မိုဆာဆောကို ချုပ်နှောင်ခြင်း
Vol. 17 Ch. 252
ပင်လယ်ကြီး တဝုန်းဝုန်း မြည်ဟည်းနေသည်။
ပင်လယ်လှိုင်းကြီးများ တလိမ့်လိမ့် ရိုက်ခတ်နေသည့်အတွက်ကြောင့် မှော်သင်္ဘောပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းမှာ တဖြည်းဖြည်း တုန်ရီလာသည်။ အသက်ရှူသံများ မြန်ဆန်လာပြီး သူ့မျက်လုံးများထဲမှ အေးစက်စက်အရိပ်အငွေ့များက ရူးသွပ်ခြင်းများအဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားသည်။
ယင်းမှာ သူ ဆာလောင်လာသောကြောင့်ဖြစ်ပေသည်။
တစ်ခါမှ မဖြစ်ဖူးသကဲ့သို့ သူ ဆာလောင်လာသည်။
ထိုဆာလာင်ရသည့်အကြောင်းအရင်းမှာ သူ့ခန္ဓာကိုယ် ခြောက်ကပ်လာခြင်းကြောင့် ဖြစ်ပြီး ပုံမှန်ပြန်ရောက်ရန်အလို့ငှာ အာဟာရ အမြောက်အမြား ဖြည့်တင်းရမည်ဖြစ်သည်။ ခရမ်းရောင်သလင်းကျောက်သည်ပင် ဆာလောင်ခြင်းဒုက္ခကို မကယ်တင်နိုင်ပေ။
ခရမ်းရောင်သလင်းကျောက်က ဒဏ်ရာများကိုသာ ပျောက်ကင်းစေနိုင်သည်ဖြစ်ပြီး ချီ၊ သွေးများနှင့် အာဟာရများကို မဖြည့်တင်းပေးနိုင်ပေ။
ထိုဆာလောင်ခြင်း၏ နောက်ထပ်အကြောင်းအရင်းမှာ ရွှီချင်း၏နောက်တွင် ရှိပေသည်။
သူ့နောက်မှ ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။ သို့သော် ကျင်းကန်းဂိုဏ်းစောင့်ဖြစ်စေ၊ အရိပ်လေးဖြစ်စေ အလွန် စိုးရိမ်ကြောက်လန့်နေ၏။ ရွှီချင်း၏နောက်၌ အလွန် ရက်စက်ကြမ်းကြုတ်ပြီး အန္တရာယ်ကြီးတစ်ခု ရှိနေဟန်တူသည်ဟု သူတို့ ခံစားမိနေသည်။
ရွှီချင်းသည် သူ့နောက်၌ ဘာမှမရှိတာ မဟုတ်သည်ကို သိသည်။
တိတိကျကျဆိုရပါက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အရိပ်လေးတို့ ကြောက်လန့်တုန်ရီနေသည်မှာ သူ့နောက်ကျောသာ ဖြစ်သည်။ မကြာသေးခင်က ရွှေကျီးကန်း မျက်လုံးဖွင့်လိုက်သောအခါတွင် သူ့နောက်ကျော၌ ဆေးမှင်ကြောင်တစ်ခု ပေါ်လာခဲ့သည်။
ယင်းမှင်ကြောင်သည် ရွှေကျီးကန်းပုံစံရှိပြီး ဝိညာဉ်တုန်ခါစေနိုင်သော အရှိန်အဝါများ ထုတ်လွှတ်နေသည်။
ယင်းသည် အမွေမျိုးစေ့ကို အသက်သွင်းခြင်း ဒုတိယအဆင့်ဖြစ်သည်။
ကျင်းဝူလျန့်ဝမ့်လင်ပညာရပ်ကို ပြီးခဲ့သည့်ဆယ်ရက်က ရွှီချင်း လေ့လာခဲ့ပြီး အမွေမျိုးစေ့ကို အသက်သွင်းရန် အဆင့်နှစ်ဆင့် လိုအပ်ကြောင်း သိခဲ့သည်။
ပထမတစ်ဆင့်က အမွေမျိုးစေ့ကို နှိုးဆွပေးကာ ၎င်းကို သူ့ခန္ဓာကိုယ်ပေါ်တွင် ဆေးမှင်ကြောင်အဖြစ် တံဆိပ်ခတ်နှိပ်ခြင်း ဖြစ်သည်။
ဒုတိယတစ်ဆင့်မှာ ထိုဆေးမှင်ကြောင်ကို အပြင်ဘက်တွင် သွေးချီအရိပ်ပုံသဏ္ဍာန်ဖြင့် ရုပ်လုံးပေါ်စေခြင်းဖြစ်သည်။ ထိုအခါမှသာ အမွေမျိုးစေ့ အပြည့်အဝ အသက်ဝင်လာမည် ဖြစ်သည်။
ဒုတိယတစ်ဆင့်၌ ၎င်းကို သွေးချီအမြောက်အမြား ဖြည့်တင်းရန်လိုအပ်သည်။ သို့ဖြစ်၍ သူ ဆာလောင်နေခြင်း ဖြစ်သည်။
သူ၏ အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးများ နီမြန်းလာကာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို လှည့်ကြည့်လိုက်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး တုန်ရီသွားပြီး သူ့ကို ရွှီချင်းက ဝါးမျိုချင်နေသည့်အလား ခံစားလိုက်ရသည်။ သူ တုန်ရီနေရင်း ခန္ဓာကိုယ်ကို ပို၍ပင် ဖောက်ထွင်းမြင်ရအောင် ရည်ရွယ်ချက်ရှိရှိလုပ်ကာ သူ့တွင် ချီနှင့်သွေးများ မရှိကြောင်း ညွှန်ပြလိုက်သည်။
ရွှီချင်းသည် အကြည့်လွှဲလိုက်ပြီး အရိပ်လေးကို ကြည့်လိုက်သည်။
အရိပ်လေးသည်လည်း သူ့အကြည့်ကြောင့် တုန်ရီသွား၏။
“ အဲဒါတွေ ပစ်ပေးလိုက် ”
ခြောက်ကပ်ကပ်ခန္ဓာကိုယ်ကြောင့် ရွှီချင်း၏ အသံက ခပ်အက်အက်ဖြစ်နေသည်။ ပင်လယ်ထဲပေါင်းစပ်နေသော အရိပ်လေး၏ ခန္ဓာကိုယ်တစ်ပိုင်းမှာ ချက်ချင်း လှုပ်ရှားသွားကာ ဧရာမငါးမန်းရိုင်းကြီးတစ်ကောင် ရွှီချင်းထံသို့ ရုတ်ခြည်း ဝင်ရောက်သွားသည်။
ငါးမန်းရိုင်းကြီးကို ရွှီချင်း စူးစိုက်ကြည့်လိုက်သည်။ သူ့နောက်ကျောမှ ဆေးမှင်ကြောင်မှာ ရုတ်တရက် အပူရှိန်မြင့်တက်လာပြီး အသွင်ပြောင်းချင်နေသည့်အလားပင်။ သို့သော်လည်း ၎င်းမှာ အသွင်မပြောင်းနိုင်သေးပေ။ ဖီးနစ်ငှက်မွေးများအလား ရွှီချင်း၏ ပတ်လည်တွင် ရွှေရောင်ငှက်မွေးများအဖြစ်သာ အသွင်ပြောင်းနိုင်သေးသည်။
ထိုအမွေးများသည် သူ့ပတ်လည်တွင် လျင်မြန်စွာ လည်ပတ်နေပြီး စုပ်အားတစ်မျိုး ဖြစ်ပေါ်လာကာ ငါးမန်းရိုင်းကြီးထံ ဝင်ရောက်သွားသည်။
တခဏလေးအတွင်း ပေတစ်ထောင်ရှည်သော ငါးမန်းရိုင်းကြီး၏ ခန္ဓာကိုယ် တုန်ခါသွားပြီး ၎င်း၏ သွေးနှင့်ချီမှာ ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည်။
ထိုသွေးနှင့်ချီက ပေရာပေါင်းများစွာ ကျယ်သော သွေးစက်ဝန်းကြီးတစ်ခုအသွင် စုစည်းသွားသည်။ ထို့နောက် အဆက်မပြတ် ကျုံ့ဝင်သွားပြီး ထိုသွေးစက်ဝန်းကြီး၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းမှာ ရွှေရောင်သွေးတစ်စက်အသွင် သန့်စင်သွားသည်။
ရွှေရောင်ငှက်မွေးများက ထိုရွှေရောင်သွေးစက်ကို လွှမ်းခြုံကာ စုပ်ယူလိုက်သည်။ တချိန်တည်းမှာပင် ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်ရာ မီးတောက်နက်လုံးတစ်လုံးက ငါးမန်းရိုင်းကြီးကို လွှမ်းခြုံသွားပြီး ငါးမန်းရိုင်းကြီး၏ ဝိညာဉ်ကို နှုတ်ယူလိုက်သည်။
အရိပ်သည်လည်း သက်ပြင်းရှိုက်ကာ ဓာတ်နှောများဖြင့် ပြည့်နှက်နေသော ဝိညာဉ်စွမ်းအားများကို စုပ်ယူလိုက်သည်။ သူတို့က ငါးမန်းရိုင်းကြီးကို ဝိုင်းဖဲ့စားသုံးနေကြသည့်အတိုင်းပင်။
မကြာခင် အရိပ်သည် တတိယမြောက်ပင်လယ်သတ္တဝါတစ်ကောင်၊ တတိယမြောက်တစ်ကောင်၊ စတုတ္ထမြောက်တစ်ကောင် စသည်ဖြင့် ပစ်လွှတ်ပေးလိုက်သည်။
ပြီးခဲ့သည့်ဆယ်ရက်က ရွှီချင်းသည် ကျင်းဝူလျန့်ဝမ့်လင်ကို လေ့လာခဲ့ပြီး ပင်လယ်သတ္တဝါတချို့ကို ရည်ရွယ်ချက်ရှိရှိ မွေးမြူခဲ့သည်။ ထို့ကြောင့် မကြာခင်အတောအတွင်း သူ့နောက်ကျောရှိ ဆေးမှင်ကြောင်မှဖြစ်လာသော ငှက်မွေးများက ပင်လယ်သတ္တဝါနှစ်ဆယ့်သုံးကောင်ကို စုပ်ယူပြီးသွားပြီ ဖြစ်သည်။
ငှက်မွေးများက သွေးနှင့်ချီကို စုပ်ယူလိုက်ရသည်ဖြစ်၍ တခြားအစိတ်အပိုင်းများ ပေါ်ထွက်လာသည်သာမက ရွှီချင်းကိုလည်း အားဖြည့်ပေးလိုက်ရာ ရွှီချင်းမှာ ခြောက်ကပ်မနေတော့ဘဲ အနည်းငယ် သက်သာလာသည်။
ယခင် အားနည်းနေသော အခြေအနေမှ သူ၏အပြင်အား အနည်းငယ် တိုးတက်လာသည်ကို သူ ကောင်းစွာ အာရုံခံမိလိုက်သည်။ သူ ပို၍ မြန်ဆန်လာပြီး ခွန်အားကြီးလာသည်။ တချိန်တည်းမှာပင် ထူးဆန်းသော အာရုံတစ်ခုကိုလည်း ရနေမိသည်။
ထိုအာရုံက မန္တန်တချို့၏ ပဲ့တင်သံ ဖြစ်ဟန်တူသည်။ ယခင်က သူ တစ်ခါမှ မသင်ခဲ့ဖူးသော မန္တန်တချို့ကို လက်နှစ်ဖက်ဖြင့် ဖော်ရန် မလိုဘဲ အသုံးပြုနိုင်သည်ဟူ၍ သူ ဝိုးတဝါး ခံစားမိနေသည်။
သူ စမ်းကြည့်သော်လည်း မရပေ။
“ ဒါ ကျင်းဝူလျန့်ဝမ့်လင်အတတ်ထဲမှာ ပြောထားတဲ့ မျိုးနွယ်အစွမ်းကို ပိုင်ဆိုင်သွားတယ်ဆိုတာလား။ ငါက နည်းနည်းပဲ သန့်စင်ရသေးတော့ မန္တန်တွေက ရုပ်လုံးမပေါ်သေးတာ ဖြစ်မယ် ”
ရွှီချင်း စဉ်းစားကြည့်ချင်ပါသော်လည်း ဆာလောင်စိတ်က သူ့ကို များစွာ တွေးတောနေရန် အချိန်မပေးပေ။ သူ့မျက်လုံးများ နီမြန်းလာပြီး မတ်တတ်ရပ်ကာ မှော်လှေကို သိမ်းဆည်း၍ ပင်လယ်ထဲသို့ ခုန်ဆင်းသွားသည်။
ပင်လယ်ထဲသို့ သူ ရောက်သွားသည်နှင့် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်သွင်းလိုက်သည်။ သူ့နောက်ကျောမှ ဆေးမှင်ကြောင်က ကြောက်မက်ဖွယ်ကောင်းနေပေရာ သူ့ကိုကြည့်လိုက်သည်နှင့် ပြင်းထန်သော ဖိအားများကို ခံစားလာရတော့သည်။
သူ့ဘေးမှ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း လျှပ်စီးများဖြင့် လွှမ်းခြုံထားသည်။ သံတုတ်နက်လေးပေါ်ရှိ လျှပ်စီးအင်းကွက်များက တဖျပ်ဖျပ်လက်နေရင်း ရွှီချင်း သွားရာသို့ သူ လိုက်ပါသွားသည်။
အရိပ်လေးက ပြန့်ကားသွားကာ ပတ်ဝန်းကျင်နှင့် ပေါင်းစည်းသွားပြီး ဘေးပတ်ဝန်းကျင်၌ မျက်လုံးတစ်ရာဖြင့် ပြည့်နေသည်ကို မြင်နိုင်သည်။ ထိုမျက်လုံးများ ပွင့်လာသည့်အခါ သစ်ပင်ကြီးတစ်ပင်၏ အကြမ်းထည် ပေါ်လာသည်။
ယခုလောလောဆယ်တွင် ရွှီချင်း၏ တိုက်ရည်ခိုက်ရည်အားလုံးက ယခင်ကထက် သာလွန်သွားပြီ ဖြစ်ပြီး တားမြစ်ပင်လယ်ထဲ၌ အကွာအဝေးတစ်ခုအထိ လွှမ်းမိုးနိုင်ပြီ ဖြစ်သည်။
ပင်လယ်ကြီး တဝုန်းဝုန်း မြည်ဟည်းနေပြီး ရေအောက်မှ ရေစီးကြောင်းများ ပေါ်ထွက်လာသည်။ ရွှီချင်းသည် အဝေးသို့ ချက်ချင်း ပျောက်ကွယ်သွားကာ စတင်သတ်ဖြတ်လေသည်။
ပင်လယ်သတ္တဝါများနှင့် မူလသွေးများကို သူ ပို၍ လိုအပ်နေသည်။ ၎င်းတို့ကို ရမှသာ သူ၏ ဆာလောင်စိတ်ကို ဖြေဖျောက်နိုင်မည်ဖြစ်သည်။ ထိုအခါ ဒုတိယအဆင့်အောင်မြင်သွားပြီး အမွေမျိုးစေ့ကို အပြည့်အဝ အသက်သွင်းနိုင်မည်ဖြစ်သည်။
အချိန်များ ကုန်လွန်သွားပြီး လဝက်ကျော်ကြာသွားသည်။
တားမြစ်ပင်လယ်ထဲရှိ လူသူကင်းဝေးသောတစ်နေရာ၌ ပင်လယ်ရေများ ရုတ်တရက် တဝုန်းဝုန်း မြည်ဟည်းကာ ပေါက်ကွဲသွားပြီး ပေငါးထောင်ကျော်သော မိုဆာဆောကြီးတစ်ကောင် ခုန်ထွက်လာသည်။
၎င်း၏ သွေးအေးသော အသွင်အပြင်၊ ကြောက်မက်ဖွယ်အရှိန်အဝါနှင့် ပါးစပ်များ ပိတ်ထားသည့်တိုင်အောင် ပေါ်နေသေးသော သွားချွန်ချွန်များကြောင့် တားမြစ်ပင်လယ်ထဲရှိ ကုန်တင်သင်္ဘောအများစုနှင့် ကျင့်ကြံသူများအတွက် အိပ်မက်ဆိုး ဖြစ်ပေသည်။
မိုဆာဆောများကို ချီရွှဲ့ထုံဂိုဏ်း၏ အဏ္ဏဝါမှတ်တမ်းထဲတွင် ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားသည်။ ၎င်းတို့သည် တားမြစ်ပင်လယ်ထဲတွင် ထိပ်သီးပင်လယ်သတ္တဝါများ ဖြစ်ကြသည်။ သန္ဓေပြောင်းအစွမ်းနှင့် ရက်စက်ကြမ်းကြုတ်သော ခန္ဓာကိုယ်များကြောင့် ၎င်းတို့၏ တိုက်ရည်ခိုက်ရည်က အလွန် ကြောက်မက်ဖွယ်ကောင်းသည်။
ဤမိုဆာဆောသည် ပို၍ပင် ထူးခြားသည်။ ပင်လယ်ပြင်ထက်သို့ ၎င်း ခုန်လိုက်သည့်အခါ ၎င်း၏ ကိုယ်ထဲတွင် တဟုန်းဟုန်း တောက်လောင်နေသော သက်စောင့်မီးလုံးနှစ်လုံးကို မြင်နိုင်သည်။ သို့ဖြစ်၍ ယင်းမိုဆာဆောသည် သက်စောင့်မီးလုံးနှစ်လုံးအထိ ကျင့်ကြံထားသော မိုဆာဆောတစ်ကောင် ဖြစ်ပေသည်။
၎င်း၏ အရှိန်အဝါမှာ ပြင်းထန်လွန်း၍ ပေါ်လာသည်နှင့် ဘေးပတ်လည်တွင် တဝုန်းဝုန်း မြည်ဟည်းသွားသည်။
ပေတစ်သောင်းအကျယ် ပင်လယ်ပြင်ကြီး ပေါက်ကွဲသွား၏။ သို့သော်လည်း ထိုမိုဆာဆော၏ မျက်လုံးများထဲတွင် ပုံမှန်အေးတိအေးစက်အရိပ်အငွေ့များ ရှိမနေဘဲ ကြောက်ရွံ့ခြင်းများသာ ပြည့်နေသည်။
အနီးကပ်ကြည့်ပါက မိုဆာဆော၏ ဝမ်းဗိုက်ပေါ်တွင် တွားသွားနေသော အမှတ်အသားကို မြင်နိုင်သည်။
ယင်းအမှတ်အသားသည် သစ်ပင်ကြီးတစ်ပင်နှင့် ဆင်တူသည်။ ထိုသစ်ပင်၏ မျက်လုံးများသည် ဧရာမပါးစပ်ကြီးအလား ဖွင့်ချည်၊ ပိတ်ချည်ဖြစ်နေပြီး မိုဆာဆော၏ အရိပ်ကို ဝါးမျိုနေသည်။
တချိန်တည်းမှာပင် ကွဲထွက်နေသော ပင်လယ်ရေမျက်နှာပြင်မှ လျှပ်စီးများ တဖျပ်ဖျပ်လက်နေသည့် သံတုတ်နက်လေးတစ်ချောင်း လှစ်ခနဲ ထွက်ပေါ်လာပြီး မိုဆာဆော၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်။
မိုဆာဆော၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး ဖောက်ထွင်းခံလိုက်ရသော အစိတ်အပိုင်းများ ပေါက်ကွဲသွားသည်။ ပြင်းထန်သော နာကျင်မှုကြောင့် ၎င်းမှာ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းလိုက်သည်။
သို့သော်လည်း ၎င်းမှာ ပါးစပ်ကို မဖွင့်နိုင်ပေ။
စူးစူးဝါးဝါးအော်ဟစ်သံများက အပြင်သို့ မထွက်နိုင်သည့်အတွက်ကြောင့် တအီအီမြည်သံများအဖြစ်သာ ပြောင်းလဲသွားသည်။ မိုဆာဆော၏အပေါ်သို့ နေရောင်ခြည် ကျရောက်နေသည်ဖြစ်၍ ၎င်း၏ ပါးစပ်ပေါ်တွင် လူငယ်လေးတစ်ယောက် မတ်တတ်ရပ်နေသည်ကို မြင်နိုင်သည်။
ထိုလူငယ်လေးသည် ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး မိုဆာဆော၏ သွားများအကြားတွင် ရပ်နေသည်။ သူ့ဆံပင်ရှည်များသည် မည်းနက်ကာ ကျောက်စိမ်းကဲ့သို့ ပြောင်လက်နေသည်။ အနီးကပ်ကြည့်ပါက ထိုဆံပင်ရှည်များထဲတွင် ရေစက်လေးများ တွဲခိုနေသည်ကို မြင်နိုင်သည်။
မိုဆာဆောက ပြင်းထန်စွာ ခါယမ်းလိုက်သည်ဖြစ်၍ လူငယ်လေး၏ ဆံပင်ရှည်များ လေထဲ တဖျပ်ဖျပ်လွင့်သွားကာ မှင်ရည်ကဲ့သို့ မည်းနက်သော ရေစက်လေးများ အောက်သို့ ကျသွားသည်။
တချို့ရေစက်များက သူ့မျက်နှာပေါ် ကျဆင်းသွားပြီး ကြွေကဲ့သို့ ဖြူဆွတ်သော အသားအရေပေါ် စီးဆင်းသွားလေရာ နေရောင်အောက်၌ သူ့မျက်နှာ ပေါ်လာသည်။
ယင်းမျက်နှာသည် အလွန် ချောမောလှပသော မျက်နှာတစ်ခုဖြစ်သည်။ ယင်းလူငယ်တွင် မိုးမခရွက်များကဲ့သို့ ရှည်လျားသော မျက်ခုံးမွေးများနှင့် ကျောက်စိမ်းပင်အလား ကျစ်လျစ်တောင့်တင်းသော ခန္ဓာရှိသည်။ ဆံပင်ရှည်များက သူ့နောက်ကျောပေါ်တွင် တဖျပ်ဖျပ်လွင့်နေပေရာ အရိုင်းဆန်သော အလှတစ်မျိုးကို ခံစားရစေသည်။
သူ့မျက်လုံးများသည် မိစ္ဆာစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပြီး မိစ္ဆာအပိုင်းသည် မြင်ရသူကို အရူးအမူး စွဲလမ်းစေနိုင်သော သူ့မျက်နှာတစ်ခုတည်းသာ မဟုတ်ဘဲ သူ့ခန္ဓာကိုယ်မှလည်း ထူးဆန်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူက လက်တစ်ဖက်ကို မြှောက်၍ မိုဆာဆော၏ အပေါ်သွားများကို ဆွဲယူလိုက်ရင်း ခြေထောက်များဖြင့် မိုဆာဆော၏ အောက်သွားများကို ဖိနင်းထားသည်။
သူသည် မိုဆာဆောကို ပါးစပ်မဖွင့်နိုင်အောင် အစွမ်းကုန် လုပ်နေခြင်း ဖြစ်သည်။
ထိုလူငယ်သည် ရွှီချင်းမှလွဲ၍ တခြားလူ မဟုတ်ပေ။
ပြီးခဲ့သည့်လဝက်တာအတောအတွင်း ပင်လယ်သတ္တဝါအမြောက်အမြားကို သူ သတ်ဖြတ်ခဲ့ပြီး သူ့ကျောမှ ဆေးမှင်ကြောင်မှာ ဒုတိယအဆင့်ရောက်ရန် မလိုတော့ပေ။ ထို့အပြင် ရွှေကျီးကန်းသင်္ကေတက မူလသွေးကို ဝါးမျိုခဲ့သည်ဖြစ်၍ ၎င်း၏ အားဖြည့်ပေးခြင်းအောက်တွင် သူ ခွန်အားများ တိုးပွားလာသည်။
သူ့ခန္ဓာကိုယ် ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်သာမက တိုးပွားလာသော ခွန်အားနှင့် အမြန်နှုန်းက ယခင်ကထက်ပင် သာလွန်နေပြီ ဖြစ်သည်။ ယခု သူ၏ခွန်အားသက်သက်ဖြင့်ပင် မိုဆာဆောတစ်ကောင်ကို မလှုပ်ရှားအောင် လုပ်နိုင်ပြီ ဖြစ်သည်။
ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားပြီး သူ့ကိုယ်ထဲမှ မီးတောက်နက် ပျံ့လွင့်လာကာ မိုဆာဆောကို လွှမ်းခြုံသွားသည်။ တချိန်တည်းမှာပင် သူ့နောက်ကျောမှ ဆေးမှင်ကြောင်က မရေမတွက်နိုင်သော ရွှေရောင်ဖီးနစ်ငှက်မွေးများအဖြစ် ပြောင်းလဲသွားသည်။
ထိုဖီးနစ်ငှက်မွေးများက အဆက်မပြတ် လည်ပတ်ကာ စုပ်အားတစ်မျိုး ထုတ်လွှတ်လိုက်ပြီး မိုဆာဆောကို သန့်စင်လိုက်သည်။
မိုဆာဆောသည် တအီအီမြည်ကာ အစွမ်းကုန် ရုန်းကန်လိုက်ရာ ပင်လယ်ထဲသို့ ပြန်ကျသွားသည်။ ၎င်း ကျသွားသည်နှင့်တစ်ပြိုင်နက် ပင်လယ်ထဲမှ ရဲှကျင်းလုံတစ်ကောင် ပေါ်လာပြီး မိုဆာဆောကို ကြမ်းတမ်းစွာ ရိုက်နှက်လိုက်သည်။
ရှဲကျင်းလုံ ပျက်စီးသွားပါသော်လည်း ထိုရိုက်အားနှင့်အတူ မိုဆာဆောတစ်ကိုယ်လုံးကို မိစ္ဆာမီးတောက်နက်များ လွှမ်းခြုံသွားသည်။ ထိုအချိန်၌ ကျင်းဝူလျန့်ဝမ့်လင်အတတ်၏ စွမ်းအားများလည်း အသက်ဝင်လာသည်။
မိုဆာဆော၏ သွားများကြားမှ ဆွဲဆွဲငင်ငင် အော်ဟစ်သံ ထွက်လာသည်။ ၎င်း၏ တစ်ကိုယ်လုံးမှ သွေးနှင့်ချီများ အဆုံးအစမဲ့စွာ ထွက်လာပြီး အဆက်မပြတ် စုစည်းသွားကာ သန့်စင်ခံလိုက်ရသည်။ နောက်ဆုံး၌ ၎င်းတို့သည် မူလသွေးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ဖီးနစ်အမွေးများနှင့် ပေါင်းစည်းသွားသည်။
ရွှီချင်း၏ကိုယ်ထဲတွင် ၎င်း၏ဝိညာဉ်ပေါ်လာပြီး မီးစာကဲ့သို့ တဟုန်းဟုန်း လောင်ကျွမ်းကာ သူ၏လေးဆယ့်ခုနစ်ခုမြောက်နှင့် လေးဆယ့်ရှစ်ခုမြောက် ဓမ္မတံခါးများ ပွင့်သွားသည်။
ထိုအတောအတွင်း ရွှီချင်းသည် ပင်လယ်သတ္တဝါများစွာကို သတ်ဖြတ်ခဲ့ပြီး လေးဆယ့်ခြောက်ခုမြောက် ဓမ္မတံခါးအထိ ဖွင့်ခဲ့ပြီ ဖြစ်သည်။
ဓမ္မတံခါးများ ပွင့်သွားသောအခါ သူ့ကိုယ်ထဲသို့ ဓမ္မစွမ်းအားများ စီးဆင်းလာသည်။ တချိန်တည်းမှာပင် ကျင်းဝူလျန့်ဝမ့်လင်အတတ်မှ အင်အားများက သူ့ကိုယ်ထဲ ပျံ့နှံ့သွားကာ သူ့ကိုယ်မှ တဖျစ်ဖျစ်မြည်သံများ ထွက်လာသည်။ သူ၏ ချောမောလှပသော မျက်နှာက ပို၍ပင် ထင်းခနဲ မြင်သာလာပြီး သူ့ခွန်အားသည်လည်း သိသိသာသာ တိုးပွားလာသည်။
“ နောက်ထပ် ပင်လယ်သတ္တဝါနည်းနည်းလောက် ငါ ဝါးမျိုလိုက်ရင် ကျင်းဝူလျန့်ဝမ့်လင်အတတ်ရဲ့ ဒုတိယအဆင့်ကို ငါ အောင်မြင်သွားမှာပဲ။ အဲဒီအချိန်ရောက်ရင် ဆေးမှင်ကြောင်က အသွင်ပြောင်းပြီး အဲဒီအတတ်က ငါ့ကိုယ်ပိုင် ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ် ဖြစ်သွားမယ်။ အဲဒါက ငါ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားပြီး ငါ့ဆီကနေ ဘယ်သူမှ ယူလို့မရတော့ဘူး ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ရင်း ထိုနေရာမှ ထွက်သွားသည်။ အရာအားလုံးကို ဆုံးရှုံးလိုက်ရသော မိုဆာဆောမှာ ခြောက်ကပ်ကပ်အလောင်းတစ်လောင်း ဖြစ်သွားပြီး ပင်လယ်အောက်ခြေသို့ နစ်မြှုပ်သွားသည်။ အရိပ်သည် အလျင်အမြန် ပြန့်ကားသွားပြီး ရွှီချင်းနောက်သို့ ဒရောသောပါး လိုက်သွားသည်။ တချိန်တည်းမှာပင် ၎င်းမှာ ဒေါသထွက်နေ၏။
၎င်း၏အရိပ်ကို ဝါးမျိုခြင်းက နှေးကွေးလွန်းနေသည်ဟူ၍ ၎င်းမှာ ခံစားနေရသည်။ ၎င်း၏ အရိပ်ကို ဝါးမျိုခြင်းအစွမ်း မပြသနိုင်ခင်မှာ မိုဆာဆောကာ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းက ဘေးရှိ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို မကျေနပ်သည့်ခံစားချက်များ ပို့လွှတ်၍ ပြောပြလိုက်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အရိပ်လေးကို အရူးလုပ်ရမည့် အခွင့်အရေးအား အသုံးမချသည်မှာ အလွန်ရှားပေသည်။ ယခုတွင် သူသည် ခေါင်းမော့၍ ထွက်ခွာသွားသော ရွှီချင်းကို ကြည့်နေသည်။ နေရောင်ခြည်အောက်၌ ဆံပင်ရှည်များ တဖျပ်ဖျပ်လွင့်နေပြီး ခန္ဓာကိုယ်မှ ခရမ်းရောင်အငွေ့အသက်များ ထွက်နေသည့် လူငယ်ကို ကြည့်ကာ သူ့စိတ်ထဲ မုန်တိုင်းထန်နေ၏။
ရွှီချင်း၏ သတ်ဖြတ်ခြင်း၊ ရွှီချင်း၏ ရူးသွပ်မူ၊ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်သည့်စွမ်းရည်နှင့် ကျင့်ကြံခြင်းလမ်းစဉ်တွင် အဆက်မပြတ် တိုးတက်လာခြင်းများကို သူ ကိုယ်တိုင်ကြုံခဲ့ရပြီး ဖြစ်သည်။
ထိုအခြင်းအရာအားလုံးကြောင့် သူ့စိတ်ထဲတွင် အတွေးတစ်စ ပေါ်လာသည်။
“ ဒါ … စာအုပ်တွေထဲက အဓိက ဇာတ်ကောင်ဆိုတာပဲ ”
“ အခွင့်ကြုံရင် ဒါကို ငါ မှတ်တမ်းတင်ထားပြီး နောင်တချိန်မှာ စာအုပ်ထုတ်ရမယ် ”
#တကယ်တော့ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးဆိုတာ အာကန်းပါ။