မဟူရာချပ်ဝတ်မြင်းတပ်ကြီး စစ်မြေပြင်သို့ ချီတက်မည်
Vol. 3 Ch. 37
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း (၃၇) - မဟူရာချပ်ဝတ်မြင်းတပ်ကြီး စစ်မြေပြင်သို့ ချီတက်မည်
Translator – Than Toe Aung
ဤစကားကို ကြားကြားချင်း ဦးလေးကျန့်နှင့် လျှိုယု နှစ်ယောက်စလုံး ခဏမျှ ကြောင်အသွားကြ၏။
သူတို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်စွာ ခေါင်းခါလိုက်ကြ၏။ သူတို့သည် စုန့်ချီကို အတန်ကြာ ငေးကြည့်နေပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်ကြလေ၏။
“ဘယ်..ဘယ်လိုလုပ်.. ဖြစ်နိုင်ပါ့မလဲ”
“တောင်းပန်ပါတယ်ဗျာ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ.. ခင်ဗျားတို့နှစ်ယောက်လုံးက ဆူမိသားစုဝင်တွေ ဆိုပေမယ့်လဲ .. ခင်ဗျားတို့ မိသားစုရဲ့ ဒုတိယသခင်လေးအကြောင်း ခင်ဗျားတို့ ကောင်းကောင်းမသိကြဘူးလို့ ကျုပ်ထင်တယ်”
စုန့်ချီက ဆက်ပြောလိုက်၏။
“ဒုတိယသခင်လေးဆူက ချီစုဖွဲ့စစ်သည်တော်တော့ မဟုတ်ဘူး..ဒါပေမယ့် ချီစုဖွဲ့စစ်သည်တော်တွေကိုတော့ သတ်ဖြတ်နိုင်စွမ်းရှိတယ်.. ကျုပ်က အဆင့်၈ ချီစုဖွဲ့စစ်သည်တော် ဆိုပေမယ့်လဲ တစ်ကယ်တမ်း တိုက်ကြမယ်ဆို ဒုတိယသခင်လေးဆူကို နိုင်အောင်တိုက်နိုင်မယ်လို့ ကျုပ်မပြောရဲဘူး”
ပြီးခဲ့သော ဆယ်ရက်အတွင်း စုန့်ချီသည် ဆူဇီမို ပေးထားခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ ကျင့်ကြံရင်း အဆင့်၈ ချီစုဖွဲ့အဆင့်သို့ တက်ရောက်နိုင်ခဲ့၏။
“ခင်ဗျားက ချီစုဖွဲ့စစ်သည်တော်လား”
“ပြီးတော့ အဆင့်၈ ချီစုဖွဲ့အဆင့်”
“ဒုတိယသခင်လေးက ချီစုဖွဲ့စစ်သည်တော်တွေကိုတောင် သတ်နိုင်တယ်လား”
“အဆင့်၈ ချီစုဖွဲ့စစ်သည်တော်ကတောင် ဒုတိယသခင်လေးကို နိုင်အောင်တိုက်နိုင်ပါတယ်လို့ မပြောရဲဘူးတဲ့လား”
ဦးလေးကျန့်နှင့် လျှိုယုသည် ကြားရသောစကားများကြောင့် မယုံနိုင်စွာ အံ့သြတုန်လှုပ်သွားကြပြီး သတိလွတ်သွားကြလေ၏။
စုန့်ချီသည် ဆူဇီမို သွားရင်းလာရင်း သိကျွမ်းခဲ့သော မိတ်ဆွေတစ်ယောက်သာ ဖြစ်မည်ဟု သူတို့ တွေးခဲ့ကြ၏။ သူတို့သည် နေ့တိုင်း တွေ့ဆုံပြောဆိုနေကြသော်လည်း ထိုလူသည် ချီစုဖွဲ့စစ်သည်တော်တစ်ယောက် ဖြစ်လိမ့်မည်ဟု မထင်မိကြချေ။
စုန့်ချီက ဆက်ပြောလိုက်၏။
“ဆူမိသားစုနေရာကို ကျုပ်လိုက်လာရတဲ့အကြောင်းကလဲ ဒုတိယသခင်လေးဆူကြောင့်ပဲ.. ခင်ဗျားတို့အားလုံးကို ကာကွယ်ပေးဖို့ သူက ကျုပ်ကို ညွှန်ကြားထားခဲ့တာ”
ဒီစကားများက ဦးလေးကျန့်တို့နှစ်ယောက်ကို ပို၍ပင် အံ့အားသင့်သွားစေ၏။
ဒုတိယသခင်လေးက အဆင့်၈ ချီစုဖွဲ့စစ်သည်တော်ကိုတောင် ခိုင်းစေညွှန်ကြားနိုင်တဲ့ အစွမ်း ရှိတယ်ပေါ့။
ဦးလေးကျန့်သည် ခဏမျှ ချင့်ချိန်စဉ်းစားပြီးနောက် စုန့်ချီက အခြေအမြစ်မရှိ ပေါက်တတ်ကရများ လျှောက်ပြောနေခြင်းမဟုတ် ဆိုတာကို နားလည်သွား၏။
ရုတ်တရတ်ဆိုသလို.. ဦးလေးကျန့်၏ စိတ်ထဲတွင် အတွေးတစ်ချက်က ဝင်လာပြီး သူ့မျက်နှာ အမူအယာက ဆိုးရွားစွာ ပြောင်းလဲသွား၏။ သူသည် ရုတ်တရတ် ထမေးလိုက်လေ၏။
“ဒုတိယသခင်လေးက ယန်ဘုရင်ကို သတ်ခဲ့တာဆိုရင် သူ.. မြို့ထဲကနေ လွတ်အောင် ထွက်နိုင်ပါ့မလား”
စုန့်ချီ၏ မျက်လုံးများက အရောင်မှိန်သွားပြီး ခါးသက်စွာ ပြုံးလိုက်၏။ သူ ပြန်မဖြေနိုင်ပေ။
ဦးလေးကျန့်၏ မျက်နှာအမူအယာက ပိုမို အရုပ်ဆိုးလာ၏။ သူသည် ချက်ခြင်းပင် အိုစာလာသည်ဟု ထင်ရလေ၏။
ဆူဇီမို ကြီးပြင်းလာတာကို သူစောင့်ကြည့်ခဲ့ရ၏။ ဒီကောင်လေးက သူ့သားအရင်းတစ်ယောက်လိုပင်။
ဆူမိသားစု၏ မိသားစုသွေးကြွေးကိစ္စက အရေးကြီးသည် မှန်သော်လည်း သူ့အတွက်တော့ ၎င်းသည် ဆူဇီမိုအသက်၏ ဆယ်ပုံတစ်ပုံလောက်တောင် အရေးမပါချေ။
“အား” ဦးလေးကျန့်သည် မျက်လုံးများကို မှိတ်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်၏။
လျှိုယုက မကျေမချမ်းနှင့် ပြောလိုက်၏။
“အဲ့ဒါအားလုံးက လောထျန်းဝူကြောင့်ပဲ.. သူသာ ဒုတိယသခင်လေးကို လွန်ခဲ့တဲ့ ၁၆နှစ်က အကြောင်းတွေ ပြောမပြခဲ့ဘူးဆိုရင်.. ဒုတိယသခင်လေးလဲ အခုလို သေရမှာ မဟုတ်ဘူး”
ဦးလေးကျန့်က မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းခါရင်း ပြောလိုက်လေ၏။
“ယန်ဘုရင်သေတဲ့ သတင်းက သိပ်မပျံ့သေးဘူး.. ကျန့်အန်မြို့တော်ဝန်ကလဲ အရူးမှ မဟုတ်တာ.. လောထျန်းဝူပြောတဲ့စကားကို သူယုံပါ့မလား.. လောထျန်းဝူက စစ်သည် ငါးသောင်းကို ဦးဆောင်လာခဲ့ပေမယ့်လဲ ကျန့်အန်မြို့ကို သိမ်းပိုက်ဖို့က သိပ်တော့ လွယ်တဲ့ကိစ္စ မဟုတ်ဘူး”
ထိုအချိန်တွင် လျှိုယု၏ မျက်လုံးများက ဒေါသစိတ်များဖြင့် ပြည့်နှက်လာပြီး အေးစက်စွာ ပြောလိုက်လေ၏။
“အဲ့ဒီလောထျန်းဝူဆိုတဲ့ကောင်က တော်တော်လူစိတ်မရှိတဲ့ကောင်.. သူက အားသုံးပြီး မတိုက်ချင်ဘူးလေ.. သူက ကျန့်အန့်မြို့နားက ရွာတွေက အပြစ်မဲ့ရွာသားတွေကို ဖမ်းဆီးပြီး ရှေ့ဆုံးကနေ သွားခိုင်းတယ်.. ရွာသားတွေက နောက်ပြန်လှည့်မယ်ဆိုရင် သတ်ပစ်ဖို့ လောထျန်းဝူက အမိန့်ပေးထားတယ်.. ရွာသားတွေမှာ ကျန့်အန်မြို့ထဲကို ပြေးဝင်ဖို့ကလွဲလို့ ရွေးချယ်စရာလမ်းမရှိဘူး”
“ဘာဖြစ်တယ်” ဦးလေးကျန့်က အံ့သြတုန်လှုပ်သွား၏။
ဤကဲ့သို့သော နည်းဗျူဟာမျိုးက အလွန်အမင်း ယုတ်ညံ့မိုက်ရိုင်းလေသည်။
သောင်းချီသောရွာသားများက ကျန့်အန်မြို့ထဲသို့ ပြေးဝင်ကြမည်ဆိုလျှင် ထိုအရာက လျစ်လျူရှု၍ မရသောအရာ ဖြစ်လာပေလိမ့်မည်။ ကျန့်အန်မြို့တော်ဝန်က မြို့တံခါးကို ဖွင့်ပေးလိုက်သည်နှင့် ရွာသားများက ပျားအုပ်ကြီးလို အတင်းတိုးဝင်ကြပေလိမ့်မည်။ ထိုအခါ လောထျန်းဝူ၏ စစ်သည်ငါးသောင်းကလည်း အတူရောပါလာပေလိမ့်မည်။ ထိုအချိန်တွင် ကျန့်အန်မြို့ကလည်း ကျပေတော့မည်။
ကျန့်အန်မြို့တော်ဝန်က မြို့တံခါးကို ဖွင့်မပေးဘဲ ဒီတိုင်းနေမည်ဆိုလျှင်လည်း ယန်တိုင်းသူပြည်သားများ သတ်ဖြတ်ခံနေရတာကို မြို့ရိုးပေါ်ရှိစစ်သားများက ကူကယ်ရာမဲ့စွာဖြင့် ဒီတိုင်းကြည့်နေရပေလိမ့်မည်။ ထိုအရာက မြို့စောင့်စစ်သားများ၏ စိတ်ဓါတ်အပေါ် များစွာ အကျိုးသက်ရောက်လာပေလိမ့်မည်။
နောက်ပြီး မြို့တံခါးရှေ့က ရွာသားများထဲတွင် မြို့စောင့်စစ်သည်များ၏ ဆွေမျိုးမိဘများကလည်း ပါလာနိုင်ပေသည်။
တိုက်ပွဲမစခင်ကပင် လောထျန်းဝူက တစ်ဝက်နိုင်နှင့်နေပေပြီ။
သို့သော် ထိုနိုင်ပွဲအတွက် အပြစ်မဲ့ပြည်သူများ၏ အသက်ကို စတေးရပေမည်။
ဒီနှစ်တွေအတွင်း ဆူမိသားစုသည် ပင်ယန်းမြို့တွင် နေထိုင်ခဲ့ကြသော်လည်း သူတို့သည် သူတို့ကိုသူတို့ ယန်နိုင်ငံသားများဟုသာ အမြဲတမ်း မှတ်ယူထား၏။ သူတို့သည် ယန်တိုင်းပြည်မှာမွေးပြီး ယန်တိုင်းပြည်မှာပင် ကြီးပြင်းလာခဲ့ကြ၏။ သူတို့၏ မွေးရပ်ဇာတိတိုင်းပြည်အပေါ် ချစ်စိတ်က အပြည့်ရှိလေသည်။
ဦးလေးကျန့်သည် လက်ကာပြပြီး ရုတ်တရတ် တိုးတိတ်စွာ ပြောလိုက်၏။
“ယန်ဘုရင်သေသွားတဲ့သတင်းကို မင်း သခင်လေးကို သွားပြောလို့ရတယ်.. ဒါပေမယ့်.. ယန်တိုင်းပြည်ကို ကျူးကျော်ဖို့ လောထျန်းဝူ စစ်ချီတက်သွားတဲ့အကြောင်းကိုတော့ သွားမပြောလိုက်နဲ့.. ငါထင်တယ်.. သခင်လေးရဲ့ စိတ်နဲ့သာဆိုရင်...”
ထိုအချိန်မှာပင် သူတို့နှင့် မလှမ်းမကမ်းနေရာမှ အိပ်ခန်းတံခါးတစ်ခုသည် ရုတ်တရတ် ပွင့်လာလေ၏။
ဦးလေးကျန့်တို့ သုံးယောက်လည်း မလုံမလဲနှင့် လှည့်ကြည့်လိုက်ကြ၏။.
ထိုနေရာတွင် ဆူဟုန်သည် တံခါးဘောင်ကိုကိုင်ပြီး မတ်တပ်ရပ်နေလေ၏။ သူ့မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်က အားနည်းနေသေး၏။ သို့သော် သူ့မျက်လုံးများကတော့ တစ်ဖြည်းဖြည်း အရောင်တောက်လာ၏။
“ကျုပ်ရဲ့ စစ်ချပ်ဝတ်ကို သွားယူချေ” ဆူဟုန် စကားပြောလိုက်သောအခါ သူ့အသံက သိပ်မကျယ်သော်လည်း ခိုင်မာပြတ်သားနေ၏။
“သခင်လေး .. သင်...” လျှိုယုမျက်လုံထဲတွင် မျက်ရည်များက စို့လာပြီး အသံက တိမ်ဝင်သွား၏။
သူ့ရှေ့က ပုဂ္ဂိုလ်သည် ဆူမိသားစုသွေးကြွေးအတွက် ကလဲ့စားချေရန်အလို့ငှာ ၁၆နှစ်လောက် စိတ်ရှည်သည်းခံ စောင့်ဆိုင်းခဲ့၏။ နောက်ထပ်လက်စားခြေနိုင်ဖို့ရာ မျှော်လင့်ချက်မရှိဟု သိလိုက်ရချိန်တွင် သူသည် စိတ်ဓါတ်များ လဲပြိုကာ အိပ်ယာထဲ ဘုန်းဘုန်းလဲသွားခဲ့၏။
သို့စေကာမူ ယခု ယန်တိုင်းပြည်က ဒုက္ခရောက်နေသည်ဟု သိလိုက်ရချိန်တွင် သူသည် တုံ့ဆိုင်းခြင်းမရှိ၊ ချက်ခြင်းထလာခဲ့၏။
ဘာကြောင့်ဆိုသော် သူသည် စစ်သူကြီး ဆူမူ၏ သားဖြစ်သောကြောင့် ဖြစ်၏။ သူသည် ဆူမိသားစု၏ သခင်လေးလည်း ဖြစ်၏။
“သခင်လေး သင့်ကျန်းမာရေးက ကောင်းသေးတာမှ မဟုတ်တာ.. ဘယ်လိုလုပ် တိုက်ပွဲဝင်လို့ ဖြစ်ပါ့မလဲ.. သခင်လေး အမိန့်သာ ပေးလိုက်ပါ.. ကျုပ်တို့ မဟူရာချပ်ဝတ် မြင်းတပ်သား ငါးထောင်က သင့်အတွက် သွားတိုက်ပေးပါ့မယ်” လျှိုယုက အံကြိတ်ပြီး ပြောလိုက်လေ၏။
ဦးလေးကျန့်သည် စိတ်ရှုပ်ထွေးသောကများနှင့် ပြောလိုက်လေ၏။
“ဒုတိယသခင်လေးကလဲ သေရှာပြီထင်ပါရဲ့ .. သခင်လေး သင်တစ်ခုခုဖြစ်လို့ မရတော့ဘူး.. မဟုတ်ရင် ဆူမိသားစုက သွေးဆက်ပြတ်တော့မယ်”
ထိုအချိန် ဆူဟုန်၏ မျက်လုံးထဲတွင် ပရိဒေဝသောကများက နက်ရှိုင်းစွာ ဝင်ရောက်လာလေ၏။
သူသည် သူ့ညီလေး ပါဝင်ပတ်သတ်ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့် ဆူမိသားစုသွေးကြွေးကိစ္စကို သေသေချာချာ သိုဝှက်ထားခဲ့၏။ သို့သော်လည်း နောက်ဆုံးရလာဒ်က ဤပုံစံဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
“ကျုပ်ပြောတာကို ခင်ဗျားနားမလည်ဘူးလား”
ဆူဟုန်သည် သူ့ရင်ထဲက သောကများကို ဖိနှိမ်ရင်း ခေါင်းခါပြောလိုက်၏။
“တစ်ကယ်ပဲ ယန်ဘုရင်က ဆူဇီမိုလက်ချက်နဲ့ သေခဲ့တာဆိုရင် ငါက လောထျန်းဝူကို ပိုလိုတောင် တားရဦးမယ်.. ယန်ဘုရင်သေဆုံးမှုကြောင့် ယန်တိုင်းပြည်က ဒုက္ခရောက်ရမယ်ဆို ဆူဇီမိုက ယန်တိုင်းပြည်ရဲ့ အပြစ်သားဖြစ်လာပြီး တစ်သက်လုံး နာမည်ဆိုးတွင်သွားလိမ့်မယ်.. ငါ၊ဆူဟုန် ဘယ်တော့မှ အဲ့လိုအဖြစ် မခံနိုင်ဘူး”
“ဟုတ်တော့ဟုတ်ပါတယ်.. ဒါပေ..” ဦးလေးကျန့်က ထပ်ပြီးဖျောင်းဖျဖို့ ကြိုးစားလိုက်ပေမယ့် ဆူဟုန်က ဖြတ်ပြောလိုက်၏။
“ယန်တိုင်းသူပြည်သားတွေကို သူ့အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ပါမယ်လို့ အဖေက သစ္စာကျိန်ဆိုခဲ့တယ်.. အခု ယန်တိုင်းပြည်က ဒုက္ခရောက်တော့မယ့်အချိန် ငါ၊ ဆူဟုန် ဒီနေရာမှာ ပုန်းနေမယ့်အစား စစ်မြေပြင်မှာ သေချင်သေရပါစေ.. ရောက်အောင်သွားရမယ်”
ဆူဟုန်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး သူ့မျက်လုံးများက တစ်ဖျတ်ဖျတ် တောက်ပလာ၏။ သူသည် လေးနက်သော အသံနေထားဖြင့် ပြောလိုက်၏။
“ယန်တိုင်းပြည်ရဲ့ နယ်နမိတ်စည်းကို ဖြတ်ကျော်ရဲတဲ့သူမှန်သမျှ အကုန်သေရမယ်.. ယန်တိုင်းသူပြည်သားတွေကို ထိရဲတဲ့သူမှန်သမျှ အကုန်သေရမယ်”
ဤအချိန်တွင် ဦးလေးကျန့်သည် ဆူဟုန်ကို ကြည့်ရသည်မှာ သခင်ကြီးဆူမူရောက်လာသလို ထင်မိလေ၏။
ခဏမျှ ငေးမောသွားပြီးနောက် သူသည် လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်က သခင်ကြီးဆူမူနဲ့အတူ စစ်မြေပြင်တစ်ဝှမ်း အားမာန်တက်ကြွစွာ လိုက်ပါပြီး အတူတိုက်ခိုက် အောင်ပွဲခံပုံများကို ပြန်လည်မြင်ယောင်လာလေ၏။
ဒီလိုစကားလုံးမျိုးတွေ၊ ဒီလိုမျိုးမြင်ကွင်းတွေ၊ ဒီလိုမျိုး ရဲရင့်မှူတွေ၊ ဒီလိုမျိုး စွမ်းအားတွေ။ သူသည် ဘာကိုမျှ ကြောက်မနေတော့ပေ။
ဆူဟုန်သည် အသံကိုမြှင့်ပြီး အော်လိုက်လေ၏။
“ဘယ်မှာလဲ ငါ့ရဲ့ မဟူရာချပ်ဝတ် မြင်းစီးတပ်သားတွေ”
ဘယ်အချိန်တည်းကရယ်မသိ မဟူရာချပ်ဝတ် မြင်းတပ်သား ငါးထောင်က အပြင်ဘက်တွင် စုစည်းရောက်ရှိနေကြပေပြီ။ သူတို့၏ မျက်လုံးများက မီးများလို တောက်လောင်နေပြီး အဆုံးမရှိ တိုက်ပွဲဝင်လိုစိတ်များက ပြသနေ၏။
ရုတ်တရတ် ဦးလေးကျန့်၏ မျက်လုံးများသည် မျက်ရည်များစို့လာပြီး ဒူးတစ်ဖက်ထောက်ချလိုက်ကာ ကျယ်လောင်စွာ အော်ပြောလိုက်၏။
“ကျန့်ကျီက ယန်တိုင်းသူပြည်သားများကို ကာကွယ်ဖို့ရာ ဗိုလ်ချုပ်နောက်ကို လိုက်ပါပြီး ပြည်ပကျူးကျော်ရန်သူတွေကို တိုက်ခိုက်သတ်ဖြတ်လိုပါတယ်”
မဟူရာချပ်ဝတ် မြင်းတပ်သား ငါးထောင်သည် သူတို့မြင်းများပေါ်ကနေ ခုန်ဆင်းလိုက်ကာ တစ်ညီတစ်ညာတည်း ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ကြပြီး သံပြိုင်ဟစ်လိုက်ကြလေ၏။
“ကျွန်ုပ်သည် ယန်တိုင်းသူပြည်သားများကို ကာကွယ်ဖို့ရာ ဗိုလ်ချုပ်နောက်ကို လိုက်ပါပြီး ပြည်ပကျူးကျော်ရန်သူတွေကို တိုက်ခိုက်သတ်ဖြတ်လိုပါတယ်”
ဆူဟုန်သည် လက်သီးဆုပ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။
“မြင်းတွေအဆင်သင့်ပြင် ချီတက်မယ်.. မဟူရာချပ်ဝတ်မြင်းစီးတပ်ရဲ့ တန်ခိုးကျက်သရေကို ပြန်လည်ပြသရမယ့် အချိန်ပဲဟေ့”
ဤမြင်ကွင်းကို ကြည့်၍ စုန့်ချီသည် သူ့ရှေ့မှ ပုဂ္ဂိုလ်အပေါ် ရိုသေလေးစားအားကျစိတ်များ တစ်ဖွားဖွား ပေါ်လာလေ၏။
အဆင့်၈ ချီစုဖွဲ့စစ်သည်တော်တစ်ယောက် အနေဖြင့် သူသည် မော်တယ်များအားလုံးကို အထက်စီးကနေ ကြည့်နိုင်လေ၏။ သို့သော် ယခုအခါမှာတော့ စုန့်ချီသည် မော်တယ်တစ်ယောက်ကို လေးစားစွာ ဦးညွှတ်လိုက်လေ၏။
ယခုလို စိတ်အားထက်သန်မှုမျိုးကို သူတစ်ခါမျှ မတွေ့ကြုံ၊ မခံစားခဲ့ရဖူးပေ။
မိသားစုများကြားသွေးကြွေးများနှင့် တိုင်းပြည်ရေးရာ အမုန်းတရားများကိုလဲ သူအရင်က မမြင်ဖူးခဲ့ပေ။
ထိုအချိန်တွင် ဆူဟုန်၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူသည် ရုတ်တရတ် တစ်ဖက်လှည့်လိုက်ပြီး အားလုံးကို ကျောပေးကာ သူ့ပါးစပ်ကို လက်ဝါးဖြင့် အုပ်လိုက်၏။ ထို့နောက် သူ့လက်ကို ပြန်ချလိုက်ပြီး ပုံမှန်အတိုင်း ပြန်နေလိုက်၏။
သို့သော်လည်း စုန့်ချီသည် ရှင်းလင်းစွာ မြင်လိုက်၏။ ဆူဟုန်၏ လက်ဝါးတွင်းတွင် နီရဲနေသောသွေးများ ပေကျံနေ၏။
ဆူဟုန်၏ ခန္ဓာကိုယ်သည် အားနည်းနေသေးသော်လည်း သိပ်ပြင်းထန်သောဒဏ်ရာဟူ၍ မရှိတော့ပေ။ အခုလိုမျိုး ပါးစပ်ထဲက သွေးထွက်လာဖို့ဆိုတာ မဖြစ်နိုင်ပေ။
ဤကဲ့သို့သော အခြေအနေမျိုးက လူတစ်ယောက်၏ နုလုံးသားသည် လွန်မင်းစွာ နာကျင်နေပြီး ဖြေဖျောက်ဖို့ရာ အခြေအနေမပေးသောအခါ ဖြစ်တတ်ကြောင်း စုန့်ချီကောင်းကောင်းသိ၏။
ဆူဟုန်သည် ဆူဇီမို၏ သေဆုံးမှုအကြောင်း ကြားသိရချိန်တွင် အများကြီး ခံစားပြမနေသော်လည်း သူ့ရင်ထဲတွင် မချိတင်ကဲသောကများကို အတင်းထိုးသိပ်ထားရ၏။
ယခင်ကတော့ စုန့်ချီသည် ဆူမိသားစုကို ကာကွယ်ဖို့ရာ ဆူဇီမို ငှားရမ်းခဲ့သော လူတစ်ယောက်ဖြစ်၏။
ယခုအခါမှာတော့ စုန့်ချီသည် သည်မိသားစုကို သူ့နုလုံးသားထဲမှ နှစ်နှစ်ကာကာဖြင့် ကာကွယ်ပေးချင်နေတော့၏။
ထို့ကဲ့သို့သော ယောက်ျားတစ်ယောက်က ယခုလို မြန်မြန်သေမသွားသင့်ပေ။