← Chapters

မိသားစုအရေးနှင့် အမျိုးသားရေး

Vol. 3 Ch. 38

မိသားစုအရေးနှင့် အမျိုးသားရေး

Vol. 3 Ch. 38

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၃၈) မိသားစုအရေးနှင့် အမျိုးသားရေး

Translator – Than Toe Aung

ကျန့်အန်မြို့အပြင်ဘက်တွင်...

ရွာသားတစ်သောင်းကျော်သည် အိုးအိမ်များကို စွန့်ခွာ၍ လောထျန်းဝူ၏ စစ်သားများ ဖမ်းဆီးခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာခဲ့ရ၏။ သူတို့အားလုံးသည် ကျန့်အန်မြို့ဂိတ်တံခါးရှေ့သို့ မောင်းသွင်းခြင်း ခံလိုက်ရ၏။

ကျန့်အန်မြို့၏ မြို့တော်ဝန်ဖြစ်သော ချောင်ဝမ်ရှင်းသည် ခံတပ်မျှော်စင်ထိပ်တွင် မတ်တပ်ရပ်ပြီး ရွာသားများ အသက်လုပြေးလာကြသည်ကို အေးစက်စွာ ကြည့်နေ၏။ သူသည် လက်ဝေ့ပြလိုက်ပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။

“မြားသမားတွေ... ပစ်”

“အရှင်.. ဒီလူတွေက ယန်တိုင်းသူပြည်သားတွေပါ” ချောင်ဝမ်ရှင်း၏ အနောက်ရှိ ဒုဗိုလ်မှူးတစ်ယောက်က ရှေ့သို့ထွက်လာပြီး တားလိုက်၏။ ကိုယ့်လူမျိုးအချင်းချင်း သတ်ရမှာကို သူမကြည့်ရက်ပေ။

“ဟမ့်”

ချောင်ဝမ်ရှင်းက ဘေးဘီဝဲယာတစ်ချက်ကြည့်လိုက်ပြီး မေးလိုက်၏။

“ဒီသာမန်အညတရတွေက မြို့ထဲကို အတင်းတိုးဝင်လာမယ်ဆို လောထျန်းဝူရဲ့ စစ်သည်ငါးသောင်းကလဲ အနောက်ကကပ်ပါလာမှာပဲ.. ဒီမှာ ဝေမင်းချန် .. ကျန့်အန်မြို့သာ ကျသွားမယ်ဆို မင်းရော၊ ငါရော ဒီမြို့ကလူအကုန် သေမှာပဲ.. အဲ့ကျရင်ရော အကျိုးဆက်တွေအတွက် ဘယ်သူက တာဝန်ယူမှာလဲ”

“ငါ့အမိန့်ကို မနာခံတဲ့လူမှန်သမျှ စစ်ဥပဒေအတိုင်း အပြစ်ပေးခံရမယ်” ချောင်ဝမ်ရှင်းသည် ဒုဗိုလ်မှူးကို စိန်းစိန်းဝါးဝါး တစ်ချက်ကြည့်ပြီး ပြောလိုက်၏။

ဝေမင်းချန်ဟု အမည်ရသော ဒုဗိုလ်မှူးသည် ခေါင်းငုံ့လိုက်၏။ သူ့ရင်ထဲမှာ မကျေချမ်းသော်လည်း ဘာမျှထပ်မပြောရဲတော့ချေ။

ချောင်ဝမ်ရှင်းသည် မြို့ရိုးပေါ်က စစ်သားများကို လှမ်းကြည့်လိုက်ပြီး အော်ပြောလိုက်လေ၏။

“မြားသမားတွေ.. ပစ်”

စစ်သားအချို့သည် မျက်စိကိုမှိတ်၊ အံကိုကြိတ်ကာ မြားများကို ပစ်လွှတ်လိုက်လေ၏။

ရွှစ် ရွှစ် ရွှစ်..

မြားမိုးများ ရွာကျလာ၏။

လက်နက်မဲ့ ယန်တိုင်းသူပြည်သားများပေါ်သို့ မြားများက အညှာအတာမဲ့စွာ ကျဆင်းလာလေ‌တော့၏။

တစ်ခဏအတွင်းမှာပင် ထောင်‌ပေါင်းများစွာသော ရွာသားများသည် မြားချက်များ ထိမှန်ပြီး မြေပေါ်သို့ အတုံးအရုံး လဲကျကုန်လေ၏။ မြို့အပြင်ဘက် တစ်နေရာလုံးက အလောင်းများ၊ ဒုက္ခသည်များဖြင့် ချက်ခြင်း ပြည့်နှက်သွား၏။ ၎င်းသည် စိတ်နုလုံးကွဲကြေဖွယ်ရာပင်။

သူတို့သည် ရှေ့တိုးလျှင် သေကြရမည်ဖြစ်ပြီ နောက်ပြန်ဆုတ်လျှင်လည်း ထို့အတူပင်။

ကျန်ရှိနေသေးသော ရွာသားသုံးလေးထောင်သည် ကျန့်အန်မြို့ပြင်တွင် ဒူးထောက်ချလိုက်ကြ၏။ သူတို့သည် ငိုကြွေးမြည်တမ်း၍ အကြိမ်ကြိမ်ဦးခိုက်ချကာ အသက်ချမ်းသာပေးဖို့ တောင်းဆိုလိုက်ကြ၏။ ကြည့်ရသည်မှာ နုလုံးနာစရာကောင်းလှ၏။

ကန်းလန်မြို့၏ စစ်သည်ငါးသောင်းသည် ကျန့်အန်မြို့မှ မီတာ နှစ်ရာကျော်လောက်တွင် စခန်းချနေကြ၏။ လောထျန်းဝူသည် ကူကယ်ရာမဲ့စွာ အော်ဟစ်နေကြသော ယန်တိုင်းသူပြည်သားများကို အေးစက်စွာ စိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် သနားညှာတာမှုကို အနည်းငယ်မျှ မတွေ့ရချေ။

တိုင်းပြည်နှစ်ခုကြား စစ်ပွဲတွင် ပထမဆုံး ခံစားရသူများမှာ အပြစ်မဲ့ပြည်သူများ ဖြစ်လေသည်။

“မြို့စားမင်း.. သနားညှာတာပြီး ကျမတို့ကို အထဲဝင်ခွင့်ပေးပါ.. ကျမကလေးနှစ်ယောက်လဲ သေပါပြီ.. ကိုယ့်ပြည်သူပြည်သားတွေကို အခုလိုမျိုး မဆက်ဆံပါနဲ့လား”

‌ချောင်ဝမ်ရှင်းသည် မတုန်မလှုပ် ထူးမခြားနား အမူအယာနှင့်သာ ရှိနေ၏။

ခုနှစ်နှစ်အရွယ် ကလေးတစ်ယောက်သည် အကြောက်လွန်သွားပြီး အမျိုးသမီးတစ်ယောက်၏ ရင်ခွင်ထဲမှ ထွက်ကာ ထပြေးလေ၏။ သူခြေလှမ်း အနည်းငယ်သာ လှမ်းရသေးသည်၊ လောထျန်းဝူက အချက်ပြလိုက်သောအခါ သူ့စစ်သားများက ကလေးကို ပစ်ချလိုက်၏။ ကလေးသည် မြေပေါ်သို့ လဲကျပြီး သေဆုံးသွားလေတော့၏။

“အား”

အမျိုးသမီးသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး လောထျန်းဝူထံ အရူးတစ်ယောက်လို ပြေးဝင်ချသွားလေ၏။ လောထျန်းဝူအနားသို့ မကပ်နိုင်ခင်မှာပင် မြားများက သူမကိုယ်ပေါ်သို့ ကျဆင်းလာလေ၏။

အမျိုးသမီးသည် မြေပေါ်သို့ လဲကျသွားပြီး မျက်လုံးများက ဝေဝါးလာ၏။ သူမသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး တိုးတိုး ရေရွတ်လိုက်၏။

“ကောင်းကင်ဘုံနတ်ဘုရားတို့.. ကျမတို့အဖြစ်ကို လာကြည့်လှည့်ပါဦး.. ကျမတို့ကို ဘယ်သူကများ လာကယ်ပေးမှာလဲ”

ဒုန်း ဒုန်း ဒုန်း ... ခွပ် ခွပ် ခွပ်...

ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းဆီမှ ဖုန်မှုန့်များ အခိုးအငွေ့များသည် လေထဲတွင် တစ်ထောင်းထောင်းထလာပြီး မြေပြင်က ပြင်းထန်စွာ တုန်လှုပ်လာလေ၏။ ကြောက်ခမန်းလိလိ မြင်းခွာသံများကလည်း ထွက်ပေါ်လာ၏။ မဟူရာချပ်ဝတ်မြင်းတပ်ကြီးသည် ဒေါမာန်အဟုန်ပြင်းစွာဖြင့် ဒုန်းစိုင်းကာ ပြေးဝင်ချလာလေ၏။

ခေါင်းဆောင်ဗိုလ်ချုပ်မှာ ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လှံရှည်တစ်ချောင်းကို စွဲကိုင်ထား၏။ သူ့မျက်နှာပေါ်တွင် ကြောက်စရာအမာရွတ်ကြီးတစ်ခုရှိပြီး သူ့မျက်လုံးများက စူးရှနေပြီး အဝေးကနေ လှမ်းပြီး ကြိမ်းမောင်းလိုက်လေ၏။

“လောထျန်းဝူ... မင်းကတော့ သေဖို့သာ ပြင်ထားတော့”

“လှံတံသမားတွေ ပစ်”

စစ်တပ်နှစ်တပ်က တစ်ဖက်နှင့်တစ်ဖက် အလှမ်းဝေးနေသေး၏။ မြားတစ်ပစ် အကွာအဝေးအတွင်းသို့ မရောက်သေးပေ။ ရှေ့ဆုံးက မြင်းပေါ်တွင် ဆူဟုန်သည် ထိုင်နေပြီး ရှေ့ကို ညွှန်ပြအမိန့်ပေးလိုက်၏။

ငါးထောင်သော မဟူရာချပ်ဝတ်မြင်းတပ်သားများက အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသလို တစ်ပြိုင်တည်း စည်းစနစ်ကျစွာ လှုပ်ရှားလိုက်ကြ၏။ သူတို့လက်ထဲတွင် ကိုင်စွဲထားသော လှံတံများကို တစ်ပြိုင်တည်း ပစ်လွှတ်လိုက်ကြ၏။ လှံပျံများက ကျိုင်းအုပ်ကြီး ကျဆင်းလာသလို နေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။

ငါးထောင်သော လှံတံပျံများက အေးစက်စက် လင်းလက်သွားပြီး ကောင်းကင်အထက် တစ်ဝီဝီပျံသန်းလာသည်က ကြောက်မက်ဖွယ်ရာ မြင်ကွင်းပင်။

မဟူရာချပ်ဝတ်မြင်းတပ်သား အများစုမှာ စဦးအဆင့်သိုင်းသမား ဖြစ်ကြ၏။ သူတို့သည် အားကုန်သုံး၍ လှံတံများကို ပစ်လွှတ်လိုက်သောအခါ လှံတံများ ‌ရောက်နိုင်သော အကွာအဝေးက မြားတစ်ပစ်အကွာအဝေးထက် ပို၍ တာသွားလေ၏။

မီးခိုးရောင်ဝတ်စုံနှင့် ချီစုဖွဲ့စစ်သည်တော်၏ မျက်နှာက ပျက်သွား၏။ သူသည် ကျရောက်လာသော လှံပျံများကို ထိပ်တိုက်ရင်မဆိုင်ဘဲ သူ့ဓါးပျံကို ဆင့်ခေါ်လိုက်ပြီး လောထျန်းဝူကို ကာကွယ်ရင်း နောက်ဆုတ်လိုက်၏။

ငါးသောင်းသော ကန်းလန်မြို့တပ်သားများသည် အငိုက်မိသွားကြ၏။ စစ်သည်အတော်များများ လှံတံများ ထိမှန်ပြီး မြင်းပေါ်မှ ပြုတ်ကျကာ အလောင်းများ ပြန့်ကျဲသွား၏။

လှံတံများကို ပစ်လိုက်ပြီးနောက် မဟူရာချပ်ဝတ်မြင်းတပ်သားများသည် တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ တစ်ဟုန်ထိုး ချီတက်လိုက်ကြ၏။ ကန်းလန်မြို့၏တပ်သားများ သတိပြန်ဝင်လာချိန်တွင် မဟူရာချပ်ဝတ်မြင်းတပ်သားများက သူတို့ရှေ့သို့ ရောက်ရှိလာပေပြီ။

ယခုအခါ ကန်းလန်မြို့တပ်သားများ ပြင်ဆင်ထားသော လေးနှင့်မြားများသည် သုံးစားမရ ဖြစ်သွားသည့်အပြင် ဝန်ထုပ်ဝန်ပိုးပါ ဖြစ်လာလေသည်။

“ဗျူဟာ ပြောင်းမယ်ဟေ့”

ဆူဟုန်သည် ရှေ့ဆုံးကနေ ဦးဆောင်လာပြီး အော်ဟစ်လိုက်၏။ သူ့နောက်တွင် စုန့်ချီက ထပ်ကြပ်မကွာ ကပ်ပါလာ၏။

မဟူရာချပ်ဝတ်မြင်းတပ်သား ငါးထောင်သည် သူတို့ခါးမှ ဆေဘာရှည်များကို ဆွဲထုတ်လိုက်ကြပြီး လွန်သွားပုံသဏ္ဍာန် နေရာယူလိုက်ကြ၏။ ထိုပုံစံဖြင့် သူတို့သည် ကန်းလန်စစ်တပ်ကို ထိုးဖောက်လိုက်ကြ၏။

နှစ်ဖက်စစ်သည်များသည် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြပြီး သွေးများက နေရာအနှံ့ မြင်မကောင်းအောင် ပြန့်ကျဲသွား၏။

ထိုမြင်ကွင်းကို ကြည့်၍ ကျန့်အန်မြို့ရိုးပေါ်မှ စစ်သားများသည် စိတ်လှုပ်ရှား ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြ၏။

ဝေမင်းချန်သည် အံ့သြဝမ်းသာသွား၏။ သူသည် မြို့ပြင်ဘက်ရှိ မဟူရာချပ်ဝတ်မြင်းတပ်ကြီးကို လက်ညိုးထိုးလိုက်ပြီး စိတ်လှုပ်ရှား တုန်ယင်နေသော အသံဖြင့် အော်ပြောလိုက်လေ၏။

“အဲ့ဒါ အဲ့ဒါ မဟူရာချပ်ဝတ်မြင်းတပ်ကြီးပဲ.. သူတို့က ယန်တိုင်းပြည်ရဲ့ဂုဏ်ဆောင် မဟူရာ မြင်းတပ်သားတွေပဲ”

ကျန့်အန်မြို့ရှိ စစ်သားများအားလုံးသည် မဟူရာချပ်ဝတ်မြင်းတပ်ဟူသောစကားကို ကြားရချိန်တွင် သူတို့မျက်လုံးထဲတွင် လေးစားအထင်ကြီးအားကျမှုများက ပေါ်လာ‌လေ၏။

နယ်စပ်နယ်နမိတ်စည်းမျဉ်းကို စောင့်ကြပ်နေရသော စစ်သားများအတွက် မဟူရာချပ်ဝတ်မြင်းတပ်က အတော်‌ကို ကျောဇောသည့် ဂုဏ်သတင်းရှိလေသည်။ အရှင်ဆူမူ၏ ဦးဆောင်မှုအောက်တွင် မဟူရာချပ်ဝတ်မြင်းတပ်က ရန်သူ့အင်းအားထက် အရေအတွက်နည်းပါးနေလျှင်ပင် အနိုင်တိုက်နိုင်စွမ်း ရှိခဲ့လေသည်။ သူတို့သည် ယန်တိုင်းပြည်၏ ဂုဏ်ဆောင်ဖြစ်ခဲ့လေ၏။

ကံဆိုးစွာဖြင့် လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်က မင်းနေပြည်တော်တွင် ပြဿနာအချို့ ဖြစ်ပွားခဲ့ပြီး မဟူရာချပ်ဝတ်မြင်းတပ်ကြီးက ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့လေသည်။

သို့စေကာမူ စစ်သည်တိုင်း၏ နုလုံးသားထဲတွင် မဟူရာချပ်ဝတ်မြင်းတပ်ကြီးဟူသော အမည်က နက်ရှိုင်းစွာ အမြစ်တွယ်ထားခဲ့ပြီးဖြစ်၏။

“အဲ့ဒါ ဗိုလ်ချုပ်ကြီးဆူလား”

“ဗိုလ်ချုပ်ကြီးဆူက မသေသေးဘူးဟေ့.. မဟူရာချပ်ဝတ်မြင်းတပ်ကြီးနဲ့အတူ သူပြန်ရောက်လာပြီ” အချို့သော စစ်သည်များသည် စိတ်လှုပ်ရှားစွာ မြည်တမ်းလိုက်ကြ၏။

ဝေမင်းချန်သည် ရှေ့သို့ လှမ်းထွက်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေ၏။

“အရှင်.. ကျုပ်၊ ဝေမင်းချန်က စစ်သည်တွေကို ဦး‌ဆောင်ပြီး မဟူရာချပ်ဝတ်မြင်းတပ်ကို သွားကူလိုပါတယ်.. ရန်သူတွေကို ကျုပ်တို့ မောင်းထုတ်ကြတာပေါ့”

ချောင်ဝမ်ရှင်းက သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး တင်းမာသော လေသံဖြင့် ပြောလိုက်လေ၏။

“မသွားရဘူး”

ဝေမင်းချန်သည် မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရ၏။

ချောင်ဝမ်ရှင်းက ဆက်ပြောလိုက်၏။

“ဆူမူက ဘုရင်မင်းမြတ်ကို ပုန်ကန်လို့ အသတ်ခံလိုက်ရပြီ.. အခုမြို့ပြင်ကလူက ဆူမူလုံးဝ မဟုတ်ဘူး”

“ဒါပေမယ့် သူတို့က မဟူရာချပ်ဝတ် မြင်းတပ်သားတွေလေ.. အဲ့ဒါကတော့ လုံးဝမမှားဘူး”

“သူတို့က မဟူရာချပ်ဝတ်မြင်းတပ်သားတွေဆိုတော့‌ရော ဘာဖြစ်လဲ.. သူတို့က ငါးထောင်တည်းရယ်.. သူတို့ဘယ်လောက်ကြာကြာ တိုက်နိုင်မှာမို့လဲ.. လောထျန်းဝူက သူစစ်တပ်ကို တည်ငြိမ်အောင် ပြန်ထိန်းပြီးတာနဲ့ မဟူရာချပ်ဝတ်မြင်းတပ်က သွားပြီပဲ”

“မဟူရာချပ်ဝတ်မြင်းတပ်က စစ်မြေပြင်တစ်ဝှမ်းကို လွှမ်းမိုးခြယ်လှယ်ခဲ့ပြီး သူတို့သွားလေရာမှာ အောင်ပွဲတွေနဲ့ချည်းပဲ.. အရှင် သူတို့ ဘယ်လောက်ကျော်ဇော်ခဲ့သလဲဆိုတာ မမှတ်မိတော့ဘူးလား... ဗိုလ်ချုပ်ကြီးဆူက သူ့ဘဝတစ်လျှောက်လုံးကို စစ်မြေပြင်မှာပဲ ကုန်ဆုံးခဲ့တာ.. သူက ဘယ်တိုက်ပွဲကိုမှ မရှုံးနိမ့်ခဲ့ဖူးဘူး”

ချောင်ဝမ်ရှင်းက စိတ်မရှည်ဒေါသထွက်လာ၏။ သူသည် လက်ကာပြလိုက်ပြီး

“ဝေမင်းချန်.. ငါတို့အတွက် အခုချိန်မှာ အရေးအကြီးဆုံးက ကျန့်အန်မြို့ကို ကာကွယ်နိုင်ဖို့ပဲ.. အခုဆို သူတို့နှစ်ဖက်က မြို့ပြင်မှာ တိုက်နေကြတာ.. ငါတို့က အေးဆေးစောင့်ကြည့်နေရုံပဲ.. ဘယ်သူပဲနိုင်နိုင် ဘယ်သူပဲရှုံးရှုံး အဲ့ဒါက ကျန်အန့်မြို့အတွက် အကောင်းဆုံးပဲ” ဟု ပြောလိုက်၏။

“ဒါပေမယ့်...”

ချောင်ဝမ်ရှင်းသည် ရုတ်တရတ် ဝေမင်းချန်ကို စားတော့ဝါးတော့မတတ် လှည့်ကြည့်လိုက်ပြီး

“မင်းပါးစပ်က အဓိပ္ပါယ်မရှိ ပေါက်တတ်ကရတွေ လျှောက်ပြောပြီး.. စစ်သည်တွေကို စိတ်ဓါတ်ပျက်ပြားအောင် ထပ်လုပ်မယ်ဆိုရင် ငါ မင်းကို ချက်ခြင်း သတ်ပစ်မယ်” ဟု စကားဖြတ်အော်လိုက်လေ၏။

ဝေမင်းချန်သည် ချောင်ဝမ်ရှင်းကို အံအားသင့်မှု၊ စိတ်ပျက်မှုတို့ဖြင့် စိုက်ကြည့်လိုက်၏။

ထိုအချိန်မှာပင် မီးခိုး‌ရောင်ဝတ်စုံနှင့်လူ၏ အကူအညီဖြင့် လောထျန်းဝူသည် သူ့စစ်သည်များကို ပြန်လည်ထိန်းချုပ်လိုက်ပြီး မဟူရာချပ်ဝတ်မြင်းတပ်သားများကို တင်းတင်းမာမာ ပြန်လည်ရင်ဆိုင်တိုက်လိုက်၏။

“ဆူဟုန် မင်းရူးသွားပြီလား”

လောထျန်းဝူက ဒေါသတကြီး အော်ပြောလိုက်၏။

“ယန်ဘုရင်နဲ့ ဆူမိသားစုက ကမ္ဘာ့ရန်ဘက်တွေ မဟုတ်ဘူးလား.. မင်းညီလေးလဲ အသတ်ခံလိုက်ရပြီ.. ငါက မင်းကို ကူပြီး လက်စားချေပေး‌နေတာကို ဘာလို့ငါ့ကို လာတားနေရတာလဲ.. မင်းစိတ်လွတ်သွားတာလား”

လောထျန်းဝူက ကိစ္စတိုင်းကို အကွက်ချစီမံထား၏။ သို့သော် အရေးကြီးသောအချိန်တွင် ဆူဟုန်ကို သူ့ကိုလာတိုက်လိမ့်မည်ဟု ထင်မထားခဲ့ချေ။

ကိုင်တွယ်ရအခက်ဆုံးကတော့ ဆူဟုန်နှင့်အတူပါလာသော ချီစုဖွဲ့စစ်သည်တော် ဖြစ်လေသည်။

ဆူဟုန်က လှောင်ရယ်လိုက်၏။

“လောထျန်းဝူ.. ဒီမှာ ငါပြောမယ်နား‌ထောင်.. ဆူမိသားစုနဲ့ ယန်ဘုရင်က မိသားစုသွေးကြွေးရှိတာ မှန်တယ်.. ဒါပေမယ့် မင်းက အခု ယန်တိုင်းပြည်ကို ကျူးကျော်စစ်လာဆင်နေတာ.. အပြစ်မဲ့တဲ့ ယန်တိုင်းသူပြည်သားတွေကိုလဲ သတ်လိုက်သေးတယ်.. မိသားစုသွေးကြွေးနဲ့ အမျိုးသားရေးက သွားရောလို့ မရဘူးကွ.. ငါ့အဖေက သူ့ဘဝတစ်လျှောက်လုံး ယန်တိုင်းပြည်ကို မြေတစ်လက်မမှ ကျူးကျော်မခံရဖို့ ကာကွယ်ခဲ့တာ.. ငါက မင်းကို အဲ့လိုလုပ်ခွင့်ပေးလိုက်ရင် ငါ့အဖေကို ငါဘယ်လို မျက်နှာပြရပါ့မလဲ”

ထိုခမ်းနားထည်ဝါသော စကားလုံးများက ကျန်အန့်မြို့ရှိ စစ်သည်များ၏ နားထဲတွင် ပဲ့တင်ထပ်နေလေ၏။ သူတို့ရင်ထဲတွင် ထိသွားပြီး လှုပ်လှုပ်ရွရွ ဖြစ်လာကြ၏။

ဝေမင်းချန်သည် ချောင်ဝမ်ရှင်း၏ နောက်ကျောကို ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီး သူ့လက်က ခါးပေါ်ရှိ ဆေဘာရှည်ပေါ်သို့ တစ်ဖြည်းဖြည်းရောက်သွားလေ၏။

“မင်းဘာဖြစ်ချင်နေတာလဲ”

ထိုအချိန်မှာပင် ချောင်ဝမ်ရှင်းက ရုတ်တရတ် လှည့်ကြည့်လိုက်ပြီး ဝေမင်းချန်က ဆေဘာရိုးပေါ်သို့ လက်တင်ထားတာကို တွေ့လိုက်ရ၏။ သူက အေးစက်စွာ ‌ပြောလိုက်လေ၏။

“ဝေ့မင်းချန် မင်းက ငါ၊အထက်အရာရှိရဲ့ အမိန့်ကို မနာခံတဲ့အပြင် ငါ့ကိုပါ သတ်ဖို့ ကြိုးစားနေတယ်ပေါ့”

“မင်းအမေကြီးကို အထက်အရာရှိပါလား.. မင်းလိုသောက်ကြောက်အရာရှိရဲ့လက်အောက်မှာ တာဝန်ထမ်းရတာ ငါ့အတွက်တော့ ရှက်စရာပဲ.. ဒီနေ့ ငါမင်းကို သတ်မယ်ကွ”

ဝေမင်းချန်သည် ကျယ်‌လောင်စွာ အော်ဟစ်လိုက်ပြီး ဆေဘာကို ဆွဲထုတ်ကာ ရှေ့သို့ ပြေးဝင်လိုက်လေ၏။

ချောင်ဝမ်ရှင်းသည် လှောင်ရယ်လိုက်ပြီး ဝင်လာသော ဆေဘာကို လက်ဖြင့်ပုတ်ထုတ်လိုက်၏။ ထို့နောက် ဝေမင်းချန်၏ ရင်အုပ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်လေ၏။

ဝေမင်းချန်သည် စဦးအဆင့် သိုင်းသမားဖြစ်ပြီး မူလအဆင့် သိုင်းသမားဖြစ်သော ချောင်ဝမ်ရှင်းကို ဘယ်လိုမှ မယှဉ်နိုင်ပေ။

ဝေမင်းချန်သည် မြေပေါ်သို့ လဲကျသွားပြီး ပါးစပ်အပြည့် သွေးတစ်လုပ် အန်ထုတ်လိုက်၏။ သူ့အဝတ်သည် သွေးများဖြင့် နီစွေးသွားလေ၏။ သူသည် ရူးသွပ်စွာ ရယ်ချလိုက်ပြီး

“ချောင်ဝမ်ရှင်း မင်းငါ့ကို သတ်လေ.. ရတယ်.. ဒါပေမယ့်.. ကျန့်အန်တစ်မြို့လုံးက လူတွေကို မင်းသတ်နိုင်မှာလား.. မင်းဘေးပတ်ပတ်လည်က စစ်သည်တွေကိုလဲ တစ်ချက်ကြည့်လိုက်ဦး.. မင်းလို ငကြောက်တစ်ယောက်လက်‌အောက်မှာ ဘယ်သူကများ အသက်စွန့်ပြီး တာဝန်ထမ်းချင်မလဲ.. မင်းက သောက်ကြောက်ပဲ.. ထွီ” ဟုဆို၍ ပမာမခန့် အော်ပြောလိုက်လေ၏။

ချောင်ဝမ်ရှင်းသည် ဘေးပတ်လည်ကို တစ်ချက်ဝေ့ကြည့်လိုက်၏။ အောက်ခြေစစ်သားမှ ဒုဗိုလ်မှူးများထိ အားလုံးသည် သူ့ကို ဒေါသများ၊ မနာခံလိုမှုများ၊ ရွံ့ရှာမှုများဖြင့် ကြည့်နေကြ၏။

ချောင်ဝမ်ရှင်း အနည်းငယ် လန့်သွား၏။

မူလအဆင့်သိုင်းသမားသည် စဦးအဆင့်သိုင်းသမားထက် ပိုစွမ်းအားကြီးသော်လည်း ပြိုင်ဘက်ကင်းနေတာတော့ မဟုတ်ပေ။ စစ်သည်များအားလုံးက သူ့ကိုထပြီး ပုန်ကန်ကြလျှင် သူလည်းပဲ အသက်ရှင်နိုင်မည် မဟုတ်ပေ။

မြို့အပြင်ဘက်တွင် လောထျန်းဝူ၏ မျက်နှာက ပျက်ယွင်းနေပြီး အေးစက်ခက်ထန်စွာ ပြောလိုက်လေ၏။

“ဆူဟုန်.. မင်းက စစ်သည်လေး ငါးထောင်လောက်နဲ့ ငါ့ရဲ့ စစ်သည်ငါးသောင်းတပ်ကို ယှဉ်တိုက်ချင်တယ်ပေါ့လေ.. ငါတို့ရဲ့ အင်အားချင်းက ဆယ်ဆတောင် ကွာဟနေတာ.. မင်းမှာနိုင်ဖို့ အခွင့်အရေး ဆယ်ပုံတစ်ပုံတောင် မရှိဘူးကွ”

ထိုသို့ လောထျန်းဝူ ပြောပြီးသော အချိန်လေးမှာပင် မြို့ရိုးမျှော်စင်ထက်မှ လွန်စွာအောင်သော အသံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံကို စစ်မြေပြင်ရှိ လူများအားလုံး ကောင်းကောင်းကြားလိုက်ကြ၏။

“ဟေ့ကောင် လောထျန်းဝူ.. ငါ့ကိုပါ ထည့်တွက်မယ်ဆိုရင်ရော.. နိုင်ဖို့ အခွင့်အရေးက ဘယ်နှစ်ပုံ-ဘယ်နှစ်ပုံလောက် ဖြစ်သွားနိုင်မလဲကွာ”

မြို့ရိုးမျှော်စင်ထက်ကို အဲ့ဒီလူက ဘယ်လိုဘယ်ပုံ ရောက်လာသည်ကို မည်သူမျှ မတွေးတတ်ကြချေ။ သူက ခါးမှာ ဦးခေါင်းပြတ်တစ်လုံးကို တွဲချည်ထားပြီး လေးတစ်လက်ကို ကျောမှာလွယ်ကာ ဆေဘာတစ်လက်ကို လက်က ကိုင်ထား၏။ ကောင်းကင်စေတမန်တစ်ယောက်က အထက်ဘုံမှ ဆင်းသက်လာသလိုပင်။ သူပုံစံက လောကတစ်ခုလုံးကို အထက်စီးမှ ကြည့်နေသော အောင်နိုင်သူတစ်ယောက်လို ခမ်းနားထည်ဝါလွှမ်းမိုးနိုင်စွမ်း ရှိလေ၏။ သူသည် ခရီးကြမ်းတစ်ခုကို ဖြတ်သန်းလာရဟန် ရှိသော်လည်း သူ့မျက်လုံးများက တောက်ပစူးရှနေပြီး မည်သူမျှ တည့်တည့်စိုက်မကြည့်ရဲကြချေ။

All Chapters