ကျိုးရန် ပြိုလဲခြင်း
Vol. 20 Ch. 292
ကျိုးရန်၏ လက်ဆယ်ချောင်းလုံး တုံ့ခနဲ ဖြစ်သွားပြီး ရဲ့လင်းချန်အား မျက်မှောင်ကြုတ်၍ ကြည့်လေသည်။
သူက စိတ်မဝင်စားဟန်ဖြင့် နှုတ်ခမ်းကို တင်းနေအောင် စေ့ထားပြီး အထင်အမြင်သေးစွာ ခေါင်းခါလေသည်။
“ပျင်းဖို့ကောင်းတယ်၊ မင်းလို ပြိုင်ဘက်နဲ့ တွေ့ရတာ ပျင်းဖို့ကောင်းလွန်းတယ်”
မေးခွန်းက ပေါ်လာခါစပင် ရှိသေးချိန်တွင် ရဲ့လင်းချန်က ထင်သလို ဖြေခဲ့သည်။
*ယုတ္တိကိုမရှိဘူး၊ ဘယ်သူက အဲ့လိုလုပ်လို့လဲ*
*သူ တစ်ပတ်ရိုက်ချင်တယ်ဆိုရင်လည်း အနည်းဆုံးတော့ သူ ပိုပြီး သဘောရိုးဖြစ်အောင် လုပ်သင့်တယ်*
ပိုပြီး ယုံကြည်ရလောက်သည့် အဖြေမျိုး မပြောခင် သူ အချိန်အနည်းငယ်မျှ စောင့်ခဲ့သင့်သည်။ သို့သော် သူ ပါးစပ်ဟလိုက်သည်နှင့် ပထမဆုံး ပြောလိုက်သည့်စကားက သုည ဖြစ်နေ၏။
*သူ လိမ်တာကို အခြားသူတွေ မသိမှာ စိုးနေတာလား*
“သူ့ကို အောက်ဆင်းဖို့ ပြောလိုက်ပြီးတော့ မြို့တော်က အဖြေဘဲ နေမယ်လို့ ပြောလိုက်ပါ၊ သဘောထား ကြီးကြောင်း ပြလိုက်တာက ငါတို့ ဂုဏ်သိက္ခာကို ဆုံးရှုံးရတာထက် ပိုသာပါသေးတယ်”
ပါမောက္ခထန်က အားမရှိစွာ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“ဆရာမရှု၊ သူ့ကို ရှာတွေ့တဲ့လူက မင်းဆိုတော့ အဲ့ကိုသွားပြီး သူ့ကို ဆင်းလာဖို့ ပြောသင့်တယ်”
ရှုတုန်းက ရှုဝမ်ချင်ကို ပြောလိုက်သည်။
“အဖြေက မှန်လား၊ မမှန်လား ဆုံးဖြတ်တာကို အရင် ကြည့်ကြတာပေါ့”
ရှုဝမ်ချင်၏ စိတ်ထဲ၌ အနည်းငယ် မသက်မသာ ဖြစ်နေသော်လည်း နှုတ်ခမ်းကိုကိုက်၍ ပြန်ပြောလိုက်သည်။
“ဆုံးဖြတ်တဲ့အထိ စောင့်မယ် ဟုတ်လား၊ မင်း တကယ်ကြီး ဆန်းကြယ်မှုတစ်ခု …”
ရှုတုန်း စကားပင် ဆုံးအောင် မပြောလိုက်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ ကွန်ပျူတာကို လှမ်းကြည့်လိုက် သောအခါ မျက်လုံး ပြူးမတတ် ဖြစ်သွားလေသည်။ သူ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘာစကားမှ မပြောနိုင်တော့ချေ။
ရဲ့လင်းချန်၏ စကားဆုံးသွားသည်နှင့် ကွန်ပျူတာ ဖန်သားပြင်က တန့်ခနဲ ဖြစ်သွားပြီး ပုံရိပ် ပြောင်းသွားသည်။ သုည ဂဏန်း ပေါ်လာပြီး ဘေး၌ အမှန်ခြစ်တစ်ခု ပေါ်လာလေသည်။ ရဲ့လင်းချန် တစ်မှတ် ရသွားလေပြီ။
“လခွမ်း ငါ မြင်ချင်ရာ မြင်နေတာလား၊ အဲ့ကောင်လေး တစ်မှတ် ရသွားတာလား”
“ရူးနေပြီ၊ ဒီလောကကြီး ရူးနေပြီ၊ မဟုတ်ရင် ငါ့မျက်လုံးတွေ ကန်းနေတာပဲ”
“အဖြေက တကယ်ပဲ သုညလား၊ ဘာလို့ သုညလဲ၊ သူ ဘယ်လို တွက်လိုက်တာလဲ၊ သောက်ကျိုးနည်း”
လူတိုင်း ကယောင်ကတမ်း ဖြစ်လာကြသည်။ ကျောင်းသားများသည် သူတို့ခုံမှ ထခုန်မိကြပြီး မယုံနိုင်သော အမူအရာများ ဖြစ်နေကြလေသည်။ တစ်ချို့သောသူများဆိုလျင် သတိဝင်လာစေရန် သူတို့ကိုယ်သူတို့ ခပ်ပြင်းပြင်း ရိုက်နေကြသည်။ သူတို့ အလွန် မဖြစ်နိုင်သော အိပ်မက်တစ်ခုကို မက်နေပါတကား။
ဆရာများနှင့် ပါမောက္ခများသည်လည်း လက်ရှိတွင် ကြက်သေ သေနေကြသည်။ သူတို့၏ တည်ကြည်မျု ပျောက်ဆုံးနေပြီး သရဲတစ္ဆေကို တွေ့လိုက်ရသကဲ့သို့ လှမ်းကြည့်နေကြလေသည်။
“လခွမ်း၊ လခွမ်း၊ လခွမ်းပဲဟေ့”
ပါမောက္ခပိုင်တစ်ယောက် ကိုယ်တိုင် မမြင်လိုက်ရလျင် ယုံနိုင်မည် မဟုတ်ပါ။ တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့မေးရိုးက အောက်အထိ ပြုတ်ကျလုနီးပါး ဖြစ်နေကာ ပါမောက္ခတစ်ယောက်နှင့်တူသော အသွင်အပြင်ပင် မရှိတော့ပေ။
“သူ မှန်သွားတာလား၊ အဖြေက တကယ်ပဲ သုညပေါ့”
“သောက်ကျိုးနည်း … အံ့ဩဖို့ကောင်းလိုက်တာ”
ပါမောက္ခအန်း မယုံနိုင်ဟန်ဖြင့် ထပြောကာ အများနည်းတူ အလန့်တကြား ဖြစ်နေလေသည်။
ကျန်းယွီနှင့် ချောင်ထုံထုံတို့သည် အချင်းချင်း ပြန်ကြည့်လိုက်မိကြပြီး နားဝေတိမ်တောင် ဖြစ်နေ၏။ သူတို့၏ အတွေးတွင်လည်း ဗလာ ဖြစ်နေလေသည်။
“ဒီကောင်လေးရဲ့ကံက မယုံနိုင်စရာပဲ”
တစ်စုံတစ်ယောက်က တုန်ယင်နေသော အသံဖြင့် ပြောလာသည်။
“ခုနက သူတို့ တန်းအဆင့်တက်သွားတာကို ထားလိုက်ဦး၊ ဒီတစ်ခေါက် သူ အဖြေကို ရမ်းဖြေလိုက်တာ မှန်သွားတာပဲ၊ ကောင်းကင်ဘုံက ဒီကောင်လေးကို မျက်နှာသာ ပေးနေတာပဲ ဖြစ်ရမယ်၊ ကံက သူတို့ဘက်မှာပဲ”
ကျိုးရန်၏ အမူအရာသည်လည်း တောင့်တင်းနေ၏။ သူသည် ရဲ့လင်းချန်ကို စိုက်ကြည့်ကာ သုန်မှုန်နေလေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရဲ့လင်းချန်က ကျိုးရန်ရှေ့၌ လက်ဝှေ့ယမ်းပြလိုက်သဖြင့် သူ အသိပြန်ဝင်လာသည်။
“ဟေ့ ဒုတိယမေးခွန်းကို ပေးနေပြီ၊ မင်း တွက်မှာလား မတွက်ဘူးလား”
“မေးခွန်းတစ်ခုပဲ ရှိပါသေးတယ်၊ အရမ်း ဘဝင်ခိုက်မနေနဲ့၊ မင်း ကံကိုပဲ အားကိုးနေရင် ထပ်သွားနိုင်မှာ မဟုတ်ဘူး”
ကျိုးရန်က ချက်ချင်း သူ့စိတ်ကို ထိန်းချုပ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူ၍ မေးခွန်းအသစ်ကို အာရုံစိုက် လိုက်သည်။
သူ့လက်ဆယ်ချောင်းကို မြှောက်၍ စတွက်တော့မည့်အချိန်၌ ရဲ့လင်းချန်၏ ခပ်သဲ့သဲ့အသံကို ကြားလိုက်ရသည်။
“ဒီမေးခွန်းရဲ့ အဖြေက root two”
“မင်း ဒီမေးခွန်းတွေကို စည်းစနစ်တကျ တွက်ရင် သေမှာမို့လို့လား”
နီရဲနေသော မျက်နှာနှင့် ကျိုးရန်က ရဲ့လင်းချန်ကို စူးစိုက်ကြည့်သည်။
“မင်း မနိုင်ချင်ဘူးဆိုရင်တောင်မှ မင်းပြိုင်ဘက်ကို လေးစားပါ၊ ငါ့ကို တွက်ခွင့်ပေးပါဦးလား”
သူ ဒေါသထွက်လာရသည်။ သင်္ချာပါရမီရှင်တစ်ယောက် ဖြစ်သဖြင့် သူသည် သင်္ချာအပေါ် လေးစားသည်။ ထို့ကြောင့် သူ ပုစ္ဆာတွက်နေချိန်တွင် အခြားသူများ သူ့ကို နှောင့်ယှက်လာပါက ဒေါသထွက်လာရသည်။
“ဟူး … သူ့ကို ဆင်းလာဖို့ ပြောလိုက်ပါတော့”
ပါမောက္ခထန် ထပ်၍ သက်ပြင်းချမိသည်။
*ဒီကောင်လေးက တကယ့်ကို အံ့ဩဖို့ကောင်းတယ်၊ ပထမအဖြေကို သုညလို့ မှန်းပြီးတော့ အခု အဖြေကိုလည်း root two လို့ မှန်းဖြေနေသေးတယ်*
“ပါမောက္ခထန်၊ ကြည့်ရတာ … ရဲ့လင်းချန် ဒီတစ်ခေါက် ထပ်မှန်သွားတဲ့ပုံပဲ …”
ကျန်းယွီ၏ အသံက တုန်နေသည်။ သူ့လောကအမြင်အပေါ် သက်ရောက်သွားသလို ခံစားနေရလေသည်။
“သူ မှန်…မှန်သွားပြန်ပြီလား”
ပါမောက္ခထန် လှမ်းကြည့်လိုက်သောအခါ မျက်စိဖမ်းစားနိုင်သည့် အမှန်ခြစ် သင်္ကေတကို တွေ့လိုက်ရသည်။ ရဲ့လင်းချန် နောက်ထပ် တစ်မှတ် ရသွားပြန်လေပြီ။
“အဘိုးကြီးပိုင် ငါ အိပ်မက်မက်နေတာလား”
တုန်ယင်နေသော ပါမောက္ခထန်က ပါမောက္ခပိုင်ကို လှမ်းဆွဲသည်။ သူ၏ အိုမင်းနေသော မျက်နှာက နီနေပြီး အသက်ရှူသံ မြန်လာကာ အမောဖောက်လုနီးပါး ဖြစ်လာ၏။
“ဟင့်အင်း မကောင်းတော့ဘူး၊ ငါ့ဦးနှောက်က အလုပ်မလုပ်တော့ဘူး၊ ငါ ထင်ယောင်ထင်မှားတွေ ဖြစ်လာပြီ၊ မြန်မြန် အရေးပေါ်ကား ခေါ်လိုက်”
“အဘိုးကြီးထန်၊ မင်း ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူး၊ ဒါ တကယ် ဖြစ်နေတာ”
ပါမောက္ခပိုင်က ပါမောက္ခထန်ကို မြန်မြန် နှစ်သိမ့်လိုက်သည်။
“မင်း နှလုံးခုန်နှုန်းကို ငြိမ်အောင်လုပ်၊ ခန္ဓာကိုယ်ကို ဂရုစိုက်ဦး၊ နှလုံးထဖောက်နေဦးမယ် သတိထား”
ဤနေရာမှ လူတိုင်းသည် ထူးချွန်သော သင်္ချာ ပါရမီရှင်များ ဖြစ်သည်။ ပထမတစ်ကြိမ်က ကံကောင်းခြင်း သက်သက် ဖြစ်လျင် ဒုတိယတစ်ကြိမ်၌ သူ ကံကောင်းရန် ဖြစ်နိုင်ချေက ၀.၀၃ ရာခိုင်နှုန်းသာ မရှိသဖြင့် လုံးဝကို ဖြစ်နိုင်ချေ မရှိချေ။
ပွက်လောရိုက်သံများ ပျောက်ကွယ်သွားပြီး အားလုံးက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်နေသည်။
ထိုအချိန်တွင် တတိယမေးခွန်း စပေါ်နေပြီ ဖြစ်သည်။
ဖြစ်ပျက်သွားသမျှကြောင့် ကျိုးရန် အတော်လေး အထိနာသွားသည်။ သူ့နဖူးတွေ ချွေးများ စို့လာပြီး ရဲ့လင်းချန်အား ကြောက်လန့်တကြား ကြည့်နေသည်။ ထို့နောက်တွင် သူ့မျက်လုံးအိမ် ပြူးကျယ်လာပြီး ရဲ့လင်းချန် ပါးစပ်ဟလာသည်ကို မြင်လိုက်ရလေသည်။
*သောက်ကျိုးနည်း၊ ဒီမျိုးမစစ်ကောင်က ထပ်ဖြေဦးမလို့လား*
“ဒီအဖြေက root 3 plus 1”
ခပ်သဲ့သဲ့အသံက ကျိုးရန်၏ နားထဲတွင် မိုးခြိမ်းသံနှင့်တူနေပြီး ခေါင်းမူးသွားလေသည်။
ချွေးများက သူ့ပါးပေါ် စစီးကျလာသော်လည်း ဂရုမစိုက်နိုင်ဘဲ ဖန်သားပြင်ကိုသာ ကြည့်နေသည်။
အမှန်ခြစ်ကြီးကို မြင်လိုက်ရသောအခါ သူ မထိန်းနိုင်တော့ချေ။ ရဲ့လင်းချန် နောက်ထပ်တစ်မှတ် ရသွားပြန်လေသည်။ သူ့စိတ်နှလုံးက တစ်စတစ်စနှင့် ပြိုလဲလာပြီး မျက်ရည်များ စီးကျလာ၏။ ထို့နောက် သူ အော်ငိုလေတော့သည်။
“အီးဟီးဟီး….”
ကျိုးရန် စိတ်ပျက်လက်ပျက်နှင့် ပါးစပ်ကို လက်ဖြင့်အုပ်နေကာ ကြံရာမဟန်နှင့် ငိုနေသည်။ ထို့နောက် သူ စင်ပေါ်မှ ဆင်းပြေးသွားသည်။
၎င်းသည် သူ၏ ဉာဏ်ရည်ကိုသာမက ရုပ်ခန္ဓာကိုယ်ပါ အတော်လေး ထိခိုက်သွားစေသည်။
ရဲ့လင်းချန်က မေးခွန်းပေးလိုက်သည်နှင့် အဖြေကို တန်းဖြေနိုင်သော လူထူးဆန်း ဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ငနုံအဖြစ်မှ ပါရမီရှင်အဖြစ်သို့ ပြောင်းလဲသွားခြင်းက ပြင်းထန်လွန်းသဖြင့် ကျိုးရန် ပြိုလဲသွားရသည်။ ထို့အပြင် ရဲ့လင်းချန်က ကျိုးရန် ထိုမေးခွန်းများကို ဆုံးအောင် မဖတ်နိုင်လိုက်ခင်မှာပင် ဖြေလိုက်ခြင်း ဖြစ်သည်။ ထိုရိုက်ချက်က ကျိုးရန်အား ပထမဆုံးအကြိမ် သူ၏ တည်ရှိမှုကို ပြန်၍ သံသယ ဝင်သွားစေသည်။
*ငါ ဘယ်သူလဲ၊ ငါ ဘယ်ရောက်နေတာလဲ၊ ငါ ဘယ်ရောက်နေတာလဲ*
ဖိအားက ပြင်းထန်လွန်းသဖြင့် သူ့ကိုယ်သူ ဆက်၍ မပြိုင်နိုင်တော့မှန်း သိလိုက်ရလေသည်။
“ဒါက …”
တင်ဆက်သူသည် အစက ကြောင်အနေပြီးမှ ကြေညာလိုက်သည်။
“ပြိုင်ပွဲဝင်တစ်ယောက်က ဒီပြိုင်ပွဲကို လက်လျှော့လိုက်တဲ့ပုံပါပဲ၊ နိုင်သွားတဲ့ ပထမအသင်းကတော့ … မြို့တော် ပေကျင်းပါ”
“ဝိုး”
လူတိုင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
“အဲ့ကောင်လေးက ဘယ်သူလဲ၊ ဘာလို့ သူက အဲ့လောက် ထူးဆန်းရတာလဲ”
“သိုးယောင်ဆောင်ထားတဲ့ ဝံပုလွေ၊ ဒါက သိုးယောင်ဆောင်ထားတဲ့ ဝံပုလွေကို အတိအကျ ဥပမာပြထားတဲ့ ကိစ္စ၊ ငါတို့အားလုံး အဲ့ကောင်လေးရဲ့ အရူးလုပ်တာကို ခံလိုက်ရတာ”
“ကျိုးရန်က အဲ့ကောင်လေးကြောင့် ဆိုးဆိုးရွားရွား ရှုံးသွားပြီ၊ ကံဆိုးလိုက်တာ၊ ရက်စက်လွန်းတယ်”
“မြို့တော်က တော်တော် မကြင်နာတာပဲ၊ ဒီလို လျှို့ဝှက်လက်နက်ကို ဝှက်ထားပြီးတော့ တစ်လျှောက်လုံး ဝမ်းနည်းပြီး စိတ်ဓာတ်ကျသလို ဟန်ဆောင်နေတယ်၊ သူတို့ သရုပ်ဆောင်တွေ ဖြစ်မလာတာ နှမြောစရာပဲ”
“ဟုတ်တယ်၊ သူတို့အသင်းကို ကြည့်လိုက်ဦး၊ အခုထိ သူတို့က ထိတ်လန့်နေတဲ့ အမူအရာကို ဆက်လုပ် နေသေးတယ်၊ သူတို့က ဟန်ဆောင်တဲ့နေရာမှာ တော်တာပဲ”
…