မိုက်ရူးရဲဆန်သော အကြံအစည်
Vol. 17 Ch. 257
ရွှီချင်း၏ ကိုယ်ထဲမှ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များကို မြင်၍ ခေါင်းဆောင်မှာ ကွက်ခနဲ မျက်နှာပျက်သွားပြီး ကမန်းကတန်း ပြောလိုက်သည်။
“ သူ့ကို မသတ်နဲ့ဦး၊ ငါ သူ့ကို အသုံးချစရာ ရှိသေးတယ် ”
သူ ပြောလိုက်သည့်အခိုက်မှာပင် ရွှီချင်း၏ ခန္ဓာကိုယ် လှုပ်ရှားသွားသည်။ သူသည် အလွန် မြန်ဆန်ပြီး နားမလည်ဟန်ဆောင်နေသေးသော တတိယမင်းသမီးရှေ့သို့ ရိပ်ခနဲ ရောက်သွားသည်။ တတိယမင်းသမီး၏ အသက်ရှူသံများ ရပ်သွားစဉ် ရွှီချင်းသည် မင်းသမီး၏ ပါးကို ရိုက်လိုက်သည်။
တတိယမင်းသမီးသည် သွေးတစ်ပွက်အန်ကာ ကြိုးပြတ်သွားသော စွန်အလား သင်္ဘောဘေးနံရံနှင့် ရိုက်သွားသည်။ သင်္ဘောနံရံ ပျက်စီးသွားပြီး မင်းသမီး၏ ခန္ဓာကိုယ်သည်လည်း ဝုန်းခနဲ လွင့်သွားသည်။
ထို့နောက် ရွှီချင်းနောက်ရှိ ရွှေကျီးကန်း၏ အမြီးမှ သံကြိုးနက်တစ်ချောင်း ရှည်ထွက်လာကာ မင်းသမီးကို ချက်ချင်း ရစ်ပတ်လိုက်ပြီး သင်္ဘောပေါ်သို့ ဆတ်ခနဲ ဆောင့်ဆွဲကာ ခေါင်းဆောင်ရှေ့သို့ ပစ်လိုက်သည်။
မင်းသမီးကို ရွှီချင်း မသတ်ပေ။ သူသာ သတ်ချင်စိတ်ရှိပါက အစောကတည်းက လက်ဝါးရိုက်ချက်ဖြင့်ပင် သတ်ပစ်ပြီးပြီ ဖြစ်သည်။ မင်းသမီး၏ သိုလှောင်အိတ်ကိုမူ သူ ယူလိုက်သည်။
မင်းသမီး ပြန်ကျသွားသောအခါ နောက်ထပ်သွေးတစ်ပွက်အန်လိုက်သည်။ သူမ၏ကိုယ်မှ အရိုးတစ်ဝက်ကျော် ကျိုးသွားပြီ ဖြစ်သည်။ သို့သော်လည်း သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့စိတ် စိုးစဉ်းမျှ ရှိမနေပေ။ သူမက သွေးအန်လိုက်ရင်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
“ သူက ရှင့်နာမည်ကို သုံးပြီး လျှောက်လုပ်နေတာကို ရှင် ဗွေမယူဘူးလား။ ဘာလို့ သူ့ကို မရိုက်ဘဲ ကျမကို ရိုက်ရတာတုံး ”
“ ဒါက အပြင်လူတွေနဲ့ မဆိုင်တဲ့ ငါတို့ ညီအစ်ကိုတွေကြားက ကိစ္စဖြစ်လို့ပဲ။ မင်းလို အပြင်လူတစ်ယောက်က သံသယတွေဖြစ်အောင် သွေးထိုးဖို့လောက်ပဲ လုပ်တတ်တာ။ သူက မင်းကို မရိုက်ရင် ဘယ်သူ့ကို ရိုက်ရမှာတုံး။ ငါသာဆိုရင်လည်း မင်းကိုပဲ ရိုက်မှာ ”
ခေါင်းဆောင်သည် သက်ပြင်းချ၍ တတိယမင်းသမီးရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက် မင်းသမီး၏ လက်တစ်ဖက်ကို မ,ကာ ပြန်လွှတ်ချလိုက်သည်။ မင်းသမီး၏ လက်က အရိုးကင်းမဲ့နေလျက် တွဲကျသွားသည်ကို မြင်သောအခါ သူ ခေါင်းယမ်းလိုက်သည်။
“ အရိုးတွေအားလုံး ကျိုးသွားပြီ။ အသက်ရှူနေသေးတာ တော်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှင်နေသေးရင် အဆင်ပြေပါတယ် ”
တတိယမင်းသမီးမှာ နားမလည်နိုင်အောင် ဖြစ်နေဆဲပင်။ ယခုကဲ့သို့ မဖြစ်သင့်ကြောင်း သူမ ခံစားနေရ၏။ သူမ ပြောရန် ပြင်လိုက်စဉ်မှာပင် ခေါင်းဆောင်က သူမကို သတိမေ့သွားအောင် ပါးရိုက်လိုက်ပြီး အထူးသိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက်မှသာ ရွှီချင်းကို သူ ကြည့်လိုက်သည်။
“ ကျုပ်နာမည်ကို ခေါင်းဆောင် သုံးခဲ့တာပေါ့ ”
အပြင်လူတစ်ယောက်မှ မရှိသောအခါတွင် ရွှီချင်းသည် ခေါင်းဆောင်ကို စူးစိုက်ကြည့်၍ ခပ်လေးလေးဖြင့် ဆိုလိုက်သည်။
“ အဲဒါ နောက်တာ၊ နောက်တာ။ ဟာ … ရွှီချင်း၊ မင်းဝိညာဉ်လက်မှတ် ကျသွားပြီ ”
ခေါင်းဆောင်သည် ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ သူသည် သင်္ဘောကြမ်းပြင်ကို ထိလိုက်ပြီး သူ့လက်ထဲတွင် ဝိညာဉ်ကျောက်တုံးတစ်ရာ တန်ကြေးရှိသော ဝိညာဉ်လက်မှတ်တစ်စောင် ပေါ်လာသည်။ သူသည် တဆစ်ဆစ်ခေါင်းကိုက်နေလျက် ဝိညာဉ်လက်မှတ်ကို ရွှီချင်းအား ပေးလိုက်သည်။
ရွှီချင်းသည် လက်မှတ်ကို မျက်နှာသေဖြင့် ယူလိုက်ပြီး ခေါင်းဆောင်ကို ဆက်၍ စူးစိုက်ကြည့်လိုက်သည်။
“ မိုးကြိုး အပစ်ခံရပါစေ ဆိုတာကကော ”
“ ဟား ဟား … ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုံး။ ဂိုဏ်းတူညီလေး၊ မင်း နားကြားလွဲတာ။ အပြင်လူတွေ ပြောတာကို မင်းမို့လို့ ယုံနေတယ်။ မင်းရဲ့ဂိုဏ်းတူအစ်ကိုလည်းဖြစ်၊ အထက်လူကြီးလည်းဖြစ်တဲ့ ငါ့လိုလူက မင်း ငါ့ကို ဝိညာဉ်ကျောက်တုံး အကြွေးပေးစရာမရှိသလိုမျိုး ဒီလိုမျိုးကိစ္စကို လုံးဝ မလုပ်တာ သေချာပါတယ်ကွာ ”
ခေါင်းဆောင်က လေးနက်တည်ကြည်စွာ ပြောသည်။
“ ယောက်ျားလေးအရုပ်ကကော ”
ရွှီချင်းက ဆက်မေးလိုက်သည်။
ခေါင်းဆောင် သက်ပြင်းချလိုက်သည်။
ရွှီချင်းက ခေါင်းဆောင်ကို စူးစိုက်ကြည့်နေ၏။
အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်က နဖူးကို ပိတ်ရိုက်လိုက်ပြီး ရုတ်တရက် ထူးဆန်းစွာ ဆိုလိုက်သည်။
“ ရွှီချင်း၊ အဲဒီကိစ္စ ခဏထားလိုက်ဦး။ ငါ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်လို ရုပ်ဖျက်ပြီး ဒီကို လာခဲ့တာက အဆင့်မြင့်အလောင်းနှလုံးသား ရဖို့ပဲ ”
“ ဒါပေမဲ့ အဲဒါက ငါ့ပထမပစ်မှတ်ပဲ ရှိသေးတယ်။ နောက်ထပ်အရေးကြီးတဲ့ ပစ်မှတ်ရှိသေးတယ်။ အစက ငါ့အခြေအနေက သိပ်မဟန်လို့ မအောင်မြင်လောက်ဘူးလို့ တွေးနေတာကွ။ ဒါပေမဲ့ ငါတို့နှစ်ယောက်သာ အတူတူတွဲလုပ်ရင် ဘာပြဿနာမှ မဖြစ်လောက်ဘူး ”
“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာ ရတနာတွေအများကြီးနဲ့ လျှို့ဝှက်နေရာတွေအများကြီး ရှိတာ မင်းသိတယ်မလား။ လျှို့ဝှက်နေရာတစ်ခုခုကို ဖျက်ဆီးပစ်လိုက်ရင် စစ်ပွဲအပေါ် သက်ရောက်မှု ဖြစ်သွားမှာပဲ။ ဒါပေမဲ့ အဲဒါက ငါတို့နဲ့ မဆိုင်ပါဘူး။ ဒီတစ်ခေါက် ငါ့ပစ်မှတ်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ အမြုတေရတနာဖြစ်တဲ့ ဘိုးဘေးရုပ်အလောင်းရုပ်ထုကိုးခုပဲ ”
“ ဒဏ္ဍာရီတွေအရတော့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က အဲဒီရုပ်ထုကိုးခုကနေ ဖြစ်လာတာတဲ့။ အဲဒီရုပ်ထုကိုးခုကို လုပ်ထားတဲ့ပစ္စည်းက ဒီလောကကြီးထဲမှာ ထူးခြားပြီး ဘာနဲ့မှ မတူဘူး ”
“ အဲဒီရုပ်ထုတွေက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပိုင်နက်ထဲမှာ ပြန့်ကျဲနေတာ။ အဲဒီရုပ်ထုတွေရှိနေတဲ့နေရာတွေကလည်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တွေ ဒဏ်ရာတွေ ကုသဖို့ မြင့်မြတ်တဲ့နယ်မြေတွေပဲ ”
“ အရေးကြီးဆုံးအချက်က အခုလောလောဆယ် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထိပ်သီးကျင့်ကြံသူတွေက စစ်မြေပြင်ကိုသွားလို့ အတွင်းပိုင်းမှာ အင်အားနည်းနေတယ်။ အရေးပေါ်အခြေအနေတချို့အတွက် ပြင်ဆင်ထားတာ ရှိပေမဲ့ မင်း သတ်တော့မလို လုပ်ခဲ့တဲ့ မိန်းကလေးက သာမန်မဟုတ်ဘူး။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က တတိယမင်းသမီးပဲ။ သူသာ ငါနဲ့အတူ လိုက်လာရင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ငါတို့ကို ချက်ချင်း သံသယဝင်မှာ မဟုတ်ဘူး။ သူတို့ သိသွားတဲ့အချိန်ရောက်ရင် အဝေးကို ငါတို့ ရောက်နေလောက်ပြီ ”
ထိုစကားများကို ပြောသောအခါ ခေါင်းဆောင်၏မျက်နှာတွင် စိတ်အားတက်ကြွခြင်းများဖြင့် ပြည့်နေသည်။ ယခင်က ရေသူမကျွန်းပေါ်တွင် ရွှီချင်း မြင်ခဲ့ဖူးသည့် အသက်နှင့် ရင်းကာ စွန့်စားသည့် ရူးသွပ်ခြင်းမျိုး သူ့မျက်လုံးများထဲ ပြန်ပေါ်လာသည်။
ခေါင်းဆောင်၏ စကားများကြောင့် ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ အလွန့်အလွန် သတ္တိရှိသောလူများသည်သာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပိုင်နက်ထဲသို့ သွားမည်ဖြစ်သည်ကို သူ ကောင်းစွာ သိသည်။
ထို့ပြင် ခေါင်းဆောင်၏ ပစ်မှတ်က ရန်သူများ အထွတ်အမြတ်ထားရာ ရတနာပစ္စည်းဖြစ်သည်။ ထိုသည်ကို ‘ သတ္တိရှိသည် ’ ဆိုသော စကားဖြင့် ဖော်ပြရန်ပင် မလုံလောက်တော့ပေ။ ယခုအချိန်တွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၌ ဘာမှမရှိသည့်တိုင်အောင် ရူးသွပ်မိုက်မဲသော လူများသည်သာ ထိုကဲ့သို့ ရူးနှမ်းသောအတွေးများကို တွေးကြပေလိမ့်မည်။
ရွှီချင်းက ခေါင်းဆောင်ကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။ ခေါင်းဆောင်၏ ရူးသွပ်ခြင်းမျိုးက မလုပ်သင့်ကြောင်း သူ ခံစားမိသည်။ အရူးတစ်ယောက်သာ ထိုကဲ့သို့ ကိစ္စရပ်မျိုး လုပ်ပေလိမ့်မည်။ ထို့ကြောင့် သူ ငြင်းဆန်ရန် ပြင်လိုက်သည်။
ခေါင်းဆောင်က စိတ်လှုပ်ရှားစွာဖြင့် ထပ်ပြောလိုက်၏။
“ ဘယ်ဘိုးဘေးရုပ်အလောင်းရုပ်ထုပဲဖြစ်ဖြစ် အံ့သြစရာကောင်းတဲ့စွမ်းအားတွေနဲ့ သိပ်သည်းထူထပ်တဲ့ နတ်အစွမ်းတွေ ရှိတယ်။ အဲဒီရုပ်ထုတွေက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တင်မဟုတ်ဘူး၊ ငါတို့ လူသားတွေအတွက်ပါ အများကြီး အကျိုးရှိတယ်။ ဓမ္မတံခါးတွေအများကြီးကို ဖွင့်ပေးနိုင်တယ်။ ရုပ်ထုတစ်ခုကို စုပ်ယူလိုက်ရင် ဓမ္မတံခါးဒါဇင်ကျော်ကို ဖွင့်တာက ငှက်ပျောသီးအခွံနွှာစားသလို လွယ်တယ်လို့ ငါ ကြားဖူးတာပဲ ”
ရွှီချင်းသည် ရင်တဒိန်းဒိန်းခုန်လာပြီး ငြင်းဆန်ရန်ပြင်ထားသည့်စကားများကို ပြန်လည်မျိုချလိုက်ရသည်။
ယခုအခါ သူသည် ဓမ္မတံခါးလေးဆယ့်ကိုးခုကို ဖွင့်ထားခဲ့ပြီးပြီဖြစ်ပြီး ငါးဆယ်မြောက် ဓမ္မတံခါးထဲတွင် အက်ကွဲကြောင်းများစွာ ရှိနေပြီဖြစ်သည်။ ထိုဓမ္မတံခါးကို ဖွင့်ရန် သိပ်မလိုတော့ပါသော်လည်း ဓမ္မတံခါးများကို ဖွင့်ရသည်မှာ ခက်ခဲသည်ထက် ခက်ခဲလာသည်။
များသောအားဖြင့် ဓမ္မတံခါးဆယ်ခုကို အဆင့်တစ်ဆင့်အဖြစ် သတ်မှတ်နိုင်သည်။ လေးဆယ်မြောက် ဓမ္မတံခါးမှ ငါးဆယ်မြောက်ဓမ္မတံခါးအထိ သက်စောင့်မီးလုံးတစ်လုံးရှိသော ကျင့်ကြံသူများကို စုပ်ယူမှသာ ဓမ္မတံခါးများကို အဆင်ပြေချောမွေ့စွာ ဖွင့်နိုင်သည်။
အမှန်စင်စစ် ရွှီချင်းသည် အလွန် မြန်ဆန်စွာ တိုးတက်နေသည်။ ဤစစ်ပွဲနှင့် မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ကြောင့်သာ မဟုတ်ပါက ရွှီချင်းအတွက် ဓမ္မတံခါးများကို ထိုမျှမြန်ဆန်စွာ ဖွင့်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
သာမန်အားဖြင့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်အတွက် သက်စောင့်မီးလုံးတစ်လုံး ဖြစ်ပေါ်ရန် ဆယ်နှစ်လိုအပ်သည်။ ဒုတိယမြောက်သက်စောင့်မီးလုံး ဖြစ်ပေါ်လာရန်အတွက်မူ နေ့စဉ် တရှိုက်မတ်မတ်ကျင့်ကြံမည်ဆိုပါက အနိမ့်ဆုံး နှစ်ပေါင်းသုံးဆယ်ကြာမည် ဖြစ်သည်။
ထို့အပြင် ထိုအတောအတွင်း အသက်ဘေးအန္တရာယ်နှင့် ဓာတ်နှောများ စုစည်းလာခြင်းကို ဖြေရှင်းရန်အချိန်လည်း ရှိသေးသည်။ ထို့ကြောင့် သက်စောင့်မီးလုံးနှစ်လုံးနှင့် ကျင့်ကြံသူများစွာ ရှိမနေခြင်း ဖြစ်သည်။
သက်စောင့်မီးလုံးသုံးလုံးသို့ ရောက်ရန်မှာ ပို၍ပင် ကြာမြင့်သည်။
‘ ငါးဆယ်ကနေ ခြောက်ဆယ် … ဝိညာဉ်စွမ်းအားတွေအများကြီး လိုမှာ သေချာတယ် ’
ရွှီချင်း တွေးတောလိုက်သည်။ သူ့ကျင့်ကြံခြင်းအဆင့်က အလွန်နှေးကွေးနေသေးသည်ဟူ၍ သူ ခံစားနေရသည်ဖြစ်၍ ခေါင်းဆောင် ပြောလိုက်သည့် ဘိုးဘေးရုပ်အလောင်းရုပ်ထုကိုးခုကို အလွန် စိတ်ဝင်စားသွားသည်။ သူ အတန်ငယ် တွေးတောပြီးနောက် တတိယမင်းသမီးကို ခေါင်းဆောင် သိမ်းဆည်းလိုက်သည့် သိုလှောင်အိတ်အား လှမ်းကြည့်လိုက်သည်။
“ ကျနော်တို့ကို သူ ကူညီမယ်လို့ မထင်ဘူး ”
“ စိတ်မပူနဲ့။ ငါ သူ့ကို အယုံသွင်းလိုက်မယ်။ ဒီတတိယမင်းသမီးက သိပ်သနားဖို့ကောင်းတာ မင်း မသိဘူး။ ထားပါ၊ ငါ့ကို ယုံလိုက်စမ်းပါ ”
ခေါင်းဆောင်က ရင်ဘတ်ကို ပုတ်ပြလိုက်သည်။
ရွှီချင်း ခေါင်းယမ်းလိုသည်။ ဤကိစ္စအောင်မြင်ရေးမှာ တတိယမင်းသမီးအပေါ် မူတည်နေပေသည်။ သူမက သဘောထားကြီးစွာဖြင့် ကူညီပေးမှသာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲသို့ အဆင့်ပြေပြေ ဝင်ရောက်နိုင်မည် ဖြစ်သည်။
ထိုအတောအတွင်း အမှားအယွင်းတစ်စုံတစ်ရာ ဖြစ်လာခဲ့ပါက သူတို့ကို စောင့်ကြိုနေသည်မှာ အဆုံးမဲ့ချေမှုန်းခြင်း ဖြစ်ပေသည်။
“ စိုးရိမ်မနေနဲ့ ”
ခေါင်းဆောင်က ရွှီချင်းကို စေ့စေ့ကြည့်ကာ တဟဲဟဲ ရယ်မောလိုက်သည်။
“ ငါ့မှာ နည်းလမ်းတစ်ခုတော့ ရှိတယ်။ မင်းက တတိယမင်းသမီးအနေနဲ့ ဟန်ဆောင်လိုက်။ တတိယမင်းသမီးရဲ့ အမူအကျင့်တွေကို ငါ ကောင်းကောင်း သိတယ်။ ငါ့လက်အနောက်ဘက်ကို သိနေသလိုမျိုး သူ့အကြောင်းကို ငါ မသိပေမဲ့ သူ စကားပြောတဲ့ပုံစံနဲ့ တခြားအမူအကျင့်တွေကို ငါ သိတယ်။ အဲဒီမျိုးနွယ်ဝင်တွေကို အကြာကြီးလှည့်စားရင် ဖိအားများနိုင်ပေမဲ့ ခဏတဖြုတ်လောက် လှည့်စားတာက ပြဿနာမဖြစ်လောက်ပါဘူး ”
“ ခေါင်းဆောင်က ဒီလောက်အများကြီး သိနေတာကို ခေါင်းဆောင်ကိုယ်တိုင်ပဲ ဟန်ဆောင်လိုက်ပါလား ”
ရွှီချင်းက မျက်ခုံးမွေးနှစ်ဖက်ကို ပင့်၍ ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ လက်ထောက်ခေါင်းဆောင်ရွှီ၊ ငါက မင်းအထက်လူကြီးနော် ”
ခေါင်းဆောင်က တည်ကြည်စွာ ပြောလိုက်သည်။
“ ယောက်ျားလေးအရုပ်ကကော … ”
ရွှီချင်းက ခွန်းတုန့်ပြန်လိုက်သည်။
ခေါင်းဆောင်က ချက်ချင်းပင် စိတ်လျော့လိုက်ပြီး သက်ပြင်းချလိုက်သည်။
“ အလောင်းအစား လုပ်ကြတာပေါ့။ ရှုံးတဲ့လူ ဟန်ဆောင်ကြေး ”
ပြောပြီးသည်နှင့် ခေါင်းဆောင်က ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုကာ ရုတ်တရက် ပင်လယ်ပြင်ပေါ် အကြည့်ရောက်သွားသည်။ ပင်လယ်ထဲတွင် မြွေတစ်ကောင် ကူးခတ်နေသည်။ ထိုမြွေသည် အသိဉာဏ်ကင်းမဲ့နေသည့်အလား သူတို့ရှိနေသည့်သင်္ဘောကို ရန်လိုသောအကြည့်ဖြင့် ကြည့်နေ၏။
“ အဲဒီမြွေကို အရင်ဆုံး သတ်နိုင်တဲ့လူ အနိုင်ပဲ ”
ခေါင်းဆောင်သည် စကားဆုံးသည်နှင့် တိုက်ခိုက်လိုက်သည်။ သက်စောင့်မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး အေးစိမ့်စိမ့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားကာ အအေးဓာတ်က ရွှီချင်းကို လွှမ်းခြုံသွားသည်။ ရွှီချင်းသည် လှစ်ခနဲ လှုပ်ရှားလိုက်ပြီး ပင်လယ်ထဲသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
တချိန်တည်းမှာပင် ပင်လယ်ပြင်တွင် ဧရာမလက်ကြီးတစ်ဖက် ပေါ်လာပြီး ပင်လယ်မြွေကို ကြမ်းတမ်းစွာ ဖမ်းဆုပ်လိုက်သည်။
ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး သူ့နောက်မှ ရွှေကျီးကန်းက စူးစူးရှရှအော်မြည်လိုက်သည်။ မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး ၎င်းသည်လည်း ခေါင်းဆောင်၏ လေအေးများကို လျစ်လျူရှု၍ ပြေးထွက်သွားသည်။
ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်ရာ ပင်လယ်ပြင်တွင် လက်ကြီးတစ်ဖက် ပေါ်လာသည်။ ထိုလက်ကြီး၏ ပစ်မှတ်သည် ပင်လယ်မြွေမဟုတ်ဘဲ ခေါင်းဆောင်၏ နတ်မန္တန်ဖြစ်ပေသည်။
လက်ကြီးနှစ်ဖက် ထိပ်တိုက်တွေ့ဆုံသွားသည်။ ရွှီချင်းနှင့် ခေါင်းဆောင်တို့ လေထဲတွင် ထိပ်တိုက် တွေ့ဆုံသွားသည်။ ထိုအချိန်၌ ဝုန်းခနဲ မြည်ဟည်းသံကြီး အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။ တချိန်တည်းမှာပင် စောစီးစွာ ပြေးထွက်သွားခဲ့သော သံတုတ်နက်လေးသည် ပင်လယ်မြွေအနီးသို့ ရောက်တော့မည် ဖြစ်သည်။
ထိုစဉ် ဘေးပတ်လည်မှ လေအေးများ ရုတ်တရက် တိုက်ခတ်လာပြီး မျက်တောင်တစ်ချက်ခတ်အတွင်း ရေခဲများဖြစ်သွားကာ သံတုတ်နက်လေးကို ချုပ်နှောင်လိုက်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ မျက်နှာပျက်သွားပြီး မလှုပ်ရှားနိုင်တော့ပေ။
ပင်လယ်မြွေအနီးမှာလည်း ရေခဲများ ပေါ်လာသည်။ ပင်လယ်မြွေ ချုပ်နှောင်ခံရတော့မည့်အချိန်တွင် ရွှေကျီးကန်းက ဂီးခနဲ စူးရှစွာ အော်မြည်လိုက်ရာ မီးပင်လယ် ထွက်ပေါ်လာသည်။ ထို့နောက် ရွှေကျီးကန်းက ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားသည်ဖြစ်၍ ရေခဲများ အရည်ပျော်သွားသည်။
ရွှီချင်းမှာမူ လက်ကိုမြှောက်၍ ကောင်းကင်ဓားမော့အား ခုတ်ချလိုက်သည်။ သူသည် သက်စောင့်မီးအိမ်ကိုလည်း ထွန်းညှိလိုက်ပြီး ကျင်းဝူလျန့်ဝမ့်လင်ပညာကြောင့် တိုးတက်မလာခင်အချိန်ကထက် အဆပေါင်းများစွာ မြန်ဆန်စွာဖြင့် လက်သီးချက် ပစ်သွင်းလိုက်သည်။
ထိုလက်သီးချက်တွင် ကြောက်ခမန်းလိလိခွန်အားများ ပါဝင်နေပေရာ သူ့ရှေ့ရှိ လေဟာနယ်ထဲတွင် လေပွေကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ထိုလက်သီးချက်က အရာအားလုံးကို ဝါးမျိုသွားစဉ် အလောင်းအဆိပ်ငွေ့များလည်း လွင့်ပျံလာသည်။
ခေါင်းဆောင်၏ မျက်လုံးများ မှေးသွားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက် ဖော်လိုက်ပါသော်လည်း ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ ထို့နောက် ရွှီချင်းက အရှိန်လျော့မသွားဘဲ တဟုန်ထိုး ပြေးဝင်သွားသည်။
“ မင်း ဘာလို့ ဒီလောက်ကြီး ပြောင်းလဲသွားရတာတုံးဟ။ အပြင်အားကလည်း ဒီအဆင့်အထိတောင် ရောက်နေပြီ။ ရွှမ်ယောက်အသွင်သဏ္ဍာန်ရော ပေါင်းလိုက်ရင် သက်စောင့်မီးလုံးသုံးလုံးအစွမ်းကိုတောင် ယှဉ်နိုင်တယ်။ ပြီးတော့ အဲဒီအလောင်းအဆိပ်က ဘာလုပ်ဖို့တုံး။ အဲဒါက ငါ့ထက်တောင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နဲ့ သွားဆင်နေသေးတယ်။ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ကလည်း တကယ် ဗိုက်ကျချက်ပဲကွာ ”
ခေါင်းဆောင်၏ မျက်လုံးများထဲ ရူးသွပ်သည့်အရိပ်အယောင်များ ပေါ်လာသည်။ သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်နှင့် ရွှီချင်းကို တတိယမင်းသမီးအဖြစ် ဟန်ဆောင်စေရန်အလို့ငှာ သူ ဆုံးဖြတ်ချက်ချလိုက်သည်။ ရုတ်တရက် သူ့မျက်လုံးများ ရွှေရောင်ဝင်းလက်သွားသည်။
ထိုရွှေရောင်အလင်းတန်းများအောက်တွင် သူ့မျက်လုံးများထဲ၌ ရွန်းဗတ်ပုံစံရွှေရောင်ကမ္ပည်းစာတစ်ခု ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှ သက်စောင့်မီးလုံးနှစ်လုံးထက် သာလွန်သော အရှိန်အဝါတစ်မျိုး ထွက်ပေါ်လာသည်။