← Chapters

နတ်ဆိုးလော၊ မိစ္ဆာလော

Vol. 17 Ch. 251

နတ်ဆိုးလော၊ မိစ္ဆာလော

Vol. 17 Ch. 251

ဧကရာဇ်အဆင့်ကျင့်ကြံခြင်းပညာရပ်များဆိုသည်မှာ ရှေးဘုရင်များနှင့် အရှင်သခင်များက ဖန်တီးခဲ့သော လျှို့ဝှက်အတတ်များဖြစ်ကြပြီး နောက်မျိုးဆက်သို့ လက်ဆင့်ကမ်းခြင်း မပြုကြပေ။ ထိုအတတ်များအနက် တချို့အတတ်များက ပြည့်စုံသော ကျင့်ကြံခြင်းပညာရပ်များ ဖြစ်ကြပြီး တချို့က လျှို့ဝှက်အတတ်များ ဖြစ်ကြသည်။

မည်သို့ပင်ဖြစ်စေကာမူ ထိုပညာရပ်များ၏ အစွမ်းမှာ ကြောက်ခမန်းလိလိ ဖြစ်ပေသည်။

ထိုပညာရပ်များ၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် အစွမ်းများမှာ စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်အောင်ဖြစ်ပြီး နှိုင်းယှဉ်၍ မရအောင် အဖိုးတန်ကြသည်မှာ သဘာဝပင်။

ယင်းအပြင် ဧကရာဇ်အဆင့်ကျင့်ကြံသူများမှာ အလွန် ရှားပါးသည်ဖြစ်ပေရာ ထိုဧကရာဇ်အဆင့်ပညာရပ်များသည် အင်အားစုအသီးသီး၏ အခြေခံအုတ်မြစ်များ ဖြစ်လာကြသည်။

သို့သော်လည်း အကြမ်းအားဖြင့် မြောက်မြားစွာသော လိုအပ်ချက်များကြောင့် ဧကရာဇ်အဆင့်ကျင့်ကြံခြင်းပညာရပ် အများစုကို မလေ့ကျင့်နိုင်ကြပေ။ ဥပမာဆိုရလျှင် ထိုအတတ်အများစုကို သွေးမျိုးဆက်စွမ်းအားများဖြင့် ပေါင်းစပ်ကြရသည်။ ယင်းသည် လူအားလုံးနှင့် မကိုက်ညီနိုင်သော လိုအပ်ချက်ဖြစ်သည်။

ယင်းအပြင် တခြားမျိုးနွယ်များအနေဖြင့် ထိုအတတ်များကို မလေ့ကျင့်နိုင်ရာ ဆက်ခံသူ ရှာတွေ့ရန် အလွန် ခဲယဉ်းတော့သည်။

သွေးမျိုးဆက်များ မလိုအပ်ဘဲ မည်သည့်မျိုးနွယ်မဆို လေ့ကျင့်နိုင်သော ဧကရာဇ်အဆင့်အတတ် အနည်းအကျဉ်းသာ ရှိသည်။ ထိုကဲ့သို့ ပညာရပ်များ၏ တန်ဖိုးမှာ အလွန် ကြီးမားသည်။ ထိုကဲ့သို့ ပညာရပ်များထဲမှ မည်သို့သော ပညာရပ်ပင်ဖြစ်ပါစေ လူတိုင်းကို ရူးသွပ်ကာ ကူကယ်ရာမဲ့သွားစေနိုင်သည်။

ရူးသွပ်သည်မှာ မနာလိုခြင်းကြောင့် ဖြစ်ပါသော်လည်း ကူကယ်ရာမဲ့သွားစေသည်မှာ လွှဲပြောင်း၍ မရသောကြောင့် ဖြစ်ပေသည်။

ထိုကဲ့သို့ ဧကရာဇ်အဆင့်အတတ်က မျိုးစေ့တစ်ခုအဖြစ် ပေါ်ပေါက်သွားသည်နှင့် အပြင်လူများအနေဖြင့် ထိုအတတ်အား ဆက်ခံသူကို သတ်ပစ်သည့်တိုင်အောင် ဘာမှရမည် မဟုတ်ပေ။

ဆက်ခံသူက ထိုဧကရာဇ်ပညာရပ်၏ စာသားများကို ရွတ်ပြသည့်တိုင်အောင် အပြင်လူများအနေဖြင့် ချက်ချင်း မေ့သွားမည်သာ ဖြစ်သည်။

အကယ်၍ ထူးခြားသော နည်းလမ်းများကို အသုံးပြု၍ မှတ်ဉာဏ်များကို သိုလှောင်သိမ်းဆည်းနိုင်သည့်တိုင်အောင် ခန္ဓာကိုယ်ထဲတွင် အမွေမျိုးစေ့ မရှိပါက ကျင့်ကြံနိုင်ဦးမည် မဟုတ်ပေ။

အမွေမျိုးစေ့သည် လက်မှတ်တစ်ခု ရသွားသည်နှင့် ဆင်တူသည်။ ထိုအမွေမျိုးစေ့ရှိသူများသည်သာ လေ့ကျင့်နိုင်ကြသည်။

ကျင်းဝူလျန့်ဝမ့်လင်ပညာရပ်သည်လည်း ထိုနည်းသာ ဖြစ်သည်။

တိတိကျကျဆိုရလျှင် ကျင်းဝူလျန့်ဝမ့်လင်ပညာရပ်သည် ကျင့်ကြံခြင်းပညာရပ်တစ်ခု မဟုတ်ဘဲ လျှို့ဝှက်အတတ် ဖြစ်ပေသည်။

ထိုလျှို့ဝှက်အတတ်မှာ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်သည်။ ရွှီချင်း ရခဲ့သည့် အသိပညာများအရ ထိုလျှို့ဝှက်အတတ်ကို မြင့်မားသောအဆင့်ထိရောက်အောင် ကျင့်ကြံပြီးပါက ရွှေကျီးကန်းဧကရာဇ်ခန္ဓာကို ရရှိမည် ဖြစ်သည်။

ရွှေကျီးကန်းဧကရာဇ်ခန္ဓာကို ရရှိသွားသည်နှင့် ကျင့်ကြံသူ၏ အပြင်ခန္ဓာက ဧကရာဇ်အဆင့်သို့ ရောက်သွားမည်ဖြစ်ပြီး ရွှေကျီးကန်းအဖြစ်သို့ပင် ပြောင်းလဲနိုင်ကာ ကောင်းကင်ဘုံကိုးထပ်ကို အမိန့်ပေးစေခိုင်းနိုင်မည်ဖြစ်သည်။

ထိုဖော်ပြချက်များနှင့် နားလည်မှုများအရ ကျင်းဝူလျန့်ဝမ့်လင်ပညာရပ်သည် အပြင်အား လျှို့ဝှက်အတတ်ဖြစ်ကြောင်း ရွှီချင်း သိလိုက်သည်။

ကျင့်ကြံခြင်းနည်းလမ်းမှာ သဘာဝနိယာမအပေါ်တွင် အခြေခံထားသည်။ ဓမ္မရတနာအား မွေးမြူသကဲ့သို့ မျိုးနွယ်အသီးသီး၏ မူလသွေးများကို သန့်စင်ကာ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ခြင်းအားဖြင့် ခန္ဓာကိုယ်က သန်မာသည်ထက် သန်မာလာမည်ဖြစ်ကာ နောက်ဆုံးတွင် ရွှေကျီးကန်းဧကရာဇ်ခန္ဓာကို ရရှိမည်ဖြစ်သည်။

ယင်းပညာရပ်သည် ရွှေကျီးကန်း ဖန်တီးထားခဲ့သည် ပညာရပ်ဖြစ်၍ ရွှေကျီးကန်း၏ နားလည်မှုအရ အကောင်း မရှိသလို အဆိုးလည်း မရှိပေ။ ရွှေကျီးကန်းကြီးအတွက် အစွမ်းထက်သူက အားနည်းသူကို စားသုံးမည်ဖြစ်ကာ ထိုကဲ့သို့ အဆက်မပြတ် စားသုံးရင်းဖြင့် အစွမ်းထက်ဆုံး ဖြစ်လာမည် ဖြစ်သည်။

ကျင့်ကြံသူက သန်မာလာစေရန် မျိုးနွယ်စုအသီးသီး၏ မူလသွေးများကို အဆက်မပြတ် စုပ်ယူရင်း သူ့ပစ်မှတ်များ၏ မျိုးနွယ်စွမ်းရည်ကိုလည်း လုယူနိုင်မည် ဖြစ်သည်။

ယင်းအချက်သည် လွန်စွာ အနိုင်ကျင့်ရာကျသည်။

သို့သော်လည်း သတ်မှတ်ချက်များ ရှိသေးသည်။ ကျင့်ကြံသူက မျိုးနွယ်စွမ်းရည်ကို လုယူချင်ပါက ထိုမျိုးနွယ်၏ မျိုးနွယ်ဝင်တစ်ယောက်ကို သန့်စင်ရုံဖြင့် လုံလောက်မည် မဟုတ်ပေ။ ထိုမျိုးနွယ်ဝင် အမြောက်အမြားကို သန့်စင်ရမည်ဖြစ်ပြီး ထိုမျိုးနွယ်ဝင်များ၌ မြင့်မားသော ကျင့်ကြံခြင်းအခြေခံများ ရှိပါက ပို၍ ကောင်းသည်။ ထိုကဲ့သို့ စုဆောင်းမှသာ ထိုမျိုးနွယ်၏ စွမ်းရည်ကို အပြည့်အဝ လုယူနိုင်မည် ဖြစ်သည်။

ထိုအချိန်၌ ရွှီချင်းသည် သင်္ဘောနံရံကို မှီ၍ မျက်လုံးများကို မှိတ်လိုက်သည်။ ယခုတစ်ခေါက် သူ ရရှိခဲ့သည့် အသိပညာများ သူ့စိတ်ထဲ ပေါ်လာသည်။ သူ အာရုံခံမိလေလေ နှလုံးခုန်နှုန်း မြန်လာရလေပင်။

အချိန်အတော်ကြာပြီးနောက် အံ့အားသင့်ခြင်းနှင့်အတူ ရွှီချင်း၏ မျက်လုံးများ ပွင့်လာသည်။

“ ဧကရာဇ်အဆင့် အပြင်အား လျှို့ဝှက်အတတ် ”

အပြင်အားပညာရပ်များနှင့် ရွှီချင်း အစိမ်းသက်သက်ဖြစ်မနေပေ။

သူ ပထမဆုံး လေ့ကျင့်ခဲ့သည့် ကျင့်ကြံခြင်းအတတ်က တောင်တန်းပင်လယ်ပညာရပ် ဖြစ်သည်။ ထိုပညာရပ်ကြောင့် ရတနာမုဆိုးစခန်းထဲတွင် သူက အန္တရာယ်ရှိသော လူတစ်ယောက် ဖြစ်ခဲ့သည်။ ချီရွှဲ့ထုံဂိုဏ်းသို့ သူ ရောက်သွားပြီး ကြောက်မက်ဖွယ်မန္တန်များကို သူ မြင်ရသည့်တိုင်အောင် အပြင်အားပညာရပ်ကို လက်မလျော့ခဲ့ပေ။

တောင်တန်းပင်လယ်ပညာရပ်၏ ကန့်သတ်ချက်ဖြစ်သော အဆင့်ကိုးသို့ ရောက်သည့်တိုင်အောင် သူ လေ့ကျင့်ခဲ့သည်။

သူ့နောက်မှ ပါအရိပ်မှာ ချော်ရည်များ ဖုံးလွှမ်းသွားခြင်း ခံလိုက်ရပြီး ကြောက်ခမန်းလိလိ အရှိန်အဝါများကို ပိုင်ဆိုင်သွားကာ ခေါင်းမှ ချိုနှစ်ချောင်း ထွက်လာခဲ့သည့်တိုင်အောင် ထိုပညာရပ်၏ အဆင့်တစ်ဆယ်သို့ ရောက်သွားပြီး အသွင်ပြောင်းခြင်းက မပြည့်စုံသေးပေ။

ယင်းသည် ရွှီချင်းနှင့် မသက်ဆိုင်ပေ။ အမှန်စင်စစ် သူ့ကိုယ်ထဲတွင် ဓာတ်နှောများ ကင်းစင်နေပြီး ခရမ်းရောင်သလင်းကျောက်၏ အကူအညီတို့ကြောင့် တောင်တန်းပင်လယ်ပညာရပ်ကို တစ်ခါမှ မကြုံဖူးသည့်အဆင့်အထိ သူ ကျင့်ကြံပြီးခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးတွင် သူ အဆင့်မတက်ရခြင်းမှာ တောင်တန်းပင်လယ်ပညာရပ်၏ ကန့်သတ်ချက်သို့ရောက်သွားသောကြောင့် ဖြစ်ပေသည်။

ယင်းမှာ လူအများကြားတွင် ပျံ့နှံ့နေသော အဆင့်နိမ့်ကျင့်ကြံခြင်းအတတ်သာ ဖြစ်သည် မဟုတ်ပါလား။

သို့ဖြစ်၍ ရွှီချင်းသည် ထိုပညာရပ်ကို ဆက်မလေ့ကျင့်တော့ဘဲ ပင်လယ်အသွင်ပြောင်းပညာရပ်ကို သုံး၍ အခြေတည်အဆင့်သို့ တက်ခဲ့သည်။

သို့သော်လည်း အပြင်အားပညာရပ်များအပေါ် သူ လက်မလျော့ခဲ့ပေ။ အခြေတည်အဆင့်သို့ ရောက်ပြီးနောက် ဂိုဏ်းထဲမှ အပြင်အားပညာရပ်တချို့ကို လဲလှယ်ခဲ့ပါသော်လည်း ထိုပညာရပ်များက တောင်တန်းပင်လယ်ပညာရပ်ကို နောက်တစ်ဆင့်သို့ ရောက်အောင် မလုပ်နိုင်ခဲ့ပေ။

ယခု ရွှီချင်း၏ မျက်လုံးများ တဖိတ်ဖိတ်လက်နေတော့သည်။

ကျင်းဝူလျန့်ဝမ့်လင်ပညာရပ်မှ အသိပညာများနှင့် သက်စောင့်မီးအိမ်ဘေးရှိ ရွှေကျီးကန်းအမွေမျိုးစေ့ သူ အာရုံခံကြည့်ကာ ကြိုးစားကြည့်ရန် စိတ်အားထက်သန်လာသည်။

“ တောင်တန်းပင်လယ်အတတ်က ကျင်းဝူလျန့်ဝမ့်လင်ကို လေ့ကျင့်ရင် အကျိုးရှိမလား မသိဘူး ”

ရွှီချင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။ ပညာရပ်နှစ်မျိုးလုံးက အပြင်အား ပညာရပ်များဖြစ်နေ၍ ကျင်းဝူလျန့်ဝမ့်လင်ပညာရပ်ကို လေ့ကျင့်ရာ၌ တောင်တန်းပင်လယ်ပညာရပ်က တစ်စုံတစ်ခုသော အထောက်အကူ ဖြစ်နိုင်ချေများသည်။

ယခုလောလောဆယ်တွင် သူ့ဒဏ်ရာများက ပြင်းထန်လွန်းရာ ချက်ချင်း ကျင့်ကြံရန် မသင့်တော်ပေ။ ထို့ကြောင့် ရွှီချင်းသည် ခန္ဓာကိုယ်မှနာကျင်မှုကို တောင့်ခံကာ ဝင်လေထွက်လေကို ရှုမှတ်လိုက်သည်။ ဓမ္မစွမ်းအားများ လည်ပတ်သွားသောအခါ ခရမ်းရောင်သလင်းကျောက်နှင့် ပေါင်းစည်းလိုက်ပြီး ဒဏ်ရာများကို အစွမ်းကုန် ကုသလိုက်လေသည်။

ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။

မျက်တောင်တစ်ချက်ခတ်အတွင်း ဆယ်ရက် ကုန်ဆုံးသွားသည်။

ထိုဆယ်ရက်တာအတောအတွင်း အရိပ်လေးက သစ္စာရှိသည့်အမူအရာဖြင့် နေ့ရောညပါ စောင့်ရှောက်သည်။ နေ့ခင်း၌ ရွှီချင်းကို နေရောင်ခြည်ကာပေးပြီး ညအခါတွင် ပင်လယ်အောက်မှနေ၍ ရွှီချင်းကို ကာကွယ်ပေးသည်။

ထိုအခြင်းအရာအားလုံးကို ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး မြင်သောအခါ စိတ်ထဲမှ ကြိတ်၍ ထေ့ငေါ့လိုက်သည်။

‘ မင်း ဘယ်လောက်လုပ်ပြနေနေ မိစ္ဆာရွှီက မင်းကို ရက်ရက်စက်စက် ဖိနှိပ်မှာပဲ။ မင်းလိုကောင်က သင်ခန်းစာပေးခံလိုက်ရမှ ရိုးသားလာမှာ ’

ယခုအချိန်တွင် လုပ်ရန် သင့်တော်သည်မှာ သစ္စာစောင့်သိခြင်းကို အလွန်အကြူး ဖော်ပြခြင်း မဟုတ်ဘဲ ရွှီချင်း၏ စိတ်ကို သိမ်မွေ့စွာ ဆွဲဆောင်ရန်သာ ဖြစ်ပေသည်။

ထိုအတွေးကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် သံတုတ်နက်လေးကို ထိန်းချုပ်၍ ကောင်းကင်သို့ ပျံတက်သွားပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ ပြန်ရောက်လာသည်။ သူသည် ရွှီချင်း မြင်နိုင်လောက်သည့် အကွာအဝေးအတွင်းသာ တိတ်ဆိတ်စွာ လှည့်ပတ်ပျံသန်းလေသည်။

ထိုဆယ်ရက်တာအတောအတွင်း ရွှီချင်းသည် ပင်လယ်သတ္တဝါများ၏ အန္တရာယ်တချို့နှင့် ကြုံကြိုက်ခဲ့ရပါသော်လည်း ယခင်နှင့် ကွဲပြားခြားနားနေသော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အရိပ်လေးတို့ကြောင့် အေးချမ်းစွာ အနားယူနိုင်ခဲ့သည်။

ထိုပင်လယ်သတ္တဝါများကိုမူ ရွှီချင်းက မသတ်ဘဲ အရိပ်ကို ကြိုးတစ်ချောင်းအဖြစ် အသုံးချကာ ထိုပင်လယ်သတ္တဝါများကို ချည်နှောင်၍ ပင်လယ်အောက် ချထားခဲ့သည်။ ထို့နောက် ၎င်းတို့ကို မွေးမြူနေသည့်အလား ဆွဲခေါ်သွားသည်။

ခရမ်းရောင်သလင်းကျောက်၏ အဆက်မပြတ် ပြန်လည်ကုစားနိုင်စွမ်းကြောင့် ရွှီချင်းသည် အနည်းငယ် ဖြူဖျော့နေသည်မှ လွဲ၍ များစွာ သက်သာလာခဲ့ပြီ ဖြစ်သည်။

အသစ်ကြီးထွားလာသော အသားများနှင့် အရိုးများထဲသို့ ဓမ္မစွမ်းအားများ လည်ပတ်သွားပြီးနောက် ဒဏ်ရာမရခင်က အခြေအနေနှင့် များစွာ ခြားနားခြင်း မရှိတော့ပေ။ ထိုအခါ ကျင်းဝူလျန့်ဝမ့်လင်ကို လေ့ကျင့်ရန် အချိန်ကျပြီဖြစ်ကြောင်း ရွှီချင်း တွေးလိုက်မိသည်။

သူ တင်ပျဉ်ခွေထိုင်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ကောင်းကင်တွင် နေမင်းကြီး မြင့်တက်လာသည့်အခိုက် ရွှီချင်းသည် ခေါင်းမော့ကာ ဆယ်ရက်ကြာ သူ့ခေါင်းထဲ တံဆိပ်ခတ်နှိပ်ထားခဲ့ပြီဖြစ်သော ကျင်းဝူလျန့်ဝမ့်လင်အကြောင်းကို တွေးတောလိုက်သည်။

“ ကောင်းကင်ကိုးထပ်က ဧကရာဇ်ရဲ့ခန္ဓာကို ထုနှက်ပေးတယ်။ ရွှေကျီးကန်းက သတ္တဝါအားလုံးကို သန့်စင်တယ်။ မျိုးနွယ်အားလုံးရဲ့ မျိုးနွယ်အစွမ်းတွေအားလုံး ငါ ပိုင်တယ်။ ငါ့ဘဝက ကောင်းကင်ကို အလင်းပေးတယ် ”

ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်၍ ဒန်တျန်ရှေ့သို့ ထားလိုက်သည်။ သူ့လက်မနှစ်ခုက တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ လက်ချောင်းလက်ချောင်းစီက ယပ်တောင်ပုံစံ ပြန့်ကားသွားသည်။

ပြီးသည်နှင့် သူသည် ကောင်းကင်တွင် တရိပ်ရိပ်မြင့်တက်နေသော နေမင်းကြီးကို ကြည့်၍ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

တခဏလေးအတွင်း ရွှီချင်း၏ အမြင်အာရုံထဲ၌ ကောင်းကင်ကြီး ဝေဝါးကာ ရှုံ့တွလာသည်။ မမြင်ရသောလည်း ရွှီချင်း အာရုံခံ၍ ရသော အပူဓာတ်တစ်ခု ကောင်းကင်ကြီးထဲရှိ နေမင်းကြီးထံမှ ထွက်ပေါ်လာဟန်တူကာ သူ့ပါးစပ်မှတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။

ရွှီချင်း၏ သက်စောင့်မီးအိမ်ဘေးရှိ ရွှေကျီးကန်း ချက်ချင်း နိုးထလာသည်။ ၎င်း၏ အတောင်ပံများက ပြန့်ကားချင်နေသည့်အလား တဖျပ်ဖျပ်လှုပ်ခတ်လာသည်။ ၎င်းက ခေါင်းမော့၍ တိုးဝင်လာသော ပူပြင်းသည့် နေစွမ်းအားများကို ဝါးမျိုလိုက်သည်။

ရုတ်တရက် ထိုနေစွမ်းအားများက ရွှေကျီးကန်း၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားပြီး ၎င်း၏ မျက်လုံးများ အနည်းငယ် ပွင့်လာပါသော်လည်း လုံးလုံးလျားလျား ဖွင့်နိုင်သေးပုံမရပေ။ သို့သော်လည်း အနည်းငယ် ပွင့်လာသော အဟလေးမှနေ၍ စူးရှတောက်ပသောအလင်းတစ်ခု ဖြာထွက်လာသည်။

ယင်းသည် ကျင်းဝူလျန့်ဝမ့်လင်ကို ကျင့်ကြံရာတွင် ပထမအဆင့်ဖြစ်သည်။

ထိုပထမအဆင့်၌ ရွှေကျီးကန်းကြီး၏ အမွေမျိုးစေ့ကို နှိုးဆွရသည်။

နှိုးဆွသည့်နည်းလမ်းက နေမင်း၏အရှိန်အဝါကို တစ်ငုံစာ ရှိုက်ကာ သူ့သွေးနှင့်ချီတို့ဖြင့် အားဖြည့်ရခြင်း ဖြစ်သည်။

တခဏလေးအတွင်း မျက်လုံးများ အပြည့်အဝ ပွင့်မလာသေးသော ရွှေကျီးကန်းကြီးက ရုတ်တရက် ရွှီချင်း၏ ခန္ဓာကိုယ်ကို စုပ်ယူလိုက်သည်။ ထို့နောက် ယင်းသည် ရွှီချင်း၏ တစ်ကိုယ်လုံးကို စုပ်ယူရန် ကြိုးစားနေသော ကျဉ်းနက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားဟန်တူသည်။

ရွှီချင်း၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး သွေးနှင့်ချီ စူးစူးဝါးဝါး အော်မြည်လာသည်။ ထို့နောက် ထိုသွေးနှင့်ချီ စီးကြောင်းများက ရွှေကျီးကန်းဆီသို့ တန်တန်းမတ်မတ် ဝင်ရောက်သွားသည်။ ၎င်းတို့ကို ရွှေကျီးကန်းကြီးက စုပ်ယူလိုက်သောအခါ ရွှီချင်း၏ တစ်ကိုယ်လုံး ခြောက်ကပ်လာသည်။

သူ၏ မာကြောတောင့်တင်းသော လက်များ လျော့တိလျော့ရဲ ဖြစ်လာကာ သူ့မျက်နှာ အတွင်းသို့ ချိုင့်ဝင်သွားသည်။ သူ့ခန္ဓာကိုယ်သည်လည်း ကျုံ့ဝင်သွားကာ ပိန်ပါးလာပြီး ယခု သူ့အဝတ်အစားများက သူ့အတွက် ကြီးလွန်းနေသည်။

သို့သော်လည်း သူသည် ပုံမှန်အတိုင်း တည်ငြိမ်နေ၏။

ထိုဆယ်ရက်တာအတောအတွင်း ရွှီချင်းသည် ကျင်းဝူလျန့်ဝမ့်လင်ကို လေ့လာခဲ့သည့်အတွက်ကြောင့် ထိုအခြေအနေကို သိထားပြီး ဖြစ်သည်။

သူသည် တည်ငြိမ်စွာဖြင့် ခန္ဓာကိုယ်ထဲရှိ ရွှေကျီးကန်းအကောင်ပေါက်လေးကို သူ့ချီနှင့် သွေးအား စုပ်ယူခွင့်ပေးလိုက်သည်။

တဖြည်းဖြည်းနှင့် သူ့ခန္ဓာကိုယ် ခြောက်ကပ်သည်ထက် ခြောက်ကပ်လာပြီး သူ့ပုံစံက အရိုးခြောက်တစ်ခုကဲ့သို့ ဖြစ်လာသည်။ ရွှေကျီးကန်း၏ စုပ်ယူခြင်းသည်လည်း အရေးကြီးသော အခြေအနေသို့ ရောက်သွားပြီး မျက်လုံးများကို ဖွင့်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

အမှန်စင်စစ် မည်သည့်ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်၏ အမွေမျိုးစေ့မဆို ဖြစ်ပေါ်လာသည်နှင့် ချက်ချင်း အသက်မသွင်းရပေ။ ထိုအစား အမွေမျိုးစေ့ အပြည့်အဝ ဖြစ်ပေါ်လာသောအခါမှသာ ကျင့်ကြံသူများက အသက်သွင်းကြသည်။ ယင်းမှာ အမွေမျိုးစေ့ကို အသက်သွင်းရန် လိုအပ်သော စွမ်းအားများက များပြားလွန်းသောကြောင့် ဖြစ်ပေသည်။

အကြမ်းအားဖြင့် အလွန့်အလွန်နည်းပါးသော လူများသည်သာ အမွေမျိုးစေ့ကို စိတ်ကျေနပ်အောင် လုပ်နိုင်ကြသည်။ များသားအားဖြင့် ထိုလူများ၏ နောက်ကွယ်တွင် အသက်သွင်းခြင်းအမှု ပြီးစီးစေရန် မည်မျှပင်ကုန်ပါစေ စိုက်ထုတ်ပေးမည့်် အင်အားစုကြီး ရှိနေတတ်သည်။

ဥပမာအနေဖြင့် ဤရွှေကျီးကန်းအတတ်ပင်။ အမှန်စင်စစ် ထိုအတတ်၏ အမွေမျိုးစေ့ကို အသက်သွင်းရန် သွေးနှင့်ချီများ ကြောက်ခမန်းလိလိ လိုအပ်သည်။ သာမန်ကျင့်ကြံသူများအနေဖြင့် ထိုကဲ့သို့ စုပ်ယူခြင်းမျိုး မခုခံနိုင်ပေ။ ကျရှုံးသွားသည်နှင့် ခြောက်ကပ်သည်အထိ စုပ်ယူခြင်းအန္တရာယ်ကို ရင်ဆိုင်ရမည် ဖြစ်ပေသည်။

ရွှီချင်း၏ သွေးနှင့်ချီများမှာ ပေါများပြီး အပြင်အားပညာရပ်တွင် မြင့်မားသော အဆင့်တစ်ခုသို့ သူ ရောက်နေသောကြောင့်သာ ယခုအချိန်တိုင်အောင် တောင့်ခံနိုင်ခြင်း ဖြစ်သည်။ တခြားတစ်ယောက်သာ ဆိုပါက တခဏလေးအတွင်း ခြောက်ကပ်သည်အထိ စုပ်ယူခြင်း ခံရပေမည်။

သို့တိုင်အောင် ရွှီချင်းမှာ တောင့်မခံနိုင်တော့သည့် လက္ခဏာများ ပြသလာသည်။ သူ၏အသွေးအသားအားလုံးနီးပါး ခြောက်ကပ်ကပ်အလောင်းတစ်လောင်းကဲ့သို့ ကျုံ့ဝင်လာသည်ကို သူ သတိထားမိလိုက်သည်။ သူ့မျက်လုံးများ ဝင်းလက်သွားပြီး တောင်တန်းပင်လယ်ပညာရပ်ကို လှည့်ပတ်လိုက်ရာ သူ့နောက်တွင် ‘ ပါ ’ အရိပ် ပေါ်လာသည်။

ထို ‘ ပါ ’ အရိပ်က ပေါ်လာသည်နှင့် ကောင်းကင်ကြီးကို ဟိန်းဟောက်လိုက်သည်။ ၎င်း၏ အက်ကွဲကြောင်းများ ထနေသော ခန္ဓာကိုယ်အောက်မှ ချော်ရည်ပူများ တပွက်ပွက်ဆူနေသည်။ ၎င်း၏ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းပြီး သွေးနှင့်ချီစွမ်းအားများမှာ မယှဉ်သာအောင် သိပ်သည်းထူထပ်သည်။

ထို့နောက် ‘ ပါ ’ အရိပ်မှာ လှုပ်ရှားသွားပြီး ၎င်း၏ တစ်ကိုယ်လုံးမှ သွေးနှင့်ချီမြူများ ထွက်ပေါ်လာကာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲ အလျင်အမြန် ဝင်ရောက်သွားပြီး ယင်းမှတစ်ဆင့် ရွှေကျီးကန်းထံသို့ ရောက်သွားသည်။

ရွှေကျီးကန်း၏ တစ်ကိုယ်လုံး တုန်ရီနေသည်။ မြောက်မြားစွာသော အားဖြည့်ခြင်းအောက်တွင် ၎င်း၏မျက်လုံးများ တဖြည်းဖြည်း ပွင့်လာသည်။ ‘ ပါ ’ အရိပ်မှာ အလျင်အမြန် ခြောက်ကပ်လာသည်။ နောက်ထပ် အသက်ဆယ်ကြိမ်ရှူစာပြီးနောက် ‘ ပါ ’ အရိပ် ပြိုကွဲသွားပြီး သွေးနှင့်ချီအလုံးကြီးတစ်လုံးအသွင် ပြောင်းလဲကာ ရွှီချင်း၏ကိုယ်ထဲ ဝင်ရောက်သွားသည်။

ရွှေကျီးကန်းမှာ တဆတ်ဆတ် တုန်ရီနေပြီး မျက်လုံးများကို ဖွင့်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်ပါသော်လည်း ရွှီချင်းမှာ ရှိသည့် မြောက်မြားစွာသော သွေးနှင့်ချီများကို စုပ်ယူပြီးသည့်တိုင်အောင် အနည်းငယ် လိုနေသေးသည်။

ရွှေကျီးကန်းက မျက်လုံးများကို အပြည့်အဝ ဖွင့်နိုင်ရန် ခြေလှမ်းတစ်လှမ်းစာသာ လိုနေဟန်တူ၏။

ရွှီချင်း၏ မျက်လုံးများထဲ ထူးဆန်းသော အလင်းတစ်ချက် ဝင်းလက်သွားသည်။ သူသည် တွေဝေတွန့်ဆုတ်မနေဘဲ ညာလက်ကို မြှောက်၍ ဘေးရှိ ကုန်းပတ်ပေါ်သို့ ဖိချလိုက်သည်။ ရုတ်တရက် သူ့လက်ဝါးမှ စုပ်အား ပေါ်လာပြီး ကျူးယင်အသား တည်ရှိရာ မှော်သင်္ဘော၏ အလယ်ဗဟိုဆီသို့ ချက်ချင်း ပျံ့နှံ့သွားသည်။

ကျူးယင်၏အသားကို ထိတွေ့မိလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ် တုန်ခါသွားသည်။ ကျူးယင်အသားမှ သိပ်သည်းထူထပ်သော သွေးနှင့်ချီများ သူ့ကိုယ်ထဲ အရူးအမူး ပြေးဝင်လာသည်။

၎င်းတို့ကို ရွှေကျီးကန်း စုပ်ယူပြီးနောက် လိုအပ်သော စွမ်းအားများကို ရရှိသွားလေသည်။ ၎င်း၏ မျက်လုံးများ အပြည့်အဝ ပွင့်လာပြီး စူးရှစွာ အော်ဟစ်မြည်တမ်းလိုက်သည်။

ယင်းအော်သံတွင် တာအိုစွမ်းအားများ ကိန်းအောင်းနေ၏။

ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ထိုအသံ လွင့်ပျံသွားပြီးနောက် ပင်လယ်ရေမျက်နှာပြင်မှာ ပြင်းထန်စွာ ယိမ်းခါလာသည်။ ရွှီချင်း၏ မှော်သင်္ဘောကို ဗဟိုပြု၍ အသေးစားဆူနာမီအလား လှိုင်းများ အဖက်ဖက်သို့ လိမ့်ဆင်းသွားသည်။

ကောင်းကင်ယံမှ ကြည့်ပါက ထိုလှိုင်းများ အဖက်ဖက်သို့ လိမ့်ဆင်းသွားပုံသည် ထူးဆန်းသော ပန်းချီကားတစ်ချပ်နှင့် ဆင်တူနေသည်။

ထိုပန်းချီကားသည် ဧရာမမျက်လုံးကြီးတစ်လုံးနှင့် ဆင်တူသလိုလို ရှိသည်။

ယင်းမျက်လုံးမှာ ရွှေကျီးကန်း၏ မျက်လုံးပင်။

ရွှီချင်း၏ မှော်သင်္ဘောမှာမူ ရွှေကျီးကန်း၏ မျက်လုံးထဲရှိ မျက်ဆံ ဖြစ်ပေသည်။

ရွှီချင်း၏ တစ်ကိုယ်လုံး ခြောက်ကပ်နေပါသော်လည်း မျက်လုံးများက ကြယ်ပွင့်များအလား တလက်လက်တောက်ပနေသည်။ ရှုပ်ပွနေသော သူ့ဆံပင်များ လေထဲ လွင့်သွားသောအခါ သူ့ကို ကြည့်ရသည်မှာ …

မိစ္ဆာလော၊ နတ်ဆိုးလော …

All Chapters