← Chapters

ရွှေကျီးကန်း ဆင်းသက်လာခြင်း 

Vol. 17 Ch. 254

ရွှေကျီးကန်း ဆင်းသက်လာခြင်း 

Vol. 17 Ch. 254

သစ်တုံးနက်သင်္ဘောကြီးထံမှ ပုလဲနက် လွင့်ပျံလာစဉ်အခါ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဓာတ်နှောအငွေ့အသက်များကို ရွှီချင်း အာရုံခံမိခဲ့သည်။

ထို့ကြောင့် ထိုသင်္ဘောသုံးစင်းက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ဖြစ်နိုင်ကြောင်း သူ ယူဆလိုက်ခြင်း ဖြစ်သည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို သူ အကောင်းမမြင်သလို ထိုမျိုးနွယ်ဝင်အများအပြားကို သူ သတ်ဖြတ်ခဲ့သည်။

ယနေ့ ဖြစ်ရပ်သည် သူ့အတွက် မဖြစ်သင့်သော ကပ်ဘေးဖြစ်သည်။ ပုလဲနက်က သူ့ကို အန္တရာယ်မဖြစ်စေခဲ့ပါသော်လည်း အလွန် အစွမ်းထက်သည်။

ယင်းသည် သက်စောင့်မီးလုံးတစ်လုံး ကျင့်ကြံသူတစ်ယောက် အစွမ်းကုန် တိုက်ခိုက်လိုက်သည်နှင့် ယှဉ်နိုင်သည်။

ပုလဲနက်ထဲရှိ ကမ္ပည်းစာက ပို၍ပင် နက်နဲသည်။

မကြာသေးခင်က ဖြစ်ရပ် ရွှီချင်း၏ စိတ်ထဲ ပြန်ပေါ်လာသည်။ ကမ္ပည်းစာက တစ်ကြိမ်သာ ဝင်းလက်သွားပြီး တည်နေရာရွှေ့ပြောင်းသွားကာ သူ့မှော်သင်္ဘောပေါ်တွင် ပေါ်လာခဲ့သည်။

ထို့ကြောင့် ရွှီချင်းမှာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ပေ။

“ အဲဒီပုလဲသာ သက်စောင့်မီးလုံးနှစ်လုံး ဒါမှမဟုတ် သုံးလုံးအစွမ်းအထိ ရောက်နေရင် ရတနာပဲ ”

ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။

ထိုကဲ့သို့ တစ်ခါသုံးရတနာတစ်ပါးကို လျှောက်ပစ်နေသည့် ကျင့်ကြံသူမှာ မြင့်မားသော ကျင့်ကြံခြင်းအဆင့်ရှိပြီး ရတနာများစွာ ရှိသော ကျင့်ကြံသူ ဖြစ်လျှင် ဖြစ်၊ မဟုတ်ပါက ကျင့်ကြံခြင်းအဆင့် သာမန်သာဖြစ်ပါသော်လည်း မြင့်မားသော အဆင့်အတန်းရှိသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်ကို ရွှီချင်း နားလည်သည်။

ထိုကျင့်ကြံသူက အဆင့်အတန်းမြင့်မားသည့် ကျင့်ကြံသူသာ ပို၍ ဖြစ်နိုင်ချေရှိကြောင်း သူ ခံစားမိနေသည်။

“ သူ့မှာ တာအိုအစောင့်အရှောက်တွေလည်း ပါလောက်တယ် ”

ရွှီချင်းသည် အကြည့်လွှဲမသွားဘဲ ကောင်းကင်ဝေဟင်ပြင်ရှိ အနက်ရောင်အစက်သုံးစက်နောက်သို့ ပင်လယ်ဖွတ်တစ်ကောင်ပုံစံမှော်သင်္ဘောဖြင့် ပင်လယ်အောက်မှနေ၍ အရှိန်တင်ကာ လိုက်သွားသည်။

သင်္ဘောပျံကြီးများပေါ်တွင် ထိပ်သီးကျင့်ကြံသူများ ပါနေမလား မသိသေးသည်ဖြစ်၍ အလျဉ်စလို မပြုမူရန် သူ တွေးထားသည်။

သူသည် တိတ်ဆိတ်စွာ ချောင်းမြောင်းတိုက်ခိုက်ရသည်ကို အသားကျနေပြီးသား ဖြစ်သည်။ လက်ရှိအချိန်၌ သူသည် မုဆိုးတစ်ယောက်ကဲ့သို့ သားကောင်၏ ခွန်အားကို ဝေဖန်တွက်ဆကာ အားနည်းချက်များကို ရှာဖွေနေသည်။

တချိန်တည်းမှာပင် ဝေဟင်ပြင်ရှိ သင်္ဘောပျံတစ်စင်း၏ ထိပ်ဦးတွင် ဝတ်ရုံဖြူဝတ်ကျင့်ကြံသူသည် သက်ပြင်းချနေ၏။

သူသည် ပင်လယ်အောက်သို့ ဒေါသထွက်နေသည့်အမူအရာဖြင့် ကြည့်နေသည်။

သင်္ဘောသုံးစင်းကို အာရုံစိုက်ကြည့်နေသော အရှိန်အဝါတစ်ခုကို သူ ဝိုးတဝါး အာရုံခံမိနေ၏။

ယင်းအရှိန်အဝါသည် သူနှင့် အလွန် ရင်းနှီးသည်။

“ အစ်ကိုရွှီချင်း၊ အဲဒီလိုကြီး မနေပါနဲ့။ ညီမ သိုသိုသိပ်သိပ်နေတာပါ။ အစက နတ်လျှပ်စီးသုံးချက်တောင် ပစ်ဖို့ တွေးထားတာ၊ ညီမ တစ်ခုပဲ ပစ်လိုက်တာ ”

တတိယမင်းသမီးသည် ဝတ်ရုံဖြူဝတ်မျိုးနွယ်ဝင်ကို ခိုးကြည့်လိုက်သည်။ ထိုသူက လျစ်လျူရှုထားသည်ကို မြင်၍ မင်းသမီးက ရှေ့သို့တိုးသွားပြီး လက်မောင်းကို ဆုပ်ကာ အနည်းငယ် ခါယမ်းလိုက်သည်။

“ ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ၊ နောက်တစ်ခါ အဲဒီလိုမျိုး လျှောက်မပစ်တော့ပါဘူး။ အစ်ကိုရွှီချင်း၊ ဒေါသမထွက်ပါနဲ့နော်။ ဘာလို့ မျက်မှောင်ကြီးကြုတ်နေတာလဲဟင်၊ ဘာတွေတွေးနေတာလဲ ”

ဝတ်ရုံဖြူဝတ်အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်သည် ‘ ရွှီချင်း ’ ဆိုသည့်နာမည်ကို ကြားသောအခါ ထပ်မံသက်ပြင်းချလိုက်ပြီး တတိယမင်းသမီးကို လှည့်ကြည့်လိုက်သည်။

“ မင်းကို မသတ်အောင် အဲဒီကောင်ကို ဘယ်လိုဆွဲဆောင်ရမလဲ ငါ စဉ်းစားနေတာ။ ပြီးတော့ ငါ လျှို့ဝှက်ကြံစည်နေတာကို အဲဒီကောင် မသိအောင် ဘယ်လိုလုပ်ရမလဲကိုလည်း တွေးနေတာ။ နို့မဟုတ်ရင် သူ့ကြောင့် ကမောက်ကမ ဖြစ်သွားလိမ့်မယ် ”

“ အစ်ကိုရွှီချင်း၊ ဘာတွေပြောနေတာလဲဟင် ”

တတိယမင်းသမီး၏ အပြုံးက ကြည်လင်နေသည်။

ဝတ်ရုံဖြူဝတ်မျိုးနွယ်ဝင်သည် လက်ကိုဝှေ့ယမ်းလိုက်ပြီး နောက်ထပ်စကားတစ်ခွန်း မဆိုတော့ပေ။

သူ စိတ်ထဲမှသာ သက်ပြင်းချလိုက်သည်။ စွမ်းဆောင်မှုရမှတ်များ ရရှိရန် အလွန်ခက်ခဲသည်ကို သူ တွေ့ရှိခဲ့၍ ကောက်ကျစ်သောနည်းလမ်းများကို သူ အသုံးပြုခဲ့သည်။ ထို့ကြောင့် တတိယမင်းသမီးကို ရှာဖွေရန် တာဝန်အား သူ လက်ခံခဲ့ပြီး မင်းသမီးကို တွေ့ရှိကာ အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။

မင်းသမီးကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်သို့ ပြန်ပို့ပြီးပါက စွမ်းဆောင်မှုရမှတ်များဖြင့် အဆင့်မြင့်ရုပ်အလောင်း၏ နှလုံးသားကို လဲလှယ်နိုင်မည်သာမက တတိယမင်းသမီး၏ ယုံကြည်မှုကို ရယူကာ ဒုတိယမြောက်အစီအစဉ်ဖြစ်သော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဘိုးဘေးမြေအောက်ခန်းသို့ပါ သွားနိုင်မည် ဖြစ်သည်။

ထို့အပြင် သူ့အစီအစဉ်အများစုကို သူ ဆောင်ရွက်ခဲ့ပြီးပြီဖြစ်ပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပိုင်နက်သို့ ရောက်ရန် တစ်လသာ လိုတော့သည်။

သို့သော်လည်း တတိယမင်းသမီးက ထိုကဲ့သို့ နတ်လျှပ်စီးပုလဲတစ်လုံးကို တဇွတ်ထိုး ပစ်ခဲ့ပေသည်။

ဝတ်ရုံဖြူဝတ်မျိုးနွယ်ဝင်မှာ ခံစားချက်များဖြင့် သက်ပြင်းချလိုက်ရင်း ရုတ်တရက် သူ့နှုတ်မှ တအံ့တသြ ရေရွတ်သံ ထွက်သွားကာ ပင်လယ်ပြင်ကို စူးစိုက်ကြည့်လိုက်သည်။

ရွှီချင်း၏ အရှိန်အဝါ ပျောက်ကွယ်သွားခဲ့ပြီး သူတို့နောက်သို့ ဆက်မလိုက်တော့သည်ကို သူ အာရုံခံမိလိုက်သည်။

“ ဘယ်လိုဖြစ်တာတုံး၊ ဒီကလေးရဲ့ စရိုက် ပြောင်းလဲသွားတာလား။ ဒါမှမဟုတ် တခြားအရေးကြီးတာ ရှိနေလို့လား ”

ဝတ်ရုံဖြူဝတ်မျိုးနွယ်ဝင် တအံ့တသြ ဖြစ်နေပြီး အချိန်အတော်ကြာ စူးစမ်းပြီးနောက် သင်္ဘောကို အဝေးသို့ ခုတ်မောင်းလိုက်သည်။ နောက်ထပ်သုံးရက် ကုန်လွန်သွားပြီးနောက် သူတို့နောက်သို့ ရွှီချင်း မလိုက်တော့ကြောင်း သူ အတည်ပြုလိုက်သည်။

“ ထူးဆန်းလိုက်တာ ”

သူ သိချင်စိတ်ဖြစ်နေပါသော်လည်း စိတ်သက်သာရာရသွားကာ သက်ပြင်းသာ ချလိုက်သည်။ အဏ္ဏဝါမျိုးနွယ်သို့ သွားမည့် သူ၏အစီအစဉ်အား ရွှီချင်း သိသွားမည်ကို သူ ကြောက်လန့်၍ မဟုတ်ဘဲ ရွှီချင်းအဖြစ် ဟန်ဆောင်ထားသည်ကို သိသွားမည်ဖြစ်၍ သူ လိပ်ပြာမလုံသလို ခံစားနေရခြင်းသာ ဖြစ်သည်။

‘ ကိစ္စမရှိပါဘူး။ ငါ သူ့ဖို့ တာအိုလက်တွဲဖော် ရှာပေးတာပဲ။ ဒါ ကောင်းမွန်တဲ့ လုပ်ရပ်ပဲလေ။ အထက်လူကြီးတစ်ယောက်အနေနဲ့ ကိုယ့်လက်အောက်ငယ်သားရဲ့ ကိုယ်ရေးကိုယ်တာကို ဂရုစိုက်ပေးပြီး တာအိုလက်တွဲဖော်ရှာပေးတာ သူ ငါ့ကို ကျေးဇူးတောင်တင်သင့်တယ် ’

ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ ချောင်းဟန့်လိုက်သည်။ ထိုသို့ သူ တွေးလေလေ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလာရလေလေပင်။ သို့သော်လည်း သင်္ဘောကို အရှိန်တင်ရန် သူ အမိန့်ပေးလိုက်သေး၏။

အမှန်စင်စစ် ရွှီချင်း၏ ပင်လယ်ဖွတ်မှော်သင်္ဘောက နောက်မှထပ်ကြပ်မကွာ လိုက်နေဆဲပင်။

အရိပ်က မှော်သင်္ဘောကို လွှမ်းခြုံထားသည့်အတွက်ကြောင့်သာ အာရုံမခံမိခြင်း ဖြစ်သည်။

ပြီးခဲ့သည့်သုံးရက်အကြာက သင်္ဘောပျံများနောက်သို့ သူ တရှိုက်မတ်မတ် လိုက်နေစဉ် သူ့ကို ရှာတွေ့သွားသကဲ့သို့ ခံစားမိခဲ့သည်။ ထို့ကြောင့် သူ ထွက်သွားသည့်အလား ဟန်ဆောင်ခဲ့သည်။ အမှန်တွင် သူသည် သင်္ဘောကို လွှမ်းခြုံရန် အရိပ်ကို တိတ်ဆိတ်စွာ ထိန်းချုပ်ခဲ့ပြီး တားမြစ်ပင်လယ်ထဲမှ ဓာတ်နှောများနှင့် သင်္ဘော၏ အရှိန်အဝါကို ပေါင်းစပ်ခဲ့သည်။

ထို့နောက် သူ ဆက်လက်နောက်ယောင်ခံလိုက်ခဲ့သည်။ ယခုတစ်ခေါက်တွင် သူ့ကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ သူ မခံစားရတော့ပေ။

ယင်းကိစ္စကြောင့်လည်း တချို့အချက်များကို သူ သိလာရသည်။ ဥပမာအနေဖြင့် သင်္ဘောပျံသုံးစင်းပေါ်တွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူ မရှိနိုင်ချေ များသည်။ သက်စောင့်မီးလုံးသုံးလုံးနှင့် ကျင့်ကြံသူလည်း မရှိနိုင်ပေ။

ထိုသို့မဟုတ်ပါက ပြီးခဲ့သည့်သုံးရက်အကြာက သူ့အရှိန်အဝါကို အာရုံခံမိလိုက်သည်နှင့် ချက်ချင်း တိုက်ခိုက်လိုက်မည် မဟုတ်ပါလား။ သူ့ကို ထွက်သွားခွင့်ပြုမည် မဟုတ်ပေ။

ထိုသုံးရက်တာအတောအတွင်း တခြားအရာများကိုလည်း ရွှီချင်း စစ်ဆေးတွေ့ရှိလာသည်။ ပထမဦးစွာ သူ၏ စေ့စပ်သေချာသော စောင့်ကြည့်ခြင်းမှတစ်ဆင့် သင်္ဘောပျံသုံးစင်းအား ဖုံးကွယ်ထားသည်ကို ဖောက်ထွင်း၍ မြင်ခဲ့ရသည်။

ဒုတိယအနေဖြင့် ထိုသင်္ဘောများ၏ အမြန်နှုန်း တိုးလာခြင်း ဖြစ်သည်။

ယင်းအချက်များကြောင့် ထိုသင်္ဘောသုံးစင်းပေါ်၌ ကျင့်ကြံခြင်းအဆင့်မြင့်မားသော ထိပ်သီးကျင့်ကြံသူများ ရှိမနေနိုင်ကြောင်း ရွှီချင်းမှာ ရှစ်ဆယ်ရာခိုင်နှုန်း သေချာနေသည်။

“ ဒီလိုဆိုရင် …”

ရွှီချင်း၏ မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များဖြင့် ဝင်းလက်သွားသည်။ တစ်ဖက်တွင် ပုလဲနက်ကြောင့် သူ ဒေါသထွက်နေရသည်ဖြစ်ပြီး တခြားတစ်ဖက်တွင် သူ၏ဓမ္မတံခါးများအား ဖွင့်ပေးရန် လိုအပ်သော အာဟာရများကို မြင်နေရသည်။ သို့ဖြစ်ပေရာ ထိုသင်္ဘောသုံးစင်းကို သူ လက်လွှတ်ပေးစရာ အကြောင်း မရှိတော့ပေ။

ယင်းအပြင် ပုလဲနက်ကြောင့် ကျင်းဝူလျန့်ဝမ့်လင်ပညာရပ်၏ အဆင့်တက်ခြင်း နှောင့်နှေးသွားခဲ့ရပေရာ နောက်ဆုံးအားဖြည့်ခြင်းအနေဖြင့် သူ့ကို ကူညီပေးရန် သူတို့၌ တာဝန်ရှိပေသည်။

ထိုအခါမှသာ တရားမျှတပြီး အကျိုးသင့်အကြောင်းသင့်ရှိမည် ဖြစ်သည်။

တတိယမြောက်ည၌ ကောင်းကင်ကြီး မှောင်မည်းပြီး လရောင် ဖျော့တော့စွာ ကျရောက်သောအခါသမယတွင် ပင်လယ်အောက်ရှိ မှော်သင်္ဘောပေါ် ရပ်နေသော ရွှီချင်းသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်၍ အောက်သို့ ဖိချလိုက်သည်။

ဓမ္မသင်္ဘောတစ်ခုလုံး တဝီဝီမြည်သွားသည်။ ပင်လယ်ဖွတ်ကြီး၏ အတောင်ပံများ ပြန့်ကားသွားပြီး ပေရာကျော်ရှည်သော ကိုယ်ထည်က ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ တဟုန်ထိုး ပြေးသွားသည်။

ပင်လယ်ဖွတ်ကြီးသည် ပင်လယ်ရေပြင်ကို ထိုးခွဲ၍ ဝေဟင်ပြင်သို့ ပျံသန်းသွားသည့်အခိုက် ပါးစပ်ကြီးကို ဖွင့်လိုက်သည်။ ၎င်း၏ကိုယ်ထည်တစ်ခုလုံး ရွှေရောင်ဝင်းလက်သွားပြီး ထိုရွှေရောင်အလင်းများ စုစည်းသွားကာ ၎င်း၏ ပါးစပ်မှတစ်ဆင့် အဝေးသို့ ပစ်လွင့်သွားသည်။

ထိုရွှေရောင်အလင်းတန်းသည် ပင်လယ်ဖွတ်မှော်သင်္ဘောထဲတွင် ကိန်းအောင်းနေသော နတ်တန်ခိုးများကို စုစည်းလိုက်သည့် တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။

ထိုနတ်တိုက်ကွက်ပေါ်လာသည်နှင့် ကောင်းကင်ကြီး အရောင်ပြောင်းကာ လေပြင်းများ တိုက်ခတ်လာသည်။

မှောင်မည်းသော ညကောင်းကင်ပြင်ကြီးမှာ ရွှေရောင်အလင်းများဖြင့် ပြိုးပြိုးပြက်ပြက်ဝင်းလက်သွားသည်။ ထိုအလင်းတန်းက သင်္ဘောပျံသုံးစင်းအနက် ဒုတိယမြောက်တစ်စင်းထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

ရွှေရောင်အလင်းတန်းက ပစ်မှတ်ကို ချက်ချင်း ထိမှန်သွားပြီး သင်္ဘောပျံ၏ အကာအကွယ် မည်မျှပင် ကောင်းမွန်ခိုင်ခံနေပါစေ အသုံးမဝင်ပေ။ မျက်တောင်တစ်ချက်ခတ်အတွင်း ရွှေရောင်အလင်းတန်းက အကာအကွယ်အလွှာကို ထိုးဖောက်၍ သင်္ဘောပျံကို ထိုးခွင်းသွားသည်။

သင်္ဘောတစ်ခုလုံး အရှိန်ပြင်းစွာ တုန်ခါသွားသည်။ ထိုသင်္ဘော၏ ပုံစံ ပျက်စီးသွားသောအခါတွင် ပင်လယ်ရေမျက်နှာပြင် ပေါက်ကွဲသွားပြန်သည်။ ပင်လယ်ထဲမှ ပေသုံးထောင်ကျော်ရှည်သော ဧရာမမိုဆာဆောကြီးတစ်ကောင် ထွက်ပေါ်လာပြီး ကောင်းကင်ယံကို ဟိန်းဟောက်မာန်ဖီကာ ရှေ့ဆုံးမှ ပထမသင်္ဘောပျံကို ကြမ်းတမ်းစွာ ရိုက်ခတ်လိုက်သည်။

တချိန်တည်းမှာပင် ရွှီချင်းသည်လည်း မှော်သင်္ဘောပေါ်မှ ခုန်ဆင်းလိုက်ပြီး သူ့ကိုယ်ထဲမှ သက်စောင့်မီးအိမ်ကို ထွန်းညှိလိုက်သည်။ သူ့တစ်ကိုယ်လုံး မီးတောက်များဖြင့် တဟုန်းဟုန်း တောက်လောင်လာပြီး သူ့အမြန်နှုန်းသည်လည်း တမုဟုတ်ချင်း ကြောက်ခမန်းလိလိ မြန်ဆန်သွားကာ နောက်ဆုံးသင်္ဘောပျံဆီသို့ သူ တန်းတန်းမတ်မတ် သွားလိုက်သည်။

အရိပ်နှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့မှာမူ နတ်တိုက်ကွက်ကြောင့် ပျက်စီးသွားခဲ့သော ဒုတိယမြောက်သင်္ဘောပျံဆီသို့ ဝင်ရောက်သွားကြသည်။

ထိုအခြင်းအရာအားလုံးသည် ဖော်ပြရသည်သာ ကြာပါသော်လည်း အမှန်စင်စစ် မျက်တောင်တစ်ချက်ခတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

တခဏလေးအတွင်း ကောင်းကင်ကြီး တဝုန်းဝုန်း မြည်ဟည်းသွားပြီး ရွှီချင်းမှာ တတိယမြောက်သင်္ဘောပျံဆီသို့ ချက်ချင်း ရောက်သွားသည်။

သူက အနီးသို့ ရောက်သည်နှင့် သင်္ဘောပျံ၏ အကာအကွယ်ကို ထိုးနှက်လိုက်သည်။

တဖျစ်ဖျစ်မြည်သံများ အဖက်ဖက်သို့ လွင့်ပျံသွားပြီး အကာအကွယ်အလွှာတစ်လျှောက် အက်ကွဲကြောင်းများ ပေါ်လာသည်။ ထို့နောက် အကာအကွယ်အလွှာ ပျက်စီးသွားကာ သင်္ဘောပျံပေါ်သို့ ရွှီချင်း ခုန်ဝင်သွားသည်။

သင်္ဘောပျံပေါ်တွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်သုံးဆယ်ကျော်ရှိသည်။ ထိုမျိုးနွယ်ဝင်များအနက် သက်စောင့်မီးလုံးတစ်လုံး ဖော်ထုတ်နိုင်သော အစောပိုင်းအခြေတည်အဆင့် ကျင့်ကြံသူမှလွဲ၍ သက်စောင့်မီးတောက်များကို မထုတ်ဖော်နိုင်သော အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်သာ ရှိသည်။ ကျန်မျိုးနွယ်ဝင်များမှာ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်သည်။

ထိုအချိန်၌ ထိုမျိုးနွယ်ဝင်များအားလုံး ကြောက်လန့်တုန်ရီနေကြပြီး သူတို့၏ လှုပ်ရှားမှုများ အလွန် နှေးကွေးသွားသည်။ အစောပိုင်းအခြေတည်အဆင့် ကျင့်ကြံသူသည်ပင် အလန့်တကြားဖြင့်သာ သက်စောင့်မီးလုံးကို ထွန်းညှိလိုက်နိုင်သည်။

ရွှီချင်းသည် အေးတိအေးစက်ဝေ့ကြည့်လိုက်ပြီး မရပ်နားဘဲ တစ်လှမ်းတိုးလိုက်ရာ သက်စောင့်မီးလုံးကို ထွန်းညှိပြီးသွားပြီဖြစ်သော အခြေတည်အဆင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ရှေ့သို့ ရောက်သွားသည်။

ထိုကျင့်ကြံသူမှာ တုန်လှုပ်ချောက်ချားကာ စိတ်ဓာတ်ကျသွားစဉ်မှာပင် ရွှီချင်းသည် လက်ဝါးဖြင့် ထိုကျင့်ကြံသူ၏ မျက်ခုံးမွေးနှစ်ခုကြားသို့ ဖိချလိုက်ပြီ ဖြစ်သည်။

မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ် လည်ပတ်လာခဲ့လေပြီ။

ဂီးခနဲ အော်ဟစ်သံနှင့်အတူ သူ့ကျောမှ ဆေးမှင်ကြောင်က မရေမတွက်နိုင်သော ဖီးနစ်ငှက်မွေးများအဖြစ် ပြောင်းလဲ၍ အစောပိုင်းအခြေတည်အဆင့်ကျင့်ကြံသူကို လွှမ်းခြုံလိုက်သည်။ မျက်တောင်တစ်ချက်ခတ်အတွင်း ကျင့်ကြံခြင်းအတတ်နှစ်မျိုး တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်ဖြစ်၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်မှာ အလျင်အမြန် ညှိုးနွမ်းခြောက်သွေ့သွားသည်။

သူ့ဝိညာဉ် ဆွဲနှုတ်ခံလိုက်ရပြီး သူ၏မူလသွေးသည်လည်း သန့်စင်ခံလိုက်ရသည်။

မူလသွေးမှာ အပြာရောင်လဲ့လဲ့သွေးလုံးတစ်လုံး ဖြစ်သည်။ ရွှီချင်း၏ ပတ်လည်ရှိ ဖီးနစ်ငှက်မွေးများက ထိုသွေးလုံးကို ဝါးမျိုလိုက်သောအခါ ရုတ်တရက် ရွှီချင်း၏ ခန္ဓာကိုယ် တုန်ခါသွားသည်။ သူ့နောက်ကျောပေါ်ရှိ ဆေးမှင်ကြောင်ထိုးထားသောနေရာမှာ ပြင်းထန်သော အပူငွေ့များ ထွက်ပေါ်လာသည်။

ရွှီချင်း စိတ်လှုပ်ရှားသွားသည်။ ဤဖြစ်ရပ်မတိုင်ခင်က ကျင်းဝူလျန့်ဝမ့်လင်အတတ်၏ ဒုတိယမြောက်အဆင့်ဖြစ်သော အမွေမျိုးစေ့ဖြစ်ပေါ်ရန် ဆံချည်မျှင်တစ်မျှင်စာသာ လိုတော့ပြီး ယခု အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ မူလသွေးကို ဝါးမျိုလိုက်ရသောအခါတွင် အမွေမျိုးစေ့ အသက်ဝင်သွားပြီ ဖြစ်ပေသည်။

တခဏလေးအတွင်း ရွှီချင်း၏ နောက်ကျောမှ ကောင်းကင်ဘုံကိုးထပ်ကို ဖောက်ထွင်းသွားနိုင်ဟန်တူသော စူးစူးရှရှအော်မြည်သံ ထွက်ပေါ်လာသည်။ သူ့ပတ်လည်ရှိ ဖီးနစ်ငှက်မွေးများ ချက်ချင်း လောင်ကျွမ်းသွားပြီး သူ့နောက်ကျောတွင် စုစည်းသွားကာ အနက်ရောင်မီးတောက်များအသွင် ပြောင်းလဲသွားသည်။

ရွှီချင်း၏ နောက်ကျော၌ မရေမတွက်နိုင်သော ဖီးနစ်ငှက်မွေးများ လောင်ကျွမ်းနေပြီး အနက်ရောင်မီးတောက်များစွာ စုစည်းသွားပေရာ ခမ်းနားထည်ဝါသော မီးပင်လယ်တစ်စင်းအသွင် ဖြစ်နေပေသည်။ ထိုမီးပင်လယ်က ပေရာချီရှည်လျားပြီး ဤနေရာရှိ အရာအားလုံးအပေါ်သို့ အလင်းဖြာကျနေသည်။

စူးရှသောအော်ဟစ်သံ ထပ်မံထွက်ပေါ်လာသည်။ ယခုတစ်ခေါက်တွင် ထိုအော်သံက ပို၍ ကြည်လင်ပြီး အနက်ရောင်မီးပင်လယ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုအော်သံ ထွက်ပေါ်လာသည်နှင့် ထိုအနက်ရောင်မီးပင်လယ်တစ်ခုလုံး ကောင်းကင်ယံသို့ ပျံတက်သွားကာ ပေါက်ကွဲသွားသည်။ ထို့နောက် အထဲမှ နတ်အဆင်းရှိသော ငှက်မည်းတစ်ကောင် ဖြစ်တည်လာပြီး ထိုငှက်က ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

ထိုငှက်သည် အချိန်ကို ကျော်လွန်၍ ဖြစ်တည်လာကာ မီးတောက်များထဲမှ ပေါက်ဖွားလာသည့်အလားပင်။ ငှက်၏ကိုယ်မှ ရှေးဟောင်းအငွေ့အသက်များ တဝုန်းဝုန်း ထွက်ပေါ်နေရာ ညအချိန်ဝယ် အပူငွေ့များ တပွက်ပွက်ဆူနေသကဲ့သိ့ု ခံစားရစေသည်။

အဝေးမှကြည့်ပါက ထိုနတ်ငှက်၌ ကျီးကန်းခေါင်း၊ ကြိုးကြာခန္ဓာကိုယ်၊ ဖီးနစ်အမြီးနှင့် ခြေထောက်သုံးချောင်း ရှိသည်။

ထိုနတ်ငှက်ကြီး လေပေါ်သို့ ပျံတက်သွားသည်နှင့် ၎င်း၏ခန္ဓာကိုယ်တစ်လျှောက် မီးတောက်နက်များ စီးဆင်းသွားကာ အမြီးတွင် စုစည်းသွားပြီး ထိုမှတစ်ဆင့် မီးပင်လယ်နှင့် ချိတ်ဆက်လိုက်ရာ ရင်သပ်ရှုမောဖွယ်ကောင်းသော ယပ်တောင်ပုံစံမီးတောက်တစ်ခု ဖြစ်ပေါ်လာသည်။

ယင်းမှာ အလွန် လှပပြီး နက်နဲသိမ်မွေ့ခြင်းများ ပြည့်နှက်နေသည်။

တခဏလေးအတွင်း အနက်ရောင် ရွှေကျီးကန်းက စက်ဝိုင်းပုံစံ လှည့်ပတ်ပျံသန်းကာ လေထဲတွင် ရပ်နေသော ရွှီချင်းထံ ဝင်ရောက်သွားသည်။

၎င်းက ဂီးခနဲ အော်မြည်လိုက်ပြီး ရွှီချင်းအနားသို့ ရောက်သွားကာ ကခုန်နေသည့်အလား လှည့်ပတ်ပျံသန်းလိုက်သည်။

ထိုငှက်ပျံသန်းသွားသည့်နေရာတိုင်း မီးလှိုင်းများ ဖြစ်ပေါ်သွားလေရာ ရွှီချင်း၏ မျက်နှာကို ရောင်ပြန်ဟပ်သွားသည်။ ထို့နောက် ငှက်က ရွှီချင်း၏ အောက်သို့ ပျံသန်းသွားသည်။

ထိုအချိန်၌ ကောင်းကင်ဝေဟင်ပြင်ရှိ သင်္ဘောပျံသုံးစင်းပေါ်မှ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အားလုံးနီးပါး ရိုးတွင်းခြင်ဆီတိုင်အောင် တုန်လှုပ်နေကြသည်။ ရွှီချင်းကို ကြည့်လိုက်သည့်အခါ သူတို့မျက်လုံးများမှ တစ်ခါမှ မကြုံဖူးသော နာကျင်မှုကို ခံစားလိုက်ရသည်။

အနက်ရောင်ရွှေကျီးကန်း၏ စူးရှသောအော်မြည်သံများနှင့် လှည့်ပတ်ပျံသန်းခြင်းများအကြားတွင် ရွှီချင်းသည် တည့်တည့်စိုက်ကြည့်၍ မရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားသည့်အလားပင်။

All Chapters