ထိပ်တန်း ပါရမီရှင်
Vol. 20 Ch. 289
ပေကျင်းသည် နိုင်ငံ၏ မြို့တော်ဖြစ်သည်။ သူတို့သည် အရာရာတိုင်း၌ ပထမနေရာ ရရန် ကြိုးပမ်းပြီး လူတိုင်း အတွက် စံနာမူနာ ဖြစ်ချင်ကြသည်။
ချောင်ထုံထုံနှင့် ကျန်းယွီတို့၏ နာမည်များက သင်္ချာလောကတွင် လူသိများသည်။ သူတို့၏ ထင်ပေါ်နှုန်းက အထင်ကြီးစရာ ကောင်းလှပြီး ခရိုင်များနှင့် မြို့ကြီးများတွင် ဆုများစွာ ရရှိခဲ့သည်။ လူတိုင်း သူတို့ကို အစကတည်းက သတိထားမိသော်လည်း အခြားတစ်ယောက်ကိုမူ … ဘယ်သူကမှ သူ့ကို မသိကြချေ။
“မြို့တော်က တကယ်ကို ရွက်ပုန်းသီး ပညာရှင်တွေ ရှိနေတဲ့နေရာပဲ၊ သူတို့ လျှို့ဝှက်လက်နက်တစ်ခု ပြင်လာတာ များလား၊ ဒီလိုလူစားမျိုးက အန္တရာယ် အများဆုံးပဲ၊ ဘာလို့လဲဆိုတော့ ငါတို့ သူနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မသိလို့ပဲ”
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ သတိပေးလေသည်။
“သူက တော်တော် ငယ်တဲ့ပုံပေါ်တယ်၊ ငါတို့ထဲက ဘယ်သူကမှ သူနဲ့ ပတ်သက်ပြီး မကြားဖူးဘူး၊ ငါတို ပြောနိုင်တဲ့ တစ်ခုတည်းသောအရာက သူက တကယ်ကို လုံးဝ နှိမ့်ချပြီး နေခဲ့တာပဲ”
“ဒီတစ်ခေါက် ငါ ကြိုပြီး ပြင်ထားသင့်တယ်နဲ့တူတယ်”
ထိုသို့သောအချိန်တွင် ပြိုင်ပွဲဝင်တစ်ယောက်က ဖုန်းကိုထုတ်လိုက်ပြီးနောက် ရုတ်တရက် ဟက်ဟက်ပက်ပက် ထရယ်သည်။
“သူ ဘယ်သူလဲ ငါ သိပြီထင်တယ်”
“သူက ဘယ်သူလဲ”
“အရင်တစ်ခေါက်က ချောင်ထုံထုံနဲ့ သင်္ချာစွမ်းရည် ပြိုင်ပွဲတစ်ခု ဝင်ပြိုင်ဖူးတဲ့ ငါ့သူငယ်ချင်း တစ်ယောက် ရှိတယ်၊ သူတို့က စကားပြောခန်း ဖွဲ့ထားခဲ့တာလေ၊ အခု ချောင်ထုံထုံက အဲ့အဖွဲ့ထဲမှာ သူ့ကို လှောင်နေတာ”
ထိုကောင်လေးက ရယ်လေသည်။
“မင်းတို့ ယုံမှာတောင် မဟုတ်ဘူး၊ အဲ့ကောင်က စာပေဌာနက ပထမနှစ်ကျောင်းသား”
“ဘာ”
“မဖြစ်နိုင်တာ”
“မြို့တော်က ရူးနေပြီပဲ၊ သူတို့ အဲ့လူကို တကယ်ပဲ ပြိုင်ပွဲဝင်အဖြစ် လွှတ်လိုက်တာလား”
လူတိုင်း မှင်တက်သွားပြီး မယုံနိုင်သဖြင့် မျက်လုံးများ ပြူးကျယ်လာသည်။
“ဒါ အမှန်ပဲ”
ထိုကောင်လေးက ဆက်ပြောသည်။
“ရှုဝမ်ချင်က သူ့ကို ထည့်ဖို့ အတင်းပြောတာ၊ ရှုဝမ်ချင်နဲ့ သူ တစ်နည်းနည်းနဲ့ ပတ်သက်နေလောက်တယ်၊ သူက ဒီကို အောင်မြင်မှုကို လိုက်ခံစားချင်လို့ ရောက်လာတာ”
“ဒီလိုပြိုင်ပွဲမျိုးမှာ သူတို့က ကပ်ပါးကောင်ကို လိုက်ခွင့်ပေးတာလား၊ မြို့တော်ရဲ့ အဆင့်အတန်းက အဲ့လောက် နိမ့်သွားပြီလား”
“ချီးပဲ သူတို့ မနိုင်ချင်ဘူးလား၊ ဒါ အဓိပ္ပာယ်ကို မရှိဘူး”
“ရှုဝမ်ချင်က အဲ့သင်္ချာပါရမီရှင် မိန်းကလေး မဟုတ်လား၊ သူ့ရဲ့ သင်္ချာအပေါ် သဘောထားက ပြိုင်စံရှားလို့ ငါ ကြားဖူးတယ်၊ ဘယ်လိုလုပ် သူက ဒီလို မှားယွင်းတဲ့ စည်းမျဉ်းမျိုး လုပ်ရတာလဲ”
“အဲ့လိုဆိုရင်တော့ အဲ့လူနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မရှိတော့ဘူး”
“အတောမသတ်နိုင်သော အကြည့်များက ရဲ့လင်းချန်ထံ ကျရောက်လျက် ရှိပြီး ရှုပ်ထွေးသော ခံစားချက် များလည်း ပါဝင်နေပုံ ရသည်။ သို့သော် ရဲ့လင်းချန်က သူတို့ကြောင့် တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာ ဆက်၍ ထိုင်နေသည်။
“မကြာခင် ပြိုင်ပွဲ စပါတော့မယ်၊ အားလုံး ပြင်ဆင်ထားကြပါ”
အစီအစဉ် တင်ဆက်သူက စင်ပေါ်တက်လာပြီး ကြေညာလေသည်။
ဆွေးနွေးသံများ ချက်ချင်း ရပ်စဲသွားသည်။ လူတိုင်း၏ မျက်နှာက လေးနက်လာသလို စိုးရိမ်ပူပန်ဟန်လည်း ပေါ်လာသည်။
ပါမောက္ခပိုင်က တစ်ခဏမျှ စဉ်းစားနေပြီးမှ တီးတိုး ပြောလာသည်။
“မင်းတို့နှစ်ယောက် အခြေအနေပေါ် မူတည်ပြီး ထွက်လို့ရတယ်”
သေချာပေါက် အားကိုး၍ မရနိုင်သော စိုးရိမ်သောက ကင်းနေသည့် ရဲ့လင်းချန်ကို သူ တစ်ချက် ကြည့်လိုက်သည်။ ပြိုင်ပွဲတွင် မြို့တော်၏ ဂုဏ်သိက္ခာက ချိန်ခွင်ညှာပေါ် ရောက်နေသည်။ အကယ်၍ သူတို့သာ ရဲ့လင်းချန်ကို ပြိုင်ပွဲ၌ ဝင်ပြိုင်ခြင်းမှ တားနိုင်ခဲ့လျင် သူတို့၏ အဆင့်ကို အကောင်းဆုံး ကြိုးစားနိုင်လောက်သည်။
သူသာ ရှေ့ထွက်ခဲ့ပါက အလွန့်အလွန် ဆိုးရွားသော သူများ လက်ညှိုးထိုးခံရသည့် အဖြစ်မျိုး ဖြစ်လာ လောက်သည်။ သူသည် မေးခွန်းကိုပင် လုံးဝ နားမလည်ဘဲ ရှုံးသွားလောက်ကာ ထိုနေရာ၌ အရူးလို ထိုင်နေရ လောက်လေသည်။ ကျန်းယွီနှင့် ချောင်ထုံထုံတို့ အဆင့်ကောင်း ရအောင် လုပ်ပေးနိုင်လိမ့်မည်ဟုသာ သူတို့ မျှော်လင့်နေရသည်။
“ပြီးတော့ မင်းတို့ ရှီဟိုင်၊ တုန်ဟိုင်၊ နန်ဟိုင်၊ ပေဟိုင်၊ ရှန်းကျန်းနဲ့ နန်ကင်းခရိုင်တို့ကို သတိထားမှ ဖြစ်မယ်၊ ဒီတစ်ခေါက် သူတို့က အကြီးဆုံး ပြိုင်ဘက်တွေပဲ”
ပါမောက္ခအန်းက သတိပေးသည်။
ချောင်ထုံထုံနှင့် ကျန်းယွီက လေးနက်စွာ ခေါင်းညိတ်သည်။
“တီ”
စက်သံတစ်သံနှင့်အတူ စားပွဲဝိုင်း ၁၉ ဝိုင်းလုံး၏ ကွန်ပျူတာ ဖန်သားပြင်များ လင်းလာသည်။ ပြိုင်ပွဲအတွက် သတ်မှတ်ချိန်ကို ရေတွက်ခြင်း စတင်လေတော့သည်။
“တစ်ဆယ်”
“ကိုး”
…
“သုည”
ရေတွက်ခြင်း ပြီးသွားပြီးနောက် ကွန်ပျူတာ ဖန်သားပြင်က ခရိုင်တစ်ခုချင်းစီ၏ အမည်များကို ကျပန်း မွှေနှောက်နေ၏။
“ပြိုင်ပွဲက တရားဝင် စတင်နေပြီဆိုတာကို အားလုံး မြင်နေရမှာပါ၊ အခု ဘယ်ခရိုင်က ကျွန်တော်တို့ရဲ့ ဒီနှစ် ပြိုင်ပွဲကို အရင် စလိုက်မလဲ ကြည့်လိုက်ရအောင်”
ထို့နောက် တင်ဆက်သူက ရုတ်တရက် ပြောလိုက်သည်။
“ရပ်”
ကွန်ပျူတာ ဖန်သားပြင် တန့်သွားလေသည်။ ငါးဝိုင်းမြောက်၌ ပြိုင်ရမည့် ခရိုင်များမှာ မြို့တော်နှင့် ချင်ချွမ်ပင်။
“ဟူး”
မြို့တော်ဘက်မှ ဆရာများနှင့် ပါမောက္ခများ စိတ်အေးကာ ပြိုင်တူ သက်ပြင်းချလိုက်မိကြသည်။ သူတို့၏ ပြိုင်ဘက်က ချင်ချွမ် ဖြစ်နေ၍ ကံကောင်းသွားသည်။ အနည်းဆုံးတော့ သူတို့အတွက် ဟန်ချက် ငြိမ်နိုင် လေသည်။ အချို့သော ထိပ်တန်း ပါရမီရှင်များနှင့် ရင်ဆိုင်ရသည့် အဖြစ်လောက်တော့ မဆိုးသေးပါ။
“ဒီပွဲကို ကျွန်တော် အရင် သွားလိုက်မယ်”
ကျန်းယွီက ထရပ်လိုက်ပြီး ငါးဝိုင်းမြောက်မှ သက်ဆိုင်ရာ ထိုင်ခုံသို့ လျှောက်သွားလေသည်။ သူ့ပြိုင်ဘက်သည် မျက်မှန်နှင့် ကောင်လေးတစ်ယောက်ပင်။
“ချိုးလောက အဲ့ဒီ ထိပ်တန်းပါရမီရှင်တွေထဲက ရှေ့ထွက်လာတဲ့ တစ်ယောက်တည်းသောသူပဲ”
ပါမောက္ခပိုင်က ရှစ်ဝိုင်းမြောက် စားပွဲကို ကြည့်နေသည်။
ချိုးလောသည် နဖူးပေါ် သပ်ရပ်စွာ ဆံစချထားသည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမသည် အလွန် ခေတ်ဆန်သူ မဟုတ်ဘဲ ရိုးစင်းလေသည်။ သူမမျက်နှာကလည်း မိတ်ကပ်မရှိပေ။
ပြိုင်ပွဲ စတင်လေပြီ။
ကွန်ပျူတာ ဖန်သားပြင်၌ မေးခွန်းများစွာ ပေါ်လာသည်။ စားပွဲတစ်ဝိုင်းစီ၌ မတူညီသော မေးခွန်းများ ရှိပြီး စုစုပေါင်း မေးခွန်းဆယ်ခု ရှိ၏။ အမြန်ဆုံးနှင့် အတိကျဆုံး ဖြေနိုင်သူက အနိုင်ရပေမည်။
ထိုမေးခွန်းများက ပြိုင်ပွဲ၏ စံချိန်စံနှုန်းအရ ခက်ခဲမှု အနိမ့်ဆုံးပင်။ ပုစ္ဆာများသည် အလွန် လှည့်ကွက်များလှပြီး ဘွဲ့လွန် ကျောင်းသားများပင် အဖြေကို တွက်ချက်ရန် အနည်းဆုံး တစ်မနက်ခင်းမျှ အချိန်ယူရပေမည်။ သို့သော် ပြိုင်ပွဲဝင်များက မေးခွန်းများကို သူတို့၏ လျင်မြန်သော တွေးခေါ်နိုင်စွမ်းဖြင့် ဖတ်ရှုနေသည်။
မကြာခင်မှာပင် အများစုက သူတို့အရှေ့မှ အကြမ်းစာရွက်များတွင် အဖြေကို အကြမ်း စရေးနေကြသည်။ သူတို့သည် မြန်ဆန်သောနှုန်းဖြင့် ရေးနေကြပြီး အနီးစပ်ဆုံး တွက်ချက်နေကြသည်။ သူတို့ ရေးနေချိန်တွင် အချို့အဆင့်များကို ကျော်ထားကြသည်။ အဆင့်များစွာကို ကျော်ထားသဖြင့် သူတို့၏ ဦးနှောက်များ မည်သို့ အလုပ်လုပ်သလဲဆိုသည်ကို သာမန်လူတစ်ယောက်အနေဖြင့် လိုက်မီနိုင်စွမ်း ရှိမည် မဟုတ်ပါ။
ချိုးလောက လုံးဝ မရေးသည်ကို ရဲ့လင်းချန် သတိထားမိသည်။ သူမက မေးခွန်းကိုသာ ကြည့်နေသည်။ သူမမျက်လုံးများက အဆက်မပြတ် ဝင်းလက်နေပြီး တိတ်တဆိတ် တွက်ချက်နေ၏။
ထို့အပြင် သူမသည် အရင်ဆုံး အဖြေကို ချရေးလိုက်သည်။
“မှန်ပါတယ်”
ကွန်ပျူတာက နောက်မေးခွန်းသို့ အလိုအလျောက် ပြောင်းသွားသည်။ သူမပြိုင်ဘက်က ပထမမေးခွန်း၌ ရှုံးသွားသဖြင့် ဒုတိယမေးခွန်းကို လိုက်ကြည့်ရနေလေသည်။
ရှစ်မိနစ်အတွင်း ချိုးလောဘက်က မေးခွန်း ဆယ်ခုကို ယှဉ်ပြိုင်ပြီးသွားလေသည်။
သူမပြိုင်ဘက်ကို သူမ ဖိနှိပ်ချေမှုန်း၍ အနိုင်ရသွားလေတော့သည်။
ထိုသို့သော လျင်မြန်မှုနှုန်းက ဒိုင်အပါအဝင် လူတိုင်းကို ထိတ်လန့်သွားစေသည်။
အချို့သော အသင်းများသည် ထိုရှစ်မိနစ်အတွင်း တတိယမေးခွန်းသို့သာ ရောက်နေသေးသည်။ ထို့ကြောင့် ချိုးလောက သူမပြိုင်ဘက်များကို မည်မျှ ဖိအားပေးနိုင်သလဲ တွေးကြည့်နိုင်ပေသည်။
ခရိုင်တိုင်းနှင့် မြို့တိုင်းမှ လူများအားလုံး အထိတ်တလန့် ဖြစ်သွားကြသည်။ သူတို့က ရိုးစင်း၍ တိတ်ဆိတ်သော မိန်းမပျိုလေးကို ကြောက်လန့်တကြား ကြည့်နေကြလေသည်။
“စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ဘက်ပဲ”
နန်ဟိုင်ခရိုင်မှ လျှိုယွမ်က ချိုးလောကို စိတ်ဝင်တစား ကြည့်နေ၏။ သူ၏ ယှဉ်ပြိုင်လိုသော စိတ်ကို မျက်လုံးတွင် အတိုင်းသား မြင်နေရသည်။
“ဒီကလေးမလေးရဲ့ စိတ်တွက်သင်္ချာအဆင့်က ကွန်ပျူတာနဲ့တောင် ယှဉ်လို့ရနေပြီ၊ မင်း ပိုပြီး သတိထားသင့်တယ်”
ဆရာတစ်ယောက်က သတိပေးသည်။
တုန်ဟိုင်ခရိုင်မှ သုန်မှုန်နေသော ကျိုးရန်ကလည်း ခေါင်းမေ့ကြည့်လာသည်။
“ကျွန်တော်တို့ ပထမပွဲမှာ ပြုတ်သွားတဲ့ပုံပဲ၊ နောက်တစ်ပွဲကို ကျွန်တော် သွားချင်တယ်”
“မင်း စိတ်အားထက်သန်နေတာလား၊ ဒါက … ကောင်းပြီလေ သွားပေါ့”
ချိုးလော၏ တည်ရှိမှုက ပါရမီရှင်များအားလုံးကို ငြိမ်ငြိမ်မနေနိုင်အောင် ဖြစ်သွားစေသည်။ သူတို့သည် အစီအစဉ်ထက် စော၍ ပြိုင်ဆိုင်ချင်နေကြသည်။
ဆယ့်တစ်မိနစ်မြောက်တွင် ကျန်းယွီက သူ့ပြိုင်ဘက်ကို အနိုင်ရသွားပြီး ချိုးလောထက် သုံးမိနစ်သာ နောက်ကျလေသည်။
“သူက တော်လွန်းတယ်”
ကျန်းယွီက အသင်းထံ ပြန်လာပြီး ချိုးလောကို စိုက်ကြည့်၍ တုန်လှုပ်စွာ ပြောလေသည်။ သူ၏ အတွင်းစိတ်ထဲ၌ ဖိအားကို ခံစားမိနေ၏။
“သူက ငါတို့ ထင်ထားတာထက် တော်နေတယ်”
ပါမောက္ခပိုင်နှင့် ပါမောက္ခအန်းတို့က အချင်းချင်း ပြန်ကြည့်၍ သက်ပြင်းချလိုက်ကြသည်။ ပြိုင်ပွဲ စသည်နှင့်အမျှ ထိုသို့သော လူထူးဆန်းမျိုးနှင့် သူတို့ မတိုးပါစေနှင့်ဟု ဆုတောင်းရုံမှတပါး အခြား မတတ်နိုင်တော့ချေ။
ဆယ့်ကိုးသင်းလုံးအတွက် ဒုတိယပွဲ စတင်လေသည်။ ပြုတ်သွားသော ခရိုင်များသည် ပြိုင်ပွဲထဲသို့ ဒုတိယ ပြိုင်ပွဲဝင် ပို့ခွင့် ရှိသည်။ ၎င်းက သူတို့အတွက် ဒုတိယအခွင့်အရေးလည်း ဖြစ်ပေသည်။
“လျှိုယွမ်နဲ့ ကျိုးရန်လည်း ရှိနေတယ်”
ပါမောက္ခထန်၏ မျက်လုံးများ မသိမသာ ကျဉ်းမြောင်းလာသည်။
“သူတို့က ချိုးလောကို ရင်ဆိုင်ဖို့ ယုံကြည်ချက် ရှိနေတဲ့ပုံပဲ”
တဖျတ်ဖျတ် ပြေးနေသော ဖန်သားပြင်ကို ကြည့်ပြီး လူတိုင်း စိုးရိမ်သော ခံစားချက် ဝင်လာကြသည်။
မြို့တော်နှင့် ရှန်းကျန်း။
“မြောင်ချွမ်ပဲ”
ရှုဝမ်ချင် မျက်မှောင်ကြုတ်သွားသည်။
“ရှန်းကျန်းက တကယ်ပဲ မြောင်ချွမ်ကို ပြိုင်ဖို့ လွှတ်လိုက်တာလား”
“ပြောရရင် မြောင်ချွမ်က ရှန်းကျန်းရဲ့ အတော်ဆုံးပဲ၊ သူ ပြိုင်ဖို့ မစောင့်နိုင်တော့ဘူးနဲ့ တူတယ်၊ မြောင်ချွမ်အပြင် သူတို့ နောက်ကောင်မလေးတစ်ယောက်ကိုလည်း နောက်ဆုံးအတွက် ထားထားတာလား”
“သူပဲ၊ ကျွန်တော် သူနဲ့ ပြိုင်မယ်”
ကျန်းယွီ ပြုံးလိုက်သည်။ သူသည် ပြောပြီးသည်နှင့် ယှဉ်ပြိုင်ရန် ယုံကြည်ချက်ရှိစွာဖြင့် အရှေ့သို့ လျှောက်သွားသည်။