ပွက်လောရိုက်သော တိုက်ရိုက် ထုတ်လွှင့်မှု
Vol. 19 Ch. 284
ညနေ ခြောက်နာရီခွဲ၌ ဖြစ်သည်။
ရဲ့လင်းချန်၏ တိုက်ရိုက် ထုတ်လွှင့်မှု၌ ကြည့်ရှုသူ အရေအတွက်က နှစ်သိန်းကျော်နေပြီး တစ်ယောက်ချင်းစီက စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။
ထိုအခိုက်တွင် ဝေဖန်သူများကလည်း တိုက်ရိုက် ထုတ်လွှင့်မှုထဲ၌ ရောက်နှင့်နေ၏။
[မင်းတို့ ယုံချင်မှ ယုံလိမ့်မယ်၊ ငါ့အမေက ငါ့ကို ဒါကြည့်ဖို့ အတင်း ဖိအားပေးခဲ့တာ]
[ဪ … မင်းတို့ ယုံချင်မှ ယုံမှာကွ၊ ငါ့မိဘတွေက ငါ့ဘေးမှာ ထိုင်ပြီး ငါနဲ့အတူ လိုက်စောင့်နေတာ]
[ဟီးဟီး နောက်တစ်ခါဆို နေ့တိုင်း လုပ်ရမယ့် အပိုအိမ်စာတစ်ခုပါ ဖြစ်လာလောက်တယ်၊ ငါတော့ ခံရခက်နေပြီ]
တစ်ချိန်တည်းမှာပင် ကျောင်းတစ်ခု၏ ရုံးခန်းများထဲမှ သမိုင်းဌာနသည် ယခုအထိ မီးလင်းနေသေးလေသည်။
မစ္စတာကျောက်သည် အတန်းချိန် ပြီးသွားသဖြင့် အိမ်ပြန်ရန် ပြင်နေလေသည်။ သို့သော် ဘေးဘီကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် သူ အံ့ဩသွားရသည်။
“ဗျို့ ဆရာဝမ်၊ ဆရာလီနဲ့ ဆရာချန် ဘာလို့ မင်းတို့တွေ မပြန်သေးတာလဲ၊ ဘာဖြစ်တာလဲ၊ သမိုင်းဘာသာရပ် စာမေးပွဲအတွက် မင်းတို့ တစ်ညလုံး အတူအချိန်ဖြုန်းတော့မလို့လား”
ထိုရုံးခန်းသည် တစ်ကျောင်းလုံးမှ သမိုင်းဘာသာရပ် ဆရာများအားလုံး နားနေရာ ရုံးခန်း ဖြစ်သည်။ အံ့ဩစရာ ကောင်းလောက်အောင်ပင် သူတို့အားလုံးက အိမ်ပြန်ရမည့်အစား စုဝေး၍ ကွန်ပျူတာကို စိုက်ကြည့်နေကြသည်။
“မစ္စတာကျောက် ကျွန်တော်တို့ ဒီနေ့ ကျောင်းသားတွေလို သင်ယူနေတာဗျ၊ ခင်ဗျားရော လာနားထောင်ချင်လား”
ဆရာများထဲမှ တစ်ယောက်က ပြောလာသည်။
“သင်ယူနေတာ ဟုတ်လား”
မစ္စတာကျောက်က တအံ့တဩ ပြန်မေးသည်။
“ဘာကို သင်နေတာလဲ”
“ဒါ သုံးပြည်ထောင်အား လေ့လာခြင်းလေ၊ ယဉ်ကျေးမှုပညာရေးဌာနကတောင်မှ ထုတ်ချီးမွမ်းထားတာ၊ ကျွန်တော်တို့ သူ့ရဲ့ အသင်အပြစွမ်းရည်ကို သင်ယူမလို့ ကြည့်နေတာ”
“ဪ … သုံးပြည်ထောင်အား လေ့လာခြင်းကိုး၊ ဟားဟားဟား ငါ အိမ်ကို အသည်းအသန် ပြန်ချင်နေတယ် ဆိုတာက အဲ့ဒါကို ကြည့်ချင်လို့လေ”
မစ္စတာကျောက်က သုံးပြည်ထောင်အား လေ့လာခြင်း ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ချက်ချင်း စိတ်ဝင်စားဟန် ပြလာသည်။ သူ ပြန်ထိုင်၍ သူတို့အတူတူ ဝင်၍ ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“မနေ့က ဝိုင်နတ်ဘုရား သုံးပြည်ထောင်အကြောင်း ပြောတာကို ငါ ကြည့်ခဲ့တယ်၊ တကယ် ကောင်းတယ်ကွ၊ သုံးပြည်ထောင်နဲ့ ပတ်သက်ပြီး လေ့လာရလို့ ငါတောင် စိတ်လှုပ်ရှားမိတယ်”
နေရာများစွာ၌ တူညီသော အဖြစ်များ ဖြစ်ပွားလျက် ရှိသည်။
သုံးပြည်ထောင်အား လေ့လာခြင်းသည် သမိုင်းတွင်သာမက ယဉ်ကျေးမှုကိုပါ ထူးချွန်စေသည်။ လူတော်တော် များများက ယင်းကို သဘောကျနေပြီး ရဲ့လင်းချန်၏ အသင်အပြ စွမ်းရည်နှင့် ညှို့ယူဖမ်းစားနိုင်သော တိုက်ရိုက် ထုတ်လွှင့်မှုကြောင့် အစီအစဉ်ကို မရမက စောင့်ကြည့်နေကြသည်။ တကယ်တမ်းတွင်လည်း ယင်းက ဆရာများသာမက သူ့ထံမှ တစ်ခု၊ နှစ်ခု သင်ယူချင်နေသော တင်ဆက်သူများအထိပါ ဆွဲဆောင်ထားနိုင်သည်။
သူ၏ သုံးပြည်ထောင်အား လေ့လာခြင်းက ကြည့်ရှုသူများစွာအား ဆွဲဆောင်ထားနိုင်ကြောင်း ရဲ့လင်းချန် မသိပေ။ ထိုသူများထဲတွင် ဆရာများ၊ တင်ဆက်သူများ၊ တီဗွီရုပ်သံများနှင့် ယဉ်ကျေးမှုခေါင်းဆောင်များတောင်မှ ပါလေသည်။ သူတို့အားလုံးက ကွန်ပျူတာရှေ့၌ ထိုင်၍ တိုက်ရိုက် ထုတ်လွှင့်မှုကို စောင့်နေကြသည်။
အချိန်ကျလုနီးပါး ဖြစ်လာလေပြီ။ ရဲ့လင်းချန်က စူပါမန်းဝိုင် မျက်နှာဖုံးကို တပ်၍ ကွန်ပျူတာရှေ့၌ ထိုင်လိုက်သည်။ ထိုမျက်နှာဖုံးနှင့်ဆိုလျင် ကိစ္စတော်တော်များများက ပို၍ အဆင်ပြေ ချောမွေ့လာပြီး သူ ပို၍ ဝတ်ဖြစ်လာသည်။
အွန်လိုင်းဖြစ်နေသော လူအရေအတွက်ကို ကြည့်ပြီး ဤသည်က သူ၏ တိုက်ရိုက် ထုတ်လွှင့်မှုအတွက် မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်လိုက်ကြောင်း သတိပြုလိုက်မိသည်။ သုံးပြည်ထောင်က ဆွဲဆောင်နိုင်သော ထွင်လုံးတစ်ခု ဖြစ်သွားပုံ ရသည်။
တိုက်ရိုက် ထုတ်လွှင့်မှုကို စလိုက်ပြီးနောက် ရဲ့လင်းချန်က သူ့စိတ်ကို ထိန်းညှိ၍ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“ဒီနေ့ ကျွန်တော်တို့ ချောင်ချောင်နဲ့ ပတ်သက်ပြီး ပြောကြတာပေါ့၊ ကျွန်တော်တို့ ချောင်ချောင်ကို မပြောဘဲ သုံးပြည်ထောင်အကြောင်း ပြောလို့ မဖြစ်နိုင်ပါဘူး၊ ဒီသုံးပြည်ထောင်ဆိုတာက ဝေ့၊ ရှုနဲ့ ဝူတို့ပဲ ဖြစ်ပါတယ်၊ ချောင်ချောင်က ဝေ့နိုင်ငံကို တည်ထောင်ခဲ့တဲ့သူပါ၊ ဒါပေမဲ့ ကျွန်တော်တို့ မကြာခင် ချောင်ချောင်ရဲ့ အကြောင်း ဖော်ပြထားတာက ရှုပ်ထွေးတယ်ဆိုတာကို တွေ့လာရပါလိမ့်မယ်၊ လူတော်တော်များများက ချောင်ချောင်ကို မကြိုက်ကြဘူး၊ စုတုန်းပေါင်က မြောက်ပိုင်းစုန့်မင်းဆက်ထဲမှာ ပြောထားတယ်၊ သမိုင်းအကြောင်း ပြောကြတဲ့လူတွေ အများကြီး ရှိတယ်တဲ့၊ အဲ့ဒီလူတွေက ပုံပြောသူတွေပဲ၊ သူတို့က သုံးပြည်ထောင်အကြောင်း ပြောပြကြတယ်၊ လျိုပေရဲ့ ကျဆုံးခန်းအကြောင်း ပြောတဲ့အခါ လူတွေက မျက်ရည်ကျကြတယ်၊ ချောင်ချောင်ရဲ့ ကျဆုံးခန်းအကြောင်း ပြောပြီဆိုရင် လူတိုင်း လက်ခုပ်တီးကြတယ်၊ ဒါက ချောင်ချောင်က တော်တော်လေးကို လူမုန်းခံရတယ်ဆိုတာကို ပြနေတာပဲ၊ အနည်းဆုံး မြောက်ပိုင်း စုန့်မင်းဆက်ခေတ်အတွင်းမှာပေါ့၊ ဘာလို့ ချောင်ချောင်က လူမုန်းခံရတာလဲ၊ သူ ဘာလူကဲ့ရဲ့စရာ ကိစ္စတွေ လုပ်ခဲ့လို့လဲ”
သက်တောင့်သက်သာ ရှိသော အဖွင့်စကား ဖြစ်သဖြင့် လူအများအား ရယ်မောစေသည်။ တစ်ချိန်တည်းမှာပင် သူတို့အား စိတ်ထဲ၌ သိချင်စိတ်တို့ ကြီးထွားလာစေ၏။
*ဟုတ်တယ်၊ ဘာလို့ ချောင်ချောင်က လူမုန်းခံခဲ့ရတာလဲ*
သူတို့သည်လည်း ချောင်ချောင်၏ နာမည်ကို ကြားသောအခါ စိတ်ထဲ၌ အထင်သေးသော ခံစားချက်ကို ရခဲ့မိသည်။ လျိုပေနှင့် ယှဉ်လိုက်လျင် ချောင်ချောင်၏ ဂုဏ်သတင်းက ဆိုးရွားလွန်းသည်ဟုသာ ဆိုရပေမည်။
“တကယ်လို့ ချောင်ချောင်က သစ္စာဖောက်တစ်ယောက် ဖြစ်နေမယ်ဆိုရင်တောင်မှ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူး၊ ကျွန်တော်တို့က ပွဲကြည့်ပရိသတ် သက်သက်ပဲ၊ သူတို့က စစ်သားတွေကို ဦးဆောင်ပြီး စစ်တိုက် ထွက်တာလေ၊ ဘယ်လိုလုပ် သူက သစ္စာဖောက် မဖြစ်ဘဲ နေနိုင်မှာလဲ၊ လျိုပေကရော သစ္စာဖောက် မဟုတ်ဘူးလား၊ ဘာလို့ လူတွေက ချောင်ချောင်ကိုပဲ မုန်းကြတာလဲ”
လူတိုင်းကို ဝေခွဲမရ ဖြစ်သွားစေသော နောက်ထပ် မေးခွန်းတစ်ခုပင်။ ထို့အပြင် ၎င်းက သူတို့ကို ဂနာမငြိမ်၍ စိတ်မရှည် ဖြစ်စေကာ အဖြေကို သိချင်စိတ် ပြင်းပြလာအောင် လှုံ့ဆော်နေသည်။
လူတော်တော်များများက မေးခွန်းများ ဒရစပ် မေးလာကြသည်။
ရဲ့လင်းချန်က သူတို့ကို စိတ်ပျက်အောင် မလုပ်ပေ။ သူ စရှင်းပြလိုက်သည်။
“အစက လူတွေ ချောင်ချောင်ကို မကျေမနပ်ဖြစ်တာက သူ ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့်ပဲ၊ လောကကြီးက ငါ့ကို သစ္စာဖောက်လာမယ့်အစား ငါကပဲ လောကကြီးကို သစ္စာဖောက်လိုက်မယ်ဆိုတဲ့ စကားကြောင့်၊ ဆိုတော့ လောကကြီးက သူ့ကို ကျောခိုင်းတာကို ခံမယ့်အစား သူကပဲ လောကကြီးကို ကျောခိုင်းလိုက်မယ့် လူစားမျိုးကို မကောင်းတဲ့လူလို့ သတ်မှတ်ခဲ့တယ်၊ အဲ့ဒါကြောင့် ယေဘုယျအားဖြင့် အများက ချောင်ချောင်ကို သဘောမကျ ကြတာပဲ”
[အတိအကျပဲ၊ ငါ အခု မှတ်မိပြီ၊ အတိအကျကို အဲ့စကားပဲ]
[ဒီတော့ အဲ့စကားကို ပြောခဲ့တဲ့လူက ချောင်ချောင်ပေါ့၊ ငါ သူ့ကို အရမ်းမုန်းခဲ့တာက အံ့ဩစရာ မရှိဘူးပဲ]
[တစ်ကိုယ်ကောင်းဆန်လွန်းတယ်၊ သူ့ကိုယ်သူ ဘာထင်နေတာလဲ၊ သူကပဲ တစ်လောကလုံးကို သစ္စာဖောက် ချင်ရတယ်လို့]
ဖန်သားပြင်တွင် မှတ်ချက်များဖြင့် ပြည့်နေပြီး အခြေအနေက ပို၍ သွေးဆူလာသည်။ လူအများက ချောင်ချောင်ကို အသည်းအသန် ဆဲဆိုနေကြသည်။
“ဒါပေမဲ့ …”
ရဲ့လင်းချန်၏ ပြောင်းလဲသွားသော လေသံက အားလုံးကို ဒိတ်ခနဲ ဖြစ်သွားစေသည်။ ပြောင်းလဲမှုက မထင်မှတ် ထားစရာပင်။
“တကယ်ပဲ ချောင်ချောင်က အဲ့ဒါကို ပြောခဲ့လား၊ တကယ်လို့ ချောင်ချောင်က မှားယွင်းစွပ်စွဲခံခဲ့ရတာဆိုရင် ငါတို့ သူ့အတွက် သက်သေထူပေးသင့်တယ် မဟုတ်လား”
*သူ့အတွက် သက်သေထူပေးသင့်တယ် ဟုတ်လား*
*ဒါ… ဝိုင်နတ်ဘုရားက ချောင်ချောင်ဘက်က သက်သေလိုက်ပေးချင်တာလား*
ယခင်က ကျိုးယွီအား ပုံဖော်ထားမှုကို အမှန်ပြင်ခဲ့ပြီး ယခုအခါတွင် ရဲ့လင်းချန်က ချောင်ချောင်အပေါ်တွင်လည်း ထိုသို့ ပြုလုပ်လာ၏။ ချောင်ချောင်က ထိုစကားကို လုံးဝ မပြောခဲ့တာ ဖြစ်နိုင်သလား။ ယင်းက သိပ်မဟုတ် သလိုပင်။ မည်သည့် လူကောင်းမဆိုက ထိုသို့သော စကားမျိုး ပြောရန် ဖြစ်နိုင်ပါမည်လော။
ရဲ့လင်းချန်က ဆက်ပြောလေသည်။
“သမိုင်းကြောင်းအရဆိုရင် ပိုပြီး လက်ခံနိုင်စရာကောင်းတာက ဒီလို၊ တုန့်ကျောက ချောင်ချောင်ကို နှိပ်ကွပ် ချင်တယ်၊ အဲ့ဒါကြောင့် ချောင်ချောင် မြို့တော်ကနေ ထွက်ပြေးခဲ့ရတာပဲ၊ လမ်းမှာ သူက လွီပုရှဲဆိုတဲ့ မိတ်ဆွေဟောင်းရဲ့ အိမ်ကို ဖြတ်သွားခဲ့တယ်၊ အထင်လွဲမှုတစ်ခုကြောင့် ချောင်ချောင်က လွီပုရှဲရဲ့ မိသားစုက သူ့ကို အန္တရာယ်ပေးလိမ့်မယ်လို့ သံသယဝင်ခဲ့တယ်လေ၊ အဲ့ဒါကြောင့် သူတို့အားလုံးကို သူ သတ်လိုက်တယ်”
“သူတို့ကို သတ်လိုက်ပြီးတော့မှ ချောင်ချောင်က သူ့အမှားကို သတိပြုမိသွားပြီးတော့ ကြေကွဲဝမ်းနည်းစွာ ညည်းညူတယ်၊ လူတစ်ယောက်ဆီက သစ္စာဖောက်တာ ခံရမယ့်အစား ငါ အဲ့လူကိုပဲ သစ္စာဖောက်လိုက်မယ်တဲ့”
တစ်ခဏမျှ ရပ်လိုက်ပြီးနောက် ရဲ့လင်းချန်က ဆက်ရှင်းပြသည်။
“ဒီနားလေးက အကြောင်းအရာကို ကြည့်ရအောင်၊ သူတို့ကို သူ မှားယွင်းပြီး သတ်လိုက်မိတာကို သူ သိလိုက်ရတာနဲ့ စိတ်ဆင်းရဲပြီး ပြောလိုက်တာ၊ ဒီနေရာမှာ စိတ်ဆင်းရဲတာက အဓိက စကားလုံးပဲ၊ သူ လူမှားပြီး သတ်ခဲ့မိတယ်၊ အဲ့အတွက် သူ ဝမ်းနည်းခဲ့တာပဲ၊ သူက ဒါကို ဘေးချိတ်ပြီးတော့ အခြားသူက သူ့ကို သစ္စာဖောက်လာတာကို ခံမယ့်အစား သူကပဲ အခြားသူကို သစ္စာဖောက်လိုက်မယ်လို့ ပြောလာတယ်၊ ဒါက သူ့ကိုယ်သူ စိတ်အေးချမ်းသွားအောင် ပြန်နှစ်သိမ့်ပေးလိုက်တာပဲ၊ အဲ့ဒါကြောင့် ဒါက သူ့ရဲ့ မှားယွင်းတဲ့ အပြုအမူအတွက် အင်တင်တင်နဲ့ အကြောင်းပြချက် ပေးလိုက်တာ”
လူအများက ခေါင်းညိတ်နေကြသည်။ ထိုအချိန်က ချောင်ချောင်၏ စိတ်အခြေအနေကို သူတို့ ခံစားမိလုနီးပါး ဖြစ်နေကြသည်။
ထိုစဉ် ရဲ့လင်းချန် ဆက်ပြောလိုက်သံကို သူတို့ ကြားလိုက်ရသည်။
“ချောင်ချောင်က အဲ့အချိန်တုန်းက အဲ့လိုပြောခဲ့တာက အခြေအနေကို စောဒက တက်ချင်လို့ပဲ၊ သူ မှားခဲ့တယ်၊ သူ တစ်စုံတစ်ယောက်ကို မှားပြီး သတ်ခဲ့မိတယ်၊ အဲ့လူတွေကို သူ နောက်ကျောကနေ ဓားနဲ့ ထိုးခဲ့မိတယ်၊ ဒါပေမဲ့ သူ အခု ဘာမှမတတ်နိုင်တော့ဘူး၊ သူက ကြိုးရဲ့အဆုံးကို ရောက်နေပြီ၊ နောက်ပြန်လှည့်လို့ မရတော့ဘူး၊ အဲ့ဒီတော့ သူက သူများက သစ္စာဖောက်တာ ခံရမယ့်အစား သူကပဲ သစ္စာဖောက်လိုက်တော့မယ်လို့ တွေးလိုက်တာ၊ ဒါပေမဲ့ သုံးပြည်ထောင် ချစ်ဇာတ်လမ်းမှာကျတော့ သူ့စကားက ယုံကြည်မှုရှိပြီး မှန်ကန်သလို ဖြစ်နေတယ်၊ “အခြားသူက ငါ့ကို သစ္စာဖောက်တာကို ခံမယ့်အစား ငါကပဲ အဲ့လူကို သစ္စာဖောက်လိုက်မယ်”ဆိုတဲ့ မူလစကားနေရာမှာ လောကလို့ အစားထိုးလိုက်တော့ ကွာခြားချက်က တအား ကြီးသွားပြီ”
[လတ်စသက်တော့ မူလဇာတ်လမ်းက အဲ့လိုကိုး၊ ဒီလို စိစစ်လိုက်တော့ နောက်ပိုင်း ကောလာဟလတွေက အပိုစာသားတွေ အများကြီး ထည့်ထားတာပဲ]
[သူ့နေရာကနေ ဝင်ကြည့်မယ်ဆိုရင် အဲ့အချိန်တုန်းက ချောင်ချောင်ရဲ့ လုပ်ရပ်တွေက လုံးဝ မှားတယ်လို့ မပြောသာဘူး]
[တကယ်ပဲ သူ့စကားကို အဓိပ္ပာယ်ကောက် လွဲခဲ့တာလား]
ရဲ့လင်းချန်၏ လေ့လာသုံးသပ်ချက်က ပရိသတ်များကိုသာ များစွာသော သမိုင်း ပါရဂူများကို အလေးအနက် ဆင်ခြင် တွေးတော သွားစေခဲ့သည်။
“ချောင်ချောင်က မဖြောင့်မတ်တာကိုတော့ မငြင်းပါဘူး၊ ဒါပေမမဲ့ သူ့မှာလည်း ချစ်စရာကောင်းတဲ့ ရိုးသားတဲ့ ဘက်ခြမ်းတော့ ရှိပါတယ်၊ ချောင်ချောင်ရဲ့ အကျင့်စရိုက်ကို ဆန့်ကျင်ဘက်ပြောထားတာတွေကို ကြည့်လိုက် ရအောင် …”
…
“အဲ့ဒါကြောင့် အကျဉ်းချုပ်ပြီး ပြောရရင် ချောင်ချောင်က ချစ်စရာကောင်းပင်မယ့် သစ္စာဖောက်သူလို့ ကျွန်တော် ယုံကြည်တယ်၊ ဘာလို့ သူက ချစ်စရာကောင်းပေမဲ့ သစ္စာဖောက် ဖြစ်နေသေးတာလဲ သိလား၊ အဲ့ဒါကိုတော့ သစ္စာဖောက်၏ ပဟေဠိဆိုတဲ့ နောက်အပိုင်းမှာ နားဆင်ပေးကြပါ”
တိုက်ရိုက် ထုတ်လွှင့်မှု အပြီး၌ လူတိုင်း၏ မျက်နှာတွင် ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော အမူအရာတစ်ခု ရှိနေသည်။ ရဲ့လင်းချန် ပြောသည်ကို နားထောင်ပြီးနောက် သမိုင်းကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့လိုက်ရသလို ခံစားခဲ့ရပြီး သူတို့အတွက် အတော်လေး အကျိုးအမြတ် ရခဲ့သည်။
ယင်းက လေးနက်၍ စိတ်ဝင်စားစရာ ကောင်းသည်။
တစ်ချိန်တည်းမှာပင် သူတို့၏ စိတ်ထဲ၌ အတောမသတ်နိုင်သော လေးစားမှုတို့နှင့် ပြည့်နှက်လာသည်။ ရဲ့လင်းချန်၏ သမိုင်းသုတေသနက နှံ့စပ်ပြီး အသေးစိတ်ကျသည်။ ယင်းအား အထင်ကြီးစရာကောင်းသော စွမ်းဆောင်မှုပင်။