← Chapters

မင်းလိုကောင်မျိုးရှိတော့ရော ဘာသုံးစားလို့ရလဲ

Vol. 3 Ch. 39

မင်းလိုကောင်မျိုးရှိတော့ရော ဘာသုံးစားလို့ရလဲ

Vol. 3 Ch. 39

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၃၉) မင်းလိုကောင်မျိုးရှိတော့ရော ဘာသုံးစားလို့ရလဲ

Translator – Than Toe Aung

            ထိုအသံကို ကြားရချိန်တွင် ဆူဟုန်နှင့်တကွ ကျန်သူအားလုံး အကြီးအကျယ် တုန်လှုပ်သွားကြ၏။ သူတို့၏ လှုပ်ရှားမှုများသည် ယာယီခေတ္တ ရပ်တန့်သွားပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ကြ၏။

“ဒုတိယ သခင်လေးလား”

“ဒုတိယ သခင်လေး ပြန်လာပြီကွ”

“ဒုတိယသခင်လေး မသေသေးဘူးဟေ့”

လူအုပ်ကြီးက ဝမ်းသာအားရစွာ အော်ဟစ်လိုက်ကြ၏။

ဆူဟုန်သည် သူနှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ခံစားချက်များဖြင့် တစ်သိမ့်သိမ့်တုန်နေ၏။ သူသည် ဒဏ်ရာများကြောင့် အားနည်းနေခဲ့၏။ သို့သော် ယခုအချိန်တွင် မမြင်ရသော အားအင်များက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသလို စွမ်းအားများ ပြည့်ဝလာလေ၏။

ဆူဟုန်နှင့် ခြားနားစွာ၊ စုန့်ချီသည် ပျော်ရွှင်ရသည်မှန်သော်လည်း အံ့အားသင့်တုန်လှုပ်မှုက ပိုလေ၏။

ယန်ဘုရင်ကို သတ်နိုင်ရုံသတ်နိုင်တာနှင့် - ယန်ဘုရင်ကို သတ်ဖြတ်ပြီးနောက် ဝန်းရံပိတ်ဆို့ထားသော ရန်သူများကို တိုက်ခိုက်ဖောက်ထွက်နိုင်တာသည် ဘယ်လောက်ကွဲပြားခြားနားကြောင်း စုန့်ချီတစ်ယောက် ကောင်းကောင်းနားလည်၏။

ယန်တိုင်းပြည် မင်းနေပြည်တော်မြို့တွင် ရှိသည့် ချီစုဖွဲ့စစ်သည်တော်က နှစ်ယောက်၊ သုံးယောက် မဟုတ်ချေ။ ကျင့်ကြံရေးကလန်တစ်ခုလုံးဖြစ်၏။

များစွာသောချီစုဖွဲ့ စစ်သည်တော်များနှင့် အထူးရှေ့တန်းစစ်တပ်ကြီး၏ ဝိုင်းရံပိတ်ဆို့ထားမှုကို မည်သူမျှ ဖောက်ထွက်နိုင်လိမ့်မည် မဟုတ်ချေ။

စုန့်ချီသိထားသည်မှာ သူသည် အဆင့်၁၀ ပကတိအဆင့်သို့ ရောက်နေလျှင်ပင် ထိုသို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ အခြေတည်အဆင့် ကျင့်ကြံသူဆိုလျှင်တော့ ထိုသို့လုပ်‌ဆောင်နိုင်ဖို့ရာ ဖြစ်နိုင်၏။

တစ်ကယ်တော့ ဒါကလည်း ဖြစ်နိုင်ခြေရှိခြင်းသာ ဖြစ်လေသည်။

စုန့်ချီ၏ မျက်လုံးထဲတွင် ဆူဇီမိုသည် ပို၍ လျှို့ဝှက်ဆန်းကြယ် အသိရခက်လာပြီး ပို၍ ကြောက်စရာကောင်းလာလေ၏။

စုန့်ချီသည် လောထျန်းဝူကို လှမ်းကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင် သနားသည့် အရိပ်အယောင်များ ပေါ်လာပြီး သူ့ဘာသာသူ တွေးလိုက်လေ၏။

“လောထျန်းဝူ လောထျန်းဝူ.. မင်းရန်သွားစခဲ့တဲ့သူက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မင်းမသိသေးဘူးပဲ”

ဆူဇီမိုတစ်ယောက် ဘေးမသီရန်မခ ပြန်ရောက်လာတာကို ကြည့်ပြီး လောထျန်းဝူသည် အံ့အားသင့် တုန်လှုပ်ခြောက်ခြားသွားလေ၏။ မြင်နေရသော သူ့မျက်လုံးကိုသူ မယုံနိုင်ပေ။

သူ့နောက်တွင်ရှိသော မီးခိုးရောင်ဝတ်စုံနှင့်လူသည် ပိုလို့တောင် တုန်လှုပ်နေပြီး တိတ်တဆိတ် မျက်မှောင်ကြုတ်နေ၏။

“အကြံပေးကြီး.. ဆူဇီမိုက ဘာလို့မသေသေးတာလဲ.. သူသေချာပေါက် သေမှာပါလို့ ခင်ဗျား မပြောခဲ့ဘူးလား” လောထျန်းဝူက အသံနိမ့်၍ မေးလိုက်၏။

မီးခိုးရောင်ဝတ်စုံနှင့်လူက ခေါင်းခါလိုက်၏။

“ကျုပ်လဲ မပြောတတ်တော့ဘူး‌ဗျာ.. သူကံကောင်းသွားပြီး ချီစုဖွဲ့စစ်သည်တော်တွေကို ရ‌အောင်ရှောင်ထွက်နိုင်ခဲ့တာပဲ ဖြစ်ရမယ်.. မဟုတ်ရင် မြို့ထဲကနေ သူထွက်လာနိုင်စရာ အကြောင်းမှ မရှိတာ”

ဘာကြောင့်ရယ်မသိ၊ လောထျန်းဝူသည် မြို့ရိုးမျှော်စင်ပေါ်က ဆူဇီမိုက လှမ်းကြည့်ပြီး ကြောက်စိတ်မွှန်လာလေ၏။

“အကြံပေးကြီး.. ကျုပ်တို့မနိုင်တော့ဘူးဆိုရင် ခင်ဗျားကျုပ်ကို ကာကွယ်ပေးရမယ်နော်.. အလွန်ဆုံး ကျုပ်တို့ ကန်းလန်မြို့ကို ပြန်သွားပြီး နောက်တစ်ကြိမ် ပြန်ကြိုးစားကြရုံပေါ့”

မီးခိုးရောင်ဝတ်စုံနှင့်လူက သေချာခိုင်မာစွာ ပြန်ပြောလိုက်၏။

“စိတ်ချပါ အရှင်.. အခြေအနေ မဟန်တော့ဘူးဆို ကျုပ် သင့်ကိုခေါ်ပြီး ထွက်သွားပါ့မယ်”

‌”ကောင်းပြီလေ” လောထျန်းဝူသည် ယုံကြည်စိတ်ချသွားပြီး အနည်းငယ် ပြန်လည်ပေါ့ပါးသွား၏။

. . .

မြို့ရိုးပေါ်တွင် ...

“ဆူမိသားစုက ဒုတိယသခင်လေးတဲ့လား”

ချောင်ဝမ်ရှင်းသည် ကြားရသော စကားများကြောင့် အံ့သြတုန်လှုပ်သွား၏။ သူသည် ဆူဇီမိုကို လက်ညိုးထိုးလိုက်ပြီး သူ့စစ်သားများကို ပြန်ကြည့်ကာ မေးလိုက်လေ၏။

“ဒီလူက ဘယ်အချိန်ထဲက ရောက်နေတာလဲ”

သူ့စစ်သားများသည် ဆိတ်ဆိတ်သာ နေကြ၏။

သူတို့ မဖြေချင်ကြတာလည်းဖြစ်သလို မဖြေတတ်တာလည်း ဖြစ်၏။ ဒီလူက လေထဲကနေ ဘွားကနဲ ပေါ်လာသလိုပင်။

ချောင်ဝမ်ရှင်းသည် သူ့စစ်သားများကို အမြဲတမ်း အမိန့်ပေးနေကျဖြစ်၏။ ယခု သူ့စစ်သားများက စကားတစ်ခွန်းတောင် ပြန်မပြောကြပေ။ သူ့စိတ်ထဲတွင် မချင့်မရဲဖြစ်လာပြီး လေသံမာမာဖြင့် ‌အော်ငေါက်လိုက်၏။

“မင်းတို့ကောင်တွေ.. ဘာမှကို အသုံးမကျဘူး.. အပြင်လူကိုများ မြို့ရိုးပေါ်တက်ခွင့် ပေးခဲ့ရဲတယ်ပေါ့.. မင်းတို့ကောင်တွေ ရှိတာ ဘာများသုံးစားလို့ရလဲ”

ထိုအချိန်တွင် ဆူဇီမိုသည် ချောင်ဝမ်ရှင်းကို မျက်နှာသေဖြင့် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်လေ၏။ ဆူဇီမို၏ အကြည့်အောက်တွင် ချောင်ဝမ်ရှင်းသည် ခေါင်းနပမ်းကြီးလာလေ၏။ ရုတ်တရတ် ဆူဇီမိုက ကောက်မေးလိုက်၏။

“မြို့ပြင်က ငါတို့တိုင်းသားတွေကို သတ်ဖို့အမိန့်ပေးလိုက်တာ မင်းလား”

“ဟုတ်တယ်.. ဆိုတော့ ဘာဖြစ်လဲ” ချောင်ဝမ်ရှင်းက သူ့ခါးမှ ဓါးကို ဆွဲထုတ်ရင်း ဟန်လုပ်ကာ ပြန်အော်လိုက်၏။

“ဟေး .. ဘာမှတော့ မဖြစ်ပါဘူး”

ဆူဇီမိုက ပြုံးလိုက်၏။ သူ့မျက်လုံးအကြည့်များက အေးစက်လာပြီး ပြောလိုက်၏။

“ယန်တိုင်းပြည်ရဲ့ နယ်စပ်စည်းမျဉ်းကို စောင့်ကြပ်ရတဲ့ မြို့တော်ဝန်တစ်ယောက်ဖြစ်ပြီးတော့ မင်းက ကိုယ့်လူမျိုးတွေကို ကာကွယ်မပေးတဲ့အပြင် သတ်ဖို့ပါ အမိန့်ပေးလိုက်သေးတယ်...”

ထိုနေရာတွင် ဆူဇီမိုသည် ပြောလက်စ စကားကို ခဏရပ်လိုက်၏။ သူ့မျက်လုံးအကြည့်များက အေးစက်ခက်ထန်လာပြီး လူတစ်ယောက်ကို နုလုံးခုန်ရပ်သွားစေလောက်၏။ ထို့နောက် သူသည် ဟိန်းဟောက်လိုက်လေ၏။

“မင်းလိုကောင်မျိုး ရှိနေတော့ရော ဘာသုံးစားလို့ရလဲ ပြော”

ရွှစ်..

ဆူဇီမိုသည် မျှော်စင်ပေါ်ကနေ ခုန်ချလိုက်၏။ သူလေထဲ လမ်းတစ်ဝက်မှာပင် ကျယ်လောင်သော ရွှစ်ကနဲ မြည်သံကို အားလုံးကြားလိုက်ရ၏။

အေးမြစန္ဒာဆေဘာက ဓါးအိမ်ထဲကနေ ထွက်လာပေပြီ။

ဆူဇီမိုသည် အေးမြစန္ဒာဆေဘာကို ကိုင်၍ လေထဲကနေ ခုန်ဆင်းလာပြီး သူလက်ကို အပေါ်ကနေအောက် စက်ဝန်းသဏ္ဍာန် လွှဲခုတ်ချလိုက်၏။

ဤခုတ်ချက်က မပြည့်စုံ မလှပပေ။

သို့သော် အားပါပြီး မြန်ဆန်လှ၏။

ဆေဘာခုတ်ချက်ကို ကြည့်၍ ချောင်ဝမ်ရှင်းသည် တုန်လှုပ်ခြောက်ခြားသွား၏။ သူသည် အမှတ်တမဲ့ပင် သူ့လက်ထဲက ဓါးကို မြှောက်လိုက်ပြီး ဦးခေါင်းထက်ကို ကာလိုက်၏။

ချွမ်း..

ဓါးက ထက်ပိုင်းပြတ်ထွက်သွား၏။

ဖူး..

သွေးများက ပန်းထွက်လာ၏။

ဆူဇီမိုသည် ဆေဘာကို ဓါးအိမ်ထဲ ပြန်ထည့်လိုက်၏။

ချောင်ဝမ်ရှင်း၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြူးကျယ်သွား၏။ ထူးဆန်းစွာပင် သူ့မျက်လုံးနှစ်လုံးကြားမှ ထောင်လိုက်အနီရောင်မျဉ်းကြောင်းတစ်ခုပေါ်လာပြီးနောက် သူ့မျက်နှာက ထက်ခြမ်းကွဲထွက်သွားလေ၏။

နောက်တစ်ခဏမှာပင်..

ချောင်ဝမ်ရှင်း၏ ခန္ဓာကိုယ်သည် ထက်ခြမ်းကွဲထွက်သွားပြီး မြေပေါ်သို့ ဖုတ်ကနဲ ပစ်ကျသွားလေသည်။ သွေးများက ပန်းထွက်လာပြီး မြို့ရိုးအုတ်ပြင်သည် ချက်ခြင်းနီစွေးသွားလေ၏။

စစ်သားများအားလုံး ကြက်သေ,သေနေကြ၏။

တစ်ချက်တည်းရယ်..

မူလအဆင့်သိုင်းသမားဖြစ်သော ချောင်ဝမ်ရှင်းသည် သူတို့ရှေ့ကလူ လက်ချက်ဖြင့် ထက်ခြမ်းကွဲထွက်သွားလေ၏။

ဆူဇီမိုသည် ဝေမင်းချန်နားသို့ လျှောက်သွားလိုက်ပြီး လက်ဆန့်ပေးကာ လှမ်းထူလိုက်၏။

“မင်း တိုက်နိုင်သေးလား”

“ဟုတ်ကဲ့”

ဝေမင်းချန်သည် သူ့ရင်ဘတ်က နာကျင်မှုကို လျစ်လျူရှုလိုက်ပြီး အံကြိတ်ကာ ပြောလိုက်၏။

“စိတ်ချပါ ဆာ.. ကျုပ်စစ်သားတွေနဲ့ မဟူရာချပ်ဝတ်မြင်းတပ်ကို အခုပဲ သွားကူလိုက်ပါ့မယ်”

“အဲ့လိုလုပ်စရာ မလိုပါဘူး” ဆူဇီမိုက လက်ကာပြလိုက်၏။ “ဒီကိစ္စအတွက်နဲ့ ကျန့်အန်မြို့ကို အထိခိုက်ခံစရာ မလိုပါဘူး”

ဝေမင်းချန်က အ‌လောတကြီး ထပြောလိုက်၏။

“ဆာ.. ဘာမှ အားနာနေစရာ မလိုပါဘူး.. မဟူရာချပ်ဝတ်မြင်းတပ်နဲ့အတူ တိုက်ခိုက်ခွင့်ရတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲ.. ဘယ်သူကမှ ငြင်းကြလိမ့်မယ် မထင်ပါဘူး”

“ကျုပ်တို့သည် မဟူရာချပ်ဝတ်မြင်းတပ်ကြီးနဲ့အတူ ပြည်ပရန်သူတွေကို တိုက်ထုတ်လိုပါတယ်” မြို့ထဲရှိ စစ်သားများအားလုံးက ကြွေးကြော်လိုက်ကြ၏။

ထိုအခါမှသာ သူ့အဖေသည် ယန်စစ်သားများအပေါ် ဘယ်လောက်ထိ သြဇာလွှမ်းမိုးခဲ့ပြီး မဟူရာချပ်ဝတ်မြင်းတပ်၏ ပုံရိပ်က ဘယ်လောက်ကြီးမားကြောင်း ဆူဇီမို နားလည်လိုက်၏။

သူ့အဖေ၏ သြဇာအာဏာနှင့် အောင်မြင်မှုများက ကြီးမားလာသောကြောင့် ယန်ဘုရင်သည် သူ့နေရာအတွက် စိတ်မချဖြစ်လာခဲ့၏။ ထိုအရာကပင် သူ့ကို ကပ်ဆိုးသင့်စေခဲ့သော အကြောင်းရင်း ဖြစ်လေ၏။

ဆူဇီမိုက ပြောလိုက်၏။

“မြို့တံခါးကို ဖွင့်ပြီး ယန်တိုင်းသူပြည်သားတွေကို အရင်ဝင်ခိုင်းလိုက်.. ပြီးရင် သူတို့ကို မြို့ထဲမှာ နေရာကျအောင် စီစဉ်ပေးလိုက်.. အဲ့ဒါပြီးမှ မင်းတို့တိုက်ချင်သပဆို မြို့ပြင်ထွက်ပြီး ငါတို့နဲ့ လာပူးပေါင်းလိုက်”

ဝေမင်းချန်သည် ချက်ခြင်းပင် သဘောတူလိုက်၏။ သူသည် ဘေးပတ်လည်ရှိ သူ့စစ်သားများကို လက်ဝေ့ယမ်းပြလိုက်ပြီး အော်ပြောလိုက်၏။

“သွားရအောင် .. မြို့တံခါးကို အရင် ဖွင့်မယ်ဟေ့”

ဝေမင်းချန်သည် တစ်စက္ကန့်လောက် ရပ်တန့်လိုက်ပြီးနောက် ဆူဇီမိုကို လှည့်ကြည့်လိုက်လေ၏။

“မြို့တံခါးကို ဖွင့်လိုက်တာနဲ့ လူတွေက ပြုံဝင်လာကြတော့မှာ.. ‌ဆာ.. အဲ့ချိန်ကျရင် သင်အပြင်ကို ထွက်လို့ရမှာ မဟုတ်တော့ဘူး .. အကြာကြီးစောင့်နေရ‌တော့မှာ”

“မလိုပါဘူး”

ဆူဇီမိုသည် ပြုံးပြလိုက်ပြီး မြို့ရိုးအစပ်သို့ လျှောက်သွားလိုက်ကာ အောက်ကို ခုန်ချလိုက်လေ၏။

မြို့ထဲရှိလူများအားလုံး တုန်လှုပ်သွားကြ၏။

ကျန့်အန်မြို့သည် ယန်တိုင်းပြည်၏ နယ်စပ်မြို့ဖြစ်၏။ ဒီမြို့ရိုးက အခြားသောမြို့များက မြို့ရိုးများထက် ပိုမိုခိုင်မာပြီး ပိုမိုမြင့်မား၏။ ၎င်းက ပေတစ်ရာလောက် မြင့်လေ၏။

မြို့ရိုးပေါ်ကနေ ကျောက်တုံးတစ်တုံး ပစ်ချလျှင်တောင် အောက်ရောက်သည့်အခါ ကွဲကြေသွားပေလိမ့်မည်။ လူဆိုရင်‌‌တော့ ပြောမနေနှင့်တော့။

တစ်ချိန်တည်းမှာပင် စစ်မြေပြင်တွင် တိုက်ပွဲပြင်းထန်စွာ ဆင်နွှဲနေကြသော စစ်သည်တော်များသည် ထိုမြင်ကွင်းကို မြင်လိုက်ကြပြီး ပါးစပ်အဟောင်းသားဖြင့် ငေးငိုင်သွားကြ၏။

ဆူဇီမိုသည် မြို့ရိုးထိပ်ကနေ ကြောက်စရာ အမြန်နှုန်းဖြင့် ကျဆင်းလာနေ၏။

ဘုန်း...

မြေပြင်သည် တုန်ခါသွား၏။

ဆူဟုန်နှင့် အခြားသူများသည် တစ်ခဏအတွင်း ချွေးစေးများ ထွက်လာကြကုန်၏။

ဆူဇီမိုက အရူး မဟုတ်ပေ။ သူ ဒါကို လုပ်မှတော့၊ သူလုပ်နိုင်လို့သာ ဖြစ်၏။

သို့သော်လည်း သူ့လုပ်ရပ်က အားလုံးကို အံ့သြတုန်လှုပ်သွားစေ၏။

စဦးအဆင့်၊ မူလအဆင့် သိုင်းသမားများသာမက နှစ်ဖက်စစ်တပ်မှ ချီစုဖွဲ့စစ်သည်တော်နှစ်ယောက်ပင်လျှင် ချမ်းတုန်သွားကြ၏။

လောထျန်းဝူမျက်နှာပေါ်ရှိ ကြွက်သားများသည် တစ်ဆတ်ဆတ်ခါသွားပြီး သူသည် ဣ‌န္ဒြေဆည်ဖို့ မနည်း ကြိုးစားလိုက်ရ၏။ သူ့မျက်နှာက ဖြူလျော့လာလေ၏။

ဆူဇီမို မြေပေါ်သို့ ကျသောအခါ ဖုန်မှုန့်သဲမှုန့်များက လုံးကနဲ ထလာလေ၏။

ဖုန်လုံးကြီးထဲမှ ပုံရိပ်တစ်ခုသည် တည်ငြိမ်စွာ လှမ်းလျှောက်ထွက်လာလေ၏။

All Chapters