မြစ်ကမ်းနံဘေးမှတိုက်ပွဲ......
Vol. 9 Ch. 124
တောအုပ်ထဲတွင်.......
လီလော့သည် ချောင်းနံဘေးရှိ ရေညှိများဖုံးလွှမ်းနေသော ကျောက်တုံးတစ်ခုပေါ်တွင်ထိုင်နေပြီး အဝတ်အစားများသည် စစ်ပွဲတစ်ရာနွှဲထားသည့်ပမာ စုတ်ပြတ်နေသည်။
ဤနေရာသို့ မရောက်ခင်က ကျောင်းသားပေါင်းတစ်ဒါဇင်ခန့်လောက်နှင့်တိုက်ခိုက်ခဲ့ရပြီး နည်းလမ်းပြောင်းစုံသုံးကာ လွတ်လမ်းရှာခဲ့ရသည်။
လီလော့ အတော်ပင် မောပန်းနေပြီဖြစ်သည်။ သဘာဝစွမ်းအင်များကို အလိုအလျောက်စုပ်ယူနိုင်သော မျိုးစေ့နှစ်ခုနှင့် သက်လုံကောင်းစေရန် ထောက်ပံ့ပေးနေသော ရေပဲ့တင်ထပ်သံတို့သာမရှိလျှင် အခုနေဆို အမောဖောက်၍ သေနေလောက်ပြီ။
လီလော့ မျက်စိမှတ်ထားပြီး ပဲ့တင်ထပ်သံစွမ်းအားများကိုသုံး၍ ထိခိုက်ဒဏ်ရာများကို
အတတ်နိုင်ဆုံး ကုသနေခဲ့သည်။
သို့သော်လည်း ထိုသို့သော ငြိမ်းချမ်းမှုသည် တာရှည်မခံခဲ့ရှာပေ။
တစ်စုံတစ်ဉီး ချဉ်းကပ်လာနေသည်ကို အာရုံခံမိလိုက်သောကြောင့် ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ဆံပင်အပြာရောင်နှင့်လူငယ်တစ်ဉီး သူ့ထံသို့ လျှောက်လာပြီး........
"ဘယ်လိုဖြစ်လို့ ကြွက်တစ်ကောင်လို ပုန်းနေရတာလဲ....."
ထိုသူသည် ဒူဇီပိုင်ရွှမ်း ဖြစ်သည်။
လီလော့ကလည်း သူ့ကို စိုက်ကြည့်လိုက်ပြီး....
" ဒူဇီပိုင်ရွှမ်း.... မင်း ငါ့ကိုယောက်ဖ တော်ချင်လို့ အတင်းအကြပ်ဖိအားပေးမယ်ဆို ဆက်မလုပ်ဖို့ အကြံပေးချင်တယ်....ကျန်းချင်းအာဘက်က လုံးဝလက်ခံမှာမဟုတ်ဘူး..... "
ဒူဇီပိုင်ရွှမ်းသည် နဖူးပြင်တွင် သွေးကြောများ ထင်းလာသည်အထိ ဒေါသထွက်လာပြီး......
" လီလော့.....မင်းက ဒုက္ခရောက်နေတာတောင် လေကျယ်နေနိုင်သေးတာပဲ.....ငါ မင်း ခေါင်းကို နင်းထားချိန်ကျရင်လည်း အခုလို လေကျယ်နိုင်ဉီးမလား ကြည့်ကြသေးတာပေါ့....."
" တော်တော့.....ငါ ကောလိပ်မှာ အေးအေးဆေးအေးလေးပဲ ကျင့်ကြံချင်တယ်....."
" ဟမ့်..မင်းက ဒဏ်ရာတွေသက်သာလာတဲ့အထိ အချိန်ဆွဲဖို့ ကြိုးစားနေတာလား....မင်း ပြန်သက်သာသွားရင် ငါနဲ့ လက်ရည်တူ တိုက်ခိုက်နိုင်မယ်လို့များ ထင်နေတာလား...."
ဒူဇီပိုင်ရွှမ်းသည် လီလော့ကို အထင်သေးနေခြင်းမဟုတ်လဲ သူ့ကိုယ်ပိုင်ခွန်အားကို ယုံကြည်နေခြင်းဖြစ်သည်။
သူသည် အဆင့်ရှစ် ရေနက်ပိုင်းခွန်ပန် ပဲ့တင်ထပ်သံပိုင်ဆိုင်ထားပြီး ကျင့်ကြံမှုကလည်း ပွင့်လန်းခြင်းအစောပိုင်းအဆင့်တွင်ရှိနေသောကြောင့် မျိုးစေ့ချခြင်းအဆင့်တွင်သာရှိသေးသည့် လီလော့ ယှဉ်လျှင် အထက်စီးတွင်ရှိနေပေသည်။
" ဒါဆို မင်း ငါ့ကို ခဏလောက်စောင့်ပေးမလား...မင်း ငါ့ကို နာရီဝက်လောက်ပဲအချိန်ပေးလိုက်...မင်းကို လူကြီးလူကောင်းဆန်တဲ့သူအဖြစ် သတ်မှတ်ပေးမယ်...."
" ဘာလို့ မင်းပြောတဲ့အတိုင်း လိုက်လျောပေးရမှာလဲ....."
ဒူဇီပိုင်ရွှမ်း၏နောက်တွင် ဧရာမခွန်ပန်သတ္တဝါကြီးတစ်ကောင်၏ပုံရိပ်ကို ခပ်ဝါးဝါးတွေ့မြင်နေရသည်။
သေစမ်း....ဒီကောင်က ထင်တာထက်တောင် ဉာဏ်ကောင်းနေသေးတယ်.....//
ဒူဇီပိုင်ရွှမ်းနှင့် ရင်ဆိုင်ရန် လီလော့ မတ်တပ်ထရပ်လိုက်လေသည်။
ဒူဇီပိုင်ရွှမ်းသည် ပဲ့တင်ထပ်သံအဆင့်ရော ကျင့်ကြံမှုအဆင့်ပါ လီလော့ ထက်သာလွန်နေသောကြောင့် ဘယ်နည်းနှင့်မဆို အနိုင်ရနိုင်ပေသည်။
သို့သော်လည်း လူတိုင်းမသိသေးသည့် လျှို့ဝှက်အချို့လည်း ရှိနေသေးသည်။
လီလော့ထံတွင် ပဲ့တင်ထပ်သံနှစ်ခုနှင့် မျိုးစေ့နှစ်ခုရှိနေမှန်း မည်သူမျှ မသိကြပေ။
ထိုကဲ့သို့သာ အားသာချက်များကြောင့် လီလော့သည် ပွင့်လန်းခြင်းအဆင့်ရှိသူများနှင့် တန်းတူအနေအထားတွင် ရှိနေလေ၏။
ဒူဇီပိုင်ရွှမ်းနှင့် လီလော့တို့ကြားတွင် ကွာခြားချက် သိပ်မရှိပေ။
ရှန်ကျင်းရှောင် ကျေးဇူးကြောင့် လီလော့တစ်ယောက် ကြမ်းတမ်းသောခရီးလမ်းကို ဖြတ်ကျော်နေရသည်။ကျန်သည့် ခရမ်းအဆင့်နည်းပြလေးဉီးစလုံးကလည်း ရှန်ကျင်းရှောင်ကို မျက်နှာသာပေးသည့်အနေဖြင့် လီလော့ကို မည်သို့မျှ လက်ခံကြမည်မဟုတ်ပေ။မည်သို့ပင်ဆိုစေ မြို့စားအဆင့် ကျင့်ကြံသူအချင်းချင်း အပြန်အလှန် လေးစားမှုရှိရပေမည်။
လီလော့သည် ကျန်းချင်းအာမဟုတ်သောကြောင့် ဘယ်သူကမှ ရှန်ကျင်းရှောင်နှင့် မိတ်ပျက်ခံပြီး လီလော့ကို ရွေးချယ်ကြမည်မဟုတ်ပေ။
သို့သော်လည်း ခရမ်းအဆင့်နည်းပြတစ်ဉီး မျက်စိကျလောက်သည်အထိ ကြိုးစားရပေမည်။ ခရမ်းအဆင့်နည်းပြ၏ တပည့်တစ်ဉီးဖြစ်နိူင်ဖို့သည် ကျင့်ကြံမှုအတွက်သာမကဘဲ အသက်အန္တာရာယ်လုံခြုံရေးအတွက်ပါ အရေးကြီးနေသောကြောင့်ဖြစ်သည်။
ကျန်းချင်းအာကလည်း ထိုအကြောင်းကို သေချာရှင်းလင်းစွာ ပြောပြထားခဲ့ပြီးပြီ.....
ထို့ကြောင့် အရည်အချင်းများကို အစွမ်းကုန်ထုတ်ပြရပေတော့မည်။
သူ့ထံတွင် အလားအလာကောင်းများစွာရှိနေမည်ဆိုပါက ကျန်သော နည်းပြများသည် ရှန်ကျင်းရှောင်နှင့် မျက်နှာအပျက်ခံ၍ တပည့်အဖြစ် ကမ်းလှမ်းလာကြလိမ့်မည်...ထိုအခါကျလျှင် ရှန်ကျင်းရှောင် အကြီးအကျယ် အထိနာလိမ့်မည်.....
ထို့သို့ဖြစ်လာစေရန် ဒူဇီပိုင်ရွှမ်းကို ကောင်းကောင်းအသုံးချရမည်။
" ကောင်းပြီ...သိုသိုသိပ်သိပ်နေဖို့ လိမ်ညာနေလို့မရမှာတော့ ......"
လီလော့ ပြုံးလိုက်ပြီး ခါးတွင်ချိတ်ဆွဲထားသော ဓားနှစ်လက်ကို ဓားအိမ်ထဲက ဆွဲထုတ်လိုက်ပြီး........
" .....မျက်စိကျိန်းလောက်တဲ့အထိ တောက်ပပြရတာပေါ့ကွာ......"
...........................................................................
လီလော့နှင့် ဒူဇီပိုင်ရွှမ်းတို့ တိုက်ခ်ိုက်နေကြသည့် မြင်ကွင်းကို ခန်းမထဲရှိ ပရိတ်သတ်များကလည်း စိတ်ဝင်တစား ကြည့်ရှုနေကြသည်။
" ဒူဇီပိုင်ရွှမ်းက လီလော့ကို ပစ်မှတ်ထားနေပြီ...."
"ပွဲပြီးတော့မယ်ထင်တယ်....ဒူဇီပိုင်ရွှမ်းက ကျင့်ကြံမှုရော ပဲ့တင်ထပ်သံအဆင့်ပါ လီလော့ထက်သာတယ်..."
"ဘာပဲဖြစ်ဖြစ်ကွာ...လီလော့ ဒီလောက်အထိ တောင့်ခံနိုင်တာကိုက အတော်အံ့သြစရာကောင်းနေပြီ....."
" နှမြောစရာပဲ....ဘယ်လောက်ပဲ တောင့်ခံနိုင်ခဲ့ပါစေ ပိုင်ရွှမ်းနဲ့ တွေ့မှတော့ အကုန်အလကားဖြစ်ကုန်ပြီပေါ့.....လီလော့တစ်ယောက်တော့ ရွှေအဆင့်နည်းပြလောက်နဲ့ ဇာတ်သိမ်းရတော့မယ်...ကောလိပ်မှာက အစမကောင်းရင် နောက်ပိုင်းပိုခက်ခဲလာလိမ့်မယ်....."
" ဟုတ်တယ်...တဖြည်းဖြည်း ကွာခြားချက်ပိုများလာလိမ့်မယ်....."
" လော့လန်အိမ်တော်ကတော့ ကျန်းချင်းအာတစ်ယောက်တည်းကိုပဲ မှီခိုရတော့မယ်ထင်တယ်...."
............................................................
ဒူဇီဟုန်လျန်သည် ထိုမြင်ကွင်းကို ဟန်ပါပါလက်ပိုက်၍ ကြည့်နေသည်။
" ငနာကောင်......ငါ့မောင် နင့်ပါးစပ်ကို ဘယ်လိုပိတ်အောင်လုပ်မလဲ စောင့်ကြည့်နေလိုက်....."
လီလော့ သူမကို နာမည်ပျက်အောင်လုပ်ခဲ့သည့်အကြောင်း စဉ်းစားမိတိုင်း သေလုအောင် ဒေါသထွက်နေခဲ့ရသည်။ အခြေမြစ်မရှိသော ကောလဟာလပေါင်းများစွာ ပျံ့လွှင့်နေသောလည်း သူမ ဘာမျှမတတ်နိုင်ခဲ့ပေ။
ဒူဇီဟုန်လျန်သည် တခြားပွဲကြည့်စင်တွင်ရှိနေသော ကျန်းချင်းအာကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး စိတ်ထဲကနေ ကြုံးဝါးနေခဲ့သည်။
ကျန်းချင်းအာ နင့်သတို့သားလောင်းလေး ငါ့မောင်ခြေထောက်အောက်မှာ ပြားပြားဝပ့နေမှာကို နင့်မျက်လုံးတွေနဲ့ ကိုယ်တိုင်ကိုယ်ကျကြည့်နေလိုက်စမ်း.......
" ဟိုမှာ... ဒူဇီဟုန်လျန် နင့်ကို မျက်နှာဆိုးကြီးနဲ့စိုက်ကြည့်နေတယ်...."
ဒူဇီဟုန်လျန်တစ်ယောက် ကျန်းချင်းအာကို ခဏခဏကြည့်နေသည်ကို မြင်နေရသော
ယန်လင်းချီက ကျန်းချင်းအာကို ခပ်တိုးတိုးသတိပေးလိုက်သည်။
" သူ ငါ့ကို ရှုံးခဲ့တာ အကြိမ်ပေါင်းမနည်းတော့ဘူး.... ငါ့ကို မနိုင်တော့ လီလော့ကိုများ နိုင်မလားလို့တွေးနေမှာပေါ့....."
" ဟုတ်တယ်...ဒါပေမယ့် ဒူဇီပိုင်ရွှမ်းကလည်း လျှော့တွက်လို့မရဘူး....သူက လီလော့ထက် သန်မာတယ်...."
" ငါ လီလော့ကို ယုံတယ်....ထျန်ရှုမှာတုန်းက ရှီဟွမ်ကို နိုင်အောင်တိုက်နိုင်ခဲ့တာကိုပဲကြည့်လေ....."
" မတူဘူးလေ.....ဒူဇီပိုင်ရွှမ်းက ရှီဟွမ်ထက် အများကြီး ပိုသန်မာတယ်....အဆင့်ရှစ်ပဲ့တင်ထပ်သံဆိုတာ သွားရှုပ်လို့ရတဲ့အရာမဟုတ်ဘူး....."
ကျန်းချင်းအာတစ်ယောက် ယန်လင်းချီနှင့် ပြိုင်မငြင်းတော့ဘဲ နှုတ်ဆိတ်နေခဲ့သည်။
// လီလော့ရဲ့ ပဲ့တင်ထပ်သံနှစ်ခုကလည်း ဟာသမှမဟုတ်တာ.....//
အဆင့်မြင့် ပွဲဲကြည့်စင်ပေါ်တွင်......
" မမ..လီလော့ နိုင်မယ်ထင်လား...."
ဧကရာဇ်လေးသည် အလင်းပုံရိပ်ကို ကြည့်နေရင်း ဘေးနားက အစ်မဖြစ်သူကို လှမ်းမေးလိုက်သည်။
ဧကရာဇ်လေးသည် ရွှေနဂါးဘဏ်တိုက်တွင် တွေ့ဆုံစဉ်ကတည်းက ဒူဇီပိုင်ရွှမ်းအပေါ် အမြင်မကြည်တော့ပေ။ လီလော့သည် သူ့အပေည်လှည့်စားခဲ့သော်လည်း နာကျင်မှုသက်သာစေရန် ရေအရင်းမြစ်တစ်ခုချို့ပေးခဲ့သည့်အတွက် လီလော့ကိုသာ အနိုင်ရစေချင်နေမိသည်။
မြင့်မြတ်မှုအပေါင်း ခညောင်းနေသည့် မင်းသမီးကြီး၏ ဖီးနစ်မျက်ဝန်းသွယ်တို့သည် အလင်းပုံရိပ်ပေါ်တွင်သာ ကပ်ငြိနေသည်။
" ဒီအတိုင်းဆို လီလော့ဘက်က နိုင်ချေမရှိဘူး...."
" ဟမ်...."
ဧကရာဇ်ငယ်လေးသည် မင်းသမီးကြီး၏အဖြေစကားကြောင့် စိတ်မသက်မသာ ဖြစ်သွားရှာသည်။
" ဒါပေမယ့် တစ်ခါတစ်လေကျရင် အနိုင်အရှုံးကို ခွန်အားတစ်ခုတည်းနဲ့ သတ်မှတ်လို့မရဘူး...."
မင်းသမီးကြီးသည်လည်း လီလော့၏ သတင်းအချက်အလက်များကို ဖတ်ကြည့်စဉ်က ရှီဟွမ်ကို အနိုင်ရခဲ့သည့်အတွက် အတော်လေး အံ့ပါးသင့်ခဲ့မိသည်။
ထို့ကြောင့် လီလော့နှင့်ကျန်းချင်းအာတို့သည် ကိုယ်ရည်ကိုယ်သွေး အလုံးစုံကွဲပြားကြသူများအဖြစ် မှတ်ယူနိုင်သည်။ကျန်းချင်းအာသည် အရပ်မျက်နှာပေါင်းစုံကို တောက်ပသောအလင်းများပေးစွမ်းနေသည့် နေမင်းကြီးဆိုပါက လီလော့သည် ငြိမ်သက်လွန်းလှသော ရေသေကန်တစ်ခုဖြစ်ပေလိမ့်မည်။ အပေါ်ယံတွင် ငြိမ်သက်နေသောလည်း အတွင်းပိုင်းတွင် အတိမ်အနက်မသိနိုင်သော သိီးခြားကမ္ဘာတစ်ခုတည်ရှိနေသည့် ရေကန်မျိုးဖြစ်လိမ့်မည်။
ဤသည်မှာ မိန်းမသားတစ်ဉီး၏ ဆဌမအာရုံအတွေးသက်သက်ဖြစ်သောကြောင့် လီလော့၏စွမ်းဆောင်မှုကို သေချာကြည့်ရှုရပေဉီးမည်။
လီလော့သည် သူမကို စိတ်ပျက်စေလိမ့်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေ လီလော့သည် မြို့စားအဆင့်နှစ်ဉီး၏ သားဖြစ်ပြီး ကျန်းချင်းအာ၏ သတို့သားလောင်းဖြစ်သည်မဟုတ်လော.....