← Chapters

နေမင်းကြီး ထိုင်လေ့ရှိသောနေရာ

Vol. 17 Ch. 249

နေမင်းကြီး ထိုင်လေ့ရှိသောနေရာ

Vol. 17 Ch. 249

ရွှီချင်းသည် အံတင်းတင်ကြိတ်၍ ဆုံးဖြတ်ချက်ချလိုက်သည်။ သူ နောက်ထပ်မစောင့်နိုင်တော့ပေ။ တစ္ဆေတစ်ရာညဉ့်ပျော်ပွဲအသံက ထိုလူ့ဘီလူးကြီးအပေါ် သက်ရောက်မှု ရှိ၊ မရှိကို သူ စဉ်းစားရမည်ဖြစ်ပြီး အကယ်၍ သက်ရောက်မှုမရှိပါက ထွက်ပြေးရန် နည်းလမ်းကို သူ စဉ်းစားထားရပေမည်။

အကယ်၍ သက်ရောက်မှုရှိခဲ့လျှင်လည်း အချိန်အတိုင်းအတာတစ်ခုအထိ သက်ရောက်နေမလား၊ သို့တည်းမဟုတ် ခဏလေးသာ သက်ရောက်မှုရှိမလားဆိုသည်ကို သူ မသိပေ။

ရွှီချင်းက လက်ကိုချက်ချင်းဝှေ့ယမ်းလိုက်ရာ အသံဖမ်းပုလင်း ဝင်းလက်သွားပြီး ပုလင်းထဲမှ အသံက ပင်လယ်ပြင်ပေါ်သို့ လွင့်ပျံသွားသည်။

ရွှီချင်းက အသက်အောင့်၍ ပင်လယ်အောက်ရှိ လူ့ဘီလူးကြီးကို မမှိတ်မသုန် ကြည့်လိုက်သည်။

ထိုလူ့ဘီလူးကြီးသည် အသံဖမ်းပုလင်း၏ အသံများအောက်တွင် မည်သည့်ပုံသဏ္ဍာန်မမှန်သောအခြင်းအရာကိုမျှ မပြသဘဲ ရွှီချင်းကိုသာ အာရုံစိုက်နေသည့်အလား ခြေလှမ်းကျဲကြီးများဖြင့် ဆက်လှမ်းလာသည်။

ပေကိုးထောင်၊ ပေရှစ်ထောင်၊ ပေခုနစ်ထောင် …

ရွှီချင်း၏ စိတ်ထဲ တုန်ခါသွားပြီး တရိပ်ရိပ် ပြင်းထန်လာသော ဖိအားဒဏ်ကို ခံစားလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံး စုတ်ဖြဲခံနေရသည့်အလား ခံစားလိုက်ရသည်။ ထိုဖိအားအောက်တွင် သူ့အဆုတ်များ ပြန့်ကားမလာနိုင်တော့ဘဲ သူ အသက်ရှူကြပ်လာသည်။ သူ့မျက်လုံးများထဲမှ သွေးများ စီးလာ၏။

“ ငါ ထင်ထားသလို မဟုတ်ဘူးလား ”

ရွှီချင်းက တဖြည်းဖြည်း ချဉ်းကပ်လာနေသော နဂါးလှည်းကြီးကို ကြည့်လိုက်သည်။ ထိုအချိန်၌ နံရံဆေးရေးပန်းချီများကို သူ ရှင်းရှင်းလင်းလင်း မြင်လာရသည်သာမက နဂါးလှည်းကြီးထဲတွင် ထွင်းထုထားသော စာသားများကိုလည်း ဝိုးတဝါး မြင်လာရသည်။

ထိုစာသားများသည် ဝေဝါးနေပါသော်ငြား နတ်တန်ခိုးများဖြင့် ပြည့်နှက်နေသကဲ့သို့ ရွှီချင်း ခံစားလိုက်ရသည်။ ယင်းစာသားများသည် ဧကရာဇ်တစ်ပါး၏ လက်ရေးမူများနှင့် ဆင်တူပြီး အရှင်သခင်တစ်ပါး၏ ခံ့ညားထည်ဝါသော အရှိန်အဝါများ ကိန်းအောင်းနေသည်။

“ ငါ နောက်ဆုတ်လိုက်ရတော့မှာလား ”

ရွှီချင်းက သွေးတစ်ပွက် အန်ကာ သူ့မျက်နှာပေါ်တွင် နောင်တရသည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူ သက်ပြင်းချလိုက်ပြီး နောက်ဆုတ်ရန်ပြင်လိုက်သည်။

အသံဖမ်းပုလင်းက သက်ရောက်မှုမရှိသည့်အတွက်ကြောင့် သူ ဆက်နေတော့မည် မဟုတ်ပေ။ လူ့ဘီလူးကြီးသာ အနီးသို့ ရောက်လာသည်နှင့် သူ ဘေးကင်းလုံခြုံစွာ ထွက်သွားရန် ခက်ခဲသွားမည် ဖြစ်သည်။ သူ နောက်ဆုတ်တော့မည့်ခဏတွင် သူ့မျက်လုံးများ ရုတ်တရက် မှေးသွားသည်။

သူနှင့် ပေခြောက်ထောင်ကျော်အကွာတွင် ရှိနေသော လူ့ဘီလူးကြီးမှာ ပထမဆုံးအကြိမ်အဖြစ် တုံ့ခနဲ ရပ်သွားသည်။ သူသည် မေးကို ပင့်လိုက်ရာ အသက်မဲ့နေသော မျက်တွင်းနက်များ ပေါ်လာပြီး နားထောင်နေသည့်အလား ခေါင်းကို စောင်းလိုက်သည်။

ရွှီချင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့စိတ်ထဲ အပြင်းအထန်တုန်ရီသွားစဉ် လူ့ဘီလူးကြီးသည် နောက်ထပ် ခြေလှမ်းလေးတစ်လှမ်း အလိုလို လှမ်းလိုက်ရာ ပေတစ်ထောင်ကို ဖြတ်ကျော်သွားသည်။

ထိုနေရာမှ ဖိအားက ကြောက်ခမန်းလိလိ ဖြစ်နေပြီဖြစ်သည်။ ရွှီချင်း၏စိတ်ထဲ တဝုန်းဝုန်း မြည်ဟည်းနေပြီး ဒွါရခုနစ်ပါးမှ သွေးများ စီးကျလာသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း မမြင်နိုင်သော ဖိအားကြောင့် ကုန်းပတ်ပေါ်တွင် မလှုပ်မယှက် ဖြစ်သွားသည်။ ထိုအချိန်၌ သင်္ဘောတစ်ခုလုံးသည်လည်း ဖိအားကို တောင့်မခံနိုင်တော့သည့်အလား တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာသည်။

ကံကောင်းထောက်မ၍ လူ့ဘီလူးကြီးသည် ရပ်သွားပြီး ဆက်တိုးမလာတော့ပေ။ သူ့ခေါင်းသည်သာ ရုပ်သေးရုပ်တစ်ရုပ်အလား အဆက်မပြတ် လှုပ်ရှားနေသည်။ နောက်ဆုံး၌ သူသည် ခေါင်းစောင်းနေသည့် အနေအထားဖြင့် ဂရုတစိုက် နားစွင့်နေသည်။

တဖြည်းဖြည်းနှင့် သူ၏ မျက်လုံးနက်ကြီးများထဲတွင် အရေးအကြောင်းတချို့ ပေါ်လာပြီး အသက်မဲ့နေသော မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင်တစ်ခု ထင်ဟပ်လာ၏။

“ အလုပ်ဖြစ်တယ် ”

ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေတော့ဘဲ သူ့မျက်နှာပေါ်တွင် ရူးသွပ်သည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ရွှမ်ယောက်အသွင်သဏ္ဍာန်ဖြင့် သူ ချက်ချင်း ပြေးထွက်သွားသည်။ သူက မှော်သင်္ဘောကို သိမ်းဆည်းရန်လည်း မမေ့ပေ။ သူက ဓမ္မစွမ်းအားကို ထုတ်လွှတ်၍ အသံဖမ်းပုလင်းကို လေထဲတွင် မျောလိုက်သည်။

သူ့ခန္ဓာကိုယ်က ပင်လယ်ထဲသို့ ငုပ်လျှိုးသွားပြီး ပေငါးထောင်အကွာတွင် ရှိနေသော ကြေးနဂါးလှည်းကြီးထံသို့ ပြေးသွားသည်။

သူ အနားကပ်သွားသည်နှင့် သူ့ကိုယ်မှ အက်ကွဲကြောင်းများ ချက်ချင်း ပေါ်လာသည်။ သူ့တစ်ကိုယ်လုံး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လာပြီး ထိုအက်ကွဲကြောင်းများမှ သွေးများ စီးကျလာသည်။

သူ့ဝိညာဉ်သည်လည်း ပြိုကွဲသွားတော့မည့်အလား တုန်ခါနေသည်။ သူ့ကိုယ်ထဲမှ သက်စောင့်မီးတောက်သည်လည်း လေပြင်းကြောင့် ငြိမ်သက်သွားတော့မည့်အလား ယိမ်းခါနေသည်။

သာမန်သက်စောင့်မီးတောက်သာ ဖြစ်ပါက ထိုဖိအားအောက်တွင် ငြိမ်သက်သွားမည်မှာ သေချာသည်။ သို့သော်လည်း ရွှီချင်း၏ သက်စောင့်မီးတောက်က သက်စောင့်မီးအိမ်ပေါ်တွင် ရှိနေခြင်း ဖြစ်ပေရာ အလွယ်တကူ ငြိမ်သက်သွားမည် မဟုတ်ပေ။

ထိုကဲ့သို့ သေရေးရှင်ရေးအခြေအနေ၌ ရွှီချင်းသည် လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့ခေါင်းပေါ်တွင် ဧရာမထီးနက်ကြီးတစ်လက် ပေါ်လာသည်။

ထီးနက်ကြီးက ပေါ်လာသည်နှင့် ယင်းက အမိုးအကာတစ်ခုအသွင်ဖြင့် မီးတောက်နက်များဖြင့် ရွှီချင်းတစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်သည်။

ထိုအခါ ပြင်းထန်သော ဖိအားမှာ အနည်းငယ်လွင့်ပျယ်သွားပြီး ရွှီချင်း၏တစ်ကိုယ်လုံး သက်သာရာရသွားသည်။ တချိန်တည်းမှာပင် ခရမ်းရောင်သလင်းကျောက်မှ ပြန်လည်ကုစားနိုင်စွမ်းမှာ အပြည့်အဝ အသက်ဝင်သွားပြီး သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးလေသည်။

သို့သော် ရွှီချင်းမှာ သတိလက်လွတ်ဖြစ်မသွားပေ။ လူ့ဘီလူးကြီးနားထောင်နေစဉ်အတောအတွင်း သူက အရှိန်တင်လိုက်ရာ ပေငါးထောင်အကွာအဝေးသို့ ချက်ချင်း ဖြတ်ကျော်သွားပြီး လူ့ဘီလူးကြီးဘေးတွင် ပေါ်လာသည်။

ရွှီချင်းက လူ့ဘီလူးကြီး၏ ခါးနေရာ၌ ရှိနေသည်ဖြစ်ပြီး လူ့ဘီလူးကြီးနှင့်ယှဉ်ပါက သူသည် တစ်ချက်တည်းဖြင့် ရိုက်သတ်ခံရနိုင်သော ခြင်တစ်ကောင်ကဲ့သို့ ဖြစ်သည်။

ထို့ကြောင့် ရွှီချင်းမှာ ဝိညာဉ်ထဲတိုင်အောင် တုန်ခါသွားရသည်။

ထိုကဲ့သို့ နီးကပ်သောအနေအထားကြောင့် လူ့ဘီလူးကြီး၏ခန္ဓာကိုယ်အရေးအကြောင်းများကိုပင် သူ မြင်နေရသည်။ တချိန်တည်းမှာပင် လူ့ဘီလူးကြီး၏ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်ကိုလည်း သူ သတိထားမိလိုက်သည်။

ဒဏ်ရာများမှာ များပြားလွန်းလှ၍ လူ့ဘီလူးကြီးသည် အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးကို ကိုယ်နှင့် ရင်း၍ ကာကွယ်ခဲ့သည့်အတွက်ကြောင့် ထိုဒဏ်ရာများ ရခဲ့သည့်အလားပင်။

ထိုအခြင်းအရာများအားလုံးကြောင့် ရွှီချင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

သူ၏ ယခင်အစီအစဉ် မှန်ကန်သွားခဲ့ပေသည်။

ထီးနက်အကာအကွယ်နှင့် ခရမ်းရောင်သလင်းကျောက်၏ ကုစားနိုင်စွမ်းသည်ပင် သူ့တစ်ကိုယ်လုံးကို အဆက်မပြတ် ပေါက်ပြဲမနေစေရန်နှင့် ပြိုလဲမသွားစေရန်သာ တတ်နိုင်သည်။ အဆုံးသတ်ဆိုရလျှင် သူသည် လူ့ဘီလူးကြီးထံမှ အလိုလို ထွက်ပေါ်နေသော ဖိအားနှင့် အရှိန်အဝါကိုသာ ခံနိုင်သည်။ လူ့ဘီလူးကြီးက သူ့ကို အာရုံစိုက်မနေပေ။

လူ့ဘီလူးကြီး၏ အာရုံစိုက်ခံရခြင်းနှင့် အာရုံစိုက်မခံရခြင်းကြားတွင် ခြားနားချက်က မိုးနှင့်မြေကဲ့သို့ ဖြစ်ပေသည်။

ထိုအချိန်၌ သူသည် လူ့ဘီလူးကြီးကို လှစ်ခနဲ ဖြတ်ကျော်ကာ ကြေးနဂါးလှည်းကြီးဆီသို့ ပြေးသွားသည်။ သူ နီးကပ်သည်ထက်နီးကပ်လာပြီး နောက်ဆုံး၌ ဧကရာဇ်လှည်းကြီးရှေ့သို့ ရောက်သွားသည်။

ထိုလှည်းကြီးတစ်ခုလုံး သံချေးများ တက်နေပါသော်လည်း ဧကရာဇ်တစ်ပါး၏ အရှိန်အဝါမျိုး ရှိနေသေးသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် မြှုပ်နှံခံထားခဲ့ရပါသော်လည်း ဧကရာဇ်တစ်ပါး၏ ဂုဏ်အရှိန်အဝါများ လွင့်ပျယ်မသွားသေးပေ။

ယခုအချိန်၌ ရွှီချင်း၏ အမြင်အာရုံထဲတွင် ကြေးနဂါးလှည်းကြီးက ရှင်းရှင်းလင်းလင်း ပေါ်နေပြီး သူ့စိတ်နှင့်ဝိညာဉ်ထဲသို့တိုင်အောင် စွဲမြဲသွားသည်။

သူ့ရင်ထဲတွင် လေးစားကြည်ညိုသောခံစားချက် ပေါ်လာသည်။

သို့သော်လည်း လူ့ဘီလူးကြီးကြောင့် ထိုအခြင်းအရာအားလုံးကို သူ လျစ်လျူရှုလိုက်ပြီး ညာခြေကို မြှောက်၍ ကြေးနဂါးလှည်းကြီးထဲသို့ တခဏလေးအတွင်း တိုးဝင်သွားသည်။

ယင်းသည် နေမင်း ထိုင်ခဲ့သောနေရာ၊

ဧကရာဇ်ထိုင်ခဲ့သောနေရာ၊

သာမန်လူများ မချဉ်းကပ်နိုင်သောနေရာဖြစ်ပေသည်။

ကြေးနဂါးလှည်းကြီးသည် အလွန် ကြီးမားပြီး အထဲသို့ ရွှီချင်း ရောက်သွားသည်နှင့် နန်းတော်ကြီးတစ်ခုထဲသို့ ရောက်သွားသည့်အလားပင်။ ပလ္လင်တစ်လုံးက တစ်ဝက်ခန့် နေရာယူထားသည်ကို သူ မြင်လိုက်ရသည်။

ဘေးပတ်လည်တွင် မရေမတွက်နိုင်သော နတ်ရုပ်ထုများနှင့် ပန်းချီများကို မြင်လိုက်ရသည်။

ကြမ်းပြင်၌ ပြန့်ကျဲနေသော မီးတိုင်များနှင့်အတူ နံရံများပေါ်တွင် ရစ်ခွေ၍ ထွင်းထုထားသော ပြွတ်သိပ်နေသည့် မရေမတွက်နိုင်သော ကမ္ပည်းစာများကိုလည်း သူ မြင်လိုက်ရသည်။

ထိုကမ္ပည်းစာများသည် လူတစ်ယောက်က အသက်မသေခင် သူ့အမွေ ပျောက်ကွယ်သွားမည်ကို စိုးရိမ်၍ ချန်ထားရစ်ခဲ့သည့်အလား ကြည့်မိသူကို အလျဉ်စလို ဖြစ်သွားစေသည်။

ရွှီချင်း လှမ်းကြည့်လိုက်သောအခါတွင် သူ့စိတ်ထဲတွင် မိုးကြိုးများ မရေမတွက်နိုင်လောက်အောင် ပစ်ခတ်သွားသည့်အလား ခံစားလိုက်ရပြီး အရာအားလုံးကို စုတ်ဖြဲပစ်နိုင်သော မိုးမြေတုန်ဟီးစေနိုင်သည့် မြည်ဟည်းသံကြီးတစ်သံ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။

သူ့တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီး သူ့အမြင်အာရုံထဲ ပြိုးပြိုးပြက်ပြက် အလင်းတန်းများ မရေမတွက်နိုင်လောက်အောင် ပေါ်လာသည်။ ထိုအလင်းတန်းများသည် ရွှေရောင်ဝင်းလက်နေပြီး စုစည်းသွားကာ ကောင်းကင်ဘုံကိုးထပ်သို့ ပျံတက်သွားရန် ဟန်ပြင်နေသော အတောင်ပံများကို ဝှက်ထားသည့် ရွှေကျီးကန်းကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ထိုရွှေကျီးကန်းကြီးသည် လွန်စွာ ကြီးမားလွန်း၍ အတောင်ပံများကို မခတ်သည့်တိုင်အောင် ကောင်းကင်တစ်ဝက်ကျော်ကို ဖုံးလွှမ်းထားသည်။ နတ်ဘုရားတစ်ပါးအလား ၎င်း၏တစ်ကိုယ်လုံး ရွှေရောင်ဝင်းလက်နေပြီး ၎င်း၏ အရှိန်အဝါက ရွှီချင်း မြင်ခဲ့ဖူးသမျှ သတ္တဝါအားလုံးထက် သာလွန်နေသည်။ ကျူးယင်ဖြစ်စေ၊ မီးလျှံဖီးနစ်ကြီးဖြစ်စေ ၎င်း၏ ရှေ့မှောက်၌ သာမန်သာ ဖြစ်သွားဟန်တူသည်။

၎င်း၏အရှိန်အဝါက ဧကရာဇ်တစ်ပါးကဲ့သို့ ခံ့ညားထည်ဝါသည်။

ချီရွှဲ့ထုံဂိုဏ်းမှ ပင်လယ်မှတ်တမ်းများ၊ အမှတ်သုံးအကြီးအကဲ၏ စကားများနှင့် ကြေးနဂါးအပြင်ဘက်ရှိ နံရံဆေးရေးပန်းချီများက ရွှီချင်းကို တူညီသောအရာအား ပြောပြနေသည်။

ယင်းမှာ ဤလောကကြီးထဲရှိ နေမင်းကြီးက ရှေးဘုရင်တစ်ပါးကဲ့သို့ ကြီးကျယ်သောပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်းက လူသားတစ်ယောက်မဟုတ်ဘဲ ရွှေကျီးကန်းကြီးဖြစ်သည်ဆိုသောအချက်ပင်။

ရွှေကျီးကန်းကြီးက မိုးသောက်ယံတွင် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဆည်းဆည်နေဝင်ချိန်တွင် ပြန်ရောက်လာသည်။ ၎င်း၏လင်းရောင်ခြည်များကို လောကတစ်ခွင် ဖြန့်ကျက်ပေးလေသည်။ ယင်းရောင်ခြည်တန်းများသည် ဝမ်ကူးဒေသကြီးတစ်ခုလုံးကို လွှမ်းခြုံနိုင်ချေမရှိပါသော်ငြား အနိမ့်ဆုံးအနေဖြင့် ယင်းရောင်ခြည်တန်းများအောက်ရှိ သတ္တဝါအားလုံးအတွက် ၎င်းက နတ်ဘုရားတစ်ပါး ဖြစ်ပေသည်။

ထိုအချိန်၌ ရွှီချင်း၏ စိတ်ထဲ တဝုန်းဝုန်း မြည်ဟည်းနေပြီး သူ၏ဝိညာဉ်နှင့်ခန္ဓာ တုန်ခါနေသည်။

ဖော်ပြ၍ မရနိုင်သော ခံစားချက်တစ်မျိုး သူ ခံစားနေရပြီး ဒဏ္ဍာရီတစ်ပုဒ်ထဲ လမ်းလျှောက်နေရသကဲ့သို့၊

နတ်ဘုရား၏ မျက်နှာပျက်ကြီး မရောက်ခင် ခေတ်တစ်ခေတ်သို့ သူ ခြေချလိုက်ရသည့်ပမာ၊

တစ်ခေတ်တစ်ခါက သတ္တဝါအားလုံး၏ ယုံကြည်ကိုးကွယ်ခြင်း ခံခဲ့ရသော နေလှည်းကြီးပေါ်၌ ရပ်နေရသည့်အလား သူ ခံစားနေရသည်။

ထိုသို့သော ခံစားချက်ပေါင်းစုံက ရွှီချင်း၏ စိတ်ကို အပြင်းအထန် ရိုက်ခတ်နေသည်။ ဧကရာတစ်ပါးနှင့် ဆင်တူသော ရွှေကျီးကန်းကြီးသည် ကောင်းကင်ဘုံကိုးထပ်သို့ ပျံတက်သွားသည်။ ၎င်းက ပျံတက်သွားခြင်း ဖြစ်ပါသော်လည်း အတောင်ပံများကို ဝှက်ထားသေးသည်။ သို့သော် ထိုအတောင်ပံများပေါ်ရှိ အမွေးအတောင်များ တုန်ခါသွားတိုင်း ဖော်ပြခြင်းငှာ မစွမ်းသာသော တာအိုစည်းချက်တစ်ခု ရှိနေသည့်အလား သူ ခံစားနေရသည်။

ယင်းသည် ယခင်က တားမြစ်နယ်မြေထဲရှိ ဘုရားကျောင်းထဲမှ ဓားမော့ကြီးနှင့် ရွှေရုပ်ထုကြီးကို မြင်ခဲ့ရစဉ်က ခံစားချက်နှင့် ဆင်တူသည်။

ထိုအချိန်က ထိုဓားမော့ဓားချက်သည် သူ့ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။ ယခုအချိန်တိုင်အောင် ကောင်းကင်ဓားမော့ဓားချက်က သူ၏ဝှက်ဖဲတစ်ချပ် ဖြစ်နေဆဲပင်။ သို့ပေမည့် ယခင်က သူ၏အဆင့်မှာ နိမ့်ကျလွန်းနေ၍ တစ်ဆယ်ရာခိုင်နှုန်းကိုပင် နားမလည်နိုင်ခဲ့ရာ ထိုဓားချက်၏ စွမ်းအားအပြည့်အဝကို မထုတ်ဖော်နိုင်ခဲ့ပေ။

ထိုသို့ သူ အနည်းငယ် နားလည်ခဲ့ခြင်းသည်ပင် သူ၏ နားလည်နိုင်စွမ်းက သာမန်လူများထက် မြင့်မားသည်ကို ပြောနိုင်သည်။

သူ၏ပါရမီက ချီရွှဲ့ထုံဂိုဏ်းထဲတွင် ကောင်းမွန်သည်ဟု ဆိုနိုင်ပါသော်လည်း ဝမ်ကူးဒေသကြီးတစ်ခုလုံးနှင့် ယှဉ်ပါက ပါရမီအရာတွင် သူ့ထက်သာလွန်သူ များစွာ ရှိပေသည်။

သို့ပေမည့် ချီစုစည်းခြင်းအဆင့်ဖြင့် ထိုဓားမော့ဓားချက်၏ တာအိုစည်းချက်ကို အာရုံခံနိုင်ခဲ့ပေရာ သူ့နားလည်နိုင်စွမ်းက အတော်လေး မြင့်မားကြောင်း ပြသနေပေသည်။

ယခု သူသည် နတ်ရွှေကျီးကန်းကို အပြည့်အဝ အာရုံစိုက်လိုက်ပြီး နားလည်နိုင်စွမ်းကို အသုံးချလိုက်လေသည်။

သူ ကြည့်နေစဉ်မှာပင် ရွှေကျီးကန်းကြီးသည် ကောင်းကင်ဘုံကိုးထပ်သို့ ပျံတက်သွားလေရာ လောကကြီး တုန်ခါသွားသည်။

ရွှီချင်း၏ သက်စောင့်မီးအိမ်အပြင်ဘက်၌ အရိပ်တစ်ရိပ် ဝိုးတဝါး ပေါ်လာသည်။ ထိုအရိပ်သည် တဖြည်းဖြည်း သိသာထင်ရှားလာပြီး ရွှေကျီးကန်းပုံစံအကြမ်းထည် ဖြစ်လာသည်။

ထိုအကြမ်းထည်က အလွန်လျင်မြန်စွာပင် ရှင်းလင်းပြတ်သားလာသည်။

ရွှီချင်း၏ အမြင်အာရုံထဲ၌ လောကကို ရွှေရောင်အလင်းတန်းများဖြင့် လင်းထိန်သွားစေသော ရွှေကျီးကန်းကြီးသည် ရုတ်တရက် အတောင်ပံများကို ဖြန့်ကျက်၍ ခါယမ်းလိုက်သည်။

ယင်းသည် ပထမဆုံးကြိမ်အဖြစ် အတောင်ပံများကို ဖြန့်လိုက်ခြင်း ဖြစ်သည်။

လောကကြီးတုန်ခါသွားပြီး အက်ကွဲကြောင်းများ ပေါ်လာသည်။ မိုးခြိမ်းသံများ မရေမတွက်နိုင်အောင် မြည်ဟည်းသွားသည်။ တချိန်တည်းမှာပင် ရွှီချင်း၏ စိတ်ထဲတွင်လည်း တုန်ခါသွားသည်။

သက်စောင့်မီးအိမ်အပြင်ဘက်ရှိ ရွှေကျီးကန်းအကြမ်းထည်မှာ အလျင်အမြန် ပြောင်းလဲကာ မြန်ဆန်စွာ ရုပ်လုံးပေါ်လာနေသည်။ တချိန်တည်းမှာပင် ရွှီချင်း၏ အမြင်အာရုံထဲရှိ ရွှေကျီးကန်းထံမှ မရေမတွက်နိုင်သော အသိပညာများ ပျံ့လွင့်လာပြီး ရွှီချင်း၏ စိတ်ထဲ စီးဝင်သွားကာ သက်စောင့်မီးအိမ်အပြင်ဘက်ရှိ ရွှေကျီးကန်းအကြမ်းထည်နှင့် ပေါင်းစပ်နေသည်။

ထိုအသိပညာများသည် မုန်တိုင်းတစ်ခုကဲ့သို့ တဝုန်းဝုန်း ဝင်ရောက်နေပြီး ရွှီချင်းမှာ စစ်ဆေးရန် အချိန်မရှိပေ။ ထိုအချိန်၌ သူ့တစ်ကိုယ်လုံး တုန်ရီနေပြီး နဖူးကြောကြီးများ ထောင်ထလာသည်။ အရာအားလုံးကို သူ ကြိတ်မှိတ်တောင့်ခံနေရသည်ဖြစ်၍ မျက်လုံးများသည်လည်း နီမြန်းလာသည်။

ယင်းသည် အမွေဆက်ခံခြင်း ဖြစ်ပေသည်။

All Chapters