ထပ်ရှုံးပြန်ပြီ
Vol. 20 Ch. 293
အဖြစ်အပျက်က ပြိုင်ပွဲ၌ ရှိနေသေးသည့် အခြားကျောင်းသားများကိုပါ သက်ရောက်သွားသည်။
ကျိုးရန်သည် သူတို့ ရင်ထဲမှ အနိုင်ပိုင်းရမည့် ပြိုင်ဘက် တစ်ယောက်ဖြစ်သည်။ အစက လူအများစုသည် သူ့အား ကျခဲ့သည်။ အကြောင်းမှာ သူက ရဲ့လင်းချန်နှင့် ပြိုင်ရမည်ဖြစ်သောကြောင့်ပင်။ ယင်းက ပန်းခြံထဲ၌ အေးအေးလူလူ လမ်းလျှောက်၍ အနားယူနေသည့် အဖြစ်နှင့် အတူတူပင်တည်း။
ဤသို့ ဖြစ်လာလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။ သူသည် ဘာတွက်ချက်မှုမှပင် မလုပ်လိုက်ရဘဲ ရှုံးသွားခဲ့သည်။
*ကြောက်ဖို့ကောင်းလိုက်တာ*
*ဘယ်လိုလုပ် သူက အဲ့လောက် ကြောက်ဖို့ကောင်းတာလဲ၊ သူက လူရော ဟုတ်သေးရဲ့လား*
“ဒီကောင်လေးက တကယ်ပဲ … အဲ့လောက် တော်တာလား၊ ဒါ တကယ်လား အတုအယောင်လား”
ကျန်းယွီသည် ယခုအထိ လက်ခံရခက်နေသေးသည်။ သူသည် မြို့တော်ဘက်မှ ဖြစ်သော်လည်း သူ အထင်သေးခဲ့သော ငနုံကောင်က တစ်ခဏအတွင်း ပါရမီရှင်အဖြစ် ပြောင်းသွားသဖြင့် သူ့အတွက် ရယ်ချင်စရာ ဖြစ်နေလေသည်။
“မေးခွန်း သုံးခုလုံး မှန်တယ်၊ ပြီးတော့ သူ့ခန့်မှန်းချက်အားလုံးက မတူတဲ့ အဖြေတွေပဲ၊ အဲ့တော့ သူ မှန်းဖြေ နေတယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ တွက်ရမှာပဲ”
ချောင်ထုံထုံသည် အသက် ပြင်းပြင်းရှူ၍ စိတ်ကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားနေသည်။ သူမ ရဲ့လင်းချန်အပေါ် မြင်သောအမြင်များ လုံးဝ ပြောင်းလဲသွားလေပြီ။
“ရှု … ဆရာမရှု … သူက ဘယ်သူလဲ”
ရှုတုန်း တံတွေးမျိုချလိုက်ပြီး အာခေါင်ထဲ၌ ခြောက်သွေ့နေသလို ခံစားနေရသည်။ တစ်မိနစ်သာသာ အတွင်း၌ သူ မည်မျှ ရင်တုန်နေသလဲ ဘုရားသာ သိပေတော့မည်။ သူ့တွင် လူ့ဦးနှောက် ရှိနေ၍ တော်ပါသေးသည်။ အကယ်၍ သူ့ဦးနှောက်ကသာ ကွန်ပျူတာလို ဖြစ်နေပါက သတိပြန်ဝင်လာမည့်အစား ပျက်စီးသွားလောက်သည်။
ပါမောက္ခပိုင်၊ ပါမောက္ခအန်းနှင့် ပါမောက္ခထန်တို့သည်လည်း အံ့အားသင့်နေကြသည်။ သူတို့က ခေါင်းစောင်း၍ ရှုဝမ်ချင်အား ကြည့်ကြလေသည်။
“ဆရာမရှု၊ သူက ဘယ်သူလဲ၊ မင်းက ဒီလို လျှို့ဝှက်လက်နက်ကို ဖိတ်ပြီးတော့ ငါတို့ကို ကြိုလည်း မပြောဘူး၊ သူက ဒီလောက် တော်မှန်း ငါတို့ ကြိုသိခဲ့ရင် အဲ့လောက် စိုးရိမ်စရာ လိုမှာ မဟုတ်ဘူး”
ရှုဝမ်ချင် နှုတ်ခမ်းစူသွားသည်။
“ကျွန်မ ရှင်တို့ကို သူနဲ့ မိတ်ဆက်ပေးပြီးသွားပြီလေ၊ သူက ပီကင်းတက္ကသိုလ်က ပထမနှစ် ကျောင်းသားပါလို့ ပြီးတော့ … သူက သင်္ချာမှာ တအားကျွမ်းမှန်း ကျွန်မ သိပင်မယ့် အဲ့လောက် တော်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး”
“သူက တကယ်ပဲ ပီကင်းတက္ကသိုလ်က ကျောင်းသားလား”
ပါမောက္ခအန်း၏ အသံတွင် စိတ်လှုပ်ရှားမှုတို့ ပါနေသည်။ သူသည် ရဲ့လင်းချန်အား ရှားပါး ရတနာတစ်ခုကို ကြည့်သကဲ့သို့ ကြည့်နေ၏။
“ငါတို့ တက္ကသိုလ်မှာ ဒီလို သင်္ချာပါရမီရှင်မျိုး ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားမိဘူး၊ ငါ ဘယ်လိုလုပ် မသိရတာလဲ၊ ငါ ရှက်မိတယ်၊ ရှက်တယ်ကွာ”
သူ ရှက်သည်ဟု ဆိုသော်လည်း သူ့မျက်နှာတွင် စိတ်လှုပ်ရှားဟန် ပေါ်နေသေးသည်။ ရဲ့လင်းချန် စင်ပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ သူက မြားတစ်စင်းသဖွယ် ပြေးသွားပြီး ရဲ့လင်းချန်၏ လက်မောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လေသည်။ သူက ရဲ့လင်းချန်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
“ကျောင်းသားရဲ့၊ မင်းက တကယ်ပဲ ပီကင်းတက္ကသိုလ်က ကျောင်းသားလား”
ရုတ်တရက်ကြီး စိတ်အားထက်သန်စွာ ပြောလာသဖြင့် ရဲ့လင်းချန် အံ့ဩသွားသော်လည်း ခေါင်းညိတ်ပြ လိုက်သည်။
“ဟားဟားဟား သူက တကယ်ပဲ ငါတို့ကျောင်းကကိုး”
ပါမောက္ခအန်း ပြုံးလိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူ ယခုထက်ပို၍ စိတ်မလှုပ်ရှားနိုင်တော့ပါ။ သူ စိတ်လှုပ်ရှားလွန်း၍ သူ့ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုတို့ကိုပင် အရေးမစိုက်နိုင်တော့ချေ။ သူသည် ရဲ့လင်းချန်အား ခရိုင်ကြီးများနှင့် မြို့ကြီးများမှ လူများထံ ဆွဲခေါ်သွားပြီး ခေါင်းကိုမော်၍ မိတ်ဆက်ပေးလေသည်။
“အားလုံးပဲ ဒီမှာကြည့်၊ ဒါ ကျုပ်တို့ ပီကင်းတက္ကသိုလ်က ပထမနှစ် ကျောင်းသားလေ၊ သင်္ချာပညာရပ်ရဲ့ ဂုဏ်ဆောင်လေးပေါ့၊ ပြီးတော့ ပီကင်းတက္ကသိုလ်ရဲ့ ဂုဏ်ယူစရာလေး၊ ဒီပြိုင်ပွဲကို အရှုံးသာ ပေးလိုက်တော့၊ အရှုံးပေးလိုက်တော့”
သူက ပြောပြီးသည်နှင့် ပြုံးကာ လူအများအား လက်ပြနှုတ်ဆက်လေသည်။
“ဘာ … ပထမနှစ်ပဲ ရှိသေးတာလား၊ ဒါ ရူးချင်စရာ ကောင်းလွန်းတယ်”
“ဒီလို သင်္ချာပါရမီမျိုးက တကယ်ကို ခန့်မှန်းလို့ မရဘူး၊ သူ့ဦးနှောက်က ဘယ်လို အလုပ်လုပ်နေတာလဲ”
“ချီးပဲ အဲ့အဘိုးကြီးအန်းက ဘဝင်မြောက်လွန်းတယ်၊ ရှက်ဖို့ကောင်းလိုက်တာ၊ သူ ကံကောင်းလို့ အဲ့လို ပါရမီရှင်မျိုး ရသွားတာ”
“ဒီတစ်ခါတော့ မြို့တော်က ပထမနေရာကို ရနိုင်ချေ ရှိနေတဲ့ပုံပဲ”
…
မရေတွက်နိုင်သော လူအများသည် ရဲ့လင်းချန်အား စိတ်ရှုပ်ထွေးဩဟန်၊ ထိတ်လန့်ဟန်၊ အားကျဟန်နှင့် လေးစားဟန်တို့ဖြင့် ကြည့်နေကြသည်။
“မင်း ဘဝင်ခိုက်နေတာကို ခေါက်ထားလိုက်ဦး အဘိုးကြီးအန်း၊ ပြိုင်ပွဲက မပြီးသေးဘူး၊ အနိုင်ရသူကို ဆုံးဖြတ်ဖို့ လိုသေးတယ်”
ထိုစဉ် အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက်က စိတ်ပျက်ဟန်ဖြင့် ပြောသည်။ သူက မုတ်ဆိတ်မွေးကို မှုတ်ထုတ်၍ ပါမောက္ခအန်းကို စိုက်ကြည့်လေသည်။
“ခုနက မြို့တော်က ပြိုင်ပွဲဝင် နှစ်ယောက်လုံးက ငါတို့ ဟောင်ကောင်ဆီမှာ အဖြုတ်ခံလိုက်ရတာ”
သူသည် ရှန်းကျန်း တက္ကသိုလ်မှ ပါမောက္ခရှဲပင်။
“အဘိုးကြီးရှဲ၊ မင်း ငါတို့ လက်တုံ့ပြန်တာကို စောင့်နေလိုက်စမ်းပါ”
ပါမောက္ခအန်းသည် ယှဉ်ပြိုင်ချင်စိတ် အပြည့် ဖြစ်နေပြီး ရဲ့လင်းချန်ပေါ်၌ အလွန် ယုံကြည်မှု ရှိနေလေသည်။
ထိုပွဲအဆုံးတွင် ရဲ့လင်းချန်က အကြီးဆုံး ဖျက်မြင်း ဖြစ်လာပြီး ကြက်သီးထလောက်အောင် ကြောက်စရာ ကောင်းသူ ဖြစ်နေ၏။
အစက အပိုဆုဟု လူတိုင်း ထင်နေခဲ့သော ရဲ့လင်းချန်သည် အားလုံးက ကြောက်လန့်ကာ ရှောင်လွှဲ၍ မရနိုင်သော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားလေပြီ။
ရဲ့လင်းချန် ပြန်ရောက်လာသောအခါ မြို့တော်အသင်းမှ လူများအားလုံး နှုတ်ခမ်းကို တင်းနေအောင် စေ့ထားကြသည်။ အချို့ဆိုလျင် ရဲ့လင်းချန်ကို မျက်နှာချင်းပင် မဆိုင်ရဲပေ။
သူတို့ အံ့ဩကာ ရှက်နေကြသည်။
“ကျောင်းသား ရဲ့လင်းချန်၊ နင် … နင် စက္ကန့်ပိုင်းအတွင်း တွက်နိုင်တာလား၊ နင် အဲ့ဒါကို ဘယ်လို လုပ်တာလဲ”
ရှုဝမ်ချင်က ရဲ့လင်းချန်ကို ပြုံး၍ မေးလေသည်။
“ကျွန်တော်လည်း မတတ်နိုင်ဘူး၊ အဖြေက ကျွန်တော့်ခေါင်းထဲ အလိုလို ပေါ်လာတာ၊ ကျွန်တော် အဲ့အတွေးတွေကို နှင်ထုတ်ချင်ရင်တောင် နှင်ထုတ်လို့ မရဘူးဗျ”
ရဲ့လင်းချန် ပခုံးတွန့်ပြလိုက်သည်။
“ဒါက … ကျောင်းသားရဲ့၊ မင်းက တကယ် တော်တာပဲ၊ ငါတို့ အရင်က မှားခဲ့ပါတယ်၊ မင်းက ငါ မြင်ဖူးသမျှထဲမှာ အတော်ဆုံး သင်္ချာပါရမီရှင်ပဲ”
ပါမောက္ခပိုင်က ချောင်းဟန့်၍ ပြောလေသည်။ ရဲ့လင်းချန်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
“ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ”
ကျန်းယွီနှင့် ချောင်ထုံထုံတို့က ရဲ့လင်းချန်ကို မလုံမလဲနှင့် ပြုံးပြနေကြသည်။
ခရိုင်နှင့် မြို့ကြီး ခြောက်ခုသာ ကျန်ရစ်တော့သည်။ ယင်းက ပါရမီရှင်များကြားမှ နောက်ဆုံးပိတ် ဗိုလ်လုပွဲပင်။
ကွန်ပျူတာ ဖန်သားပြင်က စတင် လှုပ်ရှားနေပြီး နောက်တစ်ပွဲအတွက် တွဲဖက်များကို အတည်ပြုလာသည်။
“ငါတို့ ပြိုင်ဘက်တွေအတွက် ဘေးကျပ်နံကျပ် ဖြစ်သွားပြီ၊ ဟားဟားဟား ဒီတစ်ခေါက် အဘိုးကြီးရှဲ ဘာပြောဦးမလဲ ကြည့်ရသေးတာပေါ့”
ပါမောက္ခအန်းက ရယ်၍ ရဲ့လင်းချန်ကို ပြောလိုက်သည်။
“ကျောင်းသား ရဲ့လင်းချန်၊ ငါတို့ပြိုင်ဘက်က ရှန်းကျန်း ဖြစ်နေမှတော့ သည်းခံမနေနဲ့၊ မင်း လက်တုံ့ပြန်နိုင်မယ်လို့ ငါ ယုံတယ်”
ပါမောက္ခရှဲ၏ မျက်နှာက မသိမသာ သုန်မှုန်နေပြီး စိတ်ထဲ၌ ကျိတ်၍ ကျိန်ဆဲနေမိသည်။ သူ၏ အကြီးဆုံး အကြောက်တရားက သူ့မျက်စိရှေ့တည့်တည့်၌ ဖြစ်နေလေပြီ။
“မင်းစိတ်ကို အေးအေးထား၊ သူ အဖြေတိုင်းကို စက္ကန့်ပိုင်းအတွင်း ဖြေနိုင်မယ်လို့ ငါ မယုံဘူး၊ ငါတို့ အခွင့်အရေး ရှိပါသေးတယ်”
“ဟုတ်ကဲ့ ကျွန်မ သိပါတယ်”
ပိုင်လင်က ခေါင်းညိတ်၍ ရဲ့လင်းချန်အား အသေအချာကြည့်ပြီး စင်ပေါ်သို့ တက်လာသည်။
သင်္ချာမေးခွန်းများကို စက္ကန့်ပိုင်းအတွင်း ဖြေနိုင်ရန် မလွယ်ကူပေ။
ပရိသတ်များသည် ချက်ချင်း တိတ်ကျသွားပြီး တိတ်ဆိတ်စွာ ကြည့်လာကြသည်။
ပိုင်လင်က ရဲ့လင်းချန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူမ၏ မျက်လုံးရွဲကြီးများသည် စက်ဝိုင်းတွင်း၌ ရေများ စီးဆင်းနေသကဲ့သို့ ရွှန်းစိုဝင်းပနေသည်။ သူမက ပြုံး၍ တောင်းပန်တိုးလျှိုးဟန်ဖြင့် ပြောသည်။
“ကျောင်းသား ရဲ့လင်းချန်၊ ကျေးဇူးပြုပြီး ကျွန်မကို သက်ညှာပေးပါဦးနော်”
“ကျောင်းသူ ပိုင်လင်၊ မင်းက လှတာပဲ”
ရဲ့လင်းချန်က အပြုံးနှင့် ပြန်တုံ့ပြန်လိုက်သည်။
“ကျွန်မရဲ့ ဘယ်အပိုင်းက လှတာလဲ”
“မင်း ထင်သလိုပေါ့”
ပိုင်လင် “…”
ပြိုင်ပွဲ စတင်လေပြီ။
ပထမမေးခွန်းက ဖြည်းဖြည်းချင်း ပေါ်လာပြီး အခြေအနေက ပို၍ လေးနက်လာသည်။ လူတိုင်း ရဲ့လင်းချန်ကို ကြည့်နေပြီး သူ စက္ကန့်ပိုင်းတွင်း ဖြေနိုင်မလား သိချင်နေကြလေသည်။
သို့သော် ရဲ့လင်းချန်က ချက်ချင်း မဖြေပေ။
ပါမောက္ခရှဲက စိတ်အေးကာ သက်ပြင်းချလိုက်သည်။ ရဲ့လင်းချန်က သူ ထင်သလောက် အံ့ဩစရာ မကောင်းသည့်ပုံပင်။
ပိုင်လင်၏ လှပသော မျက်ဝန်းများက မေးခွန်းကို စိုက်ကြည့်ပြီး မျက်လုံးအရောင် တောက်လာသည်။ သူမက ပင့်သက်တစ်ချက် ရှိုက်၍ စကားပြောရန် ပြင်လိုက်သည်။ သို့သော် ရဲ့လင်းချန်က သူမ မပြောခင် အရင် ဖြေလိုက်လေသည်။
“အဖြေက တစ်”
“နင်”
ပိုင်လင်က ရဲ့လင်းချန်ကို စူးစိုက်ကြည့်သည်။ ရဲ့လင်းချန်က ပြုံးပြလိုက်သည်။
“ကျောင်းသူ ပိုင်လင် ရှုံးသွားပြီ”
ပိုင်လင်က မကျေနပ်သံပြု၍ ဒုတိယမေးခွန်းကို စောင့်လိုက်သည်။
ဒုတိယ မေးခွန်းက အလွန် ရှည်သည်။ ပိုင်လင်၏ ဦးနှောက်က ချက်ချင်း အလုပ်လုပ်လာပြီး နှုတ်ခမ်းများက ပြုံးယောင်သမ်းလာသည်။ သူမနှုတ်ခမ်း ပွင့်ဟလာသော်လည်း ဘာအသံမှ မထွက်ရသေးခင် ရဲ့လင်းချန် ပြောလိုက်သည့်အသံကို ကြားလိုက်ရလေသည်။
“အဖြေက ခြောက်ရာခြောက်ဆယ့်ခြောက်”
“အိုး … ကံမကောင်းလိုက်တာ ကျောင်းသူ ပိုင်လင်ရေ၊ မင်း ထပ်ရှုံးသွားပြန်ပြီ”
ပိုင်လင် နှုတ်ခမ်းကိုက်လိုက်မိသည်။
တတိယမေးခွန်း။
“အဖြေက ၆၆”
“ကျောင်းသူ ပိုင်လင် ထပ်ရှုံးပြန်ပြီ”
စတုတ္ထမေးခွန်း။
“အဖြေက ၆”
“စိတ်မကောင်းလိုက်တာဗျာ၊ ဒါပေမဲ့ ကျောင်းသူ ပိုင်လင် ရှုံးပြန်ပြီနော်”
ပိုင်လင် ဖြေခါနီးသောအခါတွင်မှ ရဲ့လင်းချန် ကောက်ဖြေသည်ကို ထိုအခါတွင်မှ လူတိုင်း သတိပြုလိုက်မိသည်။ အကြိမ်တိုင်း ထိုသို့ ဖြစ်နေသည်။ သူ မိန်းကလေးကို ကျီစယ်နေမှန်း သိသာပေသည်။
*ကျီစယ်နေတာ၊ သူက သူမကို ပေါ်တင်ကြီး ကျီစယ်နေပါလား*
*မြေယိုး၊ သူက တကယ့်ကို မျိုးမစစ်ကောင်ပဲ*