ဧကရာဇ်အဆင့် အခွင့်အရေး
Vol. 17 Ch. 247
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ လှည့်ဖြားခြင်းကို အရိပ် ခံလိုက်ရပြီဖြစ်ကြောင်း ရွှီချင်း သိလိုက်သည်။ ဖိနှိပ်ခံလိုက်ရခြင်းကြောင့် အရိပ်၏ အသိဉာဏ်အပေါ် သက်ရောက်သွားခဲ့သည်။
သို့တိုင်အောင် အရိပ်ကို သူ ထပ်ဖိနှိပ်ချင်သေးသည်။ သို့သော် သူက အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်သူဖြစ်ရာ ဖိနှိပ်ချင်သည့်စိတ်ကို ချိုးနှိမ်ကာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို မာန်မဲသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အရိပ်ကို နောက်ထပ်မလှည့်ဖြားတော့ဘဲ ကပ်ဖားရပ်ဖားလုပ်သည့်အမူအရာကို အလျင်အမြန် ဆင်မြန်းလိုက်သည်။
ရွှီချင်းသည် အရိပ်ကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
“ လူ့ဘီလူးကြီးကို မင်း ဘယ်လို ခေါ်လိုက်တာလဲ။ မင်းက ဘာလဲ။ မင်းလိုမျိုး တခြားကောင်တွေ ရှိသေးလား ”
အရိပ်မှာ တုန်ရီသွားရပြီး အတတ်နိုင်ဆုံး ရှင်းပြရန် ကြိုးစားလိုက်သည်။
“ အရိပ် … ဆက်သွယ် …”
ပြီးသည်နှင့် အရိပ်က ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ဆောင့်ကြောင့်ထိုင်၍ ခပ်တိုးတိုးမေးမြန်းလိုက်သည်။ အရိပ်က အဆက်မပြတ် မျက်တောင်ခတ်ကာ ခေါင်းညိတ်ပြီးနောက်တွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် လှည့်ကာ ရွှီချင်းကို အရိုအသေပေး၍ လေးစားစွာ ပြောလိုက်သည်။
“ သခင်လေး … အရိပ်လေး ပြောတာတော့ သူလည်း မသိဘူးတဲ့။ သူ အသိစိတ်ဝင်လာတော့ လူတစ်ယောက်ရဲ့ အရိပ်မှာ ကယ်တွယ်ပြီး အိပ်စက်နိုင်တဲ့ အရိပ်ဖြစ်နေတာ ပြောပါတယ် ”
ထိုနေရာအရောက်တွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ အရိပ်ကဲ့သို့ တခြားသတ္တဝါများ ရှိသေးလား ရွှီချင်း မေးမြန်းစဉ်အခါက ရွှီချင်း၏ စကားလုံးများထဲရှိ လူသတ်ငွေ့များကို သူ အာရုံခံမိသည်။
ထို့ကြောင့် သူက ဆက်ပြောလိုက်သည်။
“ အခုချိန်ထိ သူ့လိုမျိုး သတ္တဝါကို အာရုံမခံနိုင်သေးလို့ အရိပ်လေးက ပြောပါတယ်။ ဒါပေမဲ့ ဒီလောကကြီးထဲမှာ ထူးခြားတဲ့အရာတွေ ရှားရှားပါးပါး ရှိနေမယ်လို့ ကျနော်မျိုး ထင်ပါတယ် ”
“ လူ့ဘီလူးကြီးကို ဆင့်ခေါ်တဲ့ကိစ္စကိုတော့ သူလည်း မသိပါဘူး။ လူ့ဘီလူးကြီးကို မြင်တော့ လူ့ဘီလူးကြီးရဲ့ အသံအတိုင်း အလိုလို တုပပြီး ဆင့်ခေါ်လိုက်တာ ပြောပါတယ်။ ကျနော်မျိုး ထင်တာတော့ အရိပ်လေးက ကြေးနဂါးလှည်းကြီးနဲ့ တစ်နည်းနည်း ဆက်စပ်နေမှာပါ ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ အရိပ်လေး၏ စကားများထဲမှ တချို့တစ်ဝက်ကိုသာ သူ ယုံကြည်ပါသော်လည်း အရိပ်လေးက များစွာ ပြောပြခဲ့ပေရာ အရိပ်လေးကို ဆက်ဖိနှိပ်နေရန် အကြောင်းမရှိတော့ပေ။
ထို့ပြင် အရိပ်လေးက အမှန်ပြောနိုင်ချေ အလွန် မြင့်သည်။
“ အရိပ်က လူ့ဘီလူးကြီးကို ဆင့်ခေါ်နိုင်တယ်။ ငါ ဒါကို ကောင်းကောင်းအသုံးချရင် ငါ့ဝှက်ဖဲ ဖြစ်လာမှာပဲ ”
ရွှီချင်းက မှော်သင်္ဘောကြီးပေါ်တွင် ထိုင်၍ ပင်လယ်ပြင်ကို ဆက်ကြည့်လိုက်သည်။ မွန်းလွဲချိန်ရောက်နေပြီဖြစ်ပြီး နေရောင်ခြည်များ စူးရှတောက်ပနေဆဲဖြစ်ပါသော်လည်း ထိုအလင်းတန်းများကို ကြည့်ရသည်မှာ စီးဆင်းနေသည့်အသွင် ရှိသည်။
လူ့ဘီလူးကြီးနှင့် ကြေးနဂါးလှည်းကြီးတို့အကြောင်း အကြီးအကဲကျိုး၏ စကားများ သူ့ခေါင်းထဲ ပဲ့တင်ထပ်နေသည်။ ထိုအကြောင်း သူ တွေးလေလေ စိတ်ဝင်စားလာရပြီး စိတ်ဆန္ဒများ ပြင်းပြလာရသည်။
ထိုကြေးနဂါးလှည်းကြီးကို သူ တစ်ကြိမ်တည်းသာ တွေ့ခဲ့ပါက ဘာမှဖြစ်မည် မဟုတ်သော်လည်း ယခုတွင် နောက်တစ်ကြိမ် တွေ့ခဲ့ရပြီး အရိပ်လေးမှာလည်း လူ့ဘီလူးကြီးကို ဆင့်ခေါ်နိုင်သည့်အစွမ်း ရှိပေရာ သူသာ ကောင်းစွာ စီစဉ်ပါက ဧကရာဇ်အဆင့်လျှို့ဝှက်ပညာရပ်ကို မရနိုင်စရာ အကြောင်း မရှိပေ။
သို့သော်လည်း ထိုကိစ္စက အလွန် ခက်ခဲသည်။ မကြာသေးခင်က လူ့ဘီလူးကြီးအား မြင်ခဲ့စဉ်အခါက ခံစားခဲ့ရသည်ကို သူ ပြန်တွေးကြည့်မိလိုက်သည်။ လူ့ဘီလူးကြီးထံမှ ဖိအားကြောင့် သူ့ခန္ဓာနှင့်ဝိညာဉ် မခုခံနိုင်အောင် ဖြစ်ခဲ့ရသည်။
လူ့ဘီလူးကြီးသာ ပိုနီးကပ်လာခဲ့ပါက သူ့ခန္ဓာကိုယ် သေချာပေါက် ပြိုလဲသွားမည်ကို တွေးကြည့်နိုင်သည်။
ရေသူမမျိုးနွယ်၏ နံရံဆေးရေးပန်းချီများထဲတွင် ထိုကဲ့သို့ ခံစားချက်မျိုး သူ ခံစားခဲ့ရဖူးသည်။ သူ့ကျင့်ကြံခြင်းစွမ်းအားများက ယခင်နှင့် မတူတော့ပါသော်လည်း ထိုလူ့ဘီလူးကြီးက နံရံဆေးရေးပန်းချီများထဲမှ နတ်များထက် သိသိသာသာ သာလွန်သည်။
“ ငါ အနားမကပ်နိုင်ရင် နဂါးလှည်းကြီးထဲ ဝင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ရှိသမျှ နည်းလမ်းအကုန်သုံးပြီး အတင်းအကြပ် ဝင်ရင်တောင် အဲဒီလူ့ဘီလူးကြီး လှည့်ကြည့်လိုက်တာနဲ့ သူ့အစွမ်းကို သေချာပေါက် ငါ မခံနိုင်ဘူး ”
“ အရင်က ခုနစ်ဂိုဏ်းမဟာမိတ်သခင်ကြီးက ဘယ်လိုဝင်ခဲ့လဲ မသိဘူး …”
ရွှီချင်း ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။ လူ့ဘီလူးကြီး အိပ်မောမကျမချင်း နဂါးလှည်းကြီးထဲ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
“ အရိပ်၊ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ လူ့ဘီလူးကြီးကို ဆင့်ခေါ်ပြီး ဖုံးအုပ်လိုက်။ ပြီးရင် နဂါးလှည်းထဲက ဧကရာဇ်အဆင့်ပညာရပ်ကို ငါ့ဖို့ ကူးလာခဲ့ ”
ရွှီချင်းက အရိပ်ကို ကြည့်လိုက်သည်။
အရိပ်မှာ ချက်ချင်း ကြောက်လန့်တကြား ဖြစ်သွားသည်။
“ ချုပ်နှောင် … ကြောက်ကြောက် …”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ စိတ်ဓာတ်တက်ကြွသွားသည်။ ရွှီချင်းကို မပြောစေဘဲ သူက အလျင်အမြန် သွားကာ အရိပ်နှင့် ဆက်သွယ်လိုက်ပြီး ပြန်ရှင်းပြလိုက်သည်။
“ သခင်လေး၊ အဲဒီလူ့ဘီလူးကြီးရဲ့ ကိုယ်မှာ နတ်အငွေ့အသက်တွေ ရှိတယ်လို့ အရိပ်လေး ပြောပါတယ်။ သူ အနားကပ်သွားတာနဲ့ ချုပ်နှောင်ခံရမှာတဲ့။ ပြီးတော့ လူ့ဘီလူးကြီးမှာ အရိပ်မရှိလို့ အရိပ်မျက်လုံးကို ထည့်လို့မရဘူးတဲ့ ”
“ အရိပ်ကြီးကို ဆင့်ခေါ်တဲ့အကြောင်းအရင်းကိုလည်း ကျနော်မျိုး အခုလေးတင် မေးခဲ့ပါသေးတယ်။ သူက နဂါးလှည်းကြီးရဲ့ ဖိအားနဲ့ သခင်လေးကို တုန်လှုပ်ချောက်ချားသွားအောင် လုပ်ခဲ့တာလို့ ပြောပါတယ်။ အဲဒီဖိအားကို သူက သခင်လေးထက် ပိုပြီး ကြာကြာခံနိုင်တယ်လို့ သူ ထင်နေခဲ့တာပါ။ သခင်လေးသေတာနဲ့ သူလည်း လွတ်မြောက်ပြီတဲ့။ ဟင်း … အရိပ်လေး … မင်း ဘယ်လိုလုပ် ဒီလောက်သတ္တိကောင်းနေရတာတုံး ”
ထိုစကားကို ရွှီချင်း ကားသောအခါ အရိပ်လေးကို လှည့်ကြည့်လိုက်ပြီး မကြာသေးခင်က အရိပ်လေး၏ တုန့်ပြန်မှုကို ပြန်တွေးမိလိုက်သည်။ သူ လက်ကိုမြှောက်၍ ဖိနှိပ်လိုက်ရာ အရိပ်လေးထံမှ စူးစူးဝါးဝါးအော်ဟစ်သံ ထွက်ပေါ်လာသည်။ အရိပ်လေးမှာ ပြန်လည်သက်သာလာပြီးနောက် ကြောက်လန့်ပြီး တောင်းပန်နေသည့်ခံစားချက်များကို ပို့လွှတ်လိုက်သည်။
ရွှီချင်းသည် အရိပ်ကို မကြည့်ဘဲ ဝင်လုဆဲ နေမင်းကြီးကို ကြည့်ကာ စိတ်ထဲ အတွေးမျိုးစုံ ဖြတ်ပြေးသွားသည်။ နောက်ဆုံး၌ ကောင်းကင်ကြီး မှောင်မည်းလာသောအခါ ကြေးနဂါးလှည်းကြီးပေါ်မှ နံရံဆေးရေးပန်းချီများကို တွေးတောရင်း တစ်ဆက်တည်းမှာပင် ပင်လယ်ပြင်သို့ ပထမဆုံးအကြိမ် သူ ထွက်သွားခဲ့စဉ်က ကြုံကြိုက်ခဲ့ရသည့် တစ္ဆေတစ်ရာညဉ့်ပျော်ပွဲအကြောင်းကို တွေးမိသွားသည်။
“ အဆုံးမဲ့ပင်လယ်ထဲမှာ သာမန်လူတွေ မကြားဖူးတဲ့ ထူးဆန်းအံ့သြဖွယ်ရာတွေ ရှိတယ်။ အဖော်အဖြစ် ရွှေကျီးကန်းချီယန်နဲ့အတူ သံစဉ်တစ်ရာက နတ်တေးဖြစ်လာပြီး ငွေစန္ဒာကို ကြိုဆိုတယ် ”
“ နတ်ဘုရားက နှစ်ထောင်းအားရဖြစ်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ အဆုံးမဲ့ပင်လယ်ကြီးက တားမြစ်ပင်လယ်ဖြစ်သွားတယ်။ သံစဉ်တစ်ရာက ယင်ဖြစ်သွားတယ် ”
ထိုစကားများသည် တစ္ဆေတစ်ရာအကြောင်း ဖော်ပြထားသည့် ပင်လယ်မှတ်တမ်းတစ်ခု ဖြစ်သည်။ ယင်းကို ရွှီချင်း ပြန်တွေးမိသောအခါ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာပြီး အနည်းငယ် စိတ်လှုပ်ရှားလာသည်။
“ နဂါးလှည်းကြီးက နေမင်းရဲ့ လှည်းကြီးလို့ အကြီးအကဲကျောက် ပြောခဲ့တယ်။ ဒါဆို နဂါးလှည်းကြီးပေါ်က နံရံဆေးရေးပန်းချီတွေထဲက လူငယ်က နေမင်းကြီး ဖြစ်လောက်တယ်။ ပြီးတော့ နံရံဆေးရေးပန်းချီတွေကလည်း သူ နေမင်းဖြစ်သွားပုံကို ရေးဆွဲထားတာ ”
“ အဲဒီအချက်က ပင်လယ်မှတ်တမ်းထဲမှာ ဖော်ပြထားတာနဲ့ ကိုက်ညီနေတယ်။ နေမင်းဆိုတာ ရွှေကျီးကန်းပဲ။ နေထွက်လာတဲ့အချိန်မှာ ကောင်းကင်ကြီးဆီ နဂါးလှည်းကြီးကို စီးသွားပြီး နေဖြစ်သွားတယ်။ နေဝင်သွားတဲ့အချိန်မှာ နဂါးလှည်းကြီးစီးပြီး ပြန်သွားတယ်။ ပြီးတော့ အိပ်ခန်းထဲကနေ ‘ ငွေစန္ဒာကို ကြိုဆိုသောနတ်တေး ’ ကို နားဆင်တယ် ”
“ အဲဒါသာ အမှန်ဆိုရင် အဲဒီလူ့ဘီလူးကြီးက အသက်ရှင်တုန်းက ‘ ငွေစန္ဒာကို ကြိုဆိုသော နတ်တေး ’ ကို မရေမတွက်နိုင်လောက်အောင် နားထောင်ခဲ့ဖူးလောက်မယ်။ အခု ဒီလိုမျိုး လူ့ဘီလူးဖြစ်သွားတာတောင် တားမြစ်ပင်လယ်အောက်မှာ လှည်းကြီးကို ဆွဲရမယ့်အသိရှိနေတုန်းပဲ။ တကယ်လို့ ‘ ငွေစန္ဒာကို ကြိုဆိုသော နတ်တေး ’ ကိုသာ ကြားလိုက်ရင် အဲဒီလူ့ဘီလူးကြီး တွေဝေသွားလောက်တယ် ”
ထိုအတွေးကြောင့် ရွှီချင်း၏ မျက်လုံးများ တဖိတ်ဖိတ်လက်လာသည်။
ထိုအကြံအစည်သာ အောင်မြင်ချင်ပါက ပထမဦးစွာ တစ္ဆေတစ်ရာကို သူ ရှာပေမည်။ ဒုတိယအနေဖြင့် သံစဉ်ကို သိုလှောင်နိုင်သော ပစ္စည်း ရှိရမည် ဖြစ်သည်။ ထို့ပြင် ထိုပစ္စည်း၏ အရည်အသွေးက အလွန် အရေးကြီးသည်။ သူက အသံဖမ်းပုလင်းရှိသော သိုလှောင်အိတ်ကို လှမ်းကြည့်လိုက်သည်။
ထိုအခြေအနေများအပြင် ကြေးနဂါးလှည်းကြီးကိုလည်း သူ ရှာရမည် ဖြစ်သည်။
တားမြစ်ပင်လယ်မှာ ကျယ်ပြောလွန်းသည်။ များသောအားဖြင့် လူ့ဘီလူးကြီးက ပင်လယ်နက်ထဲတွင် ရှိနေတတ်ပြီး ရံဖန်ရံခါမှသာ မြင်ရတတ်ပေရာ သူ့ကို ရှာဖွေရန် မဖြစ်နိုင်ပေ။
“ ငါတောင် ဒီလိုမျိုးတွေးရင် တခြားလူတွေလည်း ဒီလိုမျိုး တွေးမှာပဲ။ ခုနစ်ဂိုဏ်းမဟာမိတ်လည်း အရင်က အဲဒီလိုမျိုး လုပ်ခဲ့လောက်မှာ ”
“ ဒါပေမဲ့ သူတို့ထက်စာရင် ငါ့မှာ နောက်ထပ်အားသာချက်ရှိတယ်။ ဒီနည်းလမ်းကို သူတို့ တွးမိရင်တောင် ကြေးနဂါးလှည်းကြီးကို တွေ့နိုင်ဖို့ အခွင့်အလမ်းတွေ လှည့်ပတ်ရှာရမှာ။ ငါက အရိပ်ကိုသုံးပြီး ဆင့်ခေါ်လို့ရတယ် ”
“ အခွင့်အလမ်းကို လှည့်ပတ်ရှာရတာနဲ့ သိလို့ရှာရတာ မတူဘူး ”
ရွှီချင်း စိတ်ပါလာပြီး သူ့အစီအစဉ်ကို အရှိန်တင်ရန် တွေးလိုက်သည်။ အခွင့်အလမ်းကို လှည့်ပတ်ရှာရခြင်းနှင့် သိ၍ ရှာခြင်းကြားတွင် ခြားနားချက်များ ရှိပါသော်လည်း စိတ်အားထက်သန်နေပါက လုပ်ဆောင်နိုင်မည်သာ ဖြစ်သည်။
အမှန်စင်စစ် ကြေးနဂါးလှည်းကြီးကို ရှာဖွေနေသည့်လူ ရှိနေလောက်ပြီ ဖြစ်သည်။
ကြေးနဂါးကြီး ထွက်ပေါ်လာတိုင်း အမွေဆက်ဆံသူကို ရှာဖွေတတ်ကြောင်း အကြီးအကဲကျောက် ပြောသည်ကို ရွှီချင်း ကောင်းကောင်း မှတ်မိသည်။ ကြေးနဂါးလှည်းပေါ်ရှိ ဧကရာဇ်အဆင့် လျှို့ဝှက်အတတ်ကို လူတစ်ယောက်က နားလည်သွားသည်နှင့် အလိုလိုမှိန်ဖျော့သွားမည်ဖြစ်သည်။ ထို့နောက် လူ့ဘီလူးကြီးက ကြေးနဂါးလှည်းကြီးနှင့်အတူ ပင်လယ်ကြမ်းပြင်သို့ ပြန်သွားကာ နောက်ထပ် အမွေဆက်ခံမည့်သူ ပေါ်လာမည်ကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေသည်။
“ ဒီတော့ အဲဒီကျင့်ကြံခြင်းအတတ်က အမွေလွဲှပြောင်းပေးမှပဲ တတ်မြောက်နိုင်တာ။ တခြားသူတွေကို သင်ပေးလို့ မရဘူး။ ဒါပေမဲ့ အဲဒါ မှန်၊ မမှန်ကို နောက်မှပဲ သိမှာ ”
ရွှီချင်းမှာ သူ့ယူဆချက်မှား မှန်ကန်နိုင်ကြောင်း တွေးမိပြီး ကြိုးစားကြည့်ရန် စီစဉ်လိုက်သည်။
“ ဒါဆို အရင်ဆုံး ငါ လုပ်ရမှာက တစ္ဆေတစ်ရာညဉ့်ပျော်ပွဲပဲ ”
ရွှီချင်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ တစ္ဆေတစ်ရာညဉ့်ပျော်ပွဲမှာ ညအခါ၌သာ ပေါ်လာတတ်ပြီး အချိန်မကြာတတ်သည်ကို သူ သိထားသည်။ သူ ရှာတွေ့နိုင်ရန်မှာ ကံကြမ္မာအပေါ်တွင်သာ မူတည်သည်။
ထို့ကြောင့် ရွှီချင်းက တွေဝေတွန့်ဆုတ်မနေဘဲ အာရုံကို အစွန်းကုန် ဖြန့်ကျက်၍ မှော်သင်္ဘောကို ထိန်းချုပ်ကာ တားမြစ်ပင်လယ်ထဲ အလျင်အမြန် သွားလိုက်ပြီး တစ္ဆေတစ်ရာညဉ့်ပျော်ပွဲကို ရှာဖွေလေသည်။
ထိုသို့ဖြင့် နေ့ရက်များ ကုန်လွန်သွားသည်။ ရွှီချင်း၏ ရှာဖွေမှုက မချောမွေ့ခဲ့ပေ။ တားမြစ်ပင်လယ်မှာ ကျယ်ပြန့်လွန်းသည် မဟုတ်ပါလား။ တစ္ဆေတစ်ရာညဉ့်ပျော်ပွဲကို ရှာဖွေရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသည်နှင့် ဆင်တူပြီး ကံကြမ္မာအပေါ်တွင် မူတည်နေသည်။
သို့သော်လည်း သူ အလျဉ်မလိုပေ။ ထိုတစ်လတာအတောအတွင်း သံတုတ်မှ အပြောင်းအလဲများကို သူ ရင်းနှီးလာသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ လျှပ်စီးဝိညာဉ်ဖြစ်လာပြီးနောက် သံတုတ်၏ အမြန်နှုန်းနှင့် အစွမ်းမှာ ကြောက်ခမန်းလိလိ ဖြစ်လာသည်။
အထူးသဖြင့် သံတုတ်ကို သန့်စင်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော လျှပ်စီးကမ္ပည်းစာများ တဖျပ်ဖျပ်ဝင်းလက်လာသောအခါတွင် ဖြစ်သည်။ ထိုအခါ ထွက်ပေါ်လာတတ်သော အရှိန်အဝါကြောင့် ရွှီချင်း အတော်လေး အံ့အားသင့်သွားရသည်။ ထိုအမြန်နှုန်းသည် သက်စောင့်မီးလုံးတစ်လုံးနှင့် ကျင့်ကြံသူတစ်ယောက်ထက် ကျော်လွန်ပြီး သက်စောင့်မီးလုံးနှစ်လုံးနှင့် ကျင့်ကြံသူကို ယှဉ်နိုင်သည်။
ယင်းက အနည်းငယ် နိမ့်ကျနိုင်ပါသော်လည်း ရွှီချင်းကို အထောက်အပံ့ဖြစ်စေပြီး သူ၏ တိုက်ရည်ခိုက်ရည်ကို များစွာ တိုးတက်သွားစေသည်။ တချိန်တည်းမှာပင် အရိပ်၏ အစွမ်းများကိုလည်း သူ နားလည်လာရသည်။
ရွှီချင်းက အရိပ်ကို ငါးမန်းရိုင်းတစ်ကောင်၏ အရိပ်အား ဝါးမျိုစေခြင်းဖြင့် တခြားသတ္တဝါများအား ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်ခဲ့သည်။ အရိပ်က ငါးမန်းရိုင်း၏ အရိပ်ကို ဝါးမျိုပြီးနောက် ငါးမန်းရိုင်း၏ ခေါင်းကြီးအား ဆတ်ခနဲ လှည့်လိုက်သည်ကို သူ ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။ ထိုလှည့်အားကြောင့် ငါးမန်းရိုင်းမှာ တဖျစ်ဖျစ်မြည်ကာ လည်ပင်းကျိုးသွားသည်။
ထိုမြင်ကွင်းသည် အလွန်ထူးဆန်းပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်ပင် တုန်လှုပ်သွားရသည်။ သူက အရိပ်မဟုတ်ဘဲ လက်နက်စောင့်ဝိညာဉ်သာ ဖြစ်နေသည့်အတွက် ဝမ်းသာသွားရသည်။
ယင်းဝါးမျိုခြင်းဖြစ်စဉ်နှင့် ပတ်သက်၍ အားနည်းချက်မှာ အနည်းငယ် နှေးကွေးနေခြင်းသာ ဖြစ်သည်။
ယင်းအပြင် အရိပ်၏ တခြားအစွမ်းတစ်မျိုးဖြစ်သော အရိပ်မျက်လုံးများကြောင့်လည်း ရွှီချင်း အကြီးအကျယ် အံ့အားသင့်သွားရသည်။ သူက အရိပ်ကို ထိန်းချုပ်၍ အရိပ်မျက်လုံးတစ်ရာကို ထုတ်လွှတ်ကာ ပင်လယ်သတ္တဝါများအပေါ် ဖြန့်ကျဲလိုက်သည်။ ထိုပင်လယ်သတ္တဝါများ အုပ်စုကွဲ၍ သွားသောအခါတွင် ရွှီချင်း၌ မြောက်မြားစွာသော မျက်လုံးများ ရသွားသည်နှင့် တူညီသွားသည်။
သူ အရိပ်မျက်လုံး ထားလိုက်သော ပင်လယ်သတ္တဝါများမှာ ပင်လ်ပြင်ပေါ် ခုန်ပျံကာ ညဉ့်အခါ သွားလာရသည်ကို သဘောကျသော သတ္တဝါများဖြစ်ကြသည်။ သို့ဖြစ်၍ တစ္ဆေတစ်ရာညဉ့်ပျော်ပွဲကို ရှာဖွေရာ၌ ၎င်းတို့က ကြီးမားစွာ အကူအညီရလေသည်။
ထိုသို့ဖြင့် နောက်တစ်လ ကုန်လွန်သွားသည်။
ထိုညက အရိပ်မျက်လုံးများမှတစ်ဆင့် ရွှီချင်း စစ်ဆေးနေစဉ် ရုတ်တရက် အရိပ်မျက်လုံးတစ်လုံးကို သူ အာရုံစိုက်သွားသည်။
ထိုအရိပ်မျက်လုံးမှတစ်ဆင့် ထိုနေရာရှိပင်လယ်ပြင်၌ တစ္ဆေအုပ်စုများ လေထဲ ပျံတက်နေသည်ကို သူ ရှင်းရှင်းမြင်နေရသည်။
“ တစ္ဆေတစ်ရာ ညဉ့်ပျော်ပွဲ ”