မမျှော်လင့်ဘဲ ဆုံတွေ့ခြင်း
Vol. 4 Ch. 58
ဘုရားကျောင်းဝင်းထဲ၌ အလောင်းများ နေရာအနှံ့ ရှိနေသည်။
တားမြစ်နယ်မြေထဲရှိ အန္တရာယ်များကို သဘောပေါက် နားလည်သွားခဲ့ပြီဖြစ်သော အစောင့်အရှောက်များ၊ နောက်လိုက်များ၏ အလောင်းများလည်း ပါဝင်သည်။ လူငယ်လေးများ၏ အလောင်းများတွင် ကြောက်ရွံ့ထိတ်လန့်သည့်အရိပ်အယောင်များ ယှက်သန်းနေဆဲဖြစ်ပြီး ကောင်းကင်ကြီးကို အသက်မဲ့သော မျက်ဝန်းများဖြင့် ကြည့်နေကြပေသည်။
ယင်းတို့အပြင် ရေခူအသေကောင်များလည်း ရှိသည်။
၎င်းတို့သည် လူသားများနှင့် ကွဲပြားခြားနားသည်။ ရေခူများ သေဆုံးသွားသောအခါ ဆိုးဝါးသော အနံ့အသက်များ ထုတ်လွှတ်နေသည့် မီးခိုးရောင်ရွှံ့နွံ့များအဖြစ် ပြောင်းလဲသွားသည်။ အသက်ရှင်သန်စဉ်အခါက ရောင်စုံတောက်ပနေသော ရေခူများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသွားပေသည်။
တချိန်တည်းမှာပင် ရေခူအသေကောင်များသည် ဘေးပတ်ဝန်းကျင်ကို ကျူးကျော်ဝင်ရောက်ကာ အရာအားလုံးကို တိုက်စားသော ဓာတ်နှောပမာဏ ထူထပ်သိပ်သည်းစွာ ထုတ်လွှတ်သည်။
ထိုဗြုန်းခနဲ ဖြစ်ပေါ်လာသော ကပ်ဘေးကြီးသည် ဆက်လက်ဖြစ်ပွားနေ၏။
လူငယ်လေးများနှင့် မိန်းကလေးများသည် သွေးရူးသွေးတန်းဖြင့် ဆုတ်ခွာနေကြပြီး ရေခူအုပ်ကြီးက တရွှီရွှီမြည်သံပေး၍ သူတို့နောက်ကို လိုက်နေကြသည်။ တားမြစ်နယ်မြေနယ်နိမိတ်အတွင်း၌ သွေးချောင်းစီးတိုက်ပွဲကြီး ဆက်လက်ဖြစ်ပေါ်နေပေ၏။
ဘုရားကျောင်းအစုအဝေးဆီ ရွှီချင်း ရောက်သောအခါ နှစ်နာရီ ကျော်လွန်သွားလေပြီ။
သူသည် ဘုရားကျောင်းအစုအဝေးကို ဖြတ်၍ သွားနေစဉ်အတောအတွင်း မြေပြင်ပေါ် ပြန့်ကျဲနေသော အလောင်းများစွာကို ကြည့်လိုက်သည်။ သူ၏မျက်နှာအမူအရာက များစွာ ပြောင်းလဲသွားခြင်း မရှိပေ။ အလောင်းများစွာကို သူ မြင်ဖူးနေပြီးသား မဟုတ်ပါလား။
သူက အစောင့်အရှောက်များနှင့် နောက်လိုက်များ၏အလောင်းများကို ဖြတ်ကျော်လာစဉ် ရေခူအသေကောင်တချို့ကို တွေ့၍ လေ့လာရန် ယူလိုက်သည်။
လူသေအလောင်းများပေါ်ရှိ ပစ္စည်းများမှာမူ ရေခူများ သေဆုံးပြီးနောက် ဓာတ်နှောများ စွန်းထင်းသွားခဲ့ပြီဖြစ်၍ အသုံးမဝင်တော့ချေ။
ထိုသို့ဖြင့် အလောင်းတစ်လောင်းဘေးကို ရွှီချင်း ရောက်သွားပြီး ခြေလှမ်းများ ရပ်သွားသည်။
ထိုအလောင်းသည် အဘိုးအိုတစ်ယောက်၏အလောင်းဖြစ်ပြီး သူ၏ဝမ်းဗိုက်တွင် တိုးလျှိုပေါက်အပေါက်ကြီးတစ်ပေါက် ရှိနေပြီး ခြောက်သွေ့နေပြီဖြစ်သော သွေးစများ ရှိနေသည်။ ပြူးကျယ်နေသော မှိုင်းညို့ညို့မျက်ဝန်းများထဲတွင် အသက်ရှင်စဉ်အခါက နောင်တများ ကိန်းအောင်းနေခဲ့ဟန်တူသည်။
ရွှီချင်းသည် ထိုအလောင်းကိုကြည့်၍ သက်ပြင်းချလိုက်သည်။
သူသည် နတ်ဘုရားတစ်ပါးမဟုတ်ပေ၊ တစ်ဖက်လူက သူ၏အာမခံကို ဝယ်ယူသွားခဲ့သည့်တိုင်အောင် သူ၏လုံခြုံရေးအတွက် အပြည့်အဝ အာမခံ မပေးနိုင်ချေ။ အထူးသဖြင့် မြူခိုးများ ပေါ်မလာသည့်အခါတွင် ဖြစ်ပေသည်။
ခဏအကြာ တိတ်ဆိတ်ငြိမ်သက်နေပြီး ရွှီချင်းသည် ဆောင့်ကြောင့်ထိုင်၍ အဘိုးအိုလောင်ရှစ်၏ ပြူးကျယ်နေသော မျက်လုံးများကို ပိတ်ပေးကာ မြေမြှုပ်ပေးလိုက်သည်။
တစ်ခါက ရတနာမုဆိုးများတွင် ဆွေမျိုးသားချင်းများ မရှိကြ၍ သူတို့ကို လေးစားနေစရာ မလိုကြောင်း ခေါင်းဆောင်လဲ့က ပြောပြထားခဲ့ပေရာ ထိုမြေပုံတွင် မှတ်တိုင်မရှိချေ။
လောကထဲ ရောက်လာတော့လည်း လက်ဗလာနဲ့၊ ထွက်သွားတော့လည်း လက်ဗလာနဲ့ …
ယင်းသည် ရတနာမုဆိုးတစ်ယောက်၏ ဘဝဖြစ်ပေသည်။ အသက်ရှင်သန်စဉ်အခါက လောကကြီးထဲ ရုန်းကန်ကြရသည်။ သေသွားသောအခါတွင်လည်း တိတ်တိတ်ဆိတ်ဆိတ်သာ ပြီးဆုံးသွားသည်။
ထိုကဲ့သို့ ဝမ်းနည်းဖွယ်ရာ ပုံပြင်များသည် ရတနာမုဆိုးအများစုအတွက် မထူးခြားသော ကိစ္စရပ်များ ဖြစ်ပေသည်။
ရွှီချင်းသည် အဘိုးအိုလောင်ရှစ်၏ မြေပုံရှေ့တွင် မတ်တတ်ရပ်၍ တားမြစ်နယ်မြေအပြင်ဘက်ရှိ စခန်းကို လှမ်းကြည့်ကာ ပြီးခဲ့သောလများအတွင်း သူ၏ဘဝကို ပြန်တွေးမိလိုက်သည်။
ရတနာမုဆိုးစခန်းကို သူ ရောက်လာခဲ့သည်မှာ လေးလတာ ကြာမြင့်သွားခဲ့လေပြီ။
သွေးအရိပ်အဖွဲ့ခေါင်းဆောင် သေသွားခဲ့ပြီဖြစ်ပြီး မီးကျီးကန်း၊ ဖက်တီးရှန်၊ မြင်းလေး၊ တစ္ဆေရိုင်းကြီးနှင့် အဘိုးအိုလောင်ရှစ်တို့ သေသွားခဲ့ပြီး ဖြစ်ပြီး အရိုးဓားသည်လည်း ထွက်ပြေးရင်း အသက်ပျောက်သွားခဲ့ရသည်။ ခေါင်းဆောင်လဲ့သည်လည်း တစ်ယောက်တည်း နေထိုင်နေတော့သည်။ တိတ်ဆိတ်စွာ သေသွားကြသည့် တခြားရတနာမုဆိုးများလည်း ရှိပေသည်။
ရက်စက်ကြမ်းတမ်းသော လောကပျက်ကြီးထဲ၌ လူ့ဘဝများသည် တန်ဖိုးကင်းမဲ့နေပေ၏။
“ ငါ အစွမ်းထက်လာမှပဲ အသက်ရှင်နိုင်မှာ ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး တဖြည်းဖြည်း အေးစက်တင်းမာလာကာ လှည့်ထွက်သွားသည်။
ဆည်းဆာနေရောင်ခြည်တန်းများအောက်တွင် လေတဖြူးဖြူး ဆော်သွေးတိုက်ခတ်နေပေရာ လူငယ်လေး၏ အဝတ်အစားများ တဖျပ်ဖျပ် လွင့်နေတော့သည်။
လေပြေထဲတွင် အေးစက်စက်အငွေ့အသက်များ ကိန်းအောင်းနေပုံရပြီး တဖြည်းဖြည်း အားပျော့လာကာ တောအုပ်ထဲ ဝင်သွားသော လူငယ်လေးနှင့်အတူ ပျောက်ကွယ်သွားသည်။
နေရောင်ခြည်တန်းလေးများသည် ဖျော့တော့လာပါသော်လည်း သစ်ရွက်ကလေးမျာကြားထဲကို ထိုးဖောက်၍ တောအုပ်ထဲ တဟုန်ထိုး ပြေးလွှားနေသည့် လူငယ်လေးအပေါ် သက်ဆင်းချင်နေကြသည့်အလား။
သို့သော် လူငယ်လေးသည် လက်ဖျားခါရလောက်အောင် မြန်ဆန်လှပြီး နေရောင်ခြည်တန်းလေးသည်ပင် ထိုလူငယ်လေး၏နောက်သို့ လိုက်ပါရန် အားအင်ကင်းမဲ့နေရဟန်တူသည်။
များမကြာမီ ရွှီချင်းသည် ရုတ်တရက် ခြေလှမ်းများ ရပ်လိုက်ပြီး သံသယမျက်ဝန်းများဖြင့် မြေပြင်ကို ငုံ့ကြည့်လိုက်သည်။
ထို့နောက် သူသည် ဆောင့်ကြောင့်ထိုင်၍ မြေသားကို အနံ့ခံကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏အကြည့်က မြက်ပင်တစ်စုပေါ် ကျရောက်သွားသည်။ ထိုမြက်ပင်များပေါ်တွင် အလွယ်တကူ မသိနိုင်သော အမှုန့်တစ်မျိုး ကပ်ညိနေသည်။
ရွှီချင်းသာ တားမြစ်နယ်မြေထဲရှိ အနံ့များနှင့် အဆိပ်မြက်ပင်များအကြောင်း ကောင်းစွာ သိရှိမထားခဲ့ပါလျှင် ထိုမူမမှန်သောဖြစ်ရပ်ကို သတိထားမိချင်မှ သတိထားမိပေမည်။
ထိုအခိုက် သူသည် အချိန်အတော်ကြာ ဝေဖန်သုံးသပ်နေပြီး အမှုန့် ကပ်တွယ်နေသော အရွက်တစ်ရွက်ကို ကောက်ယူလိုက်သည်။ ခဏအကြာ သူ စူးစမ်းလေ့လာလိုက်ပြီး ခပ်တိုးတိုး ဆိုလိုက်သည်။
“ ဘာတွေနဲ့ ဖွဲ့စည်းထားလဲ မသိပေမဲ့ သက်ရှည်ကင်းမြေများရဲ့သွေးတော့ ပါလောက်မယ် ”
ရွှီချင်း၏မျက်လုံးများ တဖိတ်ဖိတ်တောက်ပနေသည်။ သမားတော်ကြီးပိုင်၏ သင်ခန်းစာများထဲတွင် သက်ရှည်ကင်းခြေများ၏သွေးအကြောင်းကို မိတ်ဆက်အနေဖြင့် ပါခဲ့သည်။
ထိုသွေးတွင် ဆေးဖက်ဝင်ဂုဏ်သတ္တိများစွာ ပါဝင်နေပါသော်လည်း ၎င်းက ဓာတ်ကူပစ္စည်းတစ်မျိုး ဖြစ်သည်။ တခြားဆေးပင်များနှင့် ၎င်းကို ပေါင်းစပ်လိုက်သောအခါ ထူးခြားသော သားရဲများကို ဆွဲဆောင်နိုင်သည့် ဓာတ်ကူဆေးဝါးတစ်မျိုးကို ဖော်စပ်နိုင်သည်။ ထိုဓာတ်ကူဆေးကို အမဲလိုက်ရာတွင် မကြာခဏ အသုံးပြုတတ်ကြသည်။
“ အဲဒီရေခူတွေက ဒါကြောင့် ရောက်လာတာလား ”
ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ သူသည် အန္တရာယ်ဖြစ်စေသော ထိုသစ်ရွက်ကို အောက်သို့ချလိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် လိမ်းကျံရန် အဆိပ်မှုန့်တစ်ဆုပ်စာ ယူလိုက်သည်။
သူသည် အစောပိုင်းက သူ ထိခဲ့သည့် သက်ရှည်ကင်းခြေများ၏ သွေးအနံ့ကို ပျောက်သွားအောင် လုပ်ပြီးနောက် လှစ်ခနဲလှုပ်ရှားကာ မတူညီသော အရပ်မျက်နှာသို့ ပြေးသွားသည်။
သူသည် လူငယ်လေးများကို အဘိုးအိုလောင်ရှစ် ခေါ်ဆောင်သွားခဲ့သည့်အရပ်မျက်နှာသို့ သွားရန် စိတ်ကူးမရှိချေ။ ထိုကိစ္စသည် သူနှင့် မသက်ဆိုင်လှဘဲ ဝင်ပါရန်လည်း စိတ်မဝင်စားပေ။
ထိုလူငယ်များထဲတွင် ချန်ဖေးယွမ်၏ သူငယ်ချင်းများ ရှိနေနိုင်သည့်တိုင်အောင် သူတို့ကို ကူညီပေးရန် သူ့မှာ တာဝန်မရှိချေ။ ထို့ပြင် ထိုလူများထဲတွင် ရေခူကြီးများကို ရင်ဆိုင်နိုင်သည့် ပညာရှင်များ ရှိပေသည်။ ရွှီချင်းအတွက် ထိုအခြေအနေက ထပ်တူ အန္တရာယ်များပေသည်။
အရေးကြီးဆုံးအချက်မှာ ထိုလူငယ်လေးများနှင့် မိန်းကလေးများထဲတွင် ရေခူများကို ရည်ရွယ်ချက်ရှိရှိ ရောက်လာအောင် လုပ်ဆောင်ခဲ့သော လူတစ်ယောက် ရှိနေနိုင်ချေများသည်။
ထို့ကြောင့် သူတို့အရပ်မျက်နှာကို မှန်းဆပြီးနောက် ရွှီချင်းသည် လမ်းကြောင်းပြောင်းကာ လှည့်ပတ်သွားလာလိုက်ပြီး မှောင်စပျိုးလာသည့်အချိန်တွင် လျှိုမြောင်ထဲရှိ စခန်းကို ပြန်လာခဲ့သည်။
သူ ကောက်ယူလာခဲ့သည့် ဆေးပင်များကို သိမ်းဆည်းထားလိုက်ပြီး အဖြူရောင်ဆေးလုံးများကို သူ ဆက်လက်လေ့လာလိုက်သည်။
ရွှီချင်းသည် လူငယ်လေးများနှင့် မိန်းကလေးများ
ဆုတ်ခွာသွားသည့် အရပ်မျက်နှာကို မသွားခဲ့ပါသော်ငြား ညအချိန်ရောက်သောအခါ စမ်းသပ်ခန်းထဲတွင် ဆေးဝါးဖော်စပ်နေသော ရွှီချင်းသည် အတန်ငယ်ဝေးသောနေရာမှ တိုက်ခိုက်သံများကို ကြားလိုက်ရသည်။ ထို့ပြင် ထိုအသံများက တရွေ့ရွေ့ နီးကပ်လာရာ သူ မျက်မှောင်ကြုတ်သွားရသည်။
ခြေသံများကိုပါ သူ ကြားလာရပြီးနောက် သက်ပြင်းချလိုက်သည်။
သူ မတ်တတ်ရပ်ပြီး စမ်းသပ်ခန်းအပြင်ဘက်ကို ထွက်လာသည်။ လရောင်အောက်၌ လျှိုမြောင်ဝင်ပေါက်ကို သူ လှမ်းကြည့်လိုက်သည်။ ထိုနေရာမှနေ၍ ဝမ်းသာအားရအော်ဟစ်သံများ ထွက်ပေါ်လာသည်။
“ ဒီမှာ လမ်းတစ်လမ်း ရှိနေပါလား ”
“ အားလုံးပဲ မြန်မြန်လာကြဟေ့ ”
ထိုအသံ ထွက်ပေါ်လာသည်နှင့် စုတ်ပြတ်နေသော အဝတ်အစားများနှင့် ဆံပင်များ ရှုပ်ပွနေသော လူငယ်လေးအနည်းငယ် ပေါ်လာသည်။သူတို့၏မျက်နှာများတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူတို့နောက်တွင် လူဆယ်ယောက်ကျော်ရှိပြီး သူတို့နှင့် သက်တူရွယ်တူ အပေါင်းအဖော်များ ဖြစ်ကြသည်။ ဒဏ်ရာမျာစွာ ရထားသော အစောင့်အရှောက် ခုနစ်ယောက်၊ ရှစ်ယောက်လည်း ပါလာသည်။
စုစုပေါင်း လူနှစ်ဆယ်ကျော်က လျှိုမြောင်ထဲကို ပြေးလာကြသည်။ အစောင့်အရှောက်အနည်းအကျဉ်းက ဝင်ပေါက်တွင် မားမားမတ်မတ် ရပ်စောင့်နေကြပြီး ကပ်ဘေးမှ လွတ်မြောက်ကြသော လူငယ်လေးများနှင့် မိန်းကလေးများက သက်ပြင်းများကိုယ်စီချလိုက်ကြသည်။ တချိန်တည်းမှာပင် လျှိုမြောင်ပတ်ဝန်းကျင်ကို သူတို့ သတိထားမိလိုက်ကြသည်။
မကြာခင် ရွှီချင်း၏ စမ်းသပ်ခန်းလေးကို သူတို့ မြင်သွားကြပြီး စခန်းရှေ့တွင် ရပ်နေသော ရွှီချင်းကိုလည်း တွေ့သွားကြသည်။
“ ဒီမှာ လူတစ်ယောက် ရှိတယ်ဟေ့ ”
ရွှီချင်းကို မြင်လိုက်သည်နှင့် ထိုလူငယ်လေးများနှင့် မိန်းမပျိုလေးများသည် လေးညို့ဖြင့် ချိန်ရွယ်ခြင်း ခံထားရသည့် ငှက်ကလေးများပမာ အထိတ်တလန့်ဖြင့် နောက်ဆုတ်သွားကြသည်။ သူတို့နောက်ရှိ အစောင့်အရှောက်သုံးဦးသည်လည်း ချက်ချင်း ရောက်လာကြပြီး ရွှီချင်းကို သတိထား၍ စူးစူးရှရှ ကြည့်လိုက်ကြသည်။
ထိုအကြည့်များက ရွှီချင်းကို အနည်းငယ် အေးစက်တင်းမာသွားစေသည်။ သူက ထိုအစောင့်သုံးဦးကို အေးတိအေးစက်ကြည့်လိုက်ပြီးနောက် လူငယ်အုပ်စုကို ဝေ့ကြည့်လိုက်သည်။ ထိုလူစုတွင် သူ သတိထားမိသည့် လူနှစ်ဦးရှိသည်။
တစ်ယောက်က သူ့ထက် အသက်အနည်းငယ် ကြီးသည့် ( ၁၆ ) နှစ်၊ ( ၁၇ ) နှစ်အရွယ်လူငယ်ဖြစ်သည်။ ထိုလူငယ်သည် ဆိုးဆိုးဝါးဝါးဖြစ်နေပါသော်လည်း တခြားလူများနှင့် မတူချေ။ သူ၏မျက်နှာထက်တွင် ကြောက်လန့်တုန်ရီစိတ်အနည်းငယ်သာ ရှိပြီး သတိထားနေသည့်အရိပ်အယောင်များသာ ရှိနေသည်။
တခြားတစ်ယောက်သည် အလွန် ချစ်စဖွယ်ကောင်းသော မိန်းမပျိုလေးဖြစ်သည်။ ထိုမိန်းမပျိုလေး၏ အဝတ်အစားများသည် ညစ်ပတ်ပေရေနေပြီး ထိုမိန်းမပျိုလေးကိုကြည့်ရသည်မှာ ကြောက်လန့်တုန်ရီနေဟန်ရှိပါသော်ငြား လူပေါင်းစုံကို မြင်တွေ့လာခဲ့ရသော ရွှီချင်းအတွက် ထိုမိန်းမပျိုလေး ကြောက်လန့်တုန်ရီနေခြင်းသည် အတုအယောင်သာ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
အထူးသဖြင့် ထိုမိန်းမပျိုလေး၏ ညာဘက်လက်တွင် ဝတ်ဆင်ထားသော လက်အိတ်ကြောင့်ပင်။ ထိုလက်အိတ်ကို စွပ်ထားရခြင်းသည် လက်ကိုသန့်ရှင်းစေရန်အတွက်သာဖြစ်ဟန်တူပါသော်လည်း အဆိပ်ကို သုံးလေ့ရှိသော ရွှီချင်းအတွက် လက်အိတ်ကို ကိစ္စရပ်များစွာတွင် အသုံးချနိုင်ပေသည်။
ဥပမာအနေဖြင့် အဆိပ်မှုန့်များ ဖြန့်ကျဲခြင်းပင်။
“ ချီစုစည်းခြင်းအဆင့်ခြောက်နဲ့ အဆင့်ခုနစ်ကြားမှာရှိတဲ့ အစောင့်အရှောက်ရှစ်ယောက်ရှိတယ်။ တခြားလူတွေကတော့ အဆင့်ငါးအောက်မှာရှိပြီး အုပ်စုသုံးစု ခွဲထားတယ် ”
“ အဲဒီနှစ်ယောက်ကတော့ … ယောက်ျားလေးက အဆင့်ခုနစ်၊ မိန်းကလေးကတော့ ရေခူတွေ ရောက်လာအောင် လုပ်တဲ့သူဖြစ်မယ်။ ရေခူကြီးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ပညာရှင်အနည်းအကျဉ်းကတော့ ဒီအုပ်စုထဲ မပါဘူး။ ရေခူကြီးတွေကို အဝေးကို မျှားခေါ်သွားတာဖြစ်မယ် ”
ယင်းသည် ရွှီချင်း၏အလေ့အကျင့်ဖြစ်ပြီး ထိုလူငယ်လေးများနှင့် မိန်းကလေးများမှာ ရွှီချင်းက တစ်ချက်ကြည့်ရုံဖြင့် အသေးစိတ်ကို မြင်နေမှန်း သိမည် မဟုတ်ပေ။
သို့သော်လည်း အစောင့်အရှောက်များမှာမူ ထိုလူငယ်လေးများနှင့် မတူညီပေ။ ရွှီချင်း၏ အေးစက်စက်အကြည့်ကို သူတို့ သတိထားမိလိုက်ပြီး ဆေးခန်းကိုကြည့်ကာ သတိထားသွားကြသည်။
တားမြစ်နယ်မြေထဲရှိ ယခုကဲ့သို့ လျှိုမြောင်ထဲ၌ အိမ်ဆောက်နေသည်မှာ ထိုလူငယ်လေးသည် တားမြစ်နယ်မြေကို ရင်းနှီးကျွမ်းဝင်နေသည်သာမက ဤနေရာတွင် နေထိုင်နေသူဖြစ်ကြောင်း ဖော်ပြနေပေသည်။
ထိုကဲ့သို့ လူတစ်ယောက်က လွန်စွာ အန္တရာယ်များသည်။
“ တာအိုရောင်းရင်းလေး၊ ရောင်းရင်းလေးရဲ့ သခင် ဒီမှာရှိလား။ ကျုပ်တို့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး။ အပြင်ဘက်မှာ သန္ဓေပြောင်းသားရဲတွေလိုက်နေလို့ ကျုပ်တို့ ဒီနေရာကို ပုန်းဖို့ ရောက်လာတာပါ ”
“ ကျုပ်တို့ မိုးသောက်ချိန်ရောက်ရင် ထွက်သွားပါ့မယ်။ ရောင်းရင်းလေးကို နှောင့်ယှက်မိတဲ့အတွက် ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ ”
ထိုစကားလုံးများသည် သူတို့နောက်ရှိ ထိတ်လန့်တုန်ရီနေဆဲဖြစ်သော လူငယ်လေးများကို တစ်ခုခု လွဲမှားနေသည့်အလား ခံစားသွားရစေပြီး သူတို့အားလုံး ရွှီချင်းကို ကြည့်လိုက်ကြသည်။
သူတို့ထဲမှ အသက်အကြီးဆုံးလူငယ်လေးသည် ရွှီချင်းကို တည်ကြည်လေးနက်သောအမူအရာဖြင့် အတန်ငယ် ကြည့်နေသည်။ လက်အိတ်စွပ်ထားသော မိန်းကလေးသည် မျက်မှောင်လေးကြုတ်၍ ကြည့်နေ၏။
ထိုမိန်းကလေးသည် စမ်းသပ်ခန်းလေးကို အကြည့်ရောက်သွားစဉ် ဘေးပတ်ဝန်းကျင်ရှိ ဆေးနံ့များကို အာရုံခံမိလိုက်သည်။ ထိုအခါ ရှေ့တူရှုရှိ လူငယ်လေးအကြောင်းကို ပို၍ နားလည်လာသည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်၍ သူတို့ကိုကြည့်နေပြီးနောက် ဝင်ပေါက်ကို လှမ်းကြည့်လိုက်သည်။ သူသည် အချိန်အတော်ကြာသည်အထိ စကားမဆိုဘဲ ဆိတ်ဆိတ်နေခြင်းဖြင့်သာ ခွင့်ပြုကြောင်း ပြသလိုက်သည်။ ထို့နောက် စမ်းသပ်ခန်းလေးဆီကို သူ ပြန်လျှောက်သွားသည်။
ထိုသို့ နှုတ်ဖြင့်မဆိုဘဲ လက်ခံသဘောတူသည့် သူ၏အပြုအမူကြောင့် အစောင့်အရှောက်များမှာ စိတ်သက်သာရသွားပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။ သူတို့နောက်ရှိ လူငယ်လေးများနှင့် မိန်းကလေးများမှာမူ စိုးရိမ်ကြောင့်လန့်စိတ်သာ ရှိနေပေ၏။
လက်အိတ်စွပ်ထားသော မိန်းကလေး၏မျက်ဝန်းများထဲတွင်သာ ထူးဆန်းသော အလင်းတစ်ချက် ဝင်းလက်သွားသည်။ ထို့နောက် မိန်းကလေးသည် ဝမ်းနည်းယူကျုံးမရဖြစ်နေသည့်လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
“ နင် … နင်က အရမ်းရိုင်းတာပဲနော်။ ငါတို့ ဒီမှာ ခဏလောက်ပဲ နေချင်တာပါ။ အပြင်ဘက်မှာ သန္ဓေပြောင်းသားရဲတွေရှိတယ်။ ငါတို့ အပြင်ထွက်သွားရင် သေချာပေါက် သေလိမ့်မယ် ”
မိန်းကလေး၏လေသံသည် သနားကရုဏာသက်သည့်လေသံဖြစ်နေပေရာ ထိုမိန်းကလေးကို သဘောကျနေသော လူငယ်လေးများကို ရဲဆေးတင်ပေးလိုက်သည့်ပမာ ဖြစ်သွားစေပြီး ရွှီချင်းကို သူတို့ တစ်ယောက်တစ်ပေါက် ပြောကြလေသည်။
“ သူ ပြောတာမှန်တယ်၊ မင်းက ဘာလို့ ဒီလောက်ကြီး အေးစက်နေရတာတုံးကွ ”
“ ငါတို့မှာ ဘာမကောင်းတဲ့စိတ်မှ မရှိဘူး။ ဒီမှာ အနားယူချင်တာလောက်ပဲလေကွာ ”
“ တားမြစ်နယ်မြေက သူ့မိဘပိုင်တာမဟုတ်ဘူး။ ဘာလို့ ငါတို့ သူ့ကို ခွင့်တောင်းနေရမှာတုံး ”
ထိုစကားများသည် လူတချို့ကို ရွှီချင်းအပေါ် မုန်တီးမှု ဖြစ်စေသည်။ ရန်စသောစကားများစွာ မပြောကြပါသော်လည်း ထိုစကားအနည်းအကျဉ်းသည်ပင် မိန်းကလေးကို စိတ်ကျေနပ်ရာရသွားစေသည်။
ထိုမိန်းကလေးသည် တခြားလူများကို အသုံးချ၍ ရွှီချင်း၏နောက်ကြောင်းကို သိအောင်လုပ်ချင်နေသည်။
သို့သော်လည်း ရွှီချင်း၏ခန္ဓာကိုယ်မှ အေးစက်စက်အလင်းတစ်ချက် ဖျတ်ခနဲ ဝင်းလက်သွားသည်။ တရွှီရွှီမြည်သံများ လွင့်ပျံသွားပြီး ဓားမြှောင်တစ်ချောင်းက လျှပ်စီးလက်သည့်အလား မာနခဲ မိန်းကလေးထံ ချဉ်းကပ်သွားလေသည်။
မိန်းကလေးသည် မျက်စိမျက်နှာပျက်သွားပြီး ရှောင်တိမ်းရန် ပြင်လိုက်စဉ် ဓားမြှောင်က မိန်းကလေး၏ နားရွက်ကို ကျော်ဖြတ်၍ ဆံပင်အနည်းငယ်ကို ပိုင်းဖြတ်သွားသည်။ ဒုတ်ခနဲ မြည်ဟည်းသံနှင့်အတူ ဓားမြှောင်က မိန်းကလေး၏နောက်ရှိ ကျောက်နံရံကို စိုက်ဝင်သွားပြီး မီးပွားကလေးများ ဖြာထွက်သွားသည်။
မိန်းကလေးသည် တဆတ်ဆတ် တုန်ရီသွားပြီး အသက်ရှူသံများ ပြတ်တောင်းပြတ်တောင်း ဖြစ်လာကာ ညာလက်ကို အလိုလိုမြှောက်လိုက်သည်။ ထို့နောက် ရွှီချင်းကို ကြည့်လိုက်သောအခါ ဝံပုလွေတစ်ကောင်ပမာ သွေးအေးသောအကြည့်နှင့် လူငယ်ကို သူမ မြင်လိုက်ရသည်။
ထိုအကြည့်သည် သူမ၏နှလုံးသားကို ဖျစ်ညှစ်လိုက်သည့်အလားပင်။ ဘေးပတ်ဝန်းကျင်ရှိ အစောင့်အရှောက်များသာမက တခြားလူငယ်လေးများနှင့် မိန်းကလေးများအားလုံးပါ မှင်သက်သွားကြသည်။ အစောင့်အရှောက်များသည် အလွန်သတိထားသွားပြီး လူငယ်လေးများနှင့် မိန်းကလေးများမှာမူ အလန့်တကြား ဖြစ်သွားကြသည်။
“ ငါတို့က မတော်တဆ တွေ့ကြရတာ။ ငါ့ကို လာမစမ်းနဲ့ ”
ရွှီချင်းသည် မိန်းကလေးကို စူးရှစွာ ကြည့်၍ သူ၏ရင်ထဲရှိ လူသတ်ချင်စိတ်ကို ချိုးနှိမ်ထားလိုက်သည်။ ထို့နောက် သူက စမ်းသပ်ခန်းလေးဆီ လှည့်ပြန်သွားသည်။
လရောင်အောက်၌ သူသည် လရောင်နှင့် တစ်သားတည်းဖြစ်နေဟန်တူပြီး ညကို ပို၍ အေးစက်သွားစေသည်။ ထိုအအေးဓာတ်က လျှိုမြောင်ထဲရှိ လူအားလုံး၏ နှလုံးသားများထဲ စီးဝင်သွားပြီး သူတို့ကို ငြိမ်သက်သွားစေသည်။
လူအများစုအတွက် လျှိုမြောင်သည် အပြင်ဘက်ရှိ ရေခူများပမာ အန္တရာယ်ရှိနေဟန်တူသည်။
ထိုသို့ တိတ်ဆိတ်ငြိမ်သက်နေသည့်အချိန်၌ စမ်းသပ်ခန်းအဝကို ရွှီချင်း ရောက်သည်နှင့် လျှိုမြောင်ဝင်ပေါက်မှ သည်းခြေခိုက်လုမတတ် နာကျင်စွာအော်ဟစ်သံ ရုတ်တရက် လွင့်ပျံလာသည်။
ရေခူလေးတစ်ကောင်သည် ဝင်ပေါက်ကို ရှာတွေ့သွားပြီးနောက် အစောင့်၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လိုက်ခြင်း ဖြစ်သည်။ ထိုအစောင့်၏ကိုယ်တွင်းအင်္ဂါများကို ဝါးမျိုပြီးနောက် ၎င်းက လျှိုမြောင်ထဲ တဟုန်ထိုး ဝင်ရောက်လာသည်။
၎င်း၏နောက်တွင် ရေခူအုပ်လိုက်ကြီးက တရွှီရွှီမြည်သံပေး၍ ကပ်လျက်လိုက်ပါလာသည်။