယ်စင်းသည် အတူတကွ ပေါင်းစပ်သွားပြီး ကြီးမားသော ကျောက်တိုင်ကြီးတစ်ခုလို ပစ်ဆောင့်လာလေ၏။ အော်ရာကလည်း ကြောက်ခမန်းလိလိ ဖြစ်လာ၏။

“ဟား”

ဆူဇီမိုသည် အေးမြစန္ဒာဆေဘာကို တင်းတင်းဆုပ်ကိုင်ကာ တစ်ချက်အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ်တွင်းမှ အရိုးများတုန်ခါသံက ခပ်ဖျော့ဖျော့ ထွက်လာ၏။ သူ့အရွတ်ကြီးများသည် တစ်ဆတ်ဆတ် လှုပ်လာပြီး လေးကြိုးတုန်ခါသလို အသံမျိုး ထွက်လာ၏။ သူ့ခန္ဓာကိုယ်တွင်းရှိ ကြွက်သားများသည် အတူတကွ ထုံးဖွဲ့သွားပြီး သူ့ခန္ဓာကိုယ်အရွယ်က နှစ်ဆနီးပါးလောက် ပြန့်ကားလာ၏။

“ပြတ်စမ်း”

ဆူဇီမိုသည် ဆေဘာကို ကိုင်မြှောက်လိုက်ပြီး ဝင်လာသော ဒုံးမြားဆယ်ချောင်းကို ရှိသမျှအားနှင့် အားကုန်ခုတ်ပိုင်းချလိုက်လေ၏။

ဘန်း!

ကြောက်ခမန်းလိလိ အသံကြီးက ထွက်ပေါ်လာပြီး မီးပွားများက လွင့်စင်ထွက်လာ၏။ ဒုံးမြားဆယ်ချောင်းသည် ဆူဇီမို၏ ဆေဘာလက်ချက်ဖြင့် ထက်ပိုင်းပြတ်သွားကာ မြေပြင်အနှံ့ ပြန့်ကျဲထွက်သွားလေ၏။

“ဟာ”

လူတိုင်းသည် မြင်လိုက်ရသည်ကို မယုံနိုင်စွာ အံ့သြထိတ်လန့် ကြောက်ရွံ့တုန်လှုပ်သွားကြ၏။

ဒါလဲ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူးလား။

လူတစ်ယောက်ရဲ့ခွန်အားက ဘယ်လိုလုပ် အဲ့လောက်ထိ အားကြီးနေရတာလဲ။

ဒုံးမြားဆယ်ချောင်းကို တားဆီးပြီးနောက် ဆူဇီမိုလည်းပဲ အနောက်သို့ ခြေနှစ်လှမ်းလောက် ဆုတ်လိုက်ရ၏။ သူသည် အနည်းငယ် ထုံကျင်သွားသော သူ့လက်နှစ်ဖက်ကို လှုပ်ခါလိုက်ပြီး မြို့စောင့်စစ်သားများကို သွားဖြဲပြကာ “မင်းတို့ကတော့ သွားပြီ” ဟု လှမ်းပြောလိုက်၏။

ဒုံးလေးစက်များသည် စွမ်းအားကြီးမားသော်လည်း လေးကြိုးဆွဲရန်အတွက် လူဆယ်ယောက်လိုပြီး ဒုံးမြားကို ပြန်ဖြည့်ရန်အတွက် လူသုံးယောက်သယ်ရ၏။

ထိုသို့လုပ်ရမည့်အချိန်အတွင်းမှာပင် ဆူဇီမိုက သူတို့ဆီသို့ ပြေးဝင်ချလာနေပေပြီ။

ဖောက် ဖောက် ဖောက်!

သွေးများက ဆက်တိုက် ပန်းထွက်လာ၏။ ဆူဇီမို၏ ထိုးချက်၊ ခုတ်ချက်များကို ဘယ်သူကမှ မရပ်တန့်နိုင်ကြချေ။

စဦးအဆင့်သိုင်းသမားဖြစ်စေ၊ ပကတိမူလအဆင့် သိုင်းသမားဖြစ်စေ၊ ဆူဇီမို၏ မျက်လုံးထဲတွင် ကြက်ကလေး၊ ငှက်ကလေးများနှင့် မခြားပေ။

ဒါသည် ကျင့်ကြံခြင်း၏ စွမ်းအားပင် ဖြစ်လေ၏။

ခဏအတွင်းမှာပင် မြို့စောင့်စစ်သားများသည် သွေးပျက်ကြောက်လန့်ကုန်ကြပြီး တစ်ယောက်ပြီးတစ်‌ယောက် ဦးတည့်ရာ ထွက်ပြေးကုန်ကြလေတော့၏။

မြို့ထဲမှ ထွက်ခွာနိုင်တော့မည်ကို ကြည့်၍ ဆူဇီမိုသည် ပို၍ အားမာန်တက်ကြွလာပြီး

“ဟားဟားဟား.... မင်းတို့ယန်တိုင်းပြည်က ဒီလောက်ပဲ စွမ်းသလားဟေ့..ဟမ့်” ဟု အော်ဟစ်ရယ်မော ပြောဆိုလိုက်လေ၏။

ဆူဇီမို၏ ရယ်သံသည် ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားပြီး လွန်မင်းစွာ မောက်မာမှုကို ဖော်ပြနေလေတော့၏။

All Chapters