← Chapters

ပြိုင်စံရှား အလှပဂေး

Vol. 17 Ch. 258

ပြိုင်စံရှား အလှပဂေး

Vol. 17 Ch. 258

ဒုတိယမြောက်အချုပ်အနှောင်၊ ပွင့်သွားလေပြီ။

ခေါင်းဆောင်က အလွန် ထူးဆန်းသည်။ ခေါင်းဆောင်နှင့် ပတ်သက်ပြီး ရွှီချင်း၌ ခန့်မှန်းချက်များရှိပြီး ခေါင်းဆောင်ကို သတ္တမမြောက်တောင်ထိပ်၏ ပထမမင်းသားအဖြစ်ပင် သူ ထင်နေသည်။

သို့သော်လည်း ထိုယူဆချက်များသည် ရံဖန်ရံခါ သူ့အတွေးထဲတွင် ပေါ်လာတတ်ပြီး များစွာ အရေးမပါပေ။ အဘယ်ကြောင့်ဆိုသော် ခေါင်းဆောင် မည်သူပင် ဖြစ်စေ၊ သူတို့နှစ်ယောက်ကြားရှိ သိမ်မွေ့နက်နဲသော ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိသွားမည် မဟုတ်ပေ။

ဥပမာအနေဖြင့် ထိုအချိန်၌ ခေါင်းဆောင်၏ အရှိန်အဝါ တမုဟုတ်ချင်း မြင့်တက်လာသည်ကို သူ မြင်သောအခါ သူ့မျက်လုံးများသည်လည်း ရက်စက်ကြမ်းကြုတ်သောအလင်းများဖြင့် ဝင်းလက်သွားသည်။ သူသည်လည်း မရှုံးချင်ပေ။ အမှန်စင်စစ် တတိယမင်းသမီးအဖြစ် ခေါင်းဆောင် ဟန်ဆောင်သည်ကိုပင် သူ အမှန်တကယ် မြင်ချင်နေသည်။

ခေါင်းဆောင် အရှိန်အဝါ မြင့်တက်လာသည့်အချိန်မှာပင် ရွှီချင်း၏ ခန္ဓာကိုယ်ထဲရှိ သက်စောင့်မီးအိမ်မှာ ပို၍ပင် တဟုန်းဟုန်း တောက်လောင်လာပြီး တခဏလေးအတွင်း သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ဆုံသွားပြန်သည်။

တဝုန်းဝုန်း မြည်ဟည်းသံများ ကောင်းကင်ယံတွင် လွင့်ပျံသွားသည်။ အချုပ်အနှောင်ကို ဖွင့်လိုက်ပြီဖြစ်သော ခေါင်းဆောင်၏ တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းများ ဖြာထွက်နေသည်။ ထိုအလင်းများသည် ရွှီချင်းအား နတ်အစွမ်းများကဲ့သို့ ခံစားရစေပါသော်လည်း အနည်းငယ် ကွဲပြားသည်။

နတ်အစွမ်းသည် သန့်ရှင်းစင်ကြယ်ပြီး ခေါင်းဆောင်ထံမှ အလင်းမှာ အရာအားလုံးကို ဖိနှိပ်ချုပ်ကိုင်နိုင်သည့်အလား လွှမ်းမိုးချုပ်ကိုင်သည့် ပြင်းပြင်းပြပြ အာရုံတစ်မျိုး ရှိနေသည်။

ခေါင်းဆောင်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ရွှေရောင်အလင်းပင်လယ်က လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲကာ ရွှီချင်းကို ဖိနှိပ်လိုက်သည်။

“ မင်း တတိယမင်းသမီး လုပ်ရမှာ ”

ခေါင်းဆောင်က ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။

ရွှီချင်း၏ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီကာ အဆက်မပြတ် နောက်ဆုတ်နေသည်။ အလင်းပင်လယ်၏ ဝန်းရံခံထားရခြင်းကြောင့် အလင်းပင်လယ်ထဲမှ ရူးသွပ်ခြင်းနှင့် လွှမ်းမိုးချုပ်ကိုင်ခြင်းတို့ကို သူ အာရုံခံမိလိုက်ပြီး အသက်ရှူကြပ်လုနီးပါး ဖြစ်သွားသည်။ ယင်းသည် သူ့ကျင့်ကြံခြင်းစွမ်းအား လည်ပတ်ခြင်းအပေါ်မှာပင် သက်ရောက်မှုရှိသွားပြီး သူ့ကိုယ်ထဲမှ သက်စောင့်မီးလုံးများ အရှိန်ပြင်းစွာ ယမ်းခါသွားသည်။

အဝေးမှကြည့်ပါက ရွှီချင်းသည် ရွှေရောင်အလင်းများဖြင့် ဖြစ်လာသော ဧရာမလက်ကြီး၏ တစ်ရာပုံတစ်ပုံစာထက်ပင် ငယ်နေသည်။ ထိုလက်ကြီး၏ ဖိအားအောက်၌ သူ့ခန္ဓာကိုယ် ပင်လယ်ထဲသို့ ဖိနှိပ်ခံနေရသည်။

ထိုအစွမ်းသည် ရွှီချင်း၏ အာရုံထဲရှိ သက်စောင့်မီးလုံးနှစ်လုံးထက် သာလွန်သည်။ အမှန်တတွင် ထိုလက်ကြီးကို ရှောင်တိမ်းရန် သူ လုံလောက်အောင် မမြန်ပေ။ သက်စောင့်မီးလုံးသုံးလုံး အစွမ်းဖြင့်သာ ရှောင်တိမ်းနိုင်မည်ဖြစ်သည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး တိုက်ခိုက်လိုစိတ်များဖြင့် ဝင်းလက်သွားသည်။ သူ့နဖူးကြောကြီးများ ထောင်ထလာပြီး လက်နှစ်ဖက်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် သူ့နောက်မှ စူးရှသော အော်မြည်သံ ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ မီးတောက်နက်များ တဟုန်းဟုန်း မြင့်တက်သွားသည်။ မီးတောက်နက်များထဲရှိ ရွှေကျီးကန်းက အပြင်ဘက်သို့ ခုန်ထွက်လာကာ ရွှီချင်းကို လှည့်ပတ်၍ ကောင်းကင်ကြီးအား မာန်ဖီလိုက်ကာ ရုတ်တရက် ရွှီချင်းနှင့် တစ်ထပ်တည်း ဖြစ်သွားသည်။

ရွှေကျီးကန်း၏ ခန္ဓာကိုယ်က ရွှီချင်း၏ ခန္ဓာကိုယ်ပေါ် ထပ်သွားပြီး တာအိုဝတ်ရုံကို လွှမ်းခြုံနေသည်။ ထိုတာအိုဝတ်ရုံသည် ငှက်မွေးများဖြင့် ရက်လုပ်ထားသော ဧကရာဇ်တစ်ပါး၏ ဝတ်ရုံတစ်ထည်အဖြစ် ပြောင်းလဲသွားဟန်တူသည်။ ထိုဧကရာဇ်ဝတ်ရုံက အနည်းငယ် ပုံရိပ်ယောင် ဖြစ်နေပါသော်ငြား မြင့်မြတ်သောအရှိန်အဝါတစ်မျိုး ထုတ်လွှတ်နေသေးသည်။

ရွှေကျီးကန်း၏ ခေါင်းက သရဖူတစ်ခုအဖြစ်သို့ ပြောင်းသွားကာ ရွှီချင်း၏ ခေါင်းအထက်တွင် လွင့်မျောနေပြီး အရှင်သခင်တစ်ပါး၏ အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေသည်။

ရွှေကျီးကန်း၏ ဖီးနစ်အတောင်ပံများသည်လည်း ရွှီချင်း၏ကိုယ်ပေါ်တွင် ဖဲကြိုးများ ဖြစ်လာသည်။ ဖီးနစ်ငှက်အမြီးမှ ထွက်ပေါ်နေသော မီးတောက်နက်ပင်လယ်က သူ့နောက်တွင် ခြုံထည်တစ်ထည်အဖြစ် ပြောင်းလဲသွားသည်။

အဝေးမှကြည့်ပါက လက်ရှိရွှီချင်းသည် ချောမောသောမျက်နှာနှင့် တွဲဖက်လိုက်သောအခါ ငယ်ရွယ်နုနယ်သော ဧကရာဇ်လေးတစ်ပါးနှင့် ဆင်တူသည်။

အမှန်စင်စစ် နဂါးလှည်းပေါ်တွင် သူ မြင်ခဲ့ရသည့် ရွှေကျီးကန်းဧကရာဇ်နှင့်ပင် ဆင်တူသလိုလို ရှိနေသည်။

ထိုမြင်ကွင်းကြောင့် ခေါင်းဆောင်ပင် တအံ့တသြ ဖြစ်သွားရသည်။ ရွှီချင်းသည် မျက်နှာသေဖြင့် သြဇာအာဏာရှိသောအကြည့်ဖြင့် ကြည့်ကာ ညာလက်ကို လက်သီးအဖြစ် ဆုပ်၍ အထက်ရှိ ဧရာမလက်ကြီးကို ထိုးနှက်လိုက်သည်။

ထိုလက်သီးက သူ၏သက်စောင့်မီးအိမ်စွမ်းအား၊ သက်စောင့်မီးတောက်စွမ်းအားတို့နှင့် ပေါင်းစပ်သွားပြီး ကျင်းဝူလျန့်ဝမ့်လင်အတတ်၏ ခန္ဓာနှင့်လည်း ပေါင်းစပ်သွား၏။ ထိုလက်သီးချက်က လက်ရှိတွင် သူ၏ အစွမ်းထက်ဆုံး တိုက်ကွက်ဖြစ်သည်။

လောကကြီးတုန်ရီသွားပြီး တဝုန်းဝုန်းမြည်ဟည်းသံများ အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။ ထိုလက်သီးချက်သည် ကြီးမားသည်ထက် ကြီးမားလာပြီး နောက်ဆုံး၌ ဧရာမလက်ကြီးနှင့် အရွယ်အစားအတူ ဖြစ်သွားသည်။ ယင်းက လွှမ်းမိုးချုပ်ကိုင်သော အရှိန်အဝါတစ်မျိုးကိုလည်း ထုတ်လွှတ်နေ၏။

သို့သော်လည်း ရွှီချင်း၏ လွှမ်းမိုးချုပ်ကိုင်သော အရှိန်အဝါသည် ဧကရာဇ်တစ်ပါး၏ အထင်သေးခြင်းမျိုး ဖြစ်ပြီး ခေါင်းဆောင်၏ လွှမ်းမိုးချုပ်ကိုင်ခြင်းသည် အရိုင်းအစိုင်းတစ်ကောင်၏ ရူးသွပ်ခြင်းမျိုး ဖြစ်ပေသည်။

၎င်းတို့ ထိပ်တိုက်တွေ့ဆုံသွားသောအခါ ကျယ်ကျယ်လောင်လောင် မြည်ဟည်းသွားပြီး လက်သီးနှင့် လက်ဝါး တွေ့ဆုံသည့်နေရာမှ ပြင်းထန်သော ပြန်ကန်အား ထွက်ပေါ်လာသည်။

ရွှီချင်းမှာ နောက်သို့ လိမ့်သွားကာ သွေးတစ်ပွက်အန်လိုက်ရသည်။ ကျင်းဝူလျန့်ဝမ့်လင်အတတ်မှ ဖြစ်ပေါ်လာသော ဧကရာဇ်ခန္ဓာအား သူ မထိန်းနိုင်တော့ပေ။ သူ၏ ညာလက်သီးမှာ ပြင်းထန်စွာ နာကျင်နေပြီး သူ့လက်မှာ အရိုးအဆစ်လွဲသွား၏။

ခေါင်းဆောင်သည်လည်း သွေးတစ်ပွက်အန်လိုက်ရပြီး ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားကာ နောက်သို့ လွင့်သွားသည်။ သူ့မျက်လုံးများထဲရှိ ရွန်းဗတ်ပုံစံကမ္ပည်းစာမှာ အကြိမ်အနည်းငယ် တဖျပ်ဖျပ်လက်နေပြီး မှေးမှိန်သွားသည်။ သူ့ညာလက်မှလည်း ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး သူ့လက်ကောက်ဝတ် ကျိုးသွားသည်။

ရွှီချင်းသည် အတင်းအကြပ် နောက်ဆုတ်ရင်း ညာလက်ကို အောက်သို့ဖိချကာ ကြမ်းတမ်းစွာဖြင့် အပေါ်သို့ ပြန်ဆွဲလိုက်သည်။ ဂျွတ်ခနဲ မြည်သံနှင့်အတူ အဆစ်လွဲသွားသောနေရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ခေါင်းဆောင်က ဘယ်လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းများ ဝင်းလက်သွားသည်။ သူ၏ ကျိုးသွားသော လက်ကောက်ဝတ်ကို ရွှေရောင်အလင်းများက လွှမ်းခြုံသွားပြီး အလျင်အမြန် ပြန်ကောင်းလာသည်။ သူသည် နာကျင်မှုကို ကြိတ်မှိတ်ခံကာ မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှ မဖော်ပြဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

“ ကလေး၊ မဆိုးဘူး။ ငါ့အစွမ်းရဲ့ တစ်ဆယ်ရာခိုင်နှုန်းကိုတောင် မင်းယှဉ်နိုင်နေပြီ။ ဆက်ကြိုးစားလိုက်ဦး။ ဒါနဲ့ … မင်းရှုံးသွားပြီနော် ”

ခေါင်းဆောင်သည် ပြောရင်းဆိုရင်း ပင်လယ်ပြင်ကို လှမ်းကြည့်လိုက်သည်။

ထိုအချိန်၌ ပင်လယ်ပြင်ပေါ်ရှိ သူတို့နှစ်ယောက် အလောင်းအစားလုပ်ခဲ့သည့် မြွေကို လေဟာနယ်ထဲမှ ရုတ်တရက် ဆန့်ထွက်လာသည့် လက်တစ်ဖက်က ဖမ်းဆုပ်လိုက်ပြီး ပင်လယ်ထဲမှ ဆွဲယူသွားသည်။

ခေါင်းဆောင်သည် သူ့ကိုယ်သူ ဘဝင်ခိုက်နေ၏။ ရွှီချင်းကို သူ ကြည့်ကာ တစ်ခုခု ပြောရန်ပြင်လိုက်စဉ် မြွေ၏ မျက်လုံးများထဲ ထူးဆန်းသောအလင်းတစ်ချက် ဝင်းလက်သွားသည်။ ၎င်း၏ပါးစပ် ရုတ်တရက် ပွင့်လာပြီး ၎င်း၏လည်ပင်းကို ကိုက်လိုက်သည်။

အားကုန်သုံး၍ ကိုက်လိုက်သည့်အတွက်ကြောင့် ဂျွတ်ခနဲ မြည်သံနှင့်အတူ ၎င်း၏လည်ပင်းကို ကိုက်လိုက်နိုင်သည်။ သို့သော် မြွေမှာ သေမသွားပေ။ ၎င်း၏ မျက်လုံးများထဲမှ ထူးဆန်းသော အလင်းမှာ အားကောင်းသည်ထက် အားကောင်းလာပြီး ၎င်း၏ ခန္ဓာကိုယ်ကိုပါ စားလိုက်သည်။

မြွေ၏ပါးစပ်ထဲမှ ဝါးမျိုလိုက်သော အသားများမှာ ၎င်း၏ ခေါင်းပြတ်နေသော ခန္ဓာကိုယ်ထဲမှ လျှံထွက်လာသည်။ ယင်းမှာ တုန်လှုပ်ချောက်ချားဖွယ်ရာမြင်ကွင်းပင်။

ခေါင်းဆောင် စကားမပြောနိုင်အောင် ဖြစ်သွားရသည်။ ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ ခေါင်းဆောင်၊ ကျနော် နိုင်ပြီ ”

ထိုသို့ပြောပြီးသည်နှင့် အထောက်အပံ့အနည်းငယ် မရှိတော့သည့်အလား မြွေခေါင်းမှာ တုန်ရီကာ ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။ ရွှီချင်း၏ အရိပ်က တိတ်ဆိတ်စွာ ပြန်ရောက်လာသည်။

တချိန်တည်းမှာပင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အချုပ်အနှောင်မှ လွတ်သွားသည်။

သူ ပြန်ရောက်လာပြီးနောက် ခေါင်းဆောင်ကို ဒေါသများ၊ ရှက်ရွံ့ခြင်းများဖြင့် စူးစိုက်ကြည့်လိုက်သည်။ သူ့ကိုယ်သူ ရှက်နေမိပြီး ထိုကိစ္စကြောင့် မိစ္ဆာရွှီက သူ့အား အသုံးမကျသူတစ်ယောက်ဟု ထင်သွားမည်ကို သူ စိုးရိမ်နေသည်။

အထူးသဖြင့် အရိပ်လေးက ယခုတစ်ခေါက် ကြီးမားသော စွမ်းဆောင်မှုတစ်ခု ပြုလိုက်သောအခါတွင် ဖြစ်ပေသည်။

ခေါင်းဆောင်က ပင်လယ်ပြင်ပေါ် ကျသွားသော မြွေခန္ဓာကိုယ်တစ်ပိုင်းကို စူးစိုက်ကြည့်ပြီးနောက် ရွှီချင်းကို ကြည့်လိုက်သည်။ သူက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေသောအမူအရာဖြင့် လေသံအေးအေးဖြင့် ဆိုလိုက်သည်။

“ ညီလေး၊ အစ်ကိုတို့ ဆွေးနွေးကြရအောင် …”

“ ခေါင်းဆောင် ရှုံးသွားပြီ ”

“ အမ် … မင်းဝိညာဉ်လက်မှတ် ကျသွားပြန်ပြီ ”

“ ခေါင်းဆောင် ရှုံးသွားပြီ ”

“ ငါ သိပါတယ်ကွ။ ဒါပေမဲ့ ငါ အခုမှ အဲဒီထက်ပိုကောင်းတဲ့အကြံ ရလိုက်လို့။ ငါ ထင်တာ … ”

“ ခေါင်းဆောင် … ရှုံးသွားပြီ ”

ရွှီချင်းက လေးနက်သောအမူအရာဖြင့် တစ်ခွန်းချင်း ဆိုလိုက်သည်။

ပြောပြီးသည်နှင့် သူသည် တွေးကြည့်လိုက်ပြီး မယုံကြည်နိုင်သည့်အမူအရာတစ်ခု ဆင်မြန်းလိုက်သည်။ ခေါင်းဆောင်၏ ပူးပေါင်းဆောင်ရွက်မှု ကင်းမဲ့ခြင်းကို သူ့ကို အနည်းငယ် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားစေသည့်အလားပင်။ အလောင်းအစားကို ရှုံးနိမ့်သွားပြီးနောက် ခေါင်းဆောင်အနေဖြင့် အရှုံးကို ဝန်ခံရမည် မဟုတ်ပါလား။ အကြွေးဆပ်ရမည်မှာ သဘာဝပင်။

ခေါင်းဆောင်၏ အသက်ရှူသံများ မြန်ဆန်သွားပြီး သူ့မျက်လုံးများ အနည်းငယ် နီမြန်းလာသည်။ အချိန်အတော်ကြာပြီးနောက် သူ အံတင်းတင်းကြိတ်လိုက်သည်။

“ တတိယမင်းသမီးအဖြစ် ဟန်ဆောင်ရုံလေးပဲမလား။ ရေးကြီးခွင်ကျယ်လုပ်လို့ … ခဏပဲ စောင့်နေလိုက် ”

ခေါင်းဆောင်၏ မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချလိုက်သည့် အရိပ်အယောင်များ ပေါ်လာပြီး သင်္ဘောအခန်းလေးဘက်သို့ ကြည့်ကာ တန်းတန်းမတ်မတ်သွားလိုက်သည်။

ရွှီချင်းက မျှော်လင့်တကြီး စောင့်နေပြီး သင်္ဘောပေါ် ဆင်းသက်ကာ အခန်းတံခါးကို ကြည့်လိုက်သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ တစ်နာရီကြာပြီးနောက် ရွှီချင်း စိတ်မရှည်ဖြစ်လာစဉ် အခန်းတံခါး တဖြည်းဖြည်း ပွင့်လာပြီး လှပကြော့ရှင်းသော လူရိပ်လေးတစ်ရိပ် ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာသည်။

ယင်းမှာ တတိယမင်းသမီးပင်။

အစပိုင်း၌ တတိယမင်းသမီး၏ ခြေလှမ်းများ တည်ငြိမ်နေသေးသည်။ သို့သော် အပြင်ဘက်သို့ ရောက်လာပြီးနောက် လှပနူးညံ့သောမျက်နှာဖြင့် ရွှီချင်းကို ခါးသီးစွာ ကြည့်လိုက်ပြီး ရွှီချင်း၏ ထူးဆန်းသောအမူအရာကို မြင်သွားသည်။

တတိယမင်းသမီးသည် ဒေါသစိတ်များကို ဖိနှိပ်၍ အေးစက်စက်နှာမှုတ်လိုက်သည်။ ထို့နောက် စကတ်ကို မ,လိုက်ရာ ပေါင်တံတုတ်တုတ်နှစ်ချောင်း ပေါ်လာသည်။ မင်းသမီးက ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပန်းသီးကြီးကြီးတစ်လုံးထုတ်၍ တစ်ကိုက်ကိုက်လိုက်သည်။

“ တော်လောက်ပြီ ”

ခေါင်းဆောင်၏ ရုပ်ဖျက်ခြင်းမှာ ပြီးပြည့်စုံသည်ဟု ယူဆနိုင်ပြီး သူက အလွန် လှပသည်။ မည်သို့ပင် ရွှီချင်း ကြည့်ပါစေ အမှားအယွင်းတစ်စုံတစ်ရာကို မမြင်ရပေ။ ခေါင်းဆောင်၏ ခြေထောက်များတွင် အမွေးများစွာ ရှိနေသည့်တစ်ချက်သာ ရှိသည်။

သို့သော်လည်း သွားဖြူဖြူလေးများ၊ ရွှန်းစိုတောက်ပသော မျက်လုံးများနှင့် မျက်နှာလေးအပြင် ကျောက်စိမ်းကဲ့သို့ သေးသေးသွယ်သွယ်လက်ကလေးများမှာ အလွန် တူလှသည်။ ဂိုဏ်းထဲမှ ဂိုဏ်းသူများသည်ပင် ယခုအချိန်၌ ခေါင်းဆောင်ကို မြင်လိုက်ပါက မနာလိုဖြစ်သွားကြပေမည်။

ရွှီချင်းမှာ ခေါင်းဆောင်မည်ကဲ့သို့ လုပ်လိုက်သည်ကို သိချင်စိတ်ဖြစ်သွားသည်။ အချိန်အတော်ကြာ စေ့စေ့စပ်စပ်ကြည့်ခံရပြီးနောက် ခေါင်းဆောင်မှာ စိတ်ပျက်လက်ပျက်ဖြစ်ကာ ရှက်သွားသည်။ သူက သေးသွယ်သောလက်ကလေးကို ရွှီချင်းထံ လှမ်းလိုက်သည်။

“ ငါ့ကို သိုလှောင်အိတ်ပေး ”

မကြာသေးခင်က တတိယမင်းသမီး၏ သိုလှောင်အိတ်ကို ရွှီချင်း ယူသွားခဲ့သည်။ သူက ထုတ်လိုက်ပြီး ပစ္စည်းများကို ကြမ်းပြင်ပေါ် သွန်ချလိုက်သည်။ ချက်ချင်းပင် ပစ္စည်းအမြောက်အမြား ထွက်ကျလာပြီး တောင်ပုလေးတစ်လုံးကဲ့သို့ စုပုံသွားသည်။

ပစ္စည်းအများစုက အဝတ်အစားများဖြစ်သည်။ ဝိညာဉ်ကျောက်တုံးများမှာ အများကြီး မရှိပါသော်လည်း ဓာတ်နှောများ ထူထပ်သိပ်သည်းစွာ ထုတ်လွှတ်နေသည့် ကျောက်တုံးနက်အနည်းငယ် ရှိသည်။ လက်ချောင်းအရွယ်အစားရှိသော ဖန်ပုလင်းလေးများစွာကိုလည်း ရွှီချင်း မြင်လိုက်ရသည်။

ပုလင်းတစ်လုံးစီ၌ ကမ္ပည်းစာများနှင့် ပုလဲနက်တစ်လုံးရှိသည်။ ယင်းသည် သူ၏မှော်သင်္ဘောအပြင်လွှာကို တတိယမင်းသမီး ပစ်ပေါက်ခဲ့သည့် ပစ္စည်း ဖြစ်သည်။

“ အများကြီးပဲ ”

ရွှီချင်းသည် တစ်ပုလင်းကို ယူ၍ လှည့်ပတ်ကြည့်ရှုပြီးနောက် ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။

“ အဲဒီပစ္စည်းကို ကျူယင်လျှပ်စီးလို့ခေါ်တယ်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ ထူးခြားတဲ့ တစ်ခါသုံး ဓမ္မအသုံးအဆောင်ပဲ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထိပ်သီးကျင့်ကြံသူတွေပဲ အဲဒီပစ္စည်းကို လုပ်နိုင်လို့ တခြားဒေသတွေမှာ မြင်ရခဲတယ်။ အဲဒီပစ္စည်းရဲ့တန်ဖိုးက အဲဒီပစ္စည်းရဲ့ အစွမ်းအပေါ် မူတည်တယ် ”

ခေါင်းဆောင်က ပစ္စည်းပုံများထဲ မွှေနှောက်ရှာဖွေရင်း ပြောလိုက်သည်။

“ ကျူယင်လျှပ်စီးရဲ့ အစွမ်းက အဲဒီပစ္စည်းကို လုပ်တဲ့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တွေကို လိုက်ပြီး မတူညီဘူး။ တစ်ခါက ယွမ်ယင်အဆင့်တိုက်ကွက်ကို ယှဉ်နိုင်တဲ့ ကျူယင်လျှပ်စီးကို အဏ္ဏဝါရုပ်အလောင်းဘိုးဘေး လုပ်ဖူးတယ်။ ပြီးခဲ့တဲ့နှစ်က အဲဒီပစ္စည်းကို ကျစ်ထူမှာ ဈေးကြီးကြီးနဲ့ ရောင်းလိုက်တယ်။ အဲဒီလျှပ်စီးက ထူးဆန်းတယ်။ သွေးနဲ့ မွေးမြူလိုက်ရင် ပိုပြီး အစွမ်းထက်လာတယ် ”

ခေါင်းဆောင်က ပြောရင်းဆိုရင်း လက်မှတ်တချို့ကို ထုတ်၍ ဝင့်ကြွားစွာ ပြောလိုက်သည်။

“ ဒီအဖိုးတန်ရုပ်ဖျက်ပညာကို ငါ ငွေအများကြီး ပေးပြီး ဝယ်ထားရတာ။ ဒါက ပစ်မှတ်မျိုးနွယ်ရဲ့ အရှိန်အဝါကို ပုံတူကူးချနိုင်ရုံတင်မကဘူး၊ စွမ်းအင်အငွေ့အသက်တွေကိုပါ တုပနိုင်တယ်။ ဒီတတိယမင်းသမီးကို ငါစောင့်ကြည့်နေတာ အတော်ကြာပြီ။ သူ့အကြောင်း ငါ ကောင်းကောင်း သိတယ် ”

“ ပြီးတော့ ငါတို့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို သွားမှာ။ ငါတို့ ဒီနေရာမှာ အကြာကြီး ပိတ်မိမနေရင် ဒါမှမဟုတ် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်သာ အစွမ်းကုန်သုံးပြီး မစစ်ဆေးရင် ငါတို့ အလိမ်မပေါ်ဘူး ”

ခေါင်းဆောင်က ပြောရင်းဆိုရင်း ရွှီချင်းကို လှမ်းကြည့်ကာ ဝတ်ရုံဖြူတစ်ထည်ကို ထုတ်၍ လှမ်းပစ်ပေးလိုက်သည်။ တချိန်တည်းမှာပင် ပုလင်းလေးတစ်လုံးကိုလည်း ပေးလိုက်သည်။

“ အဲဒီဝတ်ရုံကို ဝတ်လိုက်။ ပြီးရင် ပုလင်းလေးကို ဖွင့်ပြီး မင်းကိုယ်ပေါ်မှာ ထားလိုက်။ အဲဒီပုလင်းထဲကနေ အလောင်းအဆိပ်တွေ ထွက်လာလိမ့်မယ်။ အဲဒါက မင်းရဲ့အရှိန်အဝါကို ဖုံးကွယ်ပေးတယ်။ ပြီးတော့ မင်းရဲ့ရုပ်ရည်ကို နည်းနည်းပြောင်းလဲပေးတယ် ”

ရွှီချင်းသည် ဝတ်ရုံကို ဝတ်လိုက်ပြီး ပုလင်းကို ဖွင့်၍ သူ့အိတ်ထဲ ထည့်လိုက်သည်။ သူ့အရှိန်အဝါများ ချက်ချင်း ပြောင်းလဲသွားပြီး သူ့ရုပ်ရည်သည်လည်း ညှိုးခြောက်လာသည်။ အရှိန်အဝါနှင့် ရုပ်ရည်သွင်ပြင်အရ သူသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်နှင့်ျ ခြားနားခြင်း မရှိတော့ပေ။

ရွှီချင်းသည် သူ့ခန္ဓာကိုယ်အား ယခုကဲ့သို့ ပြောင်းလဲစေခဲ့သော ပုလင်းလေးကို သာမန်ကျင့်ကြံသူတစ်ယောက်က ပြုလုပ်ထားခြင်း မဟုတ်သည်ကို သိသည်။ ထို့ကြောင့် ခေါင်းဆောင်၏ ပုံမှန်မဟုတ်သော နည်းလမ်းများကို သူ အတိုင်းအတာတစ်ခုအထိ နားလည်လာရသည်။

“ မင်းက ငါ့တာအိုအစောင့်အရှောက်အနေနဲ့ ငါ့ကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဆီ ပြန်ပို့ရမှာ။ အခုကစပြီး ငါတို့က သဏ္ဍာန်လုပ်သရုပ်တူနေရမယ်။ ဘာအမှားမှ ပေါ်သွားလို့မဖြစ်ဘူး။ မင်း လက်ခံတယ်မလား ”

ခေါင်းဆောင်က အလေးအနက် ပြောလိုက်သည်။

ခေါင်းဆောင် ပြောသည်မှာ ကျိုးကြောင်းဆီလျော်၍ ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။

ရွှီချင်း ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ခေါင်းဆောင်က ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီး လှပကြော့ရှင်းသော ခါးလေးကို ဆန့်လိုက်သည်။ ပြီးသည်နှင့် ဘေးတွင် ညင်သာစွာ ထိုင်လိုက်ပြီး ခြေတံရှည်ရှည်ကို ဆန့်ထုတ်လိုက်သည်။ သူက ပန်းသီးကို ကိုက်လိုက်ရင်း သူ့ခြေထောက်ကို လှုပ်ယမ်းကာ ပျင်းရိပျင်းတွဲလေသံဖြင့် ပြောလိုက်သည်။

“ လာ လာ ချင်းလေး၊ ငါ့ခြေထောက်တွေကို နှိပ်ပေးပါဦး ”

ရွှီချင်းသည် ခေါင်းဆောင်ကို လှမ်းကြည့်လိုက်ပြီး အိတ်ထဲမှ အဆိပ်မှုန့်အနည်းငယ်ထုတ်၍ သူ့လက်နှစ်ဖက်တွင် လိမ်းရန် ပြင်လိုက်သည်။

ခေါင်းဆောင်က ခြေထောက်ကို ချက်ချင်း ရုတ်လိုက်ပြီး ရွှီချင်းအား လေးနက်တည်ကြည်သောအမူအရာဖြင့် ကြည့်လိုက်သည်။

“ ငါ အခုမှ အစီအစဉ်အကြောင်း ဆွေးနွေးရမှာကို သတိရတယ် ”

All Chapters