ကဗျာကို ပညာရေးဌာနက လက်ခံလိုက်ပြီ
Vol. 19 Ch. 283
တစ်ညတာ ကျော်လွန်သွားပြီးနောက် သုံးပြည်ထောင်အား လေ့လာခြင်း၏ ရေပန်းစားမှုက နည်းနည်းလေးမှ ကျဆင်းမသွားချေ။ ထို့အပြင် ဆွေးနွေးကြသည့် နယ်ပယ်ကလည်း အတော်လေး ကျယ်ပြန့်လာ၏။
ပထမတစ်ခုမှာ မှာ တိုက်ရိုက်ထုတ်လွှင့်မှုနယ်ပယ်တွင်း၌ ဖြစ်သည်။ ယင်းနယ်ပယ်တွင် သမိုင်းနှင့် ပတ်သက်သော ခေတ်ရေစီးကြောင်း အသစ်တစ်ခုကို တီထွင်ခဲ့ခြင်း ဖြစ်သည်။ အချိန်တိုအတွင်းမှာပင် ရေနယ်နိမိတ်အား လေ့လာခြင်းနှင့် အနောက်ဘက်သို့ ခရီးသွားခြင်းအား လေ့လာခြင်း စသည့် လက်ရာများ တစ်ခုပြီးတစ်ခု ပေါ်လာ၏။
နောက်တစ်ခုမှာ စာပေနယ်ပယ် ဖြစ်သည်။ သမိုင်းသည် စာပေနှင့် ခွဲမရပေ။ ထို့အပြင် ရဲ့လင်းချန်က ကဗျာတစ်ပုဒ်လည်း ရေးခဲ့သည်။ ၎င်းက စာပေလောကတစ်ခုလုံးကို လှိုင်းထန်သွားစေ၏။
သမိုင်းနယ်ပယ်က သက်ရောက်မှု အရှိဆုံးပင်။ သုံးပြည်ထောင်ကို လေ့လာခြင်းမှ ပြောလာသော အမြင်များက အဖျက်အမှောင့်ပင်။ လူတော်တော်များများသည် နောက်ပြောင်ခံနေရသလို ခံစားနေရပြီး သူတို့၏ အမြင်များ ပျက်စီးသွားရသည်။
ထိုနယ်ပယ် သုံးခုလုံး အပြင်းအထန် ဆွေးနွေးနေကြပြီး လူပေါင်းများစွာ ပါဝင်ဆွေးနွေးကြသည်။ အချို့ဆိုလျင် နတ်ဘုရားများကို သုတ်သင်ခြင်းထံသို့ပင် သွားကြလေသည်။
[စာရေးဆရာဝိုင်ရေ၊ မင်း ဝိုင်နတ်ဘုရားနဲ့ သိတယ်ဆိုတာ တကယ်ပဲလား]
[စာရေးဆရာဝိုင်၊ ဝိုင်နတ်ဘုရားက မင်း ကဗျာရေးတာကို ကြည့်ပြီး သူကိုယ်တိုင်လည်း တစ်ပုဒ် ရေးဖို့ ဆုံးဖြတ်လိုက်တာ၊ ဒါ ပေါ်တင်စိန်ခေါ်တာပဲ၊ မင်း ဒီအတိုင်း ထားလိုက်လို့ မဖြစ်ဘူး]
[အချက်အလက်ကျကျ ပြောရမယ်ဆိုရင် မီးအိမ်မှုတ်တစ္ဆေနှင့် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းက ဝတ္ထုအဖြစ် ရေးမယ်ဆိုရင် ပေါက်မှာ သေချာတယ်၊ နှစ်ယောက်လုံး နယ်ပယ်တစ်ခုတည်းမှာ မရှိလို့ ကံကောင်းသွားတယ်၊ မဟုတ်ရင် သူတို့ ကျားလိုနဂါးလို ယှဉ်ပြိုင်နေရလောက်တယ်]
လူတော်တော်များများက ဝိုင်နတ်ဘုရား၏ ဝေ့ပေါ်အောက်၌ မှတ်ချက်များ စရေးကြသည်။ ပြောဆိုမှုများက တဖြည်းဖြည်း များလာပြီး မယုံနိုင်လောက်အောင် ဆူညံနေလေသည်။
ထိုသို့နှင့် ဝေ့ပေါ်၏ ရေပန်းစားသော ရှာဖွေမှုများသို့ ရောက်သွားတော့သည်။
[လခွမ်း ဘာတွေဖြစ်ကုန်တာလဲ၊ ဘာလို့ ဒီလူတွေအားလုံးက ရုတ်တရက်ကြီး သမိုင်းကို အရေးစိုက် လာတာလဲဟ]
[ငါ လန့်သေတော့မလို့၊ ငါ အချိန်ခရီးသွားပြီး သမိုင်းကို စိတ်ဝင်စားတဲ့ လူတွေရှိတဲ့ ခေတ်ကို ရောက်သွားတယ် ထင်နေတာ]
[တကယ်လား၊ ဝိုင်နတ်ဘုရားက သမိုင်းနဲ့ ပတ်သက်တာကို တကယ် ထုတ်လွှင့်ခဲ့တာလား၊ ဒီမှာ အခြေအနေက ဆူညံနေတာ အံ့ဩစရာ မဟုတ်တော့ဘူး၊ အဲ့ဒါက ဆိုးလို့လား]
[အပေါ်ကလူ၊ ငါ မင်းကို ပြောလိုက်မယ်၊ အဲ့ဒါ လုံးဝ မဆိုးဘူးကွ၊ သူက သမိုင်းနဲ့ ပတ်သက်ပြီး ပြောပြတဲ့ လူတွေထဲမှာ တကယ်ကို အတော်ဆုံးလူပဲ]
[ငါ အစက ဝိုင်နတ်ဘုရားရဲ့ ကျော်ကြားမှုကြောင့် စကြည့်ခဲ့တာ၊ ဒါပေမဲ့ ငါ စကြည့်လိုက်တာနဲ့ လုံးဝ မျက်လုံး မခွာနိုင်ဘူး၊ စိတ်လှုပ်ရှားဖို့ကောင်းတယ်]
[ငါ့အဘိုးတောင် ငါနဲ့အတူ လိုက်ကြည့်နေပြီးတော့ နောက်တစ်ပိုင်းကို မြန်မြန် နားထောင်ဖို့ ငါ့ကို တိုက်တွန်း နေတာ၊ ပြောစမ်းပါဦး … ဒါက အံ့ဩစရာ မဟုတ်ဘူးဆိုရင် ဘာက အံ့ဩစရာလဲ]
[သုံးပြည်ထောင်က တကယ်ကို နတ်ဘုရားတစ်ပါးအကြောင်း ပြောနေတာ၊ ဝိုင်နတ်ဘုရားနဲ့ဆိုရင် နောက်ဆို ဘယ်သူမှ သုံးပြည်ထောင်နဲ့ ပတ်သက်ပြီး ဗဟုသုတ နည်းတော့မှာ မဟုတ်ဘူး]
အကောင်းမြင်သော မှတ်ချက်များအပြင် သံသယဝင်သော စကားများလည်း ရှိသဖြင့် နှစ်ဖက်လုံး စတင် အငြင်းပွား လာကြသည်။
[သုံးပြည်ထောင်အား လေ့လာခြင်းက မင်းတို့အမြင်ကို ဖျက်ဆီးတယ် လူတိုင်းကို မကြည့်ဖို့ ငါ တိုက်တွန်းတယ်၊ ဝိုင်နတ်ဘုရားက မဟုတ်တမ်းတရားတွေ ပြောနေတာ]
[ဝိုင်နတ်ဘုရားက ကျန်းလျန့်က ဆိုးရွားပြီးတော့ ဗလာခံတပ် နည်းဗျူဟာက အတုကြီးလို့ ပြောတယ်]
[မဖြစ်နိုင်ဘူး၊ ဗလာခံတပ် နည်းဗျူဟာက အတုတဲ့လား၊ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ]
[ဒါ သမိုင်းကို ဖျက်နေတာ၊ ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ပိတ်ကိုပိတ်ပင်သင့်တယ်]
[လူပြိန်းကြိုက်တွေ ဖန်တီးနေတာ၊ အာရုံစိုက်တာကို လိုချင်နေတာ]
အငြင်းပွားမှုက ဆက်လက် ဖြစ်ပွားနေပြီး အပူတပြင်း ဆွေးနွေးမှုက လျော့ကျသွားမည့် အရိပ်အယောင် မပြပေ။
ထိုသို့သောအချိန်က သမိုင်းဆရာတစ်ယောက်ဟု ဝေ့ပေါ်က အတည်ပြုထားပေးသည့် လူတစ်ယောက်က ရှေ့ထွက်လာပြီး မှတ်ချက် ရေးလေသည်။
[ငါက သာမန် မူလတန်းကျောင်းက သမိုင်းဘာသာရပ် ဆရာတစ်ယောက်ပါ၊ သမိုင်းက အတန်းထဲမှာ သိပ်သဘောကျ မခံရသလို ကျောင်းသားတော်တော်များများ စိတ်မဝင်စားတာကို လူတိုင်း သိမှာပါ၊ ဒါပေမဲ့ ဒီနေ့ ငါ့ရုံးခန်းမှာ လူတွေ ပြည့်နေခဲ့တယ်၊ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ငါ့ဆီလာပြီး သမိုင်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးခဲ့တာလေ]
[သူတို့ရဲ့ မျက်နှာမှာ သိချင်စိတ်တွေ ပေါ်နေပြီးတော့ စိတ်သဘောထားက လေးနက်ကြောင်း ပြနေတယ်၊ အခြား ဘာသာရပ် ဆရာတွေဆီက အားကျတဲ့ အကြည့်တွေကို ငါ ခံစားမိခဲ့တာ၊ နောက်တော့ အဲ့ကျောင်းသားတွေက ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ခဲ့ပြီးတော့ သမိုင်းနဲ့ သုံးပြည်ထောင်အကြောင်း ပိုပြီးတော့ နားလည်ချင် နေကြတာလေ၊ သမိုင်းက နိုင်ငံနဲ့ လူမျိုးအတွက် အုတ်မြစ်ပဲ၊ သမိုင်းကို ကလေးတွေ စိတ်ဝင်စားအောင် လုပ်ပေးခဲ့တဲ့ ဝိုင်နတ်ဘုရားကို ငါ စိတ်ရင်းနဲ့ ကျေးဇူးတင်စကား ပြောချင်လို့ ဒီကို လာတာပါ၊ မူလတန်းကျောင်းက သမိုင်းဘာသာရပ် ဆရာတစ်ဦးအနေနဲ့ ငါ စိတ်ရင်းနဲ့ ကျေးဇူးတင်မိပါတယ်]
[မူလတန်းကျောင်းက သမိုင်းဘာသာရပ် ဆရာ ဟုတ်လား]
[ပြောတာကောင်းတယ်၊ ဝိုင်နတ်ဘုရား ပြောတဲ့ သုံးပြည်ထောင်က လူတိုင်းရဲ့ စိတ်ထဲ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီ၊ ငါတောင်မှ စွဲလမ်းသွားခဲ့တာ]
[ကလေးတွေ သမိုင်းကို သဘောကျသွားတဲ့အချက်က ဝိုင်နတ်ဘုရားရဲ့ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းကို ပြလိုက်တဲ့ သက်သေပဲ]
[ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မင်း အဲ့ဒါကို ဒီအတိုင်း ပြောလိုက်လို့ မရဘူး၊ စိတ်ထဲရှိသလို လုပ်လိုက်တာက ငါတို့ကလေးတွေကို လွဲမှားတဲ့ သမိုင်းအကြောင်းပဲ သိသွားစေလိမ့်မယ်]
ထိုမှတ်ချက်များ ရှိသော်လည်း သမိုင်းဆရာက ပြောလေသည်။
[ပြီးတော့ ဝိုင်နတ်ဘုရားရဲ့ စကားတွေက တကယ့် သမိုင်းအပေါ် အတိအကျ အခြေခံထားတယ်ဆိုတာကို ငါ သေချာပေါက် ပြောနိုင်တယ်၊ အဲ့ဒါတွေက သမိုင်းအဆင့်အတန်းနဲ့ ကိုက်ညီပြီးတော့ သမိုင်းဆိုင်ရာ အထောက်အထားတွေကို အတိုင်းအတာတစ်ခုအထိ လိုက်နာထားတယ်၊ သူ့ရဲ့ ကိုယ်ပိုင်အမြင် အချို့နဲ့ ပတ်သက်ပြီး ငါ့မှာလည်း သံသယတွေ ရှိပါတယ်၊ ဒါပေမဲ့ သူ ပြောတာတွေက သမိုင်းအချက်အလက်အရ မှားနေတာ မရှိဘူး၊ သမိုင်းက ကျူးလျန့်ကို ချဲ့ကားရေးသားခဲ့တာပဲ]
ထိုမှတ်ချက်အဆုံးတွင် သူက တရားဝင် သမိုင်းမှတ်တမ်းများမှ ဖြစ်ရပ်များစွာကို တင်လိုက်ပြီး ဝိုင်နတ်ဘုရား မှန်ကြောင်း သက်သေပြနေသည့် အရေးပါသော စာကြောင်းများကို မျဉ်းသားပြထားသည်။
ရုတ်ချည်းဆိုသလိုပင် လူပေါင်းများစွာ ထိုပို့စ်ကို နှစ်သက်ကြောင်းပြကာ မှတ်ချက်များ ရေးကြလေသည်။
သမိုင်းကို လေ့လာခဲ့သည့် လူများ လျင်မြန်စွာ ရောက်ရှိလာပြီး ထောက်ခံကြသည်။ သမိုင်းဘာသာရပ်များမှ ကျောင်းသားများတောင်မှ မှတ်ချက်ရှည်များ ရေးလာကြပြီး တစ်ခုချင်းစီက ခိုင်မာပြီး သမိုင်းကို ထင်ပေါ်အောင် ပြသကြသည်။
[ငါ လန့်သွားပြီး၊ တကယ်ပဲ သမိုင်းက ငါ့ကို နှစ်ပေါင်းများစွာ လိမ်ထားခဲ့တာလား]
[ဘာ … ဗလာခံတပ် နည်းဗျူဟာက လုံးဝ မရှိခဲ့ဘူးလား]
[လခွမ်း လတ်စသက်တော့ ဝိုင်နတ်ဘုရားရဲ့ စကားတွေက မှန်နေတာပဲ၊ သူက အမြင်ကျယ်လိုက်တာ]
[အံ့ဩဖို့ ကောင်းလိုက်တာ၊ ထူးချွန်လွန်းတယ်၊ သူက အရာအားလုံးနဲ့ ပတ်သက်ပြီး ပြောနိုင်စွမ်း ရှိပြီးတော့ ကဗျာတစ်ပုဒ်ကို ဘယ်လို ဖန်တီးရမလဲ သိတယ်၊ နောက်ဆို ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ငါ ကြည့်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ]
[အပေါ်ကလူ မင်းက အခုမှ စကြည့်တော့မလို့လား၊ ငါ မင်းကို ပြောလိုက်မယ်၊ ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်တာက အချိန်နဲ့ တပြေးညီ ဖြစ်စေတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ]
[အမှန်အတိုင်းပြောရရင် ကဗျာက တကယ် ကောင်းတယ်၊ စိတ်ထိခိုက်ရလွန်းတယ်]
မကြာခင်မှာပင် အများအမြင်က ပြောင်းလဲလာပြီး သံသယ စကားသံများ စတင် ပျောက်ကွယ်လာသည်။ အတိအကျ ပြောနိုင်သူများ ရှေ့ထွက်လာသောအခါ ဘယ်သူက သူတို့ပြောသော စကားကို ငြင်းနိုင်ပါမည်နည်း။
ထိုအချိန်တွင် ဝိုင်နတ်ဘုရား၏ ဝေ့ပေါ်က ရုတ်တရက် သူ့ကိုပါ တွဲ၍ တင်ထားသော စာတစ်ကောင်ကို ရလာသည်။ ယှဉ်တွဲ၍ တင်လာသူမှာ ယဉ်ကျေးမှု ပညာရေးဌာနမှ ဖြစ်သည်။
[ဝိုင်နတ်ဘုရား၊ မင်းရေးတဲ့ ကဗျာက သုံးပြည်ထောင်အတွက် လိုက်ဖက်လွန်းတယ်၊ သုံးပြည်ထောင်နဲ့ ပတ်သက်နဲ့ ပညာရေး စာအုပ်ထဲမှာ ငါတို့ ဒါကို ထည့်သုံးချင်လို့ မင်း သဘောတူနိုင်မယ်လို့ ပြောလင့်ပါတယ်၊ ငါတို့ ဒါကို မူလတန်း ကျောင်းစာအုပ် ဒါမှမဟုတ် သင်ရိုးပြင်ပ စာအုပ်တွေမှာ ထည့်ဖို့လည်း စဉ်းစားနေပါတယ်]
ယဉ်ကျေးမှု ပညာရေးဌာနသည် စာပေလောကတွင်း၌ အာဏာရှိပြီး ပညာရေးနှင့်လည်း ဆက်စပ်နေသည်။ လက်ရှိအချိန်၌ သူတို့၏ တရားဝင် ဝေ့ပေါ်အကောင့်က ဝိုင်နတ်ဘုရားကို စ၍တွဲကာ ပို့စ်တင်လိုက်သော အဖြစ်ကြောင့် လူပေါင်းများစွာကို အံ့ဩတကြီးနှင့် ပါးစပ်အဟောင်းသား ဖြစ်သွားစေလေသည်။
ပညာရေးနှင့် ပတ်သက်သော နေရာတိုင်း၌ ပါဝင်နေခြင်းက နိုင်ငံ၏ အုတ်မြစ်၌လည်း ပါရှိခြင်း ဖြစ်ပေသည်။
ဝိုင်နတ်ဘုရား၏ အဆင့်အတန်းက တစ်ခဏအတွင်း မြင့်တက်လာ၏။
[ယဉ်ကျေးမှု ပညာရေးဌာနရဲ့ ကြင်နာမှုအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ကျွန်တော် သေချာပေါက် သဘောတူပါတယ်]
ရဲ့လင်းချန် ချက်ချင်း တုံ့ပြန်လိုက်သည်။ သူသည် ပါရမီရှင်တစ်ယောက် ဖြစ်ပြီး မူလတန်းကတည်းက ပါဝင်သော ယဉ်ကျေးမှု ပညာရေးဌာနထံမှ ပထမဆုံးအကြိမ် အသိအမှတ် ပြုခြင်း ခံရသဖြင့် သူ့စိတ်ထဲမှ ဂုဏ်ယူစိတ်နှင့် စိတ်လှုပ်ရှားမှုကို တွေးကြည့်နိုင်ပေသည်။
[ကျေးဇူးတင်ပါတယ် ဝိုင်နတ်ဘုရား၊ သုံးပြည်ထောင်အား လေ့လာခြင်းက စစ်မှန်တဲ့ သမိုင်းကို ပြသပြီး လူတိုင်းကို လက်ခံလာအောင် လုပ်ပေးတဲ့ အစီအစဉ်ကောင်း တစ်ခုပါပဲ၊ ပညာရေးအပေါ် မင်းရဲ့ နှစ်မြှုပ်ထားတဲ့ အတွက် ငါတို့ ကျေးဇူးတင်ပါတယ်၊ လာမယ့် အပိုင်းတစ်ခုချင်းစီတိုင်းကို ငါတို့ အာရုံစိုက်နေပါ့မယ်၊ မင်း ဆက်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ သမိုင်းရဲ့ လေးနက်မှုကို ဖျော်ဖြေရေးကဏ္ဍနဲ့အတူ အမြဲ ထိန်းသိမ်းသွားမှ ဖြစ်မယ်]
[ကောင်းပါပြီ]
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။ ထို့ကြောင့် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်က အရေးပါလာပြီး တာဝန်လည်း ပိုကြီးလာသည်။
[ထပ်ရှိသေးတယ်၊ မင်းရဲ့ သမိုင်းအပေါ် နားလည်နိုင်မှုနဲ့ သင်ပြနိုင်တဲ့ အရည်အချင်းတွေက တကယ် ကောင်းတယ်]
[ကျွန်တော် ဝမ်းသာမိပါတယ်]
ရဲ့လင်းချန်၏ ယဉ်ကျေးမှု ပညာရေးဌာနနှင့် ပြောသော စကားက ဝေ့ပေါ်တွင် လူအများ မြင်နိုင်ပြီး သူတို့၏ စကားများက လူအများကြား၌ လှိုင်းထသွားစေသည်။ အထူးသဖြင့် မိဘများကြားတွင်ပင်။
[သေစမ်း၊ ငါ ဘာလုပ်ခဲ့မိတာလဲ၊ မနေ့က ငါ့ကလေးကို ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ပိတ်ခိုင်းဖို့ ပြောလိုက်တာ၊ ငါ အပြစ်လုပ်ခဲ့မိပြီ]
[ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုက သမိုင်းသင်ခန်းစာ တစ်ခုပဲ ပြီးတော့ သက်ရောက်မှုက အံ့ဩဖို့ကောင်းတယ်၊ နောက်တစ်ခါကျရင် ငါ့ကလေးတွေ ကြည့်ဖြစ်အောင် လုပ်ရမယ်]
[ဝိုင်နတ်ဘုရားက မိုးကောင်းကင် ဥပဒေသအားလုံးကို ဆန့်ကျင်နေတာပဲ၊ သူ့ကဗျာကို ပညာရေးဌာနက လက်ခံသွားပြီ၊ ဒါက အရမ်း … အရမ်း မိုက်လွန်းတယ်ကွာ]
…