← Chapters

လေလုံးထွားမှုများခြင်း

Vol. 20 Ch. 287

လေလုံးထွားမှုများခြင်း

Vol. 20 Ch. 287

ကျောင်းကားက လမ်းပေါ်၌ ပုံမှန်နှုန်းဖြင့် မောင်းနှင်နေပြီး ခရီးစဉ်တစ်လျှောက် ဘယ်သူကမှ စကား မပြောကြချေ။

ရဲ့လင်းချန်က တစ်ကိုယ်တည်း မဖြုံသောစိတ်ဖြင့် ထိုင်နေပြီး လောကကြီးကို အရေးစိုက်ခြင်း မရှိဘဲ ဘေးဘယ်ညာကို ကြည့်နေလေသည်။ ထို့ကြောင့် ကျန်းယွီနှင့် ချောင်ထုံထုံတို့၏ စိတ်ထဲ၌ ဒေါသစိတ်တို့ စတင် ဆူဝေလာသည်။

သင်္ချာလောကတွင်း၌ သူတို့ကို ကံကောင်းခြင်းသားတော်ဟုပင် သတ်မှတ်နိုင်ပြီး ထူးချွန်သူများအဖြစ် သရဖူဆောင်းပေးခြင်း ခံကြရသည်။ သို့သော်လည်း သူတို့က ဘာမှသုံးစားမရသော အမှိုက်ကောင်တစ်ကောင်နှင့် တစ်ဖွဲ့တည်းအဖြစ် အသင်းဖွဲ့ ခံကြရလေသည်။ သူတို့ ရှုံးလျင် သူတို့မာနက လက်ခံနိုင်မည် မဟုတ်ပါ။ သို့သော် သူတို့ နိုင်သွားလျင်လည်း ငပျင်းကောင်က အကျိုးအမြတ် ရသွားပေဦးမည်။ ထို့ကြောင့် သူတို့ ဆုပ်လည်းစူး စားလည်းရူး ဖြစ်နေလေ၏။

လာမည့်ပြိုင်ပွဲအတွက် သူတို့နှစ်ယောက်လုံး စိုးရိမ်ပူပန်ကာ စိတ်တထင့်ထင့် ဖြစ်နေကြသည်။ ရဲ့လင်းချန်၏ တည်ငြိမ်သော ဟန်ပန်အမူအရာကို မြင်သောအခါ သူတို့၏ ဒေါသများ ပို၍ မြင့်တက်လာတော့သည်။

“ဟေ့ ဒီပြိုင်ပွဲမှာ မင်း ဝင်ပြိုင်မယ်ဆိုတော့ မင်းမှာ သင်္ချာနဲ့ ပတ်သက်တဲ့ အခြေခံတစ်ချို့တော့ ရှိမှာပဲ ဟုတ်တယ် မလား၊ ဒိပြိုင်ပွဲရဲ့ အကြောင်းအရာက တက္ကသိုလ်တစ်ခုလုံးက သင်ရိုးမာတိကာတွေကနေ ဘွဲ့လွန်အဆင့်အထိ ဖြန့်ထားတာ၊ ဖော်မြူလာတစ်ဝက်တစ်ပျက်တွေတောင် ပါသေးတယ်၊ ငါတို့ သွေးပူအောင် လုပ်ကြမလား”

ကျန်းယွီက ရဲ့လင်းချန်ကို စိန်ခေါ်လိုက်သည်။

“ငါ သဘောတူတယ်”

ချောင်ထုံထုံက ခေါင်းညိတ်သည်။

ရဲ့လင်းချန်က သူတို့ကို တစ်ချက် ကြည့်ရုံမျှသာကြည့်၍ ငြိမ်မြဲငြိမ်နေ၏။

ကျန်းယွီက သူ့ဘာသာသူ ဆက်ပြောနေလေသည်။

“ငါ အရင် ပြောမယ်၊ ငါတို့က ကားထဲမှာ ရှိနေတာဆိုတော့ အရမ်း အဆင့်မြင့်တာတွေ လုပ်ဖို့ မဖြစ်ဘူး၊ အဲ့တော့ ငါတို့ရဲ့ တွက်ချက်မှုနှုန်းကိုပဲ ယှဉ်ရအောင်”

“ကောင်းပြီ၊ ဒီကစားပွဲမှာ မြန်မြန်တွက်ချက်နိုင်တဲ့ စွမ်းရည်က အဓိကကျတယ်၊ မင်း မြန်ဆန်မှုနှုန်းကို ပြိုင်ဖို့ လိုတယ်”

ချောင်ထုံထုံက လက်ခံလေသည်။

နှစ်ယောက်သားက အချင်းချင်း အပြန်အလှန် ပြောဆိုပြီး ဆုံးဖြတ်လိုက်ကြကာ မေးခွန်းများ စမေးလေသည်။

နှစ်ဦးလုံးက သင်္ချာပါရမီရှင်များ ဖြစ်ရန် ထိုက်တန်ပေသည်။ သူတို့သည် သာမန်လူများထက် ကိန်းဂဏန်းများကို ပို၍ သဘောပေါက်လွယ်ပြီး ကျပန်းသင်္ချာပုစ္စာများကို ဘယ်လောက် လှည့်ကွက်များများ ဖြေနိုင်သလို တွက်ချက်နည်း ဖော်မြူလာက ဘယ်လောက် ရှုပ်ထွေးနေပါစေ စက္ကန့်ပိုင်းအတွင်း တွက်ချက်နိုင်ကြသည်။

ပုစ္ဆာက အထူးအထွေ ရှုပ်ထွေးနေသည် မဟုတ်သော်လည်း သူတို့ ပေါင်းခြင်း၊ နုတ်ခြင်း၊ မြောက်ခြင်း၊ ဂဏန်း ငါးလုံးအထိ စားနိုင်ခြင်းနှင့် အဖြေကို လျှပ်စီးအလား ဖြေနိုင်ခြင်းတို့က မှင်တက်စရာ ကောင်းလှသည်။

ကျန်းယွီနှင့် ချောင်ထုံထုံတို့က ဆက်လက်၍ အမေးအဖြေ လုပ်နေကြပြီး ဘယ်သူကမှ နောက်ကောက်ကျ ကျန်ခြင်း မရှိပါ။

ကားထဲတွင် ဆရာများနှင့် ပါမောက္ခများက အံ့ဩနေသော အကြည့်များ ဖြစ်နေကြလေသည်။ ရဲ့လင်းချန်ကြောင့် မပျော်မရွှင် ဖြစ်နေသည်က တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ လူပိုတစ်ယောက်က သူတို့ကို နောက်သို့ ဆွဲထားသော်လည်း မြို့တော်၏ ပါရမီရှင်နှစ်ယောက်အတွက် မျှော်လင့်ချက်က ရှိနေပါသေးသည်။

သူတို့ ပထမနေရာ မရနိုင်လောက်သော်လည်း ထိပ်ဆုံး သုံးသင်းထဲသို့ ဝင်အောင် လုပ်နိုင်သည့် မျှော်လင့်ချက် ရှိပါသေးသည်။

“အံ့ဩစရာပဲ၊ မိုက်လိုက်တာ”

ယာဉ်မောင်းဖြစ်သူ မချီးမွမ်းဘဲ မနေနိုင်အောင် ဖြစ်နေ၏။

“မြို့တော်က နောက်ထပ် အဆင့်ကောင်းတစ်ခု ရတော့မယ်နဲ့ တူတယ်၊ မနှစ်က ဒုတိယ နေရာပဲ ရောက်နိုင်ခဲ့တဲ့ ငါတို့ရဲ့ ဆိုးရွားတဲ့ ရှုံးနိမ့်မှုကို မှတ်မိနေသေးတယ်၊ ဒီနှစ်တော့ ငါတို့ ပထမနေရာကို ရမှာပဲ”

“ဟူး … နည်းနည်းတော့ ခက်လိမ့်မယ်”

ပါမောက္ခပိုင်က စိုးရိမ်စိတ်ဖြစ်ပေါ်နေသော အရိပ်အယောင်ဖြင့် ပြောလိုက်သည်။

“မနှစ်က ငါတို့ ပိုင်ဟိုင်ခရိုင်ကို ရှုံးသွားခဲ့တာ၊ ဒီနေ့ သူတို့ ပြိုင်ပွဲဝင်တွေထဲက တစ်ယောက်က မနှစ်က ချန်ပီယံထက် ပိုပြီး ထူးချွန်တယ်လို့ ငါ ကြားထားတယ်”

“ပိုင်ဟိုင်တင် မကဘူး၊ နန်ကင်းမြို့ကလည်း သင်္ချာပါရမီရှင်တစ်ယောက် မွေးထုတ်ထားတယ်လို့ ငါ ကြားထားတယ်၊ ပြီးခဲ့တဲ့လက အဲ့ပါရမီရှင်က ဆယ့်နှစ်နှစ်လုံးလုံး မကျိုးပြတ်တဲ့ အမြန်တွက်ချက်ခြင်း စံချိန်ကို ချိုးလိုက်နိုင်တဲ့ဆိုတဲ့ သတင်း ရှိနေတယ္၊ တစ်ချို့လူတွေကဆို သူ့ကို ဂဏန်းပေါင်းစက်နဲ့တောင် နှိုင်းနေတာ”

ပါမောက္ခအန်းကလည်း ဝင်ပြောသည်။

“တခြားခရိုင်က ပါရမီရှင်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကိုလည်း ငါ ကြားထားတယ်၊ ရှင်းရှင်းပြောရရင် ခရိုင်ကြီးတွေနဲ့ မြို့ကြီးအားလုံးက ဒီတစ်ခေါက် တော်တော်လေး အားထုတ်ထားကြတာပဲ”

ပါမောက္ခထန်သည်လည်း ဖိအားပေးခံရသလို ခံစားနေရသည်။

သူတို့သည် ရဲ့လင်းချန်အား ပြိုင်တူ ကြည့်လိုက်မိကြပြီး စိတ်ထဲ၌ ပို၍ လေးလံလာလေသည်။

ပြိုင်ပွဲတွင် ကွန်ပျူတာတစ်လုံးကို သုံး၍ ယှဉ်ပြိုင်ရမည့် တွဲဖက်များကို ကျပန်းရွေးချယ်ကာ ဆုံးဖြတ်လေသည်။ ဥပမာပြရလျင် မြို့တော်နှင့် ပိုင်ဟိုင် ယှဉ်ပြိုင်ရန်အတွက် မြို့တော်နှင့် ပိုင်ဟိုင်ခရိုင်မှ တစ်ယောက်စီ ရှေ့ထွက်ရပေမည်။ အနိုင်ရသူသာ နောက်တစ်ပွဲသို့ တက်လှမ်းနိုင်ပြီး ရှုံးသူက ဖယ်ရှားခံရမည်။

အဖွဲ့တိုင်းတွင် သုံးယောက် ပါဝင်သည်။ တစ်နည်းအားဖြင့် ခရိုင်တစ်ခုစီက အခွင့်အရေး သုံးကြိမ် ရရှိမည်ဟု ဆိုလိုနေပြီး အချင်းချင်း မှီခိုခြင်း မရှိပေ။ ယင်းက ခရိုင်တိုင်းနှင့် မြို့တိုင်းကို ပြသနိုင်မည့် အခွင့်အရေးများ ပိုပေးပြီး ပြိုင်ပွဲ၏ မျှတမှုကို ထိန်းသိမ်းထားသည့် နည်းလမ်းတစ်မျိုးလည်း ဖြစ်ပေသည်။

အခွင့်အရေး သုံးကြိမ် ရှိသော်လည်း မြို့တော်အတွက်က ရဲ့လင်းချန် တန်းပြုတ်မည်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် သူတို့၌ အခွင့်အရေး နှစ်ကြိမ်သာ ကျန်ရှိလေ၏။

ယင်းက ရင်နာစရာ အတွေးတစ်ခု ဖြစ်ပြီး ကျန်းယွီနှင့် ချောင်ထုံထုံတို့ အသင်းကို ဆွဲခေါ်သွားနိုင်ပါစေဟုသာ မျှော်လင့်ရပေမည်။

ချောင်ထုံထုံနှင့် ကျန်းယွီတို့သည် အမေးအဖြေ လုပ်ရသည်ကို မောပန်းသွားကြသည်။ နောက်ဆုံးတွင် သူတို့က ရဲ့လင်းချန်ဘက်လှည့်၍ မေးလိုက်သည်။

“ဟေ့ မင်း ဘာလို့ ဘာမှမပြောတာလဲ၊ မင်း တစ်ခုခု သိတာလား မသိတာလား”

“ငါတို့ မင်းကို လူရာသွင်းပြီး မေးနေတာနဲ့တင် ကြင်နာရာ ရောက်နေပြီ၊ ငါတို့က လူသစ်မေးခွန်းဘောင်ထဲကနေ ကန့်သတ်ပြီး မေးနေကြတာ၊ မဟုတ်မှလွဲရော မင်း ဒါတွေတစ်ခုမှ မသိဘူးလား”

“ထားလိုက်တော့၊ ငါတို့က တစ်ချို့ခေါင်းစဉ်တွေကို လွယ်တယ်လို့ ထင်ပင်မယ့် တခြားသူတွေအတွက် ခက်တယ်လို့ ခံစားရလောက်တယ်၊ မေ့လိုက်ပါတော့ကွာ၊ သူ နားမလည်နိုင်တာ ဖြစ်လိမ့်မယ်၊ လူတိုင်းက ငါတို့လောက် ဉာဏ်မကောင်းနိုင်ဘူးလေ”

“မင်း ပြောတာ မှန်တယ်၊ လူနှစ်ယောက်ကြားက ခြားနားချက်က ကြီးချင်လည်း ကြီးနေလောက်တယ်၊ တစ်ချို့လူတွေက နောက်ဖေးတံခါးကနေ ဝင်လာပင်မယ့် တကယ်တော့ သူတို့အဆင့်က လုံးဝ လှည့်ကြည့်စရာကို မရှိတာ”

သူတို့ မပျော်သော်လည်း တဲ့တိုးဆန်သော မှတ်ချက်များ မပြောနိုင်ပေ။ ထို့ကြောင့် သူတို့၏ မကျေနပ်ချက်များကို ထေ့လုံးငေါ့လုံးများဖြင့်သာ ဖြေဖျောက်နေကြသည်။

ရဲ့လင်းချန်က သူတို့ကို ကြည့်လိုက်ပြီးနောက် ဘာမှမပြောဘဲ ဖုန်းကိုထုတ်လိုက်သည်။

“ဟဲလို ၁၁၀ ကပါလား၊ ကျွန်တော် ရဲဌာနကို ဖုန်းဆက်ချင်လို့ပါ၊ ဒီမှာ ဟန်ထုတ်တဲ့လူတွေ ရှိနေပြီးတော့ အဖြစ်အပျက်က ထိန်းမရတော့လို့ပါ၊ ကျေးဇူးပြုပြီး အကူအညီ စေလွှတ်ပေးပါ”

ထို့နောက် သူက ဖုန်းကိုပြန်ချ၍ ကျန်းယွီနှင့် ချောင်ထုံထုံတို့ကို လှည့်ကြည့်လေသည်။

“သူက မင်းတို့ကို အရူးတစ်သိုက်လို့ ပြောသွားတယ်”

“ချီးပဲ သူက မင်းကို ပြောနေတာကွ”

ကျန်းယွီ ဒေါကန်သွားသည်။ ရဲ့လင်းချန်၏ အပြုအမူကြောင့် သူ အံ့ဩသွားရသည်။

“မင်းတို့ မေးခွန်းတွေ မေးရတာကို ကြိုက်တယ် မဟုတ်လား၊ ငါ မင်းတို့ကို တစ်ခု မေးရင်ရော”

ရဲ့လင်းချန်က သူတို့ကို ကြည့်၍ ကမ်းလှမ်းလိုက်သည်။

ကျန်းယွီနှင့် ချောင်ထုံထုံတို့က ထပ်တွေးမနေဘဲ ခေါင်းညိတ်၍ သဘောတူလေသည်။

အခြားသူများသည်လည်း စိတ်ဝင်စားဟန် ပြလာပြီး ရဲ့လင်းချန်ကို ကြည့်လာကြသည်။ သူ့တွင် ဘယ်လို မေးခွန်းမျိုး ရှိမလဲဟု သူတို့ သိချင်နေ၏။

ရဲ့လင်းချန်က ဘောပင်နှင့် စာရွက်ကို ထုတ်၍ ကြိုးကြိုးစားစားဖြင့် ကွင်းစကွင်းပိတ်ဖြင့် အပေါင်း၊ အနုတ်၊ အမြောက်နှင့် အစားတို့ ပါသော ပုစ္ဆာများကို တစ်ပုဒ်ပြီးတစ်ပုဒ် ချရေးလေသည်။ ထို့အပြင် ထိုကွင်းစ ကွင်းပိတ်များထဲ၌ ကွင်းစကွင်းပိတ်များဖြင့် အပိုင်းကိန်း ဒဿမဖန်ရှင်များကို ထည့်ရေးထားသည်။ ထိုသို့ ပုစ္ဆာအရှည်ကြီးများ ရေးနေပြီးနောက် ပထမစာမျက်နှာတွင် မရပ်သွားဘဲ ဒုတိယ စာမျက်နှာ၌ ဆက်ရေး နေလေသည်။

ကျိုးယွီနှင့် ချောင်ထုံထုံတို့က ရဲ့လင်းချန်ကို ကြည့်ပြီး ကျိတ်လှောင်နေကြသည်။

*ဒီကောင်က ဒီအရှည်လောက်နဲ့ဆို မေးခွန်းတစ်ပုဒ်က ခက်မှာပဲလို့ တွေးနေတာပဲ၊ တုံးလိုက်တာ*

“ပြီးပြီ”

ရဲ့လင်းချန်က သူတို့နှစ်ယောက်အား မေးခွန်းစာရွက် ပေးလိုက်သည်။

“ဪ … ဒါက ခက်တာလား၊ သေချာကြည့်ထား”

ကျန်းယွီနှင့် ချောင်ထုံထုံတို့က ခပ်သွက်သွက် လှမ်းယူလိုက်ပြီး ကမန်းကတန်း စတွက်လေသည်။

ရဲ့လင်းချန်၏ မေးခွန်းက မခက်ပါ။ ယင်းက အလွန် ကြီးသော ဂဏန်းတန်ဖိုးမျှသာ ဖြစ်ပြီး ပိုမိုရှုပ်ထွေးအောင် အားလုံး ရောသမထားခြင်းသာ ဖြစ်သည်။ အမြင်အားဖြင့် ကြောက်စရာ ကောင်းပေသည်။

ကျန်းယွီ၏ မျက်လုံးများက ကိန်းဂဏန်းများကို အလျင်အမြန် ဖတ်နေ၏။ သူ့လက်များကို တင်းနေအောင် ဆုပ်ထားပြီး ဦးနှောက်ကို အသည်းအသန် အလုပ်ပေး၍ ခပ်မြန်မြန် စတွက်နေသည်။

ချောင်ထုံထုံက တစ်စုံတစ်ရာကို ရေရွတ်နေသည်။ သူမပါးစပ်မှ ကိန်းဂဏန်းများကို အစဉ်လိုက် ရွတ်နေပြီး အစဉ်လိုက်အတိုင်း မြန်မြန် တွက်နေ၏။

သူတို့၏ ထည်ဝါသော ဟန်ပန်က ရင်သက်ရှူမောဖွယ် ကောင်းလှပြီး အချိန်တိုအတွင်း ပထမစာမျက်နှာမှ တွက်ချက်မှုကို ပြီးသွားလေသည်။ ထို့နောက် သူတို့ နောက်တစ်မျက်နှာသို့ လှန်လိုက်ကြသည်။

သူတို့ တစ်မိနစ်တည်းနှင့် အဆုံးအထိ ဖတ်ပြီးသွားကြသည်။ သို့သော် ထိုသို့သောအချိန်၌ သူတို့၏ မျက်နှာများ အေးစက် တောင့်တင်းနေလေသည်။ ဘေးမှ ပါမောက္ခများနှင့် ဆရာများလည်း တောင့်တင်းနေကြသည်။ အကြောင်းမှာ မေးခွန်း၏ နောက်ဆုံးအဆင့်က သုညဖြင့် မြှောက်ရန် လိုအပ်သောကြောင့်တည်း။

*သောက်ကျိုးနည်း*

*သုညနဲ့မြှောက် ဟုတ်လား*

သုညနှင့် မမြှောက်ခင် သူတို့ တွက်ထားခဲ့သမျှက အားလုံး အချည်းနှီး ဖြစ်သွားပေတော့မည်။ အဘယ်ကြောင့် ဆိုသော် မည်သို့သော ရလဒ်မျိုး ဖြစ်ပါစေ သုညနှင့် မြှောက်လိုက်လျင် သုညသာ ရမည် ဖြစ်သောကြောင့်ပင်။

ကျန်းယွီနှင့် ချောင်တို့တို့၏ မျက်နှာများက ဖြူလိုက်ပြာလိုက် ဖြစ်နေသည်။ သူတို့ အလွန် စိတ်ပျက်ကာ အန်လုနီးပါး ဖြစ်နေကြသည်။

*မင်း သောက်ကျိုးနည်း ဘာတွေ လုပ်နေတာလဲ၊ မင်း ငါတို့ကို လာနောက်နေတာလား*

All Chapters