← Chapters

အစ်ကိုရွှီချင်း 

Vol. 17 Ch. 253

အစ်ကိုရွှီချင်း 

Vol. 17 Ch. 253

ရွှီချင်းသည် တားမြစ်ပင်လယ်တစ်လျှောက် ပျံသန်းကာ ပင်လယ်သတ္တဝါတစ်ကောင်ပြီးတစ်ကောင် စုပ်ယူနေစဉ် သူနှင့် အတန်ငယ် ဝေးသောနေရာရှိ ဝေဟင်ပြင်မှ ရှေးဟောင်းစစ်သင်္ဘောကြီးသုံးစင်း တရွှီရွှီမြည်ကာ ပျံသန်းသွားသည်။

ထိုစစ်သင်္ဘောကြီးသုံးစင်းသည် အဝေးမှကြည့်ပါက ရှေးဟောင်းအငွေ့အသက်များ ထွက်နေသော ဧရာမသစ်တုံးကြီးသုံးတုံးနှင့် ဆင်တူသည်။

ယင်းစစ်သင်္ဘောကြီးများသည် အထဲရှိ အရှိန်အဝါအားလုံးအား ဖုံးကွယ်ထားသည့် အနက်ရောင်အလင်းလွှာတစ်ခုဖြင့် တဖျပ်ဖျပ်ဝင်းလက်နေသည်။ တချိန်တည်းမှာပင် ထိုအနက်ရောင်အလင်းလွှာကြောင့် ထိုစစ်သင်္ဘောကြီးများ၏ ဇစ်မြစ်ကို သိရှိရန် အလွန် ခဲယဉ်းသည်။

အမှန်စင်စစ် ထိုစစ်သင်္ဘောကြီးများသည် ဖုံးကွယ်ထားသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ စစ်သင်္ဘောပျံကြီးများ ဖြစ်သည်။

ထိုကဲ့သို့ စစ်သင်္ဘောပျံကြီးများ၏ လောင်စာသည် ဓာတ်နှောများ ဖြစ်ပေရာ ၎င်းတို့သည် လောကကြီးထဲရှိ ဓာတ်နှောများစွာကို စုပ်ယူ၍ အချိန်အတော်ကြာသည်အထိ ဆက်လက်ပျံသန်းနိုင်သည်။

ထိုသင်္ဘောပျံကြီးများပေါ်၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ရာခန့်ရှိသည်။ အများစုက ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး ထိုသူများအနက် အခြေတည်အဆင့် အရှိန်အဝါများ ထွက်ပေါ်နေသူ လေးယောက်သာ ရှိသည်။

ထိုလေးယောက်က သာမန်အခြေတည်အဆင့် ကျင့်ကြံသူများ မဟုတ်ြကြဘဲ သက်စောင့်မီးတောက်များကို ထုတ်ဖော်နိုင်ကြသူများ ဖြစ်ကြသည်။ ဝတ်ရုံဖြူဝတ် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်က သင်္ဘောထိပ်ဦးတွင် ရပ်နေသည်။ သူသည် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို မထုတ်ဖော်ထားပါသော်လည်း သူ့ထံမှ သက်စောင့်မီးလုံးနှစ်လုံး၏ အရှိန်အဝါများ သိသိသာသာ ထွက်ပေါ်နေသည်။

ထိုသူသည် စစ်သင်္ဘောကြီးသုံးစင်းပေါ်ရှိ ကျင့်ကြံသူများ၏ ခေါင်းဆောင် ဖြစ်ပေသည်။ ထိုအချိန်၌ သူသည် အေးတိအေးစက်အမူအရာဖြင့် အဝေးသို့ မမှိတ်မသုန် ကြည့်နေပြီး သူ့စိတ်အာရုံကို ဆွဲဆောင်နိုင်သည့်အရာ မရှိသည့်အလား ရေခဲတစ်ချပ်ပမာ မလှုပ်မယှက် ရပ်နေသည်။

သူ့ဘေး၌ မိန်းမပျိုလေးတစ်ယောက်ရှိသည်။

ထိုမိန်းမပျိုလေးသည်လည်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ဖြစ်ပေသည်။ ထိုမိန်းမပျို၏ ရုပ်ရည်သွင်ပြင်က လူသားတစ်ယောက်နှင့် ဆင်တူသည်။ သူမသည် အသက်ရှင်စဉ်အခါက ချမ်းသာကြွယ်ဝသောဘဝတွင် နေထိုင်ခဲ့ရသည်ဖြစ်၍ ဘဝပြောင်းသွားသောအခါမှာပင် သူမ၏အဆင့်အတန်းက အလွန်မြင့်မားနေရခြင်း ဖြစ်သည်။ ထို့ကြောင့် သူမထံမှ မည်သည့်အလောင်းအဆိပ်မျှ မထွက်သည်သာမက သူမ၏အသားအရေသည်လည်း အစက်အပျောက်များ မရှိဘဲ နှင်းပွင့်ပမာ ဆွတ်ဆွတ်ဖြူနေသည်။

သူမ၏ ရုပ်ရည်သည်လည်း အလွန် ကြည့်ကောင်းပြီး ချစ်စဖွယ်ကောင်းသည်။

သူမ၏မျက်လုံးများ ဝင်းလက်သည်ကို ကြည့်ရသည်မှာ သာမန်အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များထက် အဆပေါင်းများစွာ အသိစိတ်ရှိဟန်တူသည်။ အကယ်၍ သူမကိုသာ လူပုံအလယ်တွင် ထားမည်ဆိုပါက အနီးကပ်မကြည့်မချင်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်ဖြစ်မှန်း ပြောရန် ခက်ခဲပေမည်။

ထိုအချိန်၌ ထိုမိန်းကလေးသည် ဝတ်ရုံဖြူဝတ်အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ လက်မောင်းကို တွဲကာ ချစ်စဖွယ်လေသံဖြင့် ဆိုလိုက်သည်။

“ အစ်ကိုရွှီချင်း၊ ညီမကို ဘယ်လိုမျိုး ရှာတွေ့တာလဲ ပြောပြပါနော်။ ညီမကို ဘယ်သူမှမသိအောင် ညီမ ဂရုတစိုက် လုပ်ထားရတာ ”

ဝတ်ရုံဖြူဝတ်အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်သည် ထိုစကားကို ကြားသောအခါ ခေါင်းကိုယမ်းလိုက်သည်။ သို့သော်လည်း သူ့ဘေးရှိ မိန်းမပျိုလေး၏ နူးညံ့ချိုသာသော တောင်းဆိုသံကို သူ အမှန်တကယ်ပင် တောင့်မခံနိုင်ချေ။ ထို့ကြောင့်ပင် မိန်းမပျိုလေးက ကျောက်တုံးနက်တစ်တုံးကို ထုတ်လိုက်သောအခါ သူ အသာအယာ ယူလိုက်ပြီး တည်ငြိမ်စွာ ပြောပြလိုက်၏။

“ တတိယမင်းသမီးလေး၊ အသိပညာဆိုတာ တန်ဖိုးဖြတ်လို့မရပါဘူး။ မင်းသမီးက အသိပညာကို အများကြီး တန်ဖိုးထားလို့ ကျုပ် ပြောပြပါ့မယ်။ ကျုပ် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် မဖြစ်ခင်က ချီရွှဲ့ထုံဂိုဏ်းသားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ အဲဒီဂိုဏ်းက သင်ခဲ့တဲ့ မန္တန်လေးတွေကြောင့် မင်းသမီးမှန်း ကျုပ် သိလိုက်တာပါ ”

“ မင်းသမီး၊ ဘုရင်ကြီးက သိပ်စိုးရိမ်လို့ မင်းသမီးကို ရှာဖို့ ကျုပ်ကို ဒီတာဝန်ပေးလိုက်တာ။ ကျေးဇူးပြုပြီး ကျုပ်ကို အခက်တွေ့အောင် မလုပ်ပါနဲ့။ မျိုးနွယ်ပိုင်နက်ထဲကို ပြန်သွားဖို့ သိပ်မကြာပါဘူး။ ဒီလိုမျိုး ပစ္စည်းတွေကိုလဲ လျှောက်မပစ်ပါနဲ့တော့။ ရန်မစသင့်တဲ့သူတစ်ယောက်ကို ရန်စမိရင် မကောင်းပါဘူး ”

ဝတ်ရုံဖြူဝတ်အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်သည် ဘေးရှိ မိန်းမပျိုကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ ကောင်းပြီလေ၊ ဒါပေမဲ့ အစ်ကိုရွှီချင်း … မျိုးနွယ်စုကို ပြန်ရောက်ရင် ညီမရဲ့ အထူး တာအိုအစောင့်အရှာက် လုပ်ပေးမယ်လို့ ကတိပေးထားတာကို မမေ့နဲ့နော်။ အစ်ကိုရွှီချင်း … အစ်ကို့ရဲ့ စရိုက်ကို ညီမ တကယ်သဘောကျတာ။ ပြီးတော့ အစ်ကိုက ထူးခြားတယ်လို့ ညီမ ခံစားရတယ်။ အစ်ကို့ကို ညီမ မေးခွန်းမေးတိုင်း မိစ္ဆာကျောက်တုံးပေးမှ ညီမမေးတာကို ဖြေပေးတယ်။ တခြားမျိုးနွယ်ဝင်တွေဆို ဒီလိုမျိုး လုပ်ရဲတာ မဟုတ်ဘူး ”

“ ပြီးတော့ အသိပညာဆိုတာ တန်ဖိုး ဖြတ်လို့ မရဘူး၊ အသိပညာကို ရိုသေလေးစားရမယ် ဆိုတဲ့ အစ်ကို့စကားတွေကို ညီမ သိပ်သဘောကျတာပဲ။ အဲဒီစကားတွေက အဖိုးတန်တယ်လို့ ညီမ ခံစားမိတယ် ”

မိန်းကလေးက ချစ်စဖွယ်ပြုံးလိုက်သည်။

ဝတ်ရုံဖြူဝတ်လူငယ်သည် လက်နှစ်ဖက်ကို နောက်ပစ်၍ အဝေးသို့ ငေးကြည့်ကာ တည်ငြိမ်စွာ ဖြေလိုက်သည်။

“ ကျုပ်ရဲ့ စကားကို မရုပ်သိမ်းပါဘူး။ ကျုပ်ကို တာဝန်ပြီးမြောက်အောင်သာ မင်းသမီး ကူညီပေးရင် တာအိုအစောင့်အရှောက်တောင် မဆိုထားနဲ့၊ မင်းသမီးရဲ့ ယောကျ်ားအရုပ် ဖြစ်ရရင်တောင် ကျေနပ်ပါတယ်။ ကျုပ် စကားကို ပြန်ရုပ်သိမ်းမိရင် အဆိပ်မိပြီး မိုးကြိုးတွေ ပစ်ပါစေ ”

“ အစ်ကိုက ညီမရဲ့ ယောက်ျားအရုပ် တကယ် လုပ်ပေးမှာလား ”

တတိယမင်းသမီး၏ မျက်လုံးများ ဝင်းလက်သွားသည်။

“ လုပ်ပေးမှာပါ မင်းသမီး ”

ဝတ်ရုံဖြူဝတ်လူငယ်က ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်သည်။

တချိန်တည်းမှာပင် အဝေးရှိ တားမြစ်ပင်လယ်ထဲ၌ ရွှီချင်း၏ တစ်ကိုယ်လုံး တုန်ရီနေပြီး သတိထားသည့်အရိပ်အယောင်များ သူ့မျက်လုံးများထဲ ပေါ်လာသည်။ သူက ရှေ့မှ မည်းနက်နေသော ပင်လယ်ကြမ်းပြင်ကို စူးစိုက်ကြည့်ကာ အသာအယာ နောက်ဆုတ်သွားသည်။

သူ့အမြင်အာရုံထဲရှိ ပင်လယ်ကြမ်းပြင်၌ ဝိုးတဝါးအရိပ်များစွာ မြို့တစ်မြို့ဆီသို့ သွားနေကြသည်။

ထိုမြို့ထဲ၌ အဆောက်အအုံများစွာ ရှိပြီး မရေမတွက်နိုင်သော အရိပ်များ ဝင်ချည်၊ ထွက်ချည် သွားလာနေသည်ကို မြင်နိုင်သည်။ တစ်မြို့လုံးသည်လည်း ပျားပန်းခတ်မျှ စည်ကားနေပြီး ဆိုင်များနှင့် လမ်းဘေးဈေးသည်များလည်း အမြောက်အမြား ရှိသည်။

တစ်ချက်ကြည့်ရုံဖြင့် ထိုမြို့သည် ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးနှင့် များစွာ ကွာခြားလှသည်မဟုတ်ဘဲ အတော်လေး သက်ဝင်လှုပ်ရှားသည်ကို မြင်နိုင်သည်။

သို့သော်ငြား ထိုမြင်ကွင်းကြောင့် ရွှီချင်းမှာ အလွန်တရာ သတိထားနေသည်။ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် တိုက်ရည်ခိုက်ရည်တို့ဖြင့်ပင် ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားမိနေသည်။

ယင်းသည် တစ္ဆေမြို့တော်ဖြစ်သည်။

ရွှီချင်းကို အန္တရာယ်အငွေ့အသက် ခံစားရစေသည်မှာ မြို့ထဲရှိ တစ္ဆေများကြောင့် မဟုတ်ဘဲ မြို့ကြီးကိုယ်တိုင်ပင် ဖြစ်သေည်။

သူ တွေဝေတွန့်ဆုတ်မနေဘဲ ချက်ချင်း ထွက်သွားသည်။ တစ္ဆေမြို့ကြီးသည် သူ့ကို စိတ်ဝင်စားဟန်မပြဘဲ သူ့နောက်သို့ လိုက်မသွားပေ။

သို့သော်လည်း ရွှီချင်းက မတူညီသော အရပ်မျက်နှာသို့ပင် ရွေးချယ်လိုက်ပြီး အဝေးသို့ ရောက်သောအခါမှသာ စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။

“ ငါ့လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ ပင်လယ်အောက်ခြေက အန္တရာယ်တွေကို ခဏခဏ သွားတူးဖော်နေလို့ မဖြစ်ဘူး ”

ယင်းသည် ဤအတောအတွင်း ရွှီချင်းကို အန္တရာယ်အငွေ့အသက် ခံစားစေသည့် ဒုတိယမြောက် ဖြစ်ရပ်ပင်။ ယခုဖြစ်ရပ်မတိုင်ခင်က ပင်လယ်ကြမ်းပြင်မှနေ၍ ပင်လယ်မျက်နှာပြင်ပေါ်သို့ ခုန်လိုက်၊ ငုပ်လိုက်လုပ်ကာ ဆော့ကစားနေသော ဧရာမခေါင်းပြတ်ကြီးတစ်လုံးကို သူ မြင်ခဲ့ရသည်။

ယင်းဖြစ်စဉ်သည် အထပ်ထပ်အခါခါ ဖြစ်နေပြီး ဝမ်းသာပျော်ရွှင်သော အော်ဟစ်သံများကိုလည်း သူ ကြားခဲ့ရသည်။

ယခုတစ်ခေါက်သည်လည်း ထိုအခေါက်နှင့် ဆင်တူသည်။ သူ အဝေးသို့ ရောက်သောအခါမှသာ အန္တရာယ်အာရုံ ပျောက်သွားသည်။ သို့သော် သူ့ကံကြမ္မာက ဆက်၍ ကောင်းနေပါမည်ဟု သူ မသေချာပေ။ တတိယအကြိမ်တွင် ထိုကဲ့သို့ ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရပါက အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။

အတန်ငယ် သူ စဉ်းစားကြည့်ပြီးနောက် ပင်လယ်ကြမ်းပြင်မှထွက်ကာ မှော်သင်္ဘောကို ထုတ်လိုက်သည်။ အရိပ်နှင့် တားမြစ်ပင်လယ်ဝေလနဂါးကို သူ အားကိုးကာ ပင်လယ်သတ္တဝါများကို ရှာဖွေ၍ အမဲလိုက်တော့မည် ဖြစ်သည်။

“ ကျင်းဝူလျန့်ဝမ့်လင်အတတ်ရဲ့ ဒုတိယအဆင့်က အောင်မြင်ခါနီးနေပြီ။ အခုလောလောဆယ် သတိထားနေတာ အကောင်းဆုံးပဲ ”

ရွှီချင်းက တွေးပြီးသောအခါ ထိုင်ချလိုက်ပြီး ပင်လယ်အောက်ခြေသို့ သူ့အာရုံကို ဖြန့်ကျက်လိုက်ရာ တားမြစ်ပင်လယ်ဝေလနဂါးအပေါ် ကျရောက်သွားသည်။

သူ၏ ဝေလနဂါးသည် ရှဲကျင်းလုံအသွင် မဟုတ်တော့ဘဲ မိုဆာဆောတစ်ကောင်နှင့် ဆင်တူနေသည်။ ယင်းသည် မိုဆာဆောကို သတ်ပြီးနောက် ရွှီချင်း နားလည်သဘောပေါက်သွားကာ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

“ ငါ တစ်ကောင်ပဲ သတ်လိုက်ရတာ နာတာပဲ။ နို့မဟုတ်ရင် မိုဆာဆောနဲ့ ပိုတူတယ် ”

ရွှီချင်းသည် မျက်လုံးများကို မှိတ်လိုက်သည်။

မျက်တောင်တစ်ချက်ခတ်အတွင်း ခုနစ်ရက် ကုန်လွန်သွားသည်။

ပင်လယ်ထဲသို့ ရွှီချင်း ထွက်လာခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး ယခု သူ ရောက်နေသော နေရာသည် ရေသူမကျွန်းစစ်မြေပြင်နှင့် အလွန် ကွာဝေးသည်။ စစ်ပွဲအခြေအနေကို သူမသိပါသော်လည်း ဂိုဏ်းတံဆိပ်ပြားပေါ်ရှိ သူ့အဆင့်က ငါးဆယ်အောက်မှ တစ်ရာအောက်သို့ ကျနေသည်။

ယင်းအချက်အရ စစ်ပွဲ၏ အရှိန်အဟုန် မြင့်တက်နေသည်ကို ဖော်ပြနေပေသည်။

သို့သော်လည်း ယခုအချိန်တွင် ထိုသည်ကို ရွှီချင်း ဂရုမစိုက်ပေ။ ထိုခုနစ်ရက်အတွင်း ပင်လယ်သတ္တဝါအနည်းငယ်ကို ဝါးမျိုပြီးနောက် ကျင်းဝူလျန့်ဝမ့်လင်အတတ်၏ ဒုတိယအဆင့်ကို သူ အောင်မြင်တော့မည် ဖြစ်သည်။

“ နောက်ထပ်အခြေတည်အဆင့်ပင်လယ်သတ္တဝါတစ်ကောင်ကို စုပ်ယူလိုက်ရင် အမွေမျိုးစေ့ အသက်ဝင်ပြီ ”

ရွှီချင်း၏ မျက်လုံးများ မျှော်လင့်ချက်များဖြင့် လက်နေသည်။ သူ့စိတ်ကို ပင်လယ်အောက်ရှိ တားမြစ်ပင်လယ်မိုဆာဆောအပေါ်သို့ နစ်မြုပ်ကာ သင့်တော်သော ပင်လယ်သတ္တဝါများကို ရှာဖွေလိုက်သည်။

အရိပ်သည်လည်း အရိပ်မျက်လုံးများစွာ ဖြန့်ကျက်ကာ ရှာဖွေရာတွင် ပူးပေါင်းပါဝင်လိုက်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာမူ မိုဆာဆောနှင့်အတူ ပင်လယ်အောက်တွင် ရှာဖွေနေ၏။

မိုဆာဆောထဲသို့ ရွှီချင်း၏စိတ် နစ်မြုပ်သွားသည့်အခိုက် ရုတ်တရက် သူ့စိတ်ထဲ တုန်ခါသွားသည်။ သူ ဆတ်ခနဲ မျက်လုံးဖွင့်ကာ ကောင်းကင်ကို ကြည့်လိုက်သည်။

ဆည်းဆာနေဝင်ချိန်ဖြစ်၍ ပုစွန်ဆီရောင်အလင်းတန်းများ ဆောင်းဦးသစ်ရွက်များပမာ ကောင်းကင်ယံတွင် ပြည့်နှက်နေသည်။ ထိုပုစွန်ဆီရောင်အလင်းတန်းများထဲတွင် မိုးကုတ်စက်ဝိုင်းဆီမှ ပျံသန်းလာသော ဧရာမသစ်တုံးကြီးများကဲ့သို့ မည်းနက်တောက်ပြောင်သော စစ်သင်္ဘောကြီးသုံးစင်း ရွှီချင်း၏မြင်ကွင်းထဲ ပေါ်လာသည်။

ရွှီချင်းက စစ်သင်္ဘောသုံးစင်းကို ကြည့်လိုက်ပါသော်လည်း ထိုစစ်သင်္ဘောကြီးသုံးစင်းထံမှ အငွေ့အသက်များကို အာရုံမခံမိသလို အထဲရှိ လူရိပ်များကို မမြင်ရပေ။ ချီရွှဲ့ထုံဂိုဏ်း၏ မှတ်တမ်းများထဲတွင်လည်း ထိုကဲ့သို့ စစ်သင်္ဘောများအကြောင်းကို ဖော်ပြမထားပေ။

ထို့ကြောင့် ထိုစစ်သင်္ဘောများကို ရွှီချင်း ရုတ်တရက် မသိဘဲ ဖြစ်နေသည်။

သို့သော်လည်း သူသည် အလွန် သတိကြီးသော လူတစ်ယေက်ဖြစ်သည်။ ထိုစစ်သင်္ဘောများက ဖြတ်သန်းသွားလာရုံသာ ဖြစ်ဟန်တူသော်လည်း မှော်သင်္ဘော၏ အကာအကွယ်ကို အပြည့်အဝ အသက်သွင်းလိုက်သည်သာမက သူသည်လည်း ပင်လယ်ထဲ ငုပ်နေလိုက်သည်။

ထိုသင်္ဘောများသာ အမှန်တကယ် ဖြတ်သန်းသွားလာရုံသာဖြစ်ပြီး ရှောင်တိမ်းနေသော ရွှီချင်းကို မြင်ပါက မတိုက်ခိုက်ရန် အခွင့်အရေးများသည်။ အကယ်၍ သူတို့ အမှန်တကယ် တိုက်ခိုက်လာခဲ့လျှင်ပင် တန်ပြန်တိုက်စစ်ဆင်ရန်ဖြစ်စေ၊ ထွက်ပြေးရန် ဖြစ်စေ သူ ပြင်ဆင်ထားပြီးဖြစ်သည်။

သို့သော်လည်း ပင်လယ်ထဲသို့ ရွှီချင်း၏ မှော်သင်္ဘော နစ်မြှုပ်သွားသည့်အခိုက် သင်္ဘောထိပ်ဦးတွင် ထိုင်နေသော မိန်းမပျို၏ လက် ရုတ်တရက် ဆန့်ထွက်လာသည်။

ထိုမိန်းမပျိုသည် လက်ထဲတွင် ပုလဲနက်တစ်လုံးကို ကိုင်ထားသည်။ ထို့နောက် ထိုပုလဲနက်ကို အသာအယာ ပစ်လိုက်ရာ လျှပ်စီးများ တဖျပ်ဖျပ်လက်နေလျက် ပုလဲနက်က ရွှီချင်းထံ ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် ပြေးဝင်သွားသည်။

ထိုပုလဲနက်၏ အရှိန်အဝါမှာ ပြင်းထန်လွန်း၍ ကောင်းကင်နှင့် မြေကြီးပင် တုန်ခါသွားသည်။ ထိုပုလဲနက်ပေါ်တွင် ကမ္ပည်းစာတစ်လုံး ပိတ်လှောင်ထားသည်ကိုပင် မြင်နိုင်သည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး မှော်သင်္ဘောကို ထိန်းချုပ်ကာ ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

ယင်းမှာ ထိုပုလဲနက်ပေါ်မှ ကမ္ပည်းစာ ဝင်းလက်သွားသည်နှင့် တည်နေရာရွှေ့ပြောင်းသကဲ့သို့ ဖြစ်သွားပြီး ရွှီချင်း၏ သင်္ဘောအထက်ရှိ ပင်လယ်အောက်တွင် ပေါ်လာသောကြောင့် ဖြစ်သည်။

ထိုအမြန်နှုန်းသည် ရွှီချင်း၏ ခန့်မှန်းချက်များကို ကျော်လွန်နေသည်။ မှော်သင်္ဘောကို ရှောင်တိမ်းရန် နောက်ကျသွားပြီဖြစ်သည်။ တခဏလေးအတွင်း ဝုန်းခနဲ မြည်ဟည်းသံ ပေါ်လာပြီး ဘေးပတ်လည်မှ ပင်လယ်ရေများ ပြိုကွဲသွားသည်။ ရွှီချင်း၏ မှော်သင်္ဘော ပျက်စီးသွားပြီး မရေမတွက်နိုင်သော အပျက်အစီးများ ပင်လယ်ပြင်ပေါ် ပျံ့နှံ့သွားသည်။

ထိုအပျက်အစီးများမှာ များပြားလွန်း၍ သင်္ဘောတစ်ခုလုံး လုံးဝ ပျက်စီးသွားသည့်အလားပင်။

“ အိုက်ယား၊ အထိအရှ မခံပါလားနော်။ လျှပ်စီးလေးတစ်ချက်နဲ့ကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားရတယ်လို့။ ပျော်စရာလည်း မကောင်းဘူး။ ဒါပေမဲ့ ပျက်စီးသွားတဲ့ပုံလေးကလည်း လှတော့လှသား ”

ကောင်းကင်ဝေဟင်ပြင်၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် မိန်းမပျိုသည် သင်္ဘောလက်ရန်းအစွန်းတွင် မှီကာ ငုံ့ကြည့်လိုက်သည်။

သို့သော်လည်း ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၏ အသက်ရှူသံများ ဆတ်ခနဲ ရပ်သွားပြီး သူ့မျက်လုံးများထဲတွင် နားလည်ရခက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူက သင်္ဘောအစွန်းမှနေ၍ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသော မှော်သင်္ဘောကို ကြည့်လိုက်သည်။ အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် သက်ပြင်းရှည်ကြီးချလိုက်သည်။

“ တတိယမင်းသမီး၊ ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ။ ကျုပ် တာဝန်လေး ပြီးမြောက်ချင်တာကို မင်းသမီးက ဘာလို့ အခက်တွေ့အောင် လုပ်နေရတာလဲ။ သိုသိုသိပ်သိပ်နေပေးလို့ မရဘူးလား။ လူသတ်မိစ္ဆာတစ်ကောင်ကို သွားရန်စမိနေရင် မင်းသမီး ဘယ်လိုလုပ်မလဲ ”

ဝတ်ရုံဖြူဝတ်ကျင့်ကြံသူမှာ အလွန် စိတ်ဓာတ်ကျနေဟန်တူပြီး ဝတ်ရုံထဲမှ ပန်းသီးတစ်လုံးကို ထုတ်ကာ ကိုက်လိုက်သည်။

“ အစ်ကိုရွှီချင်း … ဘာဖြစ်နေတာလဲ။ ချီရွှဲ့ထုံဂိုဏ်းသင်္ဘောလေးပဲကို။ ပြီးတော့ လူယုတ်မာခမည်းတော် ပေးလိုက်တဲ့ နတ်လျှပ်စီးလေးတစ်ချက်နဲ့တောင် အဲဒါက ပျက်စီးသွားတာ။ ဘာဖြစ်လာမှာမို့လို့လဲ ”

မိန်းမပျိုသည် ပြုံး၍ ဆိုလိုက်ပြီး သူမ၏မျက်လုံးများ လခြမ်းကွေးသဏ္ဍာန် မှေးသွားသည်။

ဝတ်ရုံဖြူဝတ်ကျင့်ကြံသူသည် စကားမပြောချင်ဟန်ဖြင့် ခေါင်းကိုယမ်းလိုက်သည်။ သူ သက်ပြင်းချလိုက်ပြီး မိန်းမပျို၏ သူ့အဖေအား ခေါ်ဆိုပုံကို အထူးတလည် ပြောမနေတော့ပေ။ သူက မှော်သင်္ဘောကိုသာ ထိန်းချုပ်လိုက်ပြီး အရှိန်တင်လိုက်သည်။

မကြာခင် ထိုသစ်တုံးနက်ကြီးသုံးတုံးပုံစံ စစ်သင်္ဘောသုံးစင်းသည် အဝေးသို့ တရွှီရွှီမြည်ကာ ပျံသန်းသွားသည်။

တချိန်တည်းမှာပင် ထိုစစ်သင်္ဘောကြီးသုံးစင်း ထွက်သွားသည်နှင့် ရေလှိုင်းများ ရိုက်ခတ်သွားပြီး ပင်လယ်ရေပြင်ပေါ်ရှိ မှော်သင်္ဘောအစိတ်အပိုင်းများ ဘေးသို့ လွင့်သွားသည်။

ပင်လယ်ရေမျက်နှာပြင်အောက်၌ ယခင်မှော်သင်္ဘောထက် သေးငယ်ပါသော်လည်း ပို၍ပင် ရက်စက်ကြမ်းကြုတ်ဟန်တူသော မှော်သင်္ဘောတစ်စင်း ရှိနေသည်။ ယင်းမှော်သင်္ဘောသည် ပင်လယ်ဖွတ်တစ်ကောင်၏ ကိုယ်ထည်ပုံစံရှိပြီး ကောင်းကင်ဝေဟင်ပြင်ရှိ စစ်သင်္ဘောများ ထွက်သွားရာအရပ်သို့ အရှိန်တင်ကာ ခုတ်မောင်းသွားသည်။

အစောပိုင်းက ပျက်စီးသွားခဲ့သောအပိုင်းသည် သင်္ဘော၏ အပြင်ဘက်အလွှာ ဖြစ်သည်။ ကျန်းစန်း၏ ထူးခြားသော နည်းလမ်းဖြင့် ရွှီချင်း၏ မှော်သင်္ဘောအပြင်လွှာက ပျက်စီးကာ ရန်သူကို လှည့်စားနိုင်သည်။

ရွှီချင်းက အရုပ်ဆိုးသောအမူအရာဖြင့် ပင်လယ်ရေမှတစ်ဆင့် ကောင်းကင်ကြီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲ လူသတ်ငွေ့များဖြင့် ဆူဝေနေ၏။

“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် ”

All Chapters