ပညာရှင်များ စုဝေးခြင်း
Vol. 20 Ch. 288
တွက်ချက်နေချိန်တွင် သူတို့ စိတ်အားထက်သန်နေခဲ့ပြီး သူတို့ ထိန်းချုပ်နိုင်ပြီဟု ထင်ခဲ့ကြသည်။ သို့သော် နောက်ဆုံးသော သုညက သူတို့ကို ချက်ချင်း စိတ်ညစ်သွားစေပြီး ထိပ်ဆုံးမှနေ၍ အောက်သို့ ပြုတ်ကျသွားသကဲ့သို့ ခံစားရစေသည်။ သူတို့ကို ခေါင်းပေါ်ကနေ ရေအေးတစ်ပုံး လောင်းချလိုက်ပြီး သူတို့ မည်သို့ ခံရခက်ကြောင်း ပြောခိုင်းနေသလိုပင်။
ကျန်းယွီနှင့် ချောင်ထုံထုံ မဆိုထားနှင့် မည်သူကမှ ရုတ်တရက် ပြောင်းလဲမှုနှင့် ကြုံရလိမ့်မည်ဟု ထင်မထား မိကြချေ။
မေးခွန်းက ဆက်၍ ခက်လာလေမလး သို့မဟုတ် အဆုံးသတ်တွင် ပိုကြီးမားသော အရာ ရှိလေမလားဟုသာ ထင်ခဲ့ကြသည်။ မေးခွန်းက သုညနှင့် ဆုံးလိမ့်မည်ဟု မည်သူကမှ ထင်မထားမိချေ။
*ဒါ ဘယ်လိုမေးခွန်းကြီးလဲ*
“ခစ်ခစ်”
ရှုဝမ်ချင် ပါးစပ်အဟောင်းသားလေး ဖြစ်နေသည်။ မကြာခင်မှာပင် သူမ မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။ ရဲ့လင်းချန်က တကယ်ကို အရှုံးကို မနှစ်သက်သည့် လူတစ်ယောက်ပင်။
“မင်း ငါတို့ကို လာဆွနေတာလား”
ကျန်းယွီ၏ မျက်နှာက ချက်ချင်း သုန်မှုန်ကာ ရှုံ့မဲ့လာ၏။ သူ့ကဲ့သို့ သင်္ချာပါရမီရှင် တစ်ယောက်ကို သင်္ချာ အကြောင်း ဘာမှမသိသူက သင်္ချာပုစ္ဆာတစ်ပုဒ်သုံး၍ ကစားသွားသဖြင့် အလှောင်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ယင်းက သူ့တစ်ဘဝလုံး အမည်းစက် စွန်းထင်းသွားလောက်သည်။
“မဟုတ်ရပါဘူး”
ရဲ့လင်းချန်က တည်ငြိမ်စွာ ခေါင်းခါပြသည်။
“ငါက မေးခွန်းလေးတစ်ခု ဖန်တီးရုံလေးပါ၊ ဒါပေမဲ့ မင်း တွက်တဲ့နည်းက မိုက်တယ်ဆိုတာကိုတော့ ငါ ဝန်ခံတယ်”
ကျန်းယွီနှင့် ချောင်ထုံထုံက မကျေနပ်သံသာ ပြုပြီး ဘာမှမပြောချင်တော့ပေ။
သူတို့ စိတ်ဓာတ်ကျခြင်းကို ဖြေဖျောက်ရန် အချိန် လိုအပ်ပေသည်။
ရဲ့လင်းချန်၏ နောက်ပြောင်ကျီစယ်မှုအပြီးတွင် ဆရာများနှင့် ပါမောက္ခများသည် စိတ်မဝင်စားသလို ပြန်ဖြစ် သွားသည်။
ဆူညံနေသော ကားက ပြန်လည်၍ တည်ငြိမ်သွားပြန်သည်။ သူတို့သည် ပြိုင်ပွဲသို့ သွားရာ ခရီးတစ်လျှောက်တွင် ငြိမ်သက်စွာ နေနေကြလေသည်။
မြို့တော် ယဉ်ကျေးမှုစင်တာသည် ကျယ်ဝန်းသော ဧရိယာကို ပိုင်ဆိုင်ထားပြီး ခန်းမများစွာ ခွဲထားလေသည်။ ထိုခန်းမများထဲတွင် စာပေ၊ သင်္ချာ၊ အနုပညာ သို့မဟုတ် လူမှုရေး အခမ်းအနား စသည့် အခမ်းအနားကြီးများကို ကျင်းပလေ့ရှိသည်။ ယင်းတို့အားလုံးကို ယဉ်ကျေးမှုစင်တာတွင်း၌ ဦးစီးဦးဆောင် ပြုလုပ်လေ့ ရှိပေသည်။
၎င်းသည် လက်ရှိ ပြိုင်ပွဲ ကျင်းပရာ နေရာလည်း ဖြစ်သည်။
ရဲ့လင်းချန်တို့ ရောက်သွားသောအချိန်တွင် ယဉ်ကျေးမှုစင်တာတွင်း၌ ကားများစွာ ရှိနေပြီ ဖြစ်သည်။ အများစုမှာ ဘတ်စ်ကားများ ဖြစ်ပြီး လူများစွာ သွားလာနေသဖြင့် မြင်ကွင်းက သက်ဝင်လှုပ်ရှားလျက် ရှိသည်။
ဆရာများနှင့် ကျောင်းသားများအပြင် တစ်နိုင်ငံလုံးမှ မိဘများက သူတို့ ကလေးများကို အားပေးရန်အတွက် ရောက်ရှိနေကြသည်။ ထိုမိဘများအားလုံးတွင် တူညီသော အရာတစ်ခုတော့ ရှိသည်။ သူတို့၏ မျက်နှာများက ဂုဏ်ယူစိတ်တို့ဖြင့် ဝင်းပလျက်ရှိပြီး သူတို့ ကလေးများအတွက် အလွန်အမင်း ဂုဏ်ယူလျက် ရှိနေ၏။
ဆရာများနှင့် ကျောင်းသားများက ယဉ်ကျေးမှုစင်တာကို စိုးရိမ်စိတ်၊ စိတ်လှုပ်ရှားနေဟန်နှင့် မျှော်လင့်စိတ်တို့ဖြင့် မကြာခဏ လှမ်းကြည့်နေလေသည်။
လမ်းတစ်လျှောက်တွင် ပါမောက္ခများက ပါမောက္ခပိုင်နှင့် အခြားသူများကို သိပုံရသည်။ ထိုပါမောက္ခများက လာနှုတ်ဆက်ကြသည့်အပြင် သူတို့၏ ရတနာများကို လာကြွားကြသည်။
လူအုပ်ကြီးက အစဉ်လိုက်အတိုင်း ခန်းမထဲသို့ ဝင်သွားကြသည်။ ပြိုင်ပွဲခန်းမသည် အတော်လေး နေရာ ကျယ်ဝန်းသော ခန်းမ ဖြစ်ပေသည်။ အလယ်တွင် ပြိုင်ပွဲဝင်များအတွက် စားပွဲဝိုင်း ဆယ့်ကိုးဝိုင်း ပြင်ဆင်ထားသည်။ တစ်ဝိုင်းနှင့် တစ်ဝိုင်းက သုံးမီတာ ကွာဝေးပြီး ခရိုင်နှင့် မြို့ကြီး ဆယ့်သုံးခုအတွက် ပြိုင်ပွဲ ဝင်ပြိုင်ရန် နေရာလုံလောက်ပေသည်။
စားပွဲဝိုင်းများ အလယ်တွင် မေးခွန်းများ ပြသရန် အသုံးပြုမည့် ဖန်သားပြင်ကြီးတစ်ခု ရှိသည်။ ပြိုင်ပွဲဝင်များ အကြမ်းအနေဖြင့် အသုံးပြုနိုင်ရန် အလို့ငှာ စာရွက်များနှင့် ဘောပင်များကိုလည်း စားပွဲတစ်ဝိုင်းချင်းစီ၏ အရှေ့တွင် ချထားလေသည်။
ကျန်ဧရိယာမှာမူ ပြိုင်ပွဲဝင်များနှင့် ဆရာများအတွက် နားနေရန် နေရာဖြစ်သည်။ ပရိသတ်များသည် ဒုတိယထပ်တွင်သာ နေခွင့်ရှိပြီး ပြိုင်ပွဲကို သက်ရောက်မည်ဆိုး၍ ဆူညံသံများကို တားဆီးရန် မှန်နံရံဖြင့် ခြားထားလေသည်။
အသင်းတိုင်းက သူတို့၏ သတ်မှတ်နေရာများတွင် ထိုင်နေကြပြီး အလယ်မှ ပြိုင်ပွဲနေရာကို ကြည့်နေကြသည်။
သူတို့အားလုံး၏ မျက်နှာများက လေးနက် တည်ကြည်နေပြီး အချင်းချင်း တီးတိုးပြောဆိုနေလေသည်။
ထိုနေရာသို့ ရောက်ကတည်းက ပါမောက္ခပိုင်၏ မျက်နှာက ပို၍ သုန်မှုန်လာသည်။ အခြားသူများ၏ အမူအရာ သည်လည်း ထိုနည်းတူပင်။ သူတို့က ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီကို လိုက်ကြည့်နေကြပြီး စိတ်အခြေအနေက အောက်ဆုံးသို့ ထိုးသွားသည်။
“ရှီဟိုင်ခရိုင်က မိန်းကလေးက မဟုတ်မှလွဲရော စိတ်တွက်သင်္ချာ ပါရမီရှင် ချိုးလောများလား”
ပါမောက္ခအန်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အသံက အက်လာသည်။
“ဟုတ်တယ် သူပဲ ဖြစ်လိမ့်မယ်”
ပါမောက္ခပိုင်သည်လည်း အလွန် တည်ငြိမ်နေ၏။
“ငါ မှတ်မိသလောက်ဆို သူက အထက်တန်းကျောင်းကတည်းက သတင်းမွှေးနေခဲ့တာ၊ ဒီနှစ်တွေထဲမှာ ရှီဟိုင်ခရိုင်က သူတို့ ထူးချွန်သူတွေအားလုံးကို ကောင်းကောင်းကြီး ဖွက်ထားနိုင်ခဲ့တာပဲ”
“မစ္စတာပိုင် ဟိုကို ကြည့်လိုက်ပါဦး”
ပါမောက္ခထန်က အရိပ်အကဲ ပြသည်။
“ခင်ဗျား မျက်မှန်နဲ့ ကောင်လေးကို သိလား”
“ဒါက …”
ပါမောက္ခပိုင်၏ မျက်လုံးများ ကျဉ်းမြောင်းလာပြီး သူ့အသံက မသိမသာ တိမ်ဝင်သွားသည်။
“… ရိုးရှင်းတဲ့ အယ်လဂိုရီသမ် နည်းလမ်းကို တီထွင်ခဲ့တဲ့ လျှိုယွမ် မဟုတ်လား”
“သူပဲ”
ပါမောက္ခထန်က ဟုတ်မှန်ကြောင်း ခေါင်းညိတ်၍ မချပြုံး ပြုံးလိုက်သည်။
“ဒီတစ်ခေါက် ငါတို့ ပထမ နေရာရဖို့ မဖြစ်နိုင်ဘူးနဲ့ တူတယ်”
“တကယ်ပဲလား၊ သူက အခု တတိယနှစ်လောက်ပဲ ရှိဦးမှာလေ၊ ပြိုင်ပွဲမှာတောင် ဝင်ပြိုင်နေပြီလားၑ
ချောင်ထုံထုံက မလိုလားဟန်ဖြင့် ထုတ်ပြောလေသည်။
“လုံးဝ ထူးဆန်းတာတော့ မဟုတ်ဘူး၊ လျှိုယွမ်ရဲ့ သင်္ချာပါရမီက အရမ်း အံ့ဩဖို့ကောင်းလွန်းတယ်၊ တတိယနှစ်ပဲ ရှိသေးတာတောင် နောက်ဆုံးနှစ် သင်ခန်းစာကို ပြီးဖို့ သူ့အတွက် ပန်းခြံတစ်ပတ် လမ်းလျှောက်တာလောက်ပဲ ကြာတာ”
ပါမောက္ခပိုင်က ပြောလိုက်သည်။
“ဒီတစ်ခေါက် ခရိုင်တိုင်း၊ မြို့တိုင်းက သူတို့ ရှိသမျှ လူအကုန် ထုတ်လာတာပဲ”
နှိုင်းယှဉ်လိုက်လျင် မြို့တော်၏ အသင်းက အတော်လေး ကံဆိုးပုံပေါ်နေပြီး ပြိုင်ပွဲအတွက် အလွန် စိတ်အား တက်ကြွခြင်းပင် မရှိလောက်ပေ။
“လျှိုယွမ်က ဘယ်သူလဲ”
ရုတ်တရက် မထင်မှတ်ထားသော အသံတစ်သံကို ကြားလိုက်ရသည်။ ရဲ့လင်းချန်ကို လူတိုင်းကို သိချင်စိတ်ဖြင့် ကြည့်နေသည်။
လူတိုင်း စိတ်အခြေအနေ မကောင်းမှန်း သိသာလှသည်။ သူတို့တွင် ရဲ့လင်းချန်ကို ကြည့်ချင်စိတ်မရှိ၍ ဥပေက္ခာပြု ထားရန်သာ ရွေးချယ်လိုက်ကြသည်။
ရှုဝမ်ချင်က ပြောပြသည်။
“လျှိုယွမ်က မူလတန်းကနေ အထက်တန်းအထိ သင်္ချာပါရမီရှင်အဖြစ် သရဖူ ဆောင်းလာခဲ့တာ၊ သူက စာမေးပွဲ ဖြစ်ဖြစ်၊ သင်္ချာအိုလံပစ်ပြိုင်ပွဲဖြစ်ဖြစ် အရာရာတိုင်းမှာ ပထမနေရာ ရခဲ့တာ၊ အထက်တန်းတုန်းက သူ့ညီမကို သင်္ချာ ပြပေးရင်းနဲ့ လက်ရှိနည်းတွေက လေးလံပြီး ဝန်ကျယ်တယ်လို့ ထင်ခဲ့တယ်လေ၊ အဲ့ဒါကြောင့် သူက ရိုးရှင်းတဲ့ နည်းလမ်းကို ဖန်တီးခဲ့တာ၊ ပိုအဆင့်မြင့်တယ်လို့ မသတ်မှတ်နိုင်ပင်မယ့် အနည်းဆုံးတော့ ဂျူနီယာ အထက်တန်း ကျောင်းသားတွေအတွက် တွက်ချက်မှုရဲ့ သက်ရောက်မှုနဲ့ တိကျမှုက အတော်လေး တိုးတက်လာခဲ့တယ်လေ”
“အံ့ဩစရာပဲ၊ သူက နည်းလမ်းသစ်တစ်ခုကို တီထွင်နိုင်စွမ်း ရှိတာပဲ”
နိုင်ငံတစ်ဝှမ်း၌ သင်္ချာပါရမီရှင်များစွာ ရှိနေမှန်း သိသာလှသည်။
“နင်ရဲ့ ညာဘက် အရှေ့တည့်တည့်က ရှီဟိုင်ခရိုင်ဝိုင်းရဲ့ အလယ်မှာ ဦးထုပ်ဆောင်းပြီး ထိုင်နေတဲ့လူကို ကြည့်လိုက်”
ရှုဝမ်ချင်က ရဲ့လင်းချန်ကို ဆက်ပြောပြသည်။
ရဲ့လင်းချန်က ခေါင်းစောင်း၍ ဦးထုပ်ဆောင်းထားသော လူငယ်ကို ကြည့်လိုက်သည်။ သူသည် မည်သည့် စကားဝိုင်းတွင်မှ ဝင်ပါခြင်း မရှိဘဲ ခေါင်းကိုငုံ့၍ ငြိမ်သက်စွာ ထိုင်နေသည်။ မသိလျင် တင်းမာသော အခြေအနေနှင့် ဆူညံနေသော ပတ်ဝန်းကျင်က သူနှင့် ဘာမှမသက်ဆိုင်သလိုပင်။
ထိုလူကို ကြည့်လိုက်ပြီးနောက် ရဲ့လင်းချန်၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး ထိတ်လန့်သွားလေသည်။
*အဲ့လူက တကယ်ကြီး ဦးထုပ်အစိမ်းကို ဆောင်းထားတာပဲ*
“သူ့နာမည်က ကျိုးရန်၊ သူ့နာမည်ပြောင်က လက်ဆယ်ချောင်း ဘုရင်တဲ့”
ရှုဝမ်ချင်က မိတ်ဆက်ပေးသည်။ ထိုအခိုက်တွင် သူမတောင်မှ ဖိအားကို ခံစားမိနေ၏။
ပြိုင်ပွဲ၏ တင်းမာမှုက ယခင်နှစ်များအားလုံးထက် သာလွန်နေလိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။
“ဆိုတော့ သူက လက်ဆယ်ချောင်းဘုရင်လား”
ကျန်းယွီ၏ မျက်နှာတွင် အံ့ဩဟန် ပေါ်လာသည်။
“ကျွန်တော် အရင်က သူ့အကြောင်း ကြားဖူးတယ်’
“ကောလာဟလအရဆို သူက သင်္ချာပုစ္ဆာတစ်ပုဒ်နဲ့ ကြုံတိုင်း သူ့လက်ဆယ်ချောင်းလုံးက စားပွဲကို လျှပ်စီးလို တောက်နေတတ်တဲ့၊ ခက်ခဲမှုနှုန်း မြင့်လေ တောက်တဲ့အကြိမ်ရေက ပိုမြန်လာလေပဲ၊ သူက ဘောပင်တောင် သုံးဖို့ မလိုဘူး၊ သူ လုပ်ဖို့လိုတာဆိုလို့ စားပွဲကို လက်ဆယ်ချောင်လုံးနဲ့ တောက်တာပဲ၊ ပြီးရင် သူ အဖြေရပြီ၊ တစ်ချို့လူတွေကတောင်မှ သူ လက်ဆယ်ချောင်းနဲ့ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုကို တီထွင်နိုင်ခဲ့တယ်လို့ ယုံကြည်ထားကြသေးတယ်”
ကျန်းယွီက ကျိုးရန်ကို ရန်လိုသော အမူအရာဖြင့် ကြည့်နေသည်။
“သူက ကောလာလဟတွေလို အံ့ဩဖို့ကောင်းလားလို့ ကျွန်တော် သိချင်မိတယ်”
မြို့တော်သည် နိုင်ငံ၏ မြို့တော်ကြီးဖြစ်သောကြောင့် လူအများ၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သည်။ ခရိုင်များနှင့် မြို့ကြီးများက မြို့တော်သို့ လာရောက်ရသည်။ ထို့ကြောင့် ယနေ့ မြို့တော်ကို အနိုင်ယူနိုင်ခဲ့ပါက သူတို့အတွက် ဂုဏ်တက်စရာ ကိစ္စတစ်ခုပင်။
အပြင်သို့ ထွက်နေသော သံက အရင် တူနှင့်အထုခံရသည် ဟူသော စကားလိုပင်။ မြို့တော်သည်လည်း ဤနေရာမှာ လူတိုင်းအတွက် အဓိက ပြိုင်ဘက် ဖြစ်နေသည်မှာ သေချာလှသည်။
“မြို့တော်က မိန်းကလေးက မနှစ်က စိတ်တွက်သင်္ချာ အစီအစဉ်မှာ နိုင်ခဲ့တဲ့ ချောင်ထုံထုံ ဖြစ်လောက်တယ်၊ သူတို့ တကယ်ကြီး သူ့ကို ဝင်ပြိုင်ခွင့် ပေးလိုက်တာလား”
“သူ့ဘေးက အဲ့လူကို ငါ သိတယ်၊ သူက သင်္ချာပါရမီရှင်ဆုကို ရခဲ့ပြီးတော့ အရမ်းခက်တဲ့ မေးခွန်းတွေ လာရင် သဘောပေါက်လွယ်တဲ့သူပဲ၊ သူက သိပ်တော်တဲ့ ပြိုင်ဘက်ပဲ”
“ငါ မသိတာက … နောက်ကောင်လေးတစ်ယောက်ပဲ … သူက ဘယ်သူလဲ”
…