← Chapters

ထိပ်တိုက်တွေ့ဆုံခြင်း

Vol. 17 Ch. 248

ထိပ်တိုက်တွေ့ဆုံခြင်း

Vol. 17 Ch. 248

ရွှီချင်းက မှော်သင်္ဘောကို ချက်ချင်း သိမ်းဆည်းကာ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်သွင်းလိုက်သည်။ သက်စောင့်မီးတောက်က မီးတောင်တစ်လုံးကဲ့သို့ လောင်ကျွမ်းသွားပြီး အရိပ်မျက်လုံးတည်နေရာသို့ သူ အလျင်အမြန် သွားလိုက်သည်။

ထိုအရိပ် ကပ်တွယ်နေသည်မှာ ငွေစန္ဒာငါးတစ်ကောင် ဖြစ်သည်။

ထိုငါးသည် အရွယ်အစားအားဖြင့် ပေတစ်ရာရှိသည်။ ၎င်း၏ခေါင်းက အလွန် ကြီးမားပြီး ခန္ဓာကိုယ်၏ ကိုးဆယ်ရာခိုင်နှုန်းနီးပါးကို နေရာယူထားသည်။ ရေယပ်တိုတိုလေးများ၊ အမြီးရှည်နှင့် အမြဲတမ်း ပွင့်နေသော ပါးစပ်တို့ကြောင့် ၎င်းကိုကြည့်ရသည်မှာ အနည်းငယ် နုံအပြီး ချစ်စဖွယ်ကောင်းလှသည်။

၎င်းက ရေကူးရာတွင်လည်း မမြန်ဆန်သည့်အပြင် အလင်းရောင်ကို သဘောကျသည့်သတ္တဝါဖြစ်သည်။ နေရောင်ဖြစ်စေ၊ လရောင်ဖြစ်စေ နှစ်မျိုးလုံးကို ၎င်းက သဘောကျသည်။ ထို့ကြောင့် ပင်လယ်အောက် ငုပ်လျှိုးနိုင်သည့်အစွမ်း ရှိပါသော်လည်း ငါးသေတစ်ကောင်ကဲ့သို့ ပင်လယ်ပြင်ပေါ် ပေါလောမျောနေတတ်သည်။

ထိုငွေစန္ဒငါးတွင် ထူးဆန်းသော အစွမ်းတစ်မျိုး ရှိသည်။ ၎င်းပေါ်လာသည်နှင့် ၎င်း၏ ပတ်လည်တွင် ဒဏ်ရာရနေသော သတ္တဝါများ ရှိနေခြင်း ဖြစ်သည်။

ထိုပင်လယ်သတ္တဝါအများစုက ငွေစန္ဒာငါးကို သတ်ကြသည်မဟုတ်ဘဲ ၎င်းကို ပေါလောမျောနေသော အဝတ်စုတ်တစ်ခုသဖွယ် သဘောထားကာ သူတို့ကိုယ်များ အထူးသဖြင့် သူတို့ဒဏ်ရာများဖြင့် ပွတ်သပ်ကြသည်။

ချီရွှဲ့ထုံဂိုဏ်း၏ ပင်လယ်မှတ်တမ်းမှာလည်း ထိုအကြောင်းကို ပြောပြထားသည်။

ငွေစန္ဒာငါး၏ ခန္ဓာကိုယ်မှ ထူးဆန်းသော အကျိအချွဲတချို့ ထွက်သည်။ ယင်းအကျိအချွဲသည် ဒဏ်ရာသက်သာစေနိုင်သော အစွမ်းတစ်မျိုး ရှိပေရာ ငွေစန္ဒာငါးများကို တားမြစ်ပင်လယ်တွင် နေရာရစေသည်။

ရွှီချင်းက တဟုန်ထိုး သွားနေသည်။ အရိပ်မှ ညွှန်ပြထားသောနေရာအရ နှစ်နာရီ ပျံသန်းပြီးနောက် အဝေးတွင် ကောင်းကင်သို့ ပျံတက်နေသော တစ္ဆေဝိညာဉ်များကို သူ မြင်လိုက်ရသည်။

ယင်းမှာ တစ္ဆေတစ်ရာညဉ့်ပျော်ပွဲ ဖြစ်ပေသည်။

ယင်းမှာ မကျယ်ဘဲ ပေတစ်သောင်းဝန်းကျင်ခန့်သာ ရှိပြီး ယခင်က ရွှီချင်း ကြုံခဲ့ဖူးသည်နှင့် အနည်းငယ် ကွဲပြားနေသည်။ သို့ဖြစ်ပေရာ တစ္ဆေတစ်ရာ ညဉ့်ပျော်ပွဲဖြစ်ရပ်က ပုံသေမရှိသည်ကို မြင်ရပေမည်။

ရွှီချင်း အနည်းငယ် စိုးရိမ်စိတ်ဝင်နေသည်။

ယခင် သူ့ယူဆချက်မှန်ကန်လားဆိုသည်ကို သူ မသိပါသော်လည်း ကြိုးစားကြည့်ရပေမည်။ သူ လက်ကိုဝှေ့ယမ်းလိုက်ရာ ပင်လယ်ပြင်ပေါ် မှော်သင်္ဘောပေါ်လာသည့်အတွက်ကြောင့် လှိုင်းများထသွားသည်။ တချိန်တည်းမှာပင် အရိပ်က ၎င်း၏ အရိပ်မျက်လုံးကို သိမ်းယူလိုက်သည်။

ရွှီချင်းက မှော်သင်္ဘောပေါ် ဆင်းကာ ထိန်းချုပ်၍ ရှေ့သို့ တဖြည်းဖြည်း တိုးသွားလိုက်သည်။ တစ္ဆေတစ်ရာညဉ့်ပျော်ပွဲနေရာနှင့် သူ တဖြည်းဖြည်း နီးကပ်သွားပြီး ဂရုတစိုက် နားထောင်လိုက်ရာ ထူးဆန်းသော အသံလှိုင်းများ သူ့နားထဲ တိုးဝင်လာသည်။

ထိုအသံများသည် ဂီတသံများ မဟုတ်ဘဲ တစ္ဆေများ၏ အော်ဟစ်သံများကြောင့် ဖြစ်ပေါ်လာသော နားစည်ကွဲစေနိုင်လောက်သည့် အသံလှိုင်းများ ဖြစ်သည်။ ထိုအသံများ ဝံပုလွေအူသံများကဲ့သို့ ဆွဲဆွဲငင်ငင် အော်ဟစ်မြည်တမ်းသံများ ဖြစ်ပေရာ ကြားရသူ၏စိတ်ကို တုန်လှုပ်ချောက်ချားသွားစေနိုင်သည်။

ရွှီချင်း၏မှော်သင်္ဘောက တစ္ဆေတစ်ရာညဉ့်ပျော်ပွဲအတွင်း ရပ်သွားသည်။ ထို့နောက် အသံဖမ်းပုလင်းကို သူ ထုတ်၍ ဖွင့်လိုက်ပြီး သူ့ဓမ္မစွမ်းအားများကို ထိုပုလင်းထဲ လောင်းထည့်လိုက်သည်။

ကြိုးကဲ့သို့ အလင်းအမျှင်တန်းလေးတစ်ခု အသံဖမ်းပုလင်းပေါ်တွင် ပေါ်လာပြီး တဖြည်းဖြည်း ပျံ့နှံ့သွားကာ ပုလင်း၏ အသံဖမ်းစွမ်းရည် အသက်ဝင်လာသည်။

ရွှီချင်းက လေထဲသို့ ပျံတက်နေသော တစ္ဆေများကို ကြည့်၍ ထူးဆန်းသော အသံများကို နားစွင့်လိုက်သည်။ ပထမဆုံးအကြိမ် တစ္ဆေတစ်ရာညဉ့်ပျော်ပွဲကို ကြုံတွေ့ခဲ့စဉ်အခါက ခံစားချက်မျိုး ပြန်တွေးမိလိုက်ပြီး တဖြည်းဖြည်း ငြိမ်သက်သွားသည်။

စူးစူးဝါးဝါးအော်ဟစ်သံများကို သူငြင်းဆန်ခြင်းမပြုဘဲ လက်ခံလိုက်သည်။

ထိုအသံများနှင့် သူ ပေါင်းစပ်သွားပြီးနောက် သူ့စိတ်တဖြည်းဖြည်း ငြိမ်သက်လာသည်။ အချိန်များ ကုန်လွန်သွားပြီး ညတစ်ညက မသိလိုက်မသိဘာသာ ကုန်လွန်သွားသည်။

နောက်တစ်နေ့မနက်ခင်း၌ အစောဆုံးနေရောင်ခြည်တန်းလေးများနှင့်အတူ ပင်လယ်လေပြည်က သူ့မျက်ခွံများကို တိုက်ခတ်သွားသောအခါတွင် မျက်လုံးများကို သူ တဖြည်းဖြည်း ဖွင့်လိုက်သည်။ သူ့မျက်လုံးများထဲရှိ အနက်ရှိုင်းဆုံးတစ်နေရာတွင် ဝမ်းနည်းကြေကွဲစိတ်အရိပ်အငွေ့ ရှိပါသော်လည်း ထိုစိတ်များသည် သူ့နှလုံးသားထဲရှိ အနက်ရှိုင်းဆုံးနေရာတွင် လျင်မြန်စွာ တိမ်မြုပ်သွားသည်။

ကောင်းကင်ကြီး ကြည်လင်တောက်ပနေသည်။

တစ္ဆေတစ်ရာညဉ့်ပျော်ပွဲ ပြီးသွားခဲ့လေပြီ။

“ ညက ကုန်တာ မြန်လိုက်တာ ”

ရွှီချင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ တစ်ညလုံး သူ ကြားခဲ့ရသည့်ခံစားချက်ကို ပြန်တွေးကြည့်လိုက်သည်။ သူ တည်ငြိမ်သွားသည့်အခိုက်မှာပင် မတူညီသောအသံကို သူ ကြားခဲ့ရသည်။

ယခု သူ ပြန်တွေးကြည့်သောအခါ မည်သည့်သံစဉ်ဖြစ်သည်ကို သူ မပြောနိုင်ပေ။

ယင်းသည် သူ့အတွက် အိပ်မက်တစ်ခုနှင့် ပို၍ ဆင်တူသည်။ သို့သော်လည်း ထိုအချိန်က သမားတော်ကြီးပိုင် ဆေးပညာပို့ချနေသည်ကို အိပ်မက်မက်ခဲ့ခြင်း မဟုတ်ဘဲ ရတနာမုဆိုးစခန်းထဲ၌ ခေါင်းဆောင်လဲ့နှင့် မြွေသားများစားခဲ့သည့်အကြောင်းကို မက်နေခြင်း ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် အသံဖမ်းပုလင်းကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် လက်ကိုဝှေ့ယမ်းလိုက်ရာ ပုလင်းထဲမှ ယမန်နေ့ညက ကြားခဲ့ရသောအသံ ထွက်ပေါ်လာသည်။ ယင်းအသံက အသက်ဝင်ပြီး တသွေမတိမ်းတူညီသည်။ အမှန်စင်စစ် သူ မျက်လုံးများကို မှိတ်လိုက်သောအခါ တစ္ဆေတစ်ရာညဉ့်ပျော်ပွဲ ဆက်လက်ဖြစ်ပျက်နေသည်ကိုပင် ခံစားလာရသည်။

ရွှီချင်းကို ပို၍ပင် စိတ်ရှုပ်သွားစေသည့်အချက်မှာ သူ နောက်တစ်ခေါက် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရခြင်းပင်။ သူ့အမှတ်တရပုံရိပ်များ သူ့မှတ်ဉာဏ်ထဲ ဝိုးတဝါးပေါ်လာသည်။ ယခုတစ်ခေါက်တွင် သူက ခေါင်းဆောင်လဲ့ကို သယ်ဆောင်ကာ ရတနာမုဆိုးစခန်းအပြင်သို့ သွားနေသည့်မြင်ကွင်းဖြစ်သည်။

ထိုစဉ်က ခေါင်းဆောင်လဲ့၏ စကားများ သူ့စိတ်ထဲ ပေါ်လာရာ သူ အလိုလို အတွေးထဲ နစ်မျောသွားရသည်။

“ ညရောက်ရင် ခွေးတွေကို အစာကျွေးဖို့လဲ မမေ့နဲ့ဦး။ အဲဒီကောင်လေးတွေက စခန်းမှာ အယုံကြည်ရဆုံးပဲ ”

“ မင်းလည်း အစားကို ပုံမှန်စား။ အအေးစာတွေ မစားနဲ့။ ချက်ရပြုတ်ရတာကို မပျင်းနဲ့။ ပူပူနွေးနွေးစား။ မင်းက ခန္ဓာကိုယ် ထွားနေတဲ့အရွယ်ရောက်နေတော့ သတိထားမှရမယ် ”

“ ဒီလိုမှမဟုတ်လို့ မင်းအသက်ကြီးလာတဲ့အခါကျရင် ဘဝက ဘယ်လောက်ကြမ်းတမ်းလဲ မင်း သိလာလိမ့်မယ်။ အဲ မေ့နေတာ၊ နောက်ကျရင် ခုတင်အလွတ်ပေါ်လဲ မအိပ်နဲ့။ အိပ်ရာခင်းတွေ ညစ်ပတ်သွားတာက ဘာမှမဖြစ်ဘူး။ မင်း ရေချိုးပြီးရင် နေပူဆာလှုံဖို့လဲ မှတ်ထားဦး ”

ရွှီချင်း၏ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားသည်။ ပင်လယ်လေပြေတစ်ချက် သူ့ကိုယ်ပေါ် ကျဆင်းလာပြီး သူ့ဝတ်ရုံနှင့် ဆံပင်ရှည်များကို တိုက်ခတ်သွားသည်။ သို့သော် အမှတ်တရများနှင့် သူ့ရင်ထဲမှ ဝမ်းနည်းကြေကွဲစိတ်ကို အဝေးသို့ ယူဆောင်ခြင်းငှာ မတတ်နိုင်ပေ။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး ခေါင်းငုံ့လိုက်ပြန်သည်။ အသံဖမ်းပုလင်းကို သူ တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး ခပ်အက်အက်လေသံဖြင့် ရေရွတ်လိုက်သည်။

“ ကောင်းကင်ကြမ္မာပန်းပွင့်ကို အခုထိ ငါ မတွေ့သေးတာ နာတာပဲ ”

ခဏအကြာ ရွှီချင်းသည် အတွေးများကို ပြန်လည်ထိန်းချုပ်လိုက်ပြီး ခံစားချက်အားလုံးကို နှလုံးသားထဲရှိ အနက်ရှိုင်းနေရာတွင် သိုဝှက်သိမ်းဆည်းလိုက်သည်။ သူ့မျက်လုံးများ တဖြည်းဖြည်း စူးရှတောက်ပလာပြီး သူ့မျက်နှာပေါ်တွင် ဆုံးဖြတ်ချက်ချထားသောအမူအရာတစ်ခု ပေါ်လာသည်။ သူ့ကိုယ်မှ အေးစက်စက်အငွေ့အသက်များ ပြန်လည်ထွက်ပေါ်လာ၏။

“ ငါ အားနည်းနေသေးတယ်။ ငါ ပိုပြီး အစွမ်းထက်လာမှ ဖြစ်မယ် ”

ရွှီချင်း၏အကြည့်က တင်းမာပြတ်သားနေသည်။ သူ လှည်ပတ်ကြည့်ရှုလိုက်ပြီး လူသူကင်းဝေးသောနေရာသို့ ရောက်နေသည်ကို သတိထားမိသောအခါ လေထဲသို့ ပျံတက်လိုက်ပြီး အနီးအနားပတ်ဝန်းကျင်၌ တစ်ယောက်မှ ရှိမနေကြောင်း ထပ်မံအတည်ပြုလိုက်သည်။

ထို့နောက်မှသာ မှော်သင်္ဘောပေါ်သို့ သူ ပျံတက်လိုက်ပြီး ပင်လယ်ပြင်ကို ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။

“ အရိပ်၊ လူ့ဘီလူးကို ဆင့်ခေါ်လိုက် ”

တရိပ်ရိပ်မြင့်တက်နေသော နေမင်းကြီးသည် တည်ငြိမ်သော ပင်လယ်ပြင်ပေါ် ရောင်ခြည်များ စေလွှတ်နေပေရာ အဝေးမှကြည့်ပါက အမည်းရောင်ပင်လယ်ကြီးမှာ ကျောက်စိမ်းနက်တစ်ခုအလား ထင်ရပေသည်။ ပင်လယ်နက်ကြီးက နေရောင်ခြည်အောက်၌ လျှို့ဝှက်ဆန်းကြယ်သောအခြင်းအရာကို လှစ်ဟပြသနေရင်း ယိုယွင်းပျက်စီးနေသည့်အရိပ်အယောင်တစ်ခုကိုလည်း ထုတ်လွှတ်နေသည်။

အတိတ်က ပင်လယ်ကြီးသည် ခမ်းနားကြီးကျယ်ခဲ့ဟန်တူသည်။ သို့သော်လည်း ယခုခေတ်၌ ထိုယိုယွင်းပျက်စီးနေသော အရိပ်အယောင်များသည် ပင်လယ်ကြမ်းပြင်အောက်၌ အိပ်မောကျနေသော ကြောက်မက်ဖွယ်သတ္တဝါများ၏ ရှိုက်သံများမှနေ၍ လွင့်ပျံလာနေပေသည်။

ထိုသတ္တဝါကြီးများထဲတွင် ကြေးနဂါးလှည်းကြီးနှင့် လူ့ဘီလူးကြီးလည်း အပါအဝင် ဖြစ်သည်။

ရွှီချင်း၏ စကားကို အရိပ်မှာ မလွန်ဆန်ဝံ့ပေ။ မည်သည့်အတွက်ကြောင့် ထိုသို့လုပ်ရသည်ကို သူ နားမလည်၍ မေးမြန်းချင်သည့်တိုင်အောင် သေဘေးဖြင့် ခြိမ်းခြောက်လိုက်ပါက မည်သည့်အသိဉာဏ်ရှိသော သတ္တဝါမဆို ရိုသေကျိုးနွံသွားရမည်သာ ဖြစ်သည်။

ထို့ကြောင့် ရွှီချင်း ပြောလိုက်သည်နှင့် အရိပ်လေးက အက်ကွဲကြောင်းတစ်ခုကို မဆိုင်းမတွဖွင့်ကာ အသံတစ်သံ ပြုလုပ်လိုက်သည်။

ဂျစ်… ဂျစ် …

ယင်းသွားကြိတ်သည့်အသံက ငြိမ်သက်နေသော ပင်လယ်ပြင်တွင် ပဲ့တင်ထပ်သွားသည်။ အသံက မကျယ်ပါသော်လည်း ထူးဆန်းသော သတ္တဝါများကို ဆွဲဆောင်နိုင်သည့် ဝိသေသလက္ခဏာတစ်ခု ရှိနေဟန်တူသည်။

ရွှီချင်းသည် သတိထားနေပြီး ပင်လယ်ပြင်ပေါ်တွင် လေများ တဟူးဟူး တိုက်ခတ်လာပြီး လှိုင်းလေးများ ပေါ်လာသည်။ လေများ ပြင်းထန်လာသည်နှင့်အမျှ လှိုင်းများ ကြမ်းတမ်းစွာ ရိုက်ခတ်လာသည်။

မည်းနက်တောက်ပြောင်သော ပင်လယ်လှိုင်းများသည် လေထဲတွင် တဖျပ်ဖျပ်လွန့်လူးနေသော ဖဲကြိုးစလေးပမာပင်။ ထိုပင်လယ်လှိုင်းများ အဆက်မပြတ် ရိုက်ခတ်နေစဉ် ရွှီချင်းသည် ရှဲကျင်းလုံမှတစ်ဆင့် ပင်လယ်ကြမ်းခင်းကို မမှိတ်မသုန် ကြည့်နေသည်။

ယခင်က ကြေးနဂါးလှည်းကြီးနှင့် လူ့ဘီလူးကြီးတို့ကို မြင်ခဲ့ရသောနေရာနှင့် အဝေးသို့ သူ ရောက်နေသည့်အတွက်ကြောင့်ပေလော၊ လူ့ဘီးကြီးက အဝေးသို့ ရောက်သွားသည့်အတွက်ကြောင့်ပေလော၊ ၎င်းတို့ပေါ်လာရန် အချိန်အတော်ကြာ စောင့်နေရသည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်လွန်သွားပြီးနောက် ရေလှိုင်းများ တဝုန်းဝုန်း လိမ့်တက်လာကာ အဝေးရှိ ပင်လယ်ကြမ်းပြင်၌ တရိပ်ရိပ်သွားလာနေသော ဧရာမသတ္တဝါတစ်ကောင်ကို ရှဲကျင်းလုံမှတစ်ဆင့် သူ မြင်လိုက်ရသည်။

“ ဒီလာနေပြီ ”

ရွှီချင်းမှာ အနည်းငယ် စိုးရိမ်ပူပန်သွားပါသော်လည်း သူ့အကြည့်က ပို၍ပင် စူးရှလာသည်။ သူ့ကိုယ်ထဲမှ သက်စောင့်မီးတောက် ချက်ချင်း တောက်လောင်လာပြီး သက်စောင့်မီးအိမ်သည်လည်း လင်းလက်လာသည်။ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို သူ ထုတ်ဖော်လိုက်သည်ဖြစ်၍ သူ့အရှိန်အဝါလည်း တဟုန်းဟုန်း ထကြွလာသည်။

သူ့အမြင်၌ ပင်လယ်ကြီးမှာ အနက်ရောင်အဆင်း ကွာကျသွားပြီး မှုန်ရီဝိုးတဝါး ဖြစ်မနေတော့ဘဲ ပင်လယ်ကြမ်းခင်းမှ မရေမတွက်နိုင်သော လက်များဖြင့် တဖျပ်ဖျပ်ခတ်ကာ လာနေသော ခံ့ညားထည်ဝါသည့် လူ့ဘီလူးကြီး ရှင်းရှင်းလင်းလင်း ပေါ်လာသည်။

ထိုအချိန်၌ သူ့မျက်လုံးများထဲတွင် ဘေးပတ်လည်ရှိ အရာအားလုံး နှေးကွေးသွားသည်။ ဧရာမလူ့ဘီလူးကြီး၏ လှုပ်ရှားမှုများသည်သာ ပြောင်းလဲသွားခြင်းမရှိပေ။ ရွှီချင်း၏ ရွှမ်ယောက်အသွင်သဏ္ဍာန်က ၎င်းအပေါ်တွင် သက်ရောက်မှုမရှိဟန်တူသည်။

၎င်းက ရွှီချင်းထံ တစ်လှမ်းချင်း လျှောက်လာသည်။ တဖြည်းဖြည်းနှင့် ၎င်း၏ ပုံရိပ်မှာ ရှင်းလင်းသည်ထက် ရှင်းလင်းလာသည်။ ၎င်း၏ကိုယ်ပေါ်ရှိ သံကြိုးများထံမှ တချွင်ချွင်မြည်သံများ အဖက်ဖက်သို့ ပျံနှံ့သွားသည်။ ၎င်းနောက်မှ ကြေးနဂါးလှည်းကြီးသည်လည်း ရွှီချင်း၏ အမြင်အာရုံထဲ ပေါ်လာသည်။

ယင်းလူ့ဘီလူးကြီးသည် အလွန် ထွားကျိုင်းကာ မြင့်မားသည်။

ထိုအချိန်၌ သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးမှာ ပေတစ်သောင်းအောက်သို့ ရောက်လာသည်။ လူ့ဘီလူးကြီးကို ပင်လယ်က လွှမ်းခြုံထားပါသော်ငြား ၎င်းထံမှ ထွက်ပေါ်လာသောအရှိန်အဝါမှာ ကြောက်ခမန်းလိလိပြင်းထန်သည်။

ယခင်က ထိုလူ့ဘီလူးကြီးနှင့် ယခုလောက် သူ မနီးကပ်ခဲ့ဖူးပေ။

ပထမအကြိမ်က ပေတစ်သိန်းအကွာခန့်၌ဖြစ်၍ ကြေးနဂါးလှည်းကြီးပေါ်မှ နံရံဆေးရေးပန်းချီများကို သူ ဝိုးတဝါးသာ မြင်ခဲ့ရသည်။

နောက်ဆုံးအကြိမ် ပေသောင်းချီအကွာအဝေးတွင် သူ ရှိနေခဲ့သည်။ သူ၏ကျင့်ကြံခြင်းအဆင့် တိုးတက်လာခြင်းနှင့်အတူ နံရံဆေးရေးပန်းချီများကို သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။

ယခု သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးက ပေတစ်သောင်းအောက် ရှိနေပြီဖြစ်ရာ နံရံဆေးရေးပန်းချီများကို သူ ရှင်းရှင်းလင်းမြင်လာရသည်သာမက သူ့ဝိညာဉ်ကိုပါ တုန်ခါသွားစေသည့် ဖိအားတစ်ရပ်ကိုလည်း ခံစားလိုက်ရသည်။ ထိုဖိအားက ကြောက်မက်ဖွယ်ကောင်းစွာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ချက်ချင်း တုန်ရီသွားပြီး သံတုတ်ထဲ အလျင်အမြန် ပြေးဝင်သွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အစွမ်းကုန် ခုခံနေစဉ် ရွှီချင်း၏ စိတ်နှင့်ခန္ဓာ တုန်ခါလာသည်။ သူ့နှာခေါင်းမှ သွေးများ စီးကျလာပြီး သူ့မျက်လုံးများ သွေးချင်းချင်းနီမြန်းသွားသည်။

အရိပ်သည်သာ ပုံမှန်အတိုင်း ရှိနေသည်။ သို့သော်လည်း ၎င်းမှာ ရွှီချင်း နှိပ်စက်မည်ကို ကြောက်ရွံ့နေ၍ ရွှီချင်းက အခြေအနေဆိုးနေသည်ကို မြင်နေသည့်တိုင်အောင် မစွန့်စားဝံ့ပေ။

ရွှီချင်းက နှာခေါင်းမှ သွေးများကို သုတ်လိုက်ပြီး အရိပ်ကို အေးစက်စက်လှမ်းကြည့်လိုက်သည်။ ထို့နောက် ပင်လယ်ပြင်ကို ပြန်ကြည့်ကာ စိတ်ထဲမှ သုံးသပ်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချလိုက်ဟန် အထင်းသား ပေါ်လွင်လာသည်။

“ နည်းနည်းဝေးသေးတယ်ဆိုပေမဲ့ … ငါ ထပ်စောင့်လို့ မဖြစ်ဘူး ”

All Chapters