← Chapters

အရှိုက်ကို တည့်တည့်ထိုးမိသွားပါသော ( ၁ )

Vol. 17 Ch. 255

အရှိုက်ကို တည့်တည့်ထိုးမိသွားပါသော ( ၁ )

Vol. 17 Ch. 255

ရှေ့ဆုံးမှ ပထမမြောက်သင်္ဘောပေါ်၌ တတိယမင်းသမီးသည် မျက်လုံးများ ပြူးကျယ်ကာ တဆစ်ဆစ် နာကျင်နေပြီး မျက်လုံးများမှ မျက်ရည်များ စီးကျလာသည့်တိုင်အောင် ဘေးပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်ရစေရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

ဤလောကကြီးပေါ်ရှိ ရင်သပ်ရှုမောဖွယ်ရာအကောင်းဆုံး မြင်ကွင်းတစ်ရပ်အား ကြည့်နေသည့်အလား သူမ၏မျက်နှာတွင် ရူးသွပ်စွဲလမ်းသောအမူအရာတစ်ခု ရှိနေသည်။

ဘေးရှိ ဝတ်ရံဖြူဝတ်ကျင့်ကြံသူသည်လည်း အတန်ငယ် ဆွံ့နေသည်။ ရွှီချင်းကို သူ ကြည့်နေရင်း သူ့စိတ်ထဲတွင် အရေးပေါ်ခံစားချက်များ ပြင်းပြင်းပြပြ ဖြစ်လာသည်။

‘ မင်းမေဘ … ဒီကလေးက ဘာလို့ ပိုအစွမ်းထက်လာရပြန်တာတုံး။ ဒီရွှေကျီးကန်းက … အဲဒါ တားမြစ်ပင်လယ်ထဲမှာ နာမည်ကြီးနေတဲ့ ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအတတ်မလား ’

ထိုအတွေးနှင့်အတူ ဝတ်ရုံဖြူဝတ်ကျင့်ကြံသူသည် တတိယမင်းသမီးအနားသို့ ချက်ချင်း ချဉ်းကပ်သွားကာ အသံကိုနှိမ့်၍ အလျင်အမြန် ပြောလိုက်သည်။

“ မင်းသမီး … ဒီကလေးက အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ ပညာရပ်တစ်မျိုးကို ကျင့်ကြံထားတာ။ အဲဒီပညာရပ်အကြောင်းကို ကျုပ် ရှေးဟောင်းစာအုပ်တစ်အုပ်ထဲမှာ တစ်ခါ ဖတ်ဖူးတယ်။ အဲဒီပညာရပ်ကို အမှောင်ကံကြမ္မာလမ်းညွှန်အတတ်လို့ ခေါ်တယ်။ အဲဒီအတတ်က သိပ်အစွမ်းထက်တာ။ ရန်သူရဲ့ နာမည်ကို သိတာနဲ့ အဲဒီအတတ်ကို ထုတ်ဖော်လိုက်ရင် ရန်သူရဲ့အသက်ကို ချက်ချင်း နှုတ်ယူနိုင်တယ်။ ခဏနေရင် ကျုပ်နာမည်ကို မင်းသမီး လုံးဝ မပြောနဲ့နော်။ အစ်ကိုလို့ပဲ ခေါ် ”

ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ အလျင်အမြန် သတိပေးနေစဉ် ဘေးပတ်လည်မှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ရွှီချင်း ရောက်နေသည့် သင်္ဘောပေါ်၌ အနက်ရောင်ရွှေကျီးကန်းသည် လှည့်ပတ်ပျံသန်းကာ အမြီးကို ရိုက်ခတ်နေသည်။

ရုတ်တရက် အမြီးမီးတောက်နက်များ အဖက်ဖက်သို့ ပျံ့နှံ့သွားပြီး မီးတောက်နက်သံကြိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော မီးမြွေများပမာ သင်္ဘောကြီးတစ်ခုလုံးပေါ်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များဆီသို့ ပြေးဝင်သွားသည်။

ထိုမီးသံကြိုးများ ပစ်မှတ်များအနီးသို့ ရောက်သွားသောအခါတွင် ပစ်မှတ်များ၏ ခန္ဓာကိုယ်များကို အလျင်အမြန် ရစ်ပတ်ကာ လေထဲသို့ မြှောက်လိုက်သည်။

ကြီးမားသော ကျင့်ကြံခြင်းအဆင့် ကွာခြားချက်ကြောင့် ထိုအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ ရုန်းကန်ခြင်းမှာ အသုံးမဝင်ဘဲ သူတို့အားလုံး မီးတောက်နက်သံကြိုးများ၏ ဝန်းရံရိုက်ခတ်ခြင်းကို ခံလိုက်ရလေသည်။ ထိုသံကြိုးများကို အဝေးမှကြည့်ပါက ရွှေကျီးကန်း၏ အမြီးကြီး ဆန့်ထွက်နေသည်နှင့် ဆင်တူလှသည်။

ထိုအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များမှာ လေထဲသို့ မြှောက်ပင့်ခံထားရသည်ဖြစ်၍ စူးစူးဝါးဝါး အော်ဟစ်နေကြသည်။

သူတို့ခန္ဓာကိုယ်များ ညှိုးခြောက်လာပြီး သူတို့ကိုယ်များထဲမှ သွေးနှင့်ချီများ အဆက်မပြတ် နှုတ်ယူခံနေရသည်။ ထိုသွေးနှင့်ချီများသည် ရွှီချင်း၏ နောက်တွင် လှုပ်ရှားနေသော ရွှေကျီးကန်းထံတွင် စုစည်းသွားသည်။

ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ သူက ညာခြေထောက်ကို မြှောက်၍ အောက်သို့ နင်းချလိုက်ရာ သက်စောင့်မီးအိမ်အစွမ်းနှင့်အတူ ကြောက်ခမန်းလိလိ ခွန်အားကြောင့် သူ့ခြေထောက်အောက်ရှိ သင်္ဘောပျံမှာ ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားပြီး ကောင်းကင်ယံတွင် ပြန့်ကျဲသွားသည်။

ရွှီချင်း၏ ခရမ်းရောင်တာအိုဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး ဆံပင်ရှည်များက လေနှင့်အတူ ကခုန်နေသည်။ သူ့ကျောမှ အနက်ရောင်ရွှေကျီးကန်း ပျံတက်လာပြီး သူ့ကို လွှမ်းခြုံသွားသည်။

ယပ်တောင်ပုံစံအမြီးမီးတောက်များကြောင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်နေပေရာ မီးတောက်နက်သံကြိုးများဖြင့် ရစ်ပတ်ခြင်း ခံထားရသည့် ခြောက်ကပ်ကပ်အလောင်းများစွာ ရှိနေသည်ကို မြင်နိုင်သည်။

ရွှီချင်း၏ မိစ္ဆာဆန်သောမျက်နှာသွင်ပြင်ကြောင့် ယခုအချိန်တွင် ရွှီချင်းကို မြင်လိုက်ရသည့်မည်သူမဆို မိစ္ဆာတစ်ကောင်အား မျက်ဝါးထင်ထင် မြင်နေရသည့်အလား ခံစားသွားရမည် ဖြစ်သည်။

တတိယမင်းသမီး၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းများဖြင့် ဝင်းလက်နေသည်။ ထိုကဲ့သို့ လူတစ်ယောက်ကို သူမ တစ်ခါမှ မမြင်ခဲ့ဖူးပေ။

သို့သော် ရွှီချင်းသည် ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သာ ရှိသေးသော တတိယမင်းသမီးကို ဂရုမစိုက်ပေ။ သူ့အကြည့်က မင်းသမီးကို ကျော်၍ ဘေးရှိ ဝတ်ရုံဖြူဝတ်ကျင့်ကြံသူအပေါ် ကျရောက်သွားသည်။

လက်တစ်ဖက်ဖြင့် မိုဆာဆောကို ချုပ်နှောင်နေသော ဝတ်ရုံဖြူဝတ်ကျင့်ကြံသူသည်လည်း ရွှီချင်းကို လှည့်ကြည့်လာသည်။

ရွှီချင်းက သူ့ကို ကြည့်ကာ ငြိမ်သက်နေသည်။

ဝတ်ရုံဖြူဝတ်ကျင့်ကြံသူသည်လည်း ရွှီချင်းကို အနည်းငယ် ရှက်ကို့ရှက်ကန်း ခံစားနေရလျက် ကြည့်နေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ထူးဆန်းစွာ ဖြစ်တည်လာသည့်အချိန်မှာပင် ရုတ်တရက် ကြက်သီးထဖွယ် ရယ်မောသံ လွင့်ပျံလာသည်။ ထိုရယ်သံ ထွက်လာရာသို့ လူအားလုံး ချက်ချင်း အကြည့်ရောက်သွားသည်။

ယင်းအသံသည် ဒုတိယမြောက်သင်္ဘောမှ လာနေခြင်း ဖြစ်သည်။ ရွှီချင်း လှမ်းကြည့်လိုက်သည့်အခါ ထိုသင်္ဘောပေါ်တွင် လျှပ်စီးတန်းတစ်ခု တရွှီရွှီမြည်ကာ ပျံသန်းနေသည်ကို မြင်လိုက်ရသည်။

ယင်းသည် သံတုတ်နက်လေး ဖြစ်သည်။

ထိုသံတုတ်နက်လေးထဲတွင် လျှပ်စီးများဖြင့် ပြည့်နှက်နေပြီး အဆက်မပြတ် စီးဆင်းနေသည်။ အချိန်တိုင်း ထိုသံတုတ်နက်လေးမှ လျှပ်စီးများ ခုန်ထွက်လာကာ အရပ်မျက်နှာအနှံ့သို့ လွင့်ပျံသွားသည်။

တချိန်တည်းမှာပင် သံတုတ်နက်လေးပေါ်တွင် ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသော လျှပ်စီးကမ္ပည်းစာများလည်း ရှိနေသည်။ ထိုကမ္ပည်းစာတိုင်း တာအိုအနှစ်သာရများ ကိန်းအောင်းနေပေရာ ထိုသံတုတ်နက်လေးကို အထွတ်အထိပ် ရတနာတစ်ပါးအလား နှိုင်းယှဉ်၍ မရအောင် ခမ်းနားသွားစေသည်။

အမှန်စင်စစ် ထိုသံတုတ်နက်လေးကို ပိုင်ဆိုင်လိုက်ရသည့် မည်သူမဆို မစွန့်ပစ်ရက်အောင် ဖြစ်နေမည်သာ ဖြစ်ပေသည်။

ထိုသံတုတ်နက်လေးကို တွဲထားသော ခေါင်းလောင်းတစ်လုံး ရှိသည်။ လျှပ်စီးများကြောင့် ထိုခေါင်းလောင်းလေးမှာ ပို၍ တိုးတက်လာနေပြီး ထိုခေါင်းလောင်းပေါ်တွင် ဝိညာဉ်အမြောက်အမြားကို ချုပ်နှောင်ထားသည်။ ထိုဝိညာဉ်များသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ ဝိညာဉ်များဖြစ်ပြီး ထိုဝိညာဉ်များအားလုံး နာကျင်စွာ အော်ဟစ်နေကြပါသော်လည်း မလွတ်မြောက်နိုင်ကြပေ။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အလွန် အမြော်အမြင် ရှိပေသည်။ ရွှီချင်းက ဝိညာဉ်များ လိုအပ်နေသည်ကို သိထား၍ ဒုတိယသင်္ဘောပေါ်သို့ သူ ရောက်သည်နှင့် လျှပ်စီးဝိညာဉ်ခန္ဓာကို အားကိုးကာ ဝိညာဉ်ခေါ်သံခေါင်းလောင်းဖြင့် ဝိညာဉ်များကို စုပ်ယူ၍ လျှပ်စီးနှင့် ၎င်းတို့ကို ချုပ်နှောင်လိုက်သည်။

ထိုနည်းအားဖြင့် သူ၏တွေးခေါ်မြော်မြင်နိုင်စွမ်းကို ထုတ်ပြလိုက်သည်သာမက သူ၏ခွန်အားကိုလည်း ထုတ်ပြရာ ရောက်ပေသည်။

ထူးဆန်းစွာ ရယ်မောနေသည်မှာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး မဖြစ်နိုင်ကြောင်း သိသာပေသည်။

ထိုအချိန်၌ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနောက်ရှိ အခန်းထဲမှ လူရိပ်တစ်ရိပ် ထွက်လာသည်။

ထိုလူသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှဖြစ်သည်။ သူ့ကိုယ်ထဲမှာလည်း သက်စောင့်မီးလုံးတစ်လုံး တဟုန်းဟုန်း တောက်လောင်နေသည်။ သူသည် သက်လယ်ပိုင်းအရွယ်လူသားတစ်ယောက်နှင့် ဆင်တူပြီး ပိန်လှီခြောက်ကပ်သော ခန္ဓာကိုယ်ရှိကာ သူ့ကိုယ်ပေါ်မှာလည်း အနီရောင်အရာများ သိသိသာသာ ရှိနေသည်။

သူသည် စုတ်ပြတ်နေသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့နှုတ်ခမ်းက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ကွေးညွှတ်နေသည်။ သူသည် လျှောက်လာနေရင်း သွေးအေးစွာ ရယ်သွမ်းသွေးလိုက်သည်။

သို့သော်လည်း သူ့ကို ကြည့်ရသည်မှာ ထူးဆန်းနေ၏။

အဘယ်ကြောင့်ဆိုသော် သူသည် ယခုမှ လမ်းလျှောက်သင်နေရသည့်အလား သူ့ခြေလှမ်းများ အနည်းငယ် ဟန်ချက်မညီ ဖြစ်နေသည်။ တချိန်တည်းမှာပင် သူ့အမူအရာက ဝင့်ကြွားဟန် ရှိနေပါသော်လည်း သူ့မျက်လုံးများထဲတွင် အကြောက်တရားများ ပေါ်လွင်နေ၏။

ယင်းအကြောက်တရားများသည် အလွန် ပြင်းထန်နေပေရာ သူ့အမူအရာနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ထူးဆန်းသော မြင်ကွင်းတစ်ရပ် ဖြစ်လာရတော့သည်။

သူသည် သင်္ဘောအစွန်သို့ လျှောက်သွားကာ လက်ရန်းပေါ်တွင် မတ်တတ်ရပ်လိုက်သည်။

သူသည် ပထမသင်္ဘောပေါ်ရှိ ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၊ တတိယမင်းသမီးနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအားလုံးကို အထင်သေးစွာ ကြည့်လိုက်သည်။ ရွှီချင်းထံ အကြည့်ရောက်သွားသောအခါ သူ၏အမူအရာက တည်ကြည်သွားသည်။ ရွှီချင်းရှေ့တွင် သူသည် လေးစားသောအမူအရာဖြင့် ဒူးတစ်ဖက် ထောက်လိုက်သည်။

ပြီးသည်နှင့် လက်နှစ်ဖက်ကို မြှောက်၍ လည်ပင်းပေါ်တွင် တင်ကာ လည်ပင်းကို အညှာအတာကင်းမဲ့စွာ လိမ်ချိုးလိုက်သည်။

ထိုလူ၏ ကိုယ့်လည်ပင်းကို ချိုးလိုက်ခြင်းကြောင့် ပထမသင်္ဘောပေါ်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။

All Chapters