ဟုန်လျန်က ကိုယ်လုပ်တော်
Vol. 9 Ch. 115
ဖြစ်ချင်နေတယ်တဲ့......
တိတ်ဆိတ်နေသော လူအုပ်ကြီးသည် လီလော့နှင့် ဒူဇီဟုန်လျန်တို့ကို တလှည့်စီကြည့်ပြီး မည်သို့နားလည်ရမှန်း မသိတော့ပေ။
ဒူဇီဟုန်လျန်ကလည်း လီလော့ကို ကြိုက်နေတာလား....
ပြီးတော့ လက်ထပ်ချင်နေတယ်တဲ့.....
ဒါတော့ နည်းနည်းများသွားပြီ.....
ဤအဖြစ်အပျက်သည် ရယ်စရာကောင်းနေသော်လည်း လီလော့၏ ချောမောလှသောရုပ်ရည်ကြောင့် ဟုတ်များ ဟုတ်နေမည်လားဟု ပြန်စဉ်းစားရပေတော့မည်။
ကျောင်းသားအချို့သည် လီလော့ကို မနာလိုဖြစ်လွန်းနေသဖြင့် အစိမ်းလိုက်ပင် ဝါးစားချင်နေကြလေပြီ။
ဒူဇီဟုန်လျန်သည် ကျန်းချင်းအာလောက် မထူးချွန်သော်လည်း ကြယ်သုံးပွင့်ခန်းမမှကျောင်းသူတစ်ဉီးဖြစ်သည်။ ထိုသို့သော ပါရမီရှင် မိန်းမလှနှစ်ဉီး ဝိုင်းလုနေကြသော လီလော့ကို ယောက်ကျားသားတိုင်းမျက်မုန်းကျိုးနေသည်မှာ ထူးဆန်းမနေတော့ပေ။
တကယ်ပဲ ဒူဇီဟုန်လျန်က လီလော့ရဲ့ ချောမောမှုမှာ ကျရှုံးသွားပြီလား.....
ဒီကောင်စုတ်လေးက ကျန်းချင်းအာနဲ့ စေ့စပ်ထားတဲ့အပြင် ဒူဇီဟုန်လျန်ကိုလည်း ဆွဲဆောင်ထားသေးတယ်......
ထူးဆန်းသောအကြည့်များနှင့် အကြည့်ခံနေရသည့်အပြင် တီးတိုးအတင်းတုပ်ခံလိုက်ရသောကြောင့် ဒူဇီဟုန်လျန် ဒေါသငယ်ထိပ်တက်ဆောင့်နေလေပြီ......
နင့်ကိုသဘောကျတယ်...နင့် ကိုယ်လုပ်တော်ဖြစ်ချင်နေတယ်.....
နင့်ကိုယ်နင် ဘာကောင်ထင်နေလို့လဲ.....
" လီလော့! !! ငါ နင့်ကိုသတ်မယ်...."
ဒူဇီဟုန်လျန် ဒေါသထွက်လွန်းနေသဖြင့် အသားတွေတောင် တဆတ်ဆတ်တုန်နေရှာသည်။
လီလော့ကလည်း ခြေနှစ်လှမ်းခန့်နောက်ဆုတ်လိုက်ပြီး ဖျောင်းဖျနေသောလေသံဖြင့်.....
" ဟုန်လျန်.....ဖိအားပေးနေလို့လဲ ဘာမှထူးလာမှာမဟုတ်ဘူး....မေ့လိုက်ပါတော့ကွာ....."
ပါးစပ်ကသာ ထိုသို့ပြောနေသော်လည်း လီလော့၏ မျက်နှာပေးသည်..." နင် ငါ့ကိုပြသာနာရှာချင်တယ်မလား....ဆုတောင်းလေ နင်လုပ်ရပ်အတိုင်း ပြန်ခံရအောင် လိုက်မယ်...ဘယ်နှယ့်ရှိစ..."ဟုပြောနေသယောင်.....
"လီလော့...မင်း ပေါက်ကရတွေလျှောက်ပြောမနေနဲ့ "
ဒူဇီပိုင်ရွှမ်းလည်း မနေသာတော့ပေ။လီလော့၏ တုံ့ပြန်မှုသည် အတော်ပင် အထိနာစေသည်။ ထိုစကားများကို ဉီးနှောက်ရှိသူတိုင်း ယုံမည်မဟုတ်သော်လည်း အတင်းအဖျင်းများကို ဖုံးဖိထားနိုင်မည်မဟုတ်ပေ။ ထို့အပြင် အတင်းအဖျင်းဆိုသည်မှာ တဆင့်စကား တဆင့်ကြားပြီး ချဲ့ကားပြောဆိုကြသည့်အရာဖြစ်သောကြောင့် ဒူဇီဟုန်လျန်သည်ကျန်းချင်းအာ၏ သတို့သားလောင်းကို လုယူနေသည်ဆိုသော စကားကိုသာ ဒူဇီအိမ်တော်အကြီးအကဲများကြားသွားမည်ဆိုပါက အကြီးအကျယ်ပေါက်ကွဲကြလိမ့်မည်။
" ပိုင်ရွှမ်း မင်းလည်း ဒီကိစ္စကိုသေချာစဉ်းစားသင့်တယ်....မင်းအစ်မနဲ့ ငါနဲ့ယူလိုက်ရင် ငါတို့တွေ ယောက်ဖတော်ရတော့မှာနော်....."
လီလော့ သက်ပြင်းချပြီး မသက်မသာပြောလိုက်သောစကားကြောင့် .....
ဝုန်းးးးးး
ဒူဇီဟုန်လျန်၏ အနီရောင်မီးတောက် ပဲ့တင်ထပ်သံစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့လေပြီ။
" လီလော့....ငါနင့်ကို သတ်မယ်....."
သူမ၏ မျက်ဝန်းများသည် သတ်ဖြတ်ချင်စိတ်ကြီးစိုးနေသောကြောင့် မီးတောက်များနှင့်အပြိုင် တောက်ပနေလေ၏။
" ဒူဇီဟုန်လျန်....နင် အတင့်ရဲလှချည်လား....."
ဒူဇီဟုန်လျန် ပစ်လွှတ်လိုက်သော မီးတောက်များကို ကာကွယ်ပေးရန် ယန်လင်းချီ ရှေ့ထွက်လာပြီး ရေပဲ့တင်ထပ်သံစွမ်းအားများနှင့် ကာကွယ်ပေးနေသည်။
စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ကြသောအခါ အဆင့်နိမ့်နေသော ယန်လင်းချီသည် ပေါက်ကွဲမှုဒဏ်ကို အတော်ပင်တောင့်ခံနေရသည်။
" ယန်လင်းချီ...နင် ဘေးဖယ်နေစမ်း.....ငါဒီကောင့်ကို သတ်ပစ်ရမှကျေနပ်မယ်....."
ဒူဇီဟုန်လျန်သည် ထိုသို့အအော်လိုက်ပြီးနောက် လီလော့နှင့် ယန်လင်းချီတို့ဆီ မီးတောက်နေသော လက်ဝါးရိုက်ချက်တစ်ချက် ပစ်လွှတ်လိုက်ပြန်သည်။
ဝုန်းးးး
ထိုအချိန်တွင် နတ်ဘုရား၏ဓားတစ်လက်နှင့်အလားသဏ္ဍာန်တူသော အလင်းတန်းတစ်ခုသည် ဒူဇီဟုန်လျန်ဆီ ဉီးတည်သက်ဆင်းလာခဲ့သည်။
ထိုအလင်းတန်း၏ နောက်ကွယ်က အားကောင်းလှသည့် အဖျက်စွမ်းအင်ကို ခံစားမိလိုက်သောကြောင့် ဒူဇီဟုန်လျန် အမြန်ရှောင်တိမ်းလိုက်ရသည်။
ထို့အပြင် ကျဆင်းလာသော အလင်းစွမ်းအင်သည် သူမနှင့် အလွန်ပင်ရင်းနှီးကျွမ်းဝင်နေပြီးသားဖြစ်သည်။
ကျန်းချင်းအာ.....
သူမ ဘယ်လိုမှ မနိုင်မှန်းသိလိုက်သောကြောင့် အနီရောင်မီးတောက်များကို အနီရောင်ကြာပန်းအဖြစ် အသွင်ပြောင်းပြီး ခန္ဓာကိုယ်ပေါ် လွှမ်းခြုံလိုက်လေသည်။
ဝုန်းးးးး
အလင်းဓားချက်သည် အနီရောင်ကြာပန်းအပေါ် တိုက်ရိုက်ဆင်းသက်သွားပြီး ကြာပန်းတစ်ခုလုံးတစ်စဆီကြေမွသွားလေ၏။
အနီးအနားတွင်ရှိနေသော ကျောင်းသားအချို့သည် ပေါက်ကွဲမှုကြောင့် လွင့်စင်သွားကြပြီး ဒူဇီဟုန်လျန်သည်လည်း ခြေလှမ်းပေါင်းများစွာနောက်ဆုတ်လိုက်ရသည်။
ဒေါသထွက်နေရသည့်အပြင် အရှက်ပါကွဲလိုက်ရသောလည်း ပဲ့တင်ထပ်သံစွမ်းအားများကို ဖိနှိပ်ထားလိုက်ရရှာသည်။
" လင်းချီက အားပျော့တယ်ဆို ငါကရော....."
အထက်စီးဆန်သော စကားသံနှင့် အတူ ယန်လင်းချီနှင့်လီလော့တို့ရှေ့သို့ ကျန်းချင်းအာရောက်ရှိလာခဲ့သည်။
ကြီးမားသော ဓားရှည်တစ်လက်ကို ကိုင်ဆွဲထားသော ကျန်းချင်းအာသည် ဒူဇီဟုန်လျန်ကို တိုက်ရိုက်စိန်ခေါ်လိုက်လေသည်။
" ဒူဇီဟုန်လျန်...နင် ငါ့ကို အကြိမ်ပေါင်းများစွာရှုံးပြီးနောက်မှာ ငါ့ကို သိပ်ကြောက်နေပြီမလား...ဒါ့ကြောင့်မို့လဲ လွယ်လွယ်အနိူင်ယူလို့ရမယ့် ကျောင်းသားသစ်တွေဘက်လှည့်သွားတာမဟုတ်လား.... "
" နင် ငါနဲ့ တိုက်ချင်ရင် တိုက်ပွဲကွင်းပြင်မှာ အချိန်မရွေးလာတိုက်လို့ရတယ်....ငါ နင့်ကို လမ်းမလျှောက်နိုင်တဲ့အထိ ရိုက်ပေးမယ်....."
လီလော့ကို လာထိလျှင် ကျန်းချင်းအာနှင့် ငြိပေးလိမ့်မည်။
"သွားစမ်းပါ...."
ဒူဇီဟုန်လျန်ကလည်း ပက်ကနဲပြန်ပြောလိုက်သည်။
ဤသည်မှာ မိန်းကလေး နှစ်ယောက်ကြားက ပြိုင်ဆိုင်မှုမှန်း သိသာထင်ရှားလှသည်။
ကျန်းချင်းအာ၏တိုက်ခိုက်မှုသည် လီလော့ကို လုနေသည်ဟူသော ထင်မြင်ချက်ကို အတည်ပြုပေးလိုက်သလိုဖြစ်နေသည်။
ကြယ်တာယာခရီးရှည်ကောလိပ်အတွက် သတင်းထူးတစ်ခုအဖြစ်ကျော်ကြားပေဉီးမည်။
ထိုအချိန်တွင် ရွှေရောင်နှင့်ငွေရောင်သစ်ရွက်ပုံပါသည့် ဝတ်ရုံများဝတ်ဆင်ထားသော စီနီယာကျောင်းသားတစ်သိုက် အပြေးအလွှားရောက်လာခဲ့ကြသည်။ ထိုသူများသည် ကြယ်သုံးလုံးနှင့် ကြယ်လေးလုံးခန်းမမှ စီနီယာကျောင်းသားများဖြစ်ကြပြီး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များဆိုလည်း မမှားနိူင်ပေ။
ဆံပင်အစိမ်းရောင်နှင့် ခပ်ချောချောကျောင်းသားတစ်ဉီးက နှစ်ဖွဲ့ကြားတွင် ဝင်ရပ်လိုက်ပြီး.....
"ကျန်းချင်းအာ...ဒူဇီဟုန်လျန်...ဒီနေ့က ကျောင်းသားသစ်လက်ခံတဲ့နေ့နော်...နင်တို့တွေဒီလိုရန်ဖြစ်နေတာ ကျောင်းသိက္ခာကျတယ်....."
ထိုသူသည် စီချိုးယင်း၏ အစ်ကို စီထျန်းမင်ဖြစ်သည်။
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရောက်လာပြီဖြစ်သောကြောင့် တိုက်ခိုက်ရန်မလိုတော့ပေ။ ထို့ကြောင့် ကျန်းချင်းအာသည် စွမ်းအားများကို ပြန်လည် သိမ်းဆည်းလိုက်လေသည်။
ဒူဇီဟုန်လျန်ကတော့ ဒေါသမပြေသေးသည့်အတွက်....
" သူ ငါ့ကို စော်ကားမော်ကားပြောသွားတယ်....သူ့ကို အပြစ်ပေးရမယ်....."
လီလော့လည်း ယောက်ကျားကောင်းပီသသောလေသံဖြင့်......
" ဟုန်လျန်...မင်းဘက်က ယုတ္တိမရှိတာတွေလျှောက်လုပ်နေမှတော့ ကျုပ်အပြစ်ပေးခံရပြီပေါ့...."
လီလော့ပုံစံကြည့်ရသည်မှာ ဒူဇီဟုန်လျန်ကိုယ်စား ကျေကျေနပ်နပ်ကြီး အပြစ်ပေးခံတော့မည်ပုံရသည်။
ဒူဇီဟုန်လျန်အတွက်ကတော့ လီလော့၏ အပြုအမူသည် သူမကိုအောက်ခြေအထိ နနစ်သထက်နစ်အောင်ဆွဲချနေသလိုဖြစ်နေသည့်အတွက် ပို၍ပင်ဒေါသထွက်လာမိသည်။
စီထျန်းမင် ခေါင်းကိုက်နေလေပြီ....တကယ်ဆို ဒူဇီမောင်နှဘက်က ပြသာနာစရှာသောကြောင့် လီလော့ထိုသို့ တုံ့ပြန်လိုက်မှန်း သိသားပြီးဖြစ်သည်။
" တော်တော့....တော်တော့...မင်းတို့တွေသွားကြတော့....."
စီထျန်းမင်သည် ဒူဇီမောင်နှကို ထွက်သွားခိုင်းပြီးသည်နှင့် လီလော့ဘက်ကို လှည့်ပြီး.....
" ဘယ်အချိန် ရပ်လိုက်သင့်လည်း နားလည်ထားရင်ကောင်းမယ်....."
လီလော့ ဘာမှပြန်မပြောဘဲ ပြုံးရုံသာပြုံးပြလိုက်သည်။ သူ ဘယ်သူ့ကိုမှရန်မစခဲ့သော်လည်း ထိလာလျှင်လည်း ငြိမ်ခံနေမည်မဟုတ်ပေ။
ဒူဇီဟုန်လျန်သည် လီလော့ကို ပြာကျမတတ်စိုက်ကြည့်နေပြီး......
" သေနာကောင်...ဒီနေ့ကိစ္စကို ငါမှတ်ထားတယ်....လွယ်လွယ် လွှတ်ပေးလိုက်မယ်ထင်မနေနဲ့....."
လီလော့ ပြန်ပြောဖို့ ပါးစပ်ဟလိုက်သောလည်း စီထျန်းမင်က အမြန်ဝင်တားလိုက်ပြီး.....
"တော်ကြပါတော့....မြန်မြန်သာ လူစုခွဲကြပါတော့....."
လီလော့ တစ်ခွန်းထပ်ဟလိုက်သည်နှင့် ဒူဇီဟုန်လျန် ဒေါသထွက်လာတော့မည်ကို စီထျန်းမင်ကြိုမြင်နေပါသည်။
လီလော့သည် ကိုင်တွယ်ရခက်သူတစ်ဉီးမှန်းသဘောပေါက်သွားတာကြောင့် ဒူဇီဟုန်လျန် ခြေဆောင့်ပြီး လှည့်ထွက်သွားလေသည်။
ဒူဇီပိုင်ရွှမ်းကတော့ လီလော့ကို မည်းမှောင်နေသော အကြည့်များနှင့်သာ စိုက်ကြည့်သွားပြီး ဘာတစ်ခွန်းမျှ မပြောသွားခဲ့ပေ။
ဒူဇီမောင်နှ မရှိတော့သည့်အခါ လီလော့သည် ခါတိုင်းကဲ့သို့ ပေါ့ပါးသောလူငယ်တစ်ယောက်အဖြစ် ပြန်ပြောင်းသွားခဲ့သည်။
ကျန်းချင်းအာက လီလော့ကို လှည့်ကြည့်လိုက်ပြီး.....
" နင် ငရဲတံခါးကို ကိုယ်တိုင်သွားဖွင့်လိုက်ပြီပဲ....."
" ဖိအားပေးခံရတာပါကွာ...."
လီလော့သည် ဒူဇီဟုန်လျန်ကို မရိုက်နိုင်ခဲ့သော်လည်း အမည်းစက်ထင်အောင်လုပ်နိုင်ခဲ့သည်။
" ဟားးး လီလော့ နင့်ကြောင့် ဟိုတစ်ယောက်တော့ သေလောက်အောင်ဒေါသထွက်နေပြီ....."
ယန်လင်းချီက လီလော့ကို လေးစားသည့်အကြည့်များနှင့်ကြည့်ပြီး ချီးကျူးလိုက်သလို ကျန်းချင်းအာကိုလည်း စနောက်နေသည်။
" ချင်းအာ....နင် ဒူဇီဟုန်လျန်ကို ကိုယ်လုပ်တော်အဖြစ်လက်ခံမှာလား...."
" ဒူဇီဟုန်လျန်က်ိုတော့ လက်မခံနိုင်ဘူး...နင်ဆိုရင်တော့ ကျေကျေနပ်နပ်ကြီးလက်ခံပေးမယ်....."
" အဟွတ်...အဟွတ်....."
အချင်းချင်းစနောက်ကျီစယ်နေကြသည့် မိန်းမလှနှစ်ဉီးကို လျစ်လျူရှုလိုက်ပြီး စီထျန်းမင်က လီလော့ဘက်ကို လှည့်ကာ.....
"ဂျုနီယာညီလေးကတော့ ကောလိပ်ကို ရောက်ရောက်ချင်း ပြသာနာစတက်တော့တာပဲနော်.....ဟုတ်သားပဲ...ကိုယ့်ကိုကိုယ်မိတ်ဆက်ဖို့မေ့နေတယ်...အစ်ကိုက စီချိုးယင်းရဲ့အစ်ကို စီထျန်းမင်ပါ....."
လီလော့က စီထျန်းမင်ရဲ့ အစိမ်းရောင်ဆံပင်ကို တစ်ချက်ကြည့် လိုက်ပြီး.....
" ခန့်မှန်းမိပါတယ်....."
စီထျန်းမင် အံ့အားသင့်သွားသည်။ ဘာလို့လဲ စကားမပြောချင်လို့များ တုံးတိကြီးဖြေချလိုက်တာလား......
" ဒူဇီဟုန်လျန်ဘက်က ပြသာနာစရှာတာဆိုပေမယ့် မင်းရဲ့တုံ့ပြန်မှုကလည်း တော်တော်ဆိုးတယ်.....သူ့မှာလည်း သူ့ပရိတ်သတ်နဲ့သူဆိုတော့ မင်း ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်နေမှာစိုးလို့ပါ......"
စီထျန်းမင်သည် ညီမဖြစ်သူထက် အကျိုးအကြောင်းနားလည်သူဖြစ်သည့်အတွက် လီလော့ပြုံးလိုက်မိသည်။
"ကျွန်တော်လည်း ရန်စမပွားချင်ပါဘူး...ဒါပေမယ့် ရှောင်နေလို့မှမရတာ...."
" အင်း...မင်းတော့နောက်ဆိုရင် ဒုက္ခများတော့မှာပဲ....."
လီလော့က ပြုံးဖြဲဖြဲအမူအရာနှင့် ကျန်းချင်းအာနောက်တွင် ဝင်ပုန်းလိုက်ပြီး.....
" ကျွန်တော်မှာ အားကိုးရှိတယ်လေ....."
ဆို့နင့်သွားသော စီထျန်းမင် ခင်မျာ မချိပြုံးသာ ပြုံးပြနိုင်ရှာတော့သည်။
" အင်းပါ....လော့လန်သခင်လေးလီလော့က တကယ့်ကို ကံကောင်းသူပါဗျာ....."