← Chapters

မြို့တံခါးသို့ ဆိုက်ရောက်လာသော ရန်သူ

Vol. 3 Ch. 36

မြို့တံခါးသို့ ဆိုက်ရောက်လာသော ရန်သူ

Vol. 3 Ch. 36

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၃၆) – မြို့တံခါးသို့ ဆိုက်ရောက်လာသော ရန်သူ

Translator – Than Toe Aung

မြို့တံခါးခြေတွင် ‌ခေါင်းဆောင်စစ်သားတစ်ယောက်သည် သံမဏိဆေဘာကြီးကို ကိုင်ကာ တစ်ကိုယ်တည်း မတ်တပ်ရပ်ကျန်နေခဲ့၏။ ဆေဘာကို ကိုင်ထားသော သူ့လက်က အနည်းငယ် တုန်ယင်နေပြီး သူ့မျက်လုံးထဲမှ စိုးရိမ်ကြောက်လန့်စိတ်များကို ဖုံးကွယ်မထားနိုင်သော်လည်း သူသည် ခြေတစ်လှမ်းမျှ နောက်ဆုတ်မသွားချေ။

မြို့စောင့်စစ်သားများအားလုံးက ကြောက်လန့်ပြီး ထွက်ပြေးကုန်ကြချိန်တွင် သူသည် မယိမ်းမယိုင်ဘဲ မြို့တံခါးကို စောင့်ကြပ်ရန် တစ်ကိုယ်တည်း ရပ်ကျန်ခဲ့၏။

သူ့အမည်သည် ကောလျန်ဖြစ်ပြီး သူ့တာဝန်က မြို့တံခါးကို စောင့်ကြပ်ဖို့ ဖြစ်လေသည်။

သူအသက်ရှင်နေသမျှ မည်သူ့ကိုမျှ ဒီတိုင်းသွားခွင့် မပေးနိုင်ပေ။

“လာစမ်းပါ.. ငါ့အလောင်းကို ဖြတ်ကျော်ပြီးမှ ထွက်သွားလိုက်” ကောလျန်က စူးစိုက်ကြည့်လိုက်ပြီး သံကုန်ဟစ်အော်ပြောလိုက်၏။

သူသည် ထိုနည်းလမ်းကိုသုံး၍ သူ့ရင်ထဲမှ အကြောက်တရာများကို ဖြေဖျောက်ဖို့ ကြိုးစားလိုက်၏။

ရွှစ်..

ပြင်းထန်သော သွေးရနံ့က သူ့နှာဝသို့ တိုးဝင်လာ၏။ ဆူဇီမိုက သူ့ရှေ့သို့ ‌ရောက်လာပေပြီ။

ဆူဇီမို၏ မျက်နှာကို အနီးကပ်ကြည့်ပြီးနောက် ကောလျန်သည် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ အံ့အားသင့်မှုနှင့်အတူ နောင်တများက ကပ်ပါလာ၏။

စောစောတုန်းက ဆူဇီမိုသည် လူအုပ်ထဲတွင် သွေးများဖြင့် လုံးနေ၏။ သူ့မျက်နှာမှာလည်း သွေးစက်များစင် ပေကျံနေပြီး ငရဲမှ တက်လာသော လူသတ်သမားတစ်ယောက်လို ဖြစ်နေ၏။ ထို့ကြောင့် သူသည် ဆူဇီမိုကို မမှတ်မိနိုင်ခဲ့ပေ။

ယခုအခါ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ပြီး အနီးကပ်သေချာကြည့်လိုက်မှသာလျှင် ဒီလူက မြို့ထဲသို့ သူကိုယ်တိုင် ဝင်ခွင့်ပေးလိုက်သော လူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရ၏။

သူ့လက်အောက်ငယ်သားများ လှောင်ပြောင်စနောက်နေကြသော လေးနှင့်ဆေဘာကို ကိုင်လာသည့် နုနုနယ်နယ် စာပေသမားလေးက....

တစ်ချိန်တည်းမှာပင် ဆူဇီမိုကလည်း သူ့ကို မှတ်မိသွား၏။

ကောလျန်၏ ဇက်ပေါ်သို့ ကျရောက်တော့မည့် အေးမြစန္ဒာဆေဘာကို ရုတ်တရတ် ပြန်ရုတ်သိမ်းလိုက်၏။ ဆူဇီမိုသည် ရှေ့သို့၍ ထိုလူ၏ ပုခုံးကို ပုတ်လိုက်ကာ ညင်သာစွာ ပြောလိုက်လေ၏။

“ခင်‌ဗျားက ကျုပ်ကို မြို့ထဲဝင်ခွင့်ပေးလိုက်တဲ့ တစ်ယောက်ပဲ.. ကျုပ် ခင်ဗျားအသက်ကို ချမ်းသာပေးလိုက်မယ်”

သေခြင်းတရားကို နီးကပ်စွာ ကြုံတွေပြီးနောက် ကောလျန်သည် သူ့အားအင်များ အကုန်ခမ်းခြောက်ကုန်သလို ခံစားလိုက်ရ၏။ သူသည် မြေပေါ်သို့ ဒူးထောက်လဲကျသွားပြီး ချွေးများဖြင့် စိုရွှဲကာ ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေလေ၏။

ကောလျန်၏ စိတ်ထဲတွင် ဆူဇီမို၏ စကားများက ပဲ့တင်ထပ်နေပြီး သူသည် တိတ်တဆိတ် ရေရွတ်လိုက်၏။ “ငါက သူ့ကို မြို့ထဲဝင်ခွင့်မပေးလိုက်ဘူးဆိုရင်တောင် သူ့အစွမ်းနဲ့ဆို ဝင်လိုမရနိုင်ဘူးလား.. ဒါက ကံကြမ္မာပဲ”

ကောလျန်သည် စိတ်၏ လှုံ့ဆော်မှုအရ လှည့်ကြည့်လိုက်သောအခါ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို တွေ့လိုက်ရ၏။

ဘုန်း!

ခိုင်ခံ့မာကျောလှသော မြို့တံခါးကြီးသည် ဆူဇီမို၏ ပစ်တိုက်မှုတွင် ဝုန်းကနဲ ပြိုကျသွားလေ၏။

ဆူဇီမိုသည် မြို့ထဲမှ တစ္ဆေတစ်ကောင်လို ထွက်ခွာသွားလေ၏။ တစ်ခဏအတွင်းမှာပင် ယန်တိုင်းပြည်မင်းနေပြည်တော်မြို့က သူ့နောက်မှာ တစ်ဖြည်းဖြည်းဝေးကွာကျန်ခဲ့လေ၏။

ပျော်ရွှင်ဖွယ်ဂိုဏ်းမှ ချီစုဖွဲ့စစ်သည်တော်များသည် မြို့ပြင်သို့ ထွက်လာကြ၏။ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားတော့မည့် ဆူဇီမို၏ ကျောပြင်ကိုကြည့်ရင်း သူတို့သည် ဆက်မလိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြ၏။

တစ်ဖက်မှာ သူတို့သည် စောစောကတိုက်ပွဲတွင် သူတို့၏ စိတ်ဝိညာဉ်ချီများကို ကုန်သလောက်နီးပါး အသုံးပြုခဲ့ရ၏။

အခြားတစ်ဖက်မှာ‌တော့ သူတို့၏ အကောင်းဆုံး အခြေအနေမှာ ရှိနေခဲ့လျှင်တောင် သူတို့၏ အမြန်နှုန်းက ဆူဇီမို၏ ခြေလှမ်းကို လိုက်မီနိုင်လိမ့်မည် မဟုတ်ချေ။

“ဒီလူက သူ့ခန္ဓာကိုယ်ကို ဒီလောက်ထိ သန်မာလာအောင် ဘယ်လိုတောင် လေ့ကျင့်ခဲ့ပါလိမ့်” တစ်ယောက်က ကောက်မေးလိုက်၏။ သူ့မျက်လုံးထဲမှ ကြောက်ရွံ့တုန်လှုပ်မှုက ပျောက်ကွယ်မသွားသေးချေ။

သူ့ဘေးမှ တစ်ယောက်က ဝင်ပြောလိုက်၏။

“ဂိုဏ်းချုပ်ကြီးပြောတာ ကြားဖူးတာတော့ တစ်ချို့ထိပ်တန်းဂိုဏ်းတွေမှာဆိုရင် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ပိုင်ဆိုင်တဲ့ တစ်ကယ့် ပါရမီရှင်တွေ ရှိတယ်တဲ့.. သူတို့ဂိုဏ်းတွေက အထောက်အပံ့အရင်းအမြစ်တွေကလဲ အရမ်းကောင်းတော့ သူတို့က ရွှေအူတိုင်ကို မစုဖွဲ့နိုင်ခင်မှာတောင် .. သူတို့ရဲ့ခန္ဓာနဲ့ ချီက အသားကျပေါင်းစပ်သွားပြီး သူတို့ရဲ့ အသွေးအသားနဲ့ အကြောတွေက မယုံနိုင်လောက်အောင် မာကြောလာနိုင်တယ်လို့ ပြောတယ်.. ဒါပေမယ့်လဲ အခုဒီလူက ချီစုဖွဲ့စစ်သည်တော်တောင် မဟုတ်တာကို”

“စောစောက မင်းပြောတဲ့ ပါရမီရှင်တွေက သန်မာရင်တောင် အဲ့ဒီလူကိုတော့ မီမှာ မဟုတ်ပါဘူးကွာ.. အဲ့လူက စိတ်ဝိညာဉ်တောကောင်တွေထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်”

“ကဲကဲ ဘာမှ စိတ်ပျက်မနေကြနဲ့.. ဂိုဏ်းက အကြီးအကဲတွေက အပြေးလာနေကြပြီ.. ဒီနှစ်တွေတစ်လျှောက်လုံး ဆူမိသားစုက ပင်ယန်းမြို့မှာ သွားပုန်းနေကြတာလို့ ပြောတယ်.. သူတို့က မော်တယ်တွေပဲ သိပ်အဝေးကြီး ပြေးနိုင်ကြမှာ မဟုတ်ဘူး”

“ဒါပေါ့ အချိန်တန်တာနဲ့ ဆူမိသားစုကို ခွေးတစ်ကြောင်တစ်မြီး‌တောင်မကျန်အောင် သုတ်သင်ပစ်ရမယ်”

. . .

ယန်ဘုရင် သေဆုံးပြီးလို့ ခုနှစ်ရက်မြောက်သောနေ့၌ ...

ကန်းလန်မြို့တွင် ခိုတစ်ကောင်သည် စာတစ်စောင်ကို သယ်ဆောင်၍ မြို့ဝန်မင်းအိမ်တော်ထဲသို့ ပျံသန်းဝင်ရောက်လာ၏။

ယန်တိုင်းပြည်ကနေ ကန်းလန်မြို့ကို စာတစ်စောင်ပို့ဖို့သည် ခုနှစ်ရက်လောက် ကြာပုံရလေသည်။

သိပ်မကြာခင်မှာ မြို့ဝန်မင်းအိမ်တော်မှ အမိန့်တစ်ခု ထွက်လာ၏။

“စစ်တပ်တစ်တပ်လုံးကို အမိန့်ပေးလိုက်ကြ.. ယန်တိုင်းပြည်ကို သွားတိုက်ကြမယ်”

လောထျန်းဝူသည် ရွှေ‌ရောင်စစ်ချပ်ဝတ်တစ်စုံကို ဝတ်ဆင်ကာ ဆေဘာရှည်တစ်လက်ကို ခါးတွင်ချိတ်လိုက်၏။ ထို့နောက် သူသည် တိုင်းပြည်အုပ်ချုပ်သူ အရှင်သခင်တစ်ယောက်လို တစ်ခမ်းတစ်နားနှင့် မြို့ဝန်မင်းအိမ်တော်ထဲမှ ဟန်ပါပါ လှမ်းထွက်လာလေ၏။ သူသည် ယန်တိုင်းပြည် တည်ရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်ပြီး ပြုံးရင်း ပြောလိုက်၏။

“ဆူဇီမိုက ယန်ဘုရင်ကို တစ်ကယ်ကြီး သွားသတ်လိမ့်မယ်လို့ ငါမထင်ထားဘူး.. ဒါက ကောင်းကင်ရဲ့ အလိုတော်ပဲလေ.. ကောင်းကင်ကတောင် ငါ၊ လောထျန်းဝူကို ဘုရင်ဖြစ်စေချင်နေမှတော့ .. ဟား.. ဘယ်သူကများ ငါ့ကို ရပ်တန့်နိုင်ဦးမှာလဲ”

“ဂုဏ်ယူပါတယ် အရှင်”

လောထျန်းဝူဘေးတွင် ရပ်နေသော မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲအိုက ပြုံးရင်း ပြောလိုက်၏။

“ဆူဇီမို ဘယ်လောက်ဉာဏ်ကောင်းကောင်း၊ နောက်ဆုံးတော့လဲ အရှင့်ရဲ့ အငှားဓါးနဲ့ လူသတ်ချင်တဲ့ အကွက်ထဲကို ဝင်လာရတာပဲ.. ယန်ဘုရင်ကို သတ်ပြီးရင်တော့ သူလဲ မြို့ထဲကနေ လွတ်အောင်ထွက်နိုင်မှာ မဟုတ်ဘူး.. သေမှာပဲ”

“ဟားဟားဟား’’

လောထျန်းဝူက ရယ်မောလိုက်ပြီး “အကွက်ချထားတာက ပေါ်တင်ကြီးပါပဲ.. ကျုပ်က သူ့ကို အသုံးချနေတယ်ဆိုတာလဲ ဆူဇီမိုက သိတယ်.. ဒါပေမယ့်လည်း သူက ယန်ဘုရင်ကို မသတ်ဘဲလည်း အနေနိုင်ပြန်ဘူး” ဟု ကျေနပ်စွာ ပြောလိုက်လေ၏။

“လူကြီးမင်းလဲ ဘာမှမပူပါနဲ့.. ကျုပ်ဘုရင်ဖြစ်လာတာနဲ့ သင့်ကိုလဲ အတိုင်ပင်ခံအမတ်ကြီးအဖြစ် ထားမှာပါ” လောထျန်းဝူက လေးနက်စွာ ပြောလိုက်‌လေ၏။

မီးခိုး‌ရောင်ဝတ်စုံနှင့် အကြီးအကဲက အနည်းငယ်ဦးညွတ်လိုက်ပြီး လက်သီးဆုပ် လေးစားဟန်ပြ၍ ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် အရှင်”

လောထျန်းဝူက လက်ဝေ့ပြလိုက်ပြီး ကျယ်လောင်စွာ ‌အော်ပြောလိုက်၏။ “သွားကြစို့ စစ်မြေပြင်ကို.. ဒီအချိန်က ငါတို့ လွှမ်းမိုးခြယ်လှယ်ပြီး အောင်မြင်မှု သရဖူဆောင်းရမယ် အချိန်ပဲ”

လောထျန်းဝူသည် ဒီနေ့ကို ‌ရောက်လာဖို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရ၏။ ဒီနေ့အတွက် သူ့စစ်သားများသည် ဓါးသွေးကာ ကြိုတင်ပြင်ဆင်ထားကြပြီး ဖြစ်၏။ ဆယ့်ငါးမိနစ်အတွင်းမှာပင် ဝံပုလွေအစောင့်ငါးဖော်သည် စစ်သည်ငါးသောင်းကို ဦးဆောင်ပြီး ရောက်ချလာကြ၏။

စစ်တပ်ကြီးသည် မြို့ထဲမှထွက်ခွာ၊ ကန်းလန်ရိုးမကိုပတ်ပြီး ယန်တိုင်းပြည်၏ နယ်နမိတ်စည်းမျဉ်းဆီသို့ ဦးတည်လိုက်ကြ၏။ နယ်စပ်စည်းမျဉ်းနှင့် အနီးဆုံးမြို့မှာ ယန်တိုင်းပြည်၏ ကျန့်အန်မြို့ ဖြစ်လေသည်။.

.

. . .

ကျန့်အန်မြို့နှင့် သိပ်မဝေးသော နေရာတစ်ခုတွင် စွန့်ပစ်ရွာက‌လေး တစ်ရွာရှိ၏။ ထိုနေရာကို တစ္ဆေရွာဟု ခေါ်လေသည်။

လွန်ခဲ့သော ဆယ်ရက်က ဆူမိသားစုသည် ဤနေရာသို့ ပြောင်းရွှေ့လာခဲ့ကြ၏။ ပင်ယန်းမြို့တွင် မည်သူမျှ ဆက်မနေကြတော့ပေ။

ဒီရက်များအတွင်း နတ်ဆေးလုံးများကို အသုံးပြုပြီး စုန့်ချီ၏ ကုသမှုများကြောင့် ဆူဟုန်၏ ကိုယ်ကာယကျန်းမာရေးသည် အတော်လေး တိုးတက်ကောင်းမွန်လာနေ၏။

သို့သော်လည်း ဦးလေးကျန့်ပြောသလိုပင် ခန္ဓာကိုယ်မှဒဏ်ရာကို ကုသရလွယ်၏။ စိတ်ဒဏ်ရာကတော့ ကုသရ ခက်လေ၏။

ဆူဟုန်သည် အိပ်ရာထဲတွင် လဲနေဆဲဖြစ်ပြီး အစားလဲကောင်းကောင်း မစားပေ။ သူ့မျက်လုံးများက ဟောက်ပက်ဖြစ်နေပြီး အကြည့်များက အဓိပ္ပါယ်ကင်းမဲ့နေ၏။ ဆူမိသားစုက သူတို့၏ မိသားစုသွေးကြွေးကို ပြန်မဆပ်နိုင်တော့ဟု တွေးလိုက်မိတိုင်း သူ့နုလုံးသားက အတိုင်းအဆမရှိ နာကျင်ကိုက်ခဲလာလေ၏။

ဦးလေးကျန့်နှင့် အခြားသူများလည်း ဘာလုပ်ပေးလို့ ဘာကိုင်ပေးရမလဲ မသိကြတော့ပေ။

ဆူဟုန်၏ ဒဏ်ရာအနာများက သက်သာပျောက်ကင်းလာသော်လည်း စိတ်ပိုင်းဆိုင်ရာက တစ်နေ့တစ်ခြား ပိုမို ဆိုးရွားလာသည်ကို ကြည့်၍ ဆူမိသားစုမှ လူတိုင်းသည် တိတ်တဆိတ် ငိုကြွေးလိုက်ပြီး သက်ပြင်းချလိုက်ကြ၏။

ဒီနေ့တွင် ဆူမိသားစု အစောင့်ခေါင်းဆောင်ဖြစ်သော လျှိုယုသည် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှု ရောယှက်နေသော အမူအယာနှင့် ခြံဝန်းထဲသို့ အမောတကော ပြေးဝင်ချလာလေ၏။ ရောက်တာနှင့် သူသည် ကျယ်လောင်စွာ ပြောလိုက်လေ၏။

“ဦးလေးကျန့် ဦးလေးကျန့် သတင်းကတော့ ထူးပြီဗျို့”

“ဘာတွေများ ထူးတာလဲကွ” ဦးလေးကျန့် ရင်ထဲ ထိတ်ကနဲ ဖြစ်သွား၏။

လျှိုယုက ပြန်ဖြေလိုက်၏။

“လောထျန်းဝူနဲ့ ဝံပုလွေအစောင့်ငါးဖော်က ကျန့်အန်မြို့ကို တိုက်ဖို့အတွက် စစ်သည်ငါးသောင်းကို ဦးဆောင်ပြီး ချီတက်လာနေကြပြီ.. သူတို့ အခုဆို မြို့တံခါးနားကိုတောင် ရောက်နှင့်နေပြီ”

“ဟာ”

ဦးလေးကျန့်သည် မျက်ခုံးတွန့်လိုက်ပြီး စဉ်းစားရခက်သွားဟန်ဖြင့်

“လောထျန်းဝူက အကွက်ချကြံစည်နေတာ တော်တော်ကြာနေပြီ.. အခုချိန် ရုတ်တရတ်ကြီး ထတိုက်ဖို့ လုပ်တယ်ဆိုတော့ အကြောင်းရင်းတစ်ခုခုတော့ ရှိရမှာပေါ့.. ဟုတ်တယ်မလား”

“ဦးလေးကျန့်ထင်တာ မမှားပါဘူး”

လျှိုယုက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“ကျုပ်တို့ သူလျှိုတွေ ပေးတဲ့ သတင်းအချက်အလက်အရဆိုရင် ယန်ဘုရင်က သေပြီတဲ့ .. ယန်တိုင်းပြည်ကလဲ အခုချိန်မှာ ခေါင်းဆောင်မဲ့နေပြီ.. ဒါပေမယ့် သတင်းက ဖုံးထားတဲ့အတွက် သိပ်မပျံ့သေးဘူး.. ကျန့်အန်မြို့ကသာ လောထျန်းဝူကို အညံ့ခံသွားမယ်ဆို ယန်တိုင်းပြည်က သိပ်အခြေအနေကောင်းမှာ မဟုတ်တော့ဘူး”

ဦးလေးကျန့်က သုန်မှုန်နေသော မျက်နှာထားနှင့် မျက်မှောင်ထပ်ကြုတ်လိုက်၏။ သူသည် နက်နက်နဲနဲ စဉ်းစားလိုက်ပြီး ပြောလိုက်လေ၏။

“လောထျန်းဝူက စစ်ချီလာပြီဆိုမှတော့ ယန်ဘုရင်သေတဲ့သတင်းက သေချာတယ်.. ဒါပေမယ့်လဲ .. ယန်ဘုရင်ဘေးမှာ ချီစုဖွဲ့စစ်သည်တော်တွေက ကာကွယ်ပေးနေတာကို ဘယ်လိုလုပ် အလွယ်တကူ သေနိုင်ပါ့မလဲ.. ယန်ဘုရင်ကို ဘယ်သူကများ သွားသတ်ပါလိမ့်”

ဦးလေးကျန့်သည် ရုတ်တရတ် တစ်စုံတစ်ရာကို တွေးလိုက်မိပြီး ထိတ်လန့်တကြား ရေရွတ်လိုက်၏။

“ဒုတိယသခင်လေး! ဒုတိယသခင်လေး အရင်ရက်တွေက ဘယ်တွေရောက်နေပါလိမ့်.. တစ်ယောက်ယောက်များ သူ့ကို မြင်မိကြ‌သေးလား”

လျှိုယုက ခေါင်းခါပြီး ပြောလိုက်၏။

“ဒုတိယသခင်လေးက တစ်ကယ်သန်မာတာ ဟုတ်ပါတယ်.. ဒါပေမယ့်လဲ သူက မင်းနေပြည်တော်မြို့ထဲထိ ခိုးဝင်ပြီး ယန်ဘုရင်ကို သတ်နိုင်လိမ့်မယ်လို့တော့ မထင်ပါဘူး.. အဲ့မှာ ချီစုဖွဲ့စစ်သည်တော်တွေလဲ အများကြီး ရှိနေတယ်မလား”

ဦးလေးကျန့်က သက်ပြင်းရှည်ကြီး ချလိုက်၏။ သူသည် တစ်ဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားပြီး ခေါင်းညိတ်ပြောလိုက်၏။

“အဲ့လိုပဲ ဖြစ်မှာပါလေ”

ခဏမျှ တုံ့ဆိုင်းပြီးနောက် ‌ဘေးတွင်ရပ်နေသော စုန့်ချီသည် မနေနိုင်စွာ ဝင်ပြောလိုက်လေ၏။

“ပြောရမှာ အား‌တော့နာပါတယ်.. ယန်ဘုရင်ကို သတ်ခဲ့တဲ့သူက ခင်ဗျားတို့ မိသားစုရဲ့ ဒုတိယသခင်လေး ဖြစ်လိမ့်မယ်လို့ ကျုပ်ထင်တယ်”

All Chapters