စင်မြင့်အား သိမ်းပိုက်ခြင်း
Vol. 20 Ch. 291
ထိုအခိုက်တွင် အခြားခရိုင်များတွင် ခြားနားသော စိတ်အခြေအနေ ရှိနေကြသည်။ သူတို့က ပြုံးနေလေသည်။
“မြို့တော်အသင်းအတွက် တစ်ပွဲပဲ ကျန်တော့တယ်၊ ဘုရားသခင် ငါတို့ကို ကောင်းချီးပေးပြီး သူတို့နဲ့ ကျအောင် လုပ်ဆောင်ပေးနိုင်ပါစေ”
“အခုလာမယ့်ပွဲကတော့ အကြိတ်အနယ်ပဲ၊ မြို့တော်နဲ့ တွဲကျမယ့် ဘယ်သူမဆို အခုပွဲရဲ့ အမှတ်ပိုကို ရတော့မှာပဲ”
“ဒီအဆင့်အထိ ရောက်လာတဲ့လူတွေထဲမှာ အဲ့တစ်ယောက်ကလွဲရင် အားလုံးက အတော်ဆုံးတွေပဲ၊ နောက်တစ်ပွဲမှာ သူနဲ့တွေ့တဲ့ သူကတော့ တကယ်ကို ကံကောင်းတာပဲ”
သူတို့အားလုံးသည် ကွန်ပျူတာအား ဝင်းလက်နေသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ သူတို့ ခေါင်းထဲ၌ အတွေးပေါင်းစုံ ဖြတ်ပြေးနေပြီး ရလဒ်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေ၏။
မြို့တော်ဘက်တွင်မူ လူတိုင်း၏ မျက်နှာတွင် စိတ်မချမ်းမြေ့သော အမူအရာ ပေါ်လွင်နေသည်။ မြို့တော်သည် ဘယ်နေရာသွားသွား အမြဲ ဂုဏ်ယူခဲ့ရပြီး အံ့ဩစရာကောင်းသော တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။ ကောင်းကင်ဘုံက သူတို့ကို အရူးလုပ်ခဲ့ပြီး လူတိုင်း၏ မျက်လုံးထဲတွင် သူတို့အား အလွယ်တကူ အကျိုးအမြတ်ရမည့် အရာတစ်ခုကို မြင်ယောင်အောင် လုပ်ခဲ့လေပြီ။
နောက်ဆုံးတွင် ကွန်ပျူတာ ဖန်သားပြင်က ရပ်တန့်သွားသည်။
လူတိုင်း၏ အာရုံက ပြိုင်တူ စူးစိုက်လာပြီး မျက်လုံးများ ကစား၍ မြို့တော်ဟူသော စာလုံးကို အသည်းအသန် လိုက်ရှာကြသည်။
သို့သော် မြို့တော်ကို ဘယ်နေရာမှာမှ မမြင်ရချေ။
*ဒါက…*
“ကြည့်ရတာ ဒီတစ်ပွဲမှာ ကံကောင်းသွားတယ်နဲ့ တူတယ်”
တစ်ယောက်ယောက် မေးခွန်းထုတ်လာသည်ကို မစောင့်ဘဲ တင်ဆက်သူက စတင်၍ ရှင်းပြလေသည်။
“ခရိုင်နဲ့ မြို့ကြီး ဆယ့်သုံးခု ကျန်နေခဲ့ပင်မယ့် ဆယ့်နှစ်ခုပဲ ယှဉ်ပြိုင်ရပါမယ်၊ အပိုဖြစ်နေတဲ့ ခရိုင်တစ်ခုကတော့ ဒီတစ်ပွဲမှာ ဝင်ပြိုင်စရာ မလိုဘဲ နောက်တစ်ဆင့်ကို အလိုလို တက်နိုင်ပါမယ်ခင်ဗျာ။ တစ်ခါတလေ ကံကောင်းခြင်း ကလည်း အားသာချက်တစ်ခုပဲလို့ ပြောရမှာပဲဗျ”
ဤသို့သော အရာမျိုး ဖြစ်ပွားသည်က ပထမဆုံးအကြိမ် မဟုတ်သော်လည်း တကယ်ကို ရှားပါးသည့် ဖြစ်ရပ်ပင်။
“လခွမ်း၊ ဒါ တကယ် ဖြစ်နိုင်လို့လား”
“ဒါက သောက်ကျိုးနည်း ကံကောင်းတယ်လို့ ခေါ်တာလဲ၊ ချီးကို ကံကောင်း”
“ဘုရားသခင်က မျက်ကွယ်ပြုနေတာပဲ၊ သူတို့လို အမှိုက်ကို ဘယ်လိုလုပ် အဲ့လို အခွင့်ကောင်းမျိုး ပေးရတာလဲ၊ မုန်းလိုက်တာ”
လူတိုင်း အံ့ဩကုန်သည်။ အစောပိုင်းက သူတို့၏ စိတ်ကူးများ တစ်စစီ ပျက်စီးသွားလေပြီ။
“ငါ အဆင်ပြေတယ်၊ ငါ အဆင်ပြေတယ်”
ပါမောက္ခပိုင်သည် နှစ်မိနစ်တိတိ ကြက်သေ သေနေပြီးမှ သတိ ပြန်ဝင်လာသည်။ သူ့ခန္ဓာကိုယ်က တုန်နေပြီး မနေနိုင်ဘဲ ရယ်မောမိသည်။
“လုံးဝ ဆောက်တည်ရာမရ ဖြစ်နေချိန်မှာ တွေ့မယ်လို့ ထင်မထားတဲ့ အရာတစ်ခုပါလား”
ပါမောက္ခအန်း၏ မျက်လုံးများ နီရဲနေပြီး အစောပိုင်းက သူ ဘယ်လောက် ဖိအားရနေသလဲ ဆိုသည်ကို ဘုရားသာ သိပေမည်။
“ဘုရားသခင်က ငါတို့ ဆုတောင်းသံကို ကြားသွားတာပဲ ဖြစ်မယ်၊ ဟူးဟူးဟူး … ငါ သေမတတ် ကြောက်နေခဲ့လို့ နှလုံးဖောက်မလိုတောင် ဖြစ်သွားခဲ့တာ”
ပါမောက္ခထန်က မျက်ရည်ဖြင့် ပြောလေသည်။
သုံးယောက်သား ဘာမှထပ်မပြောတော့ဘဲ အချင်းချင်း ဖက်၍ ငိုကြတော့သည်။
ယခုအထိ ယှဉ်ပြိုင်နေသူများနှင့် ယှဉ်လိုက်လျင် မည်သို့သော ရလဒ်မျိုး ထွက်လာပါစေ မြို့တော်က ဤအခက်အခဲကို ကျော်လွန်ပြီး ထိပ်တန်းဆယ်ဆင့်ထဲသို့ သေချာပေါက် ရောက်နိုင်ပေသည်။
သူတို့ အမှတ်ကောင်းများ မရသော်လည်း ထိပ်တန်းအဆင့် ဆယ်ဆင့်ထဲ ဝင်နိုင်သည်က ရှက်စရာ မဟုတ်ပေ။ အနည်းဆုံးတော့ သူတို့ ဂုဏ်သိက္ခာ မပျက်ပြားသေးပါ။
ရဲ့လင်းချန်သည် စင်ပေါ်တက်ရန် ပြင်ထားပြီးသား ဖြစ်သော်လည်း ကံကောင်းမှုကြောင့် အံ့ဩသွားပြီး ပြန်ထိုင်လိုက်သည်။
ထို့နောက် ပြိုင်ပွဲ စတင်လေသည်။
လျှိုယွမ်၊ ချိုးလော၊ ပိုင်လင်နှင့် အခြားသူများသည် သူတို့၏ ကိုယ်ပိုင် နည်းလမ်းများ သုံးပြီး လူတိုင်းကို မှင်တက်စေကာ အသက်ရှူမှားအောင် ပြုလုပ်ခဲ့သည်။
“ရဲ့လင်းချန် နင် လုံးဝ စိတ်မလှုပ်ရှားဘူးလား”
ရှုဝမ်ချင် မနေနိုင်ဘဲ မေးလိုက်မိသည်။
ရဲ့လင်းချန် သင်္ချာ၌ တော်မှန်း သူမ သိသော်လည်း အခြားသော ထိပ်တန်း ပါရမီရှင်များလည်း ရှိနေသည် မဟုတ်ပါလော။ သူတို့လိုလူများသည် သာမန်အဆင့်အတန်းများထက် ကျော်လွန်နေပြီး သူနှင့် မယှဉ်နိုင် လောက်ပါ။
ရဲ့လင်းချန်က ခေါင်းခါ၍ ပြုံးကာ ပြန်ပြောလိုက်သည်။
“ကျွန်တော် အဆင်ပြေပါတယ်၊ လေဘယ်လောက်လောက် တိုက်တိုက် တောင်ကုန်းက မားမားမတ်မတ် ရှိနေသလို လကလည်း အမြဲ မြစ်ရေပြင်ထက်မှာ သာနေဦးမှာပဲဆိုတဲ့ စကားလိုပဲပေါ့၊ စိတ်ကို အေးအေးသာ ထားပါ”
“မြတ်စွာဘုရား နင် ယန်ကိုးမျိုး နတ်ဘုရားစွမ်းအင် ကျင့်နေတယ်လို့ပဲ ပြောလိုက်ပါတော့လား”
ကျန်းယွီ မနေနိုင်တော့ဘဲ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
“ဒါပေါ့ မင်းက ဘာကို စိတ်လှုပ်စရားစရာ ရှိမှာလဲ၊ ဘာပဲဖြစ်ဖြစ် မင်းက ရှုံးမှာပဲကို”
“နင့်အလှည့်ရောက်တဲ့အခါကျရင် အခုလိုပဲ ဆက်ဖြစ်နေပါစေလို့ မျှော်လင့်ပါတယ်၊ အနည်းဆုံးတော့ မြို့တော်က ဂုဏ်ရှိရှိ ရှုံးရတာပေါ့”
ချောင်ထုံထုံကလည်း ဝင်ပြောသည်။
“ကံက မင်းကို တစ်ကြိမ်တော့ ဝင်ကူညီပင်မယ့် နောက်တစ်ခါတော့ မကူညီနိုင်ပါဘူး”
“ဒီပွဲပြီးရင် ကျန်နေတဲ့ ပြိုင်ပွဲဝင်တွေက တုန်းဟိုင်၊ ရှီဟိုင်၊ ပိုင်ဟိုင်၊ နန်ဟိုင်၊ နန်ကင်းနဲ့ ရှန်းကျန်းကပဲ၊ စင်ပေါ် ဘယ်သူတက်တက် ရလဒ်က အတူတူပဲ ဖြစ်မှာ၊ ငါတို့ ကံဆိုးနေပုံနဲ့ ဒီလောက်က ကံကောင်းတယ်လို့ ပြောလို့ ရနေပြီ”
ပါမောက္ခပိုင်က ပေါ်တင် ဝင်ပြောသည်။
ထိုစကားက အမှန်ဖြစ်နေသောကြောင့် လူတိုင်း ဆွံ့အကုနန်သည်။
ရဲ့လင်းချန်က ငြိမ်နေပြီး ရှုဝမ်ချင်၏ လက်ကောက်ကိုသာ ကြည့်နေသည်။ ၎င်းသည် ရိုးစင်းသော လက်ကောက်လေး ဖြစ်ပြီး အင်္ဂလိပ်စကားလုံး ဝိုင်နှင့်တူသည် ကျောက်စိမ်းလေးတစ်ခုကို အနီရောင် ကြိုးလေး ဖြင့် ပြုလုပ်ထားသည့် လက်ကောက်လေးပင်။
“ဆရာမရှု၊ ဒီလက်ကောက်ကို ဝယ်တာ မကြာသေးဘူးမလား”
“အင်းၑ
ရှုဝမ်ချင်က လက်ကောက်လေးကို ပွတ်သပ်နေသည်။
“ခင်ဗျားလည်း ဝိုင်ရဲ့ ပရိသတ်တစ်ယောက်နဲ့တူတယ်”
“တကယ်တော့ ငါက စူပါမန်းဝိုင်ရဲ့ ပရိသတ်လေ”
ရှုဝမ်ချင်၏ ပါးလေးက မသိမသာ နီမြန်းနေ၏။
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ယခင်တစ်ခေါက်က စူပါမန်းဝိုင်ပုံစံဖြင့် သူမကို ရဲ့လင်းချန် ကယ်ခဲ့ပြီး ကတည်းက သူမက အဆောင်အနေဖြင့် ဝယ်ထားပုံရသည်။
ပြောရမည်ဆိုလျင် ဝိုင်မျက်နှာဖုံး၊ ဝိုင်လက်ကောက်များနှင့် အဆောင်များပင် ရှိနေသည်။ ထိုထုတ်လုပ်သူများက ရဲ့လင်းချန်ထံမှ တရားဝင် ခွင့်ပြုချက်ပင် မတောင်းခဲ့ပေ။ ဒါက ချိုးဖောက်နေတာများလား။
*ချီးပဲ အနည်းဆုံးတော့ ငါလည်း ပိုက်ဆံရသင့်တာပေါ့*
ရဲ့လင်းချန် ဆုံးရှုံးမှုနှင့် ကြုံတွေ့လိုက်ရသလို ခံစားလိုက်ရသည်။
သူတို့ စကားပြောနေချိန်တွင် ပြိုင်ပွဲက ပြီးသွားလေသည်။ နောက်ထပ် ခရိုင်သုံးခု ပြုတ်သွားပြီး နောက်တစ်ပွဲ စတင်လေတော့သည်။
မြို့တော်နှင့် တုန်းဟိုင်။
ပြိုင်မည့်သူမှာ တုန်းဟိုင်မှ လယ်ဆယ်ချောင်းဘုရင်ဟု နာမည်ပြောင် ရထားသည့် ကျိုးရန်ပင်။
ဆန်းကြယ်မှုက ဒုတိယအကြိမ် ဖြစ်မလာပေ။ ကျိုးရန်နဲ့ ကျကတည်းက သူ့အဆုံးသတ်က ဆိုးရွားနေခဲ့လေပြီ။
“နောက်ဆုံးတော့ ငါ့အလှည့် ရောက်ပြီပဲ”
ရဲ့လင်းချန် ထရပ်ကာ အကြောလျှော့၍ ရှေ့သို့ တက်သွားသည်။
ပါရမီရှင်များအပြင် သတိအထားမိဆုံးသူမှာ အဆင့်အနိမ့်ဆုံး ပြိုင်ပွဲဝင်ပင်။ နောက်ဖေးပေါက်က ဝင်လာသူကို ဘယ်သူမှ မကြိုဆိုသဖြင့် လူတော်တော်များများက ရဲ့လင်းချန်ကို သတိထားမိကြသည်။ အထူးသဖြင့် သူ့တွင် ဘာမှ ပြစရာ မရှိပေ။
“ဟေ့ မင်းလိုလူမျိုးကို ဒီပြိုင်ပွဲမှာ ဝင်ပါခိုင်းတာက သင်္ချာပညာရပ်ကို စော်ကားလိုက်တာပဲ”
ကျိုးရန်က ရဲ့လင်းချန်ကို စက်ဆုပ်ဟန်ဖြင့် ကြည့်၍ ဆက်ပြောသည်။
“မင်းက ငါ့ပြိုင်ဘက် ဖြစ်နေတာကလည်း ငါ့ကို စော်ကားလိုက်တာပဲ”
ရဲ့လင်းချန်က သူ့ခေါင်းပေါ်မှ ဦးထုပ်စိမ်းကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။
“အဲ့ဦးထုပ်က မင်းနဲ့ သိပ်လိုက်တယ်လို့ တစ်ယောက်ယောက်က ပြောဖူးသလား”
“ဟဲဟဲ ငါ့ကို အဲ့လိုပြောပြီး မျက်နှာလုပ်ဖို့ ကြိုးစားလည်း အပိုပဲ”
ကျိုးရန်က ခနဲ့၍ ထိုင်ချလိုက်သည်။
ပြိုင်ပွဲ စတင်လေပြီ။
ကျိုးရန်၏ လက်ချောင်းများက စားပွဲပေါ်တွင် ရှိနေပြီး အချိန်မရွေး တောက်ရန် အသင့်ဖြစ်နေ၏။
ကွန်ပျူတာပေါ်၌ ပထမမေးခွန်း ပေါ်လာသောအခါ သူ့မျက်လုံး အရောင် တောက်သွားသည်။ သူ လက်ကို မြှောက်၍ တောက်ရန် ပြင်လိုက်ချိန်တွင် တစ်ဖက်မှ နူးညံ့သော အသံတစ်သံကို ကြားလိုက်ရသည်။
“ဒီမေးခွန်းရဲ့ အဖြေက သုည”
“အဓိပ္ပာယ်မရှိဘူး၊ လုံးဝကို အဓိပ္ပာယ် မရှိတာ”
ပါမောက္ခပိုင် မနေနိုင်ဘဲ ထရပ်၍ အော်ဟစ်လေသည်။ သူ့အသက်ရှူသံ ပြင်းလာပြီး တစ်ကိုယ်လုံး စတင် တုန်ယင် လာသည်။
“သူ မလုပ်နိုင်ရင်တောင်မှ ငြိမ်ငြိမ်လေး ထိုင်နေသင့်တယ်၊ ဒါ အဓိပ္ပာယ် မရှိဘူး၊ ရှက်စရာပဲ၊ ရှက်ဖို့ ကောင်းလိုက်တာ”
“သူ လက်လျှော့ပြီး ခုခံဖို့ ကြိုးစားရင်တောင်မှ သူ့ဂုဏ်သိက္ခာကို ငှဲ့ပြီး အဆုံးထိ ထိန်းထားသင့်တယ်”
ပါမောက္ခအန်းက ပြောသည်။
“ငါတို့ ပြန်တဲ့အခါကျရင် ဒီကျောင်းသားကို သေချာ စစ်ဆေးဦးမယ်၊ ဘယ်လိုလုပ် သူက ပီကင်းတက္ကသိုလ်ကို ဝင်နိုင်တာလဲ၊ ရှက်ဖို့ကောင်းလိုက်တာ”
ဤသို့သော ပြိုင်ပွဲမျိုး၌ အဖြေကို တွက်ချက်သည်က ပိုကောင်းသည်။ အကြောင်းမှာ အဖြေကို မှားပြောမိ သည်နှင့် ပြိုင်ဘက်က ဆက်တွက်စရာ မလိုဘဲ တန်းနိုင်သွားသောကြောင့်ပင်။
“ဒီကောင်က လူတစ်မျိုးပဲ”
ကျန်းယွီ စိတ်မပါစွာ ပြောလိုက်သည်။ ကားပေါ်၌ ရဲ့လင်းချန် ပေးခဲ့သော မေးခွန်းကို သူ ပြန်သတိရမိသွားသည်။ ထိုအဖြေက သုညပင်။
“သူ့စိတ်ထဲမှာ သုညက မှန်ဖို့ အများဆုံးလို့ ထင်နေတဲ့ပုံပဲ”
ချောင်ထုံထုံက ပြောပြီး ခေါင်းခါသည်။
“ဒီလူတော့ … ကံဆိုးပြီ”
“တုံးလိုက်တဲ့ကောင်၊ သူ့လိုလူမျိုးက အကျင့်မကောင်းတဲ့ အသင်းဖော်ထက် ပိုဆိုးသေးတယ်”
“ဒါ ပီကင်းတက္ကသိုလ်က ကျောင်းသားဆိုတာ သေချာလား၊ ဘယ်လောက် အဆက်အသွယ် ရှိလို့ သူ ပီကင်းတက္ကသိုလ်ကို ဝင်နိုင်တာလဲ”
“သူ နောက်နေတာ ဟုတ်တယ်မလား၊ သူက ဒီလို လေးနက်တဲ့ ပြိုင်ပွဲကို သရော်နေတာပဲ”
…