← Chapters

မိတ်ဆွေဆက်ဆံရေး ပျက်ပြားခြင်း

Vol. 20 Ch. 294

မိတ်ဆွေဆက်ဆံရေး ပျက်ပြားခြင်း

Vol. 20 Ch. 294

“ဒါ နင် တမင် လုပ်နေတာပဲ”

ပိုင်လင်က ရဲ့လင်းချန်ကို မကျေမနပ် ကြည့်နေသည်။

“နင် လူတောင် ဟုတ်သေးရဲ့လား၊ ဘယ်လိုလုပ် ငါ့လို မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ရတာလဲ”

“အဘိုးကြီးအန်း၊ မင်း တက္ကသိုလ်က ကျောင်းသားတွေက နှလုံးသားမရှိဘူးပဲ”

ပါမောက္ခရှဲသည်လည်း ဒေါသထွက်နေသည်။ သူက ပါမောက္ခအန်းနှင့်ပင် ရန်ဖြစ်ရန် ကြိုးစားလာလေသည်။

သူ၏ ဂုဏ်ယူရသော တပည့်မလေး ကျီစယ်ခံနေရသည်ကို သူ မကြည့်နိုင်ပါ။

“အဘိုးကြီးရှဲ၊ ဒါ တိုက်ဆိုင်သွားတာပါ၊ ဒါ တိုက်ဆိုင်တာလို့ ငါ မင်းကို အာမခံရဲပါတယ်”

ပါမောက္ခအန်းက မျက်နှာကို တည်ထားပြီး ပြုံးကာ စင်ပေါ်သို့ လှမ်းအော်ပြောလိုက်သည်။

“ကျောင်းသား ရဲ့လင်းချန် ကျေးဇူးပြုပြီး အပြုအမူကို သတိထားပေးပါ၊ အရမ်း ပြင်းပြင်းထန်ထန် မတိုက်ခိုက်ပါနဲ့”

ပဥ္စမမြောက် မေးခွန်း။

ပို်ငလင်က မေးခွန်းကို အမြန်ဖတ်၍ စိတ်ထဲ၌ လျင်မြန်စွာ တွက်ချက်နေသည်။ ယခုတစ်ခေါက်တွင် သူမ အစွမ်းကုန် တွန်းတင်၍ အမြန်ဆုံးနှုန်းဖြင့် တွက်နေသည်ဟု ခံစားမိနေသည်။

သူမ ပါးစပ်မဟခင်မှာပင် ရဲ့လင်းချန်အား တစ်ချက် ခိုးကြည့်လိုက်ပြီး မြန်မြန် ဖြေလိုက်သည်။

“ဒီမေးခွန်းရဲ့အဖြေက ၈၈၄၈”

သူမ ဖြေပြီးသည်နှင့် စိတ်အေးသလို သက်ပြင်းချလိုက်ပြီး ရဲ့လင်းချန်အား ဂုဏ်ယူစွာ လှမ်းကြည့်လေသည်။

ရဲ့လင်းချန်က သူမကို ပြုံး၍ ပြန်ပြောသည်။

“ကျောင်းသူ ပိုင်လင်၊ မင်းက အရမ်း နမော်နမဲ့ နိုင်တာပဲ၊ ဒီမေးခွန်းမှာ အဖြေနှစ်ခု ရှိတယ်၊ တစ်ခုက ၈၈၄၈ နောက်တစ်ခုက ၃၆၀၊ ရှုံးပြန်ပြီ”

“ငါ …”

ပိုင်လင် သွေးအန်လုနီးပါး ဖြစ်သွားရသည်။ ရဲ့လင်းချန်က သူမကို ဖိအား ပေးလွန်းသဖြင့် သူမ နိုင်လိုစိတ် ပြင်းပြသွားပြီး အစောတလျင် လုပ်ခဲ့မိသည်။

“ငါ ထပ်မပြိုင်တော့ဘူး၊ ငါ ထွက်တယ်”

သူမက ရဲ့လင်းချန်ကို တစ်ချက်ကြည့်ပြီး အံကြိတ်၍ ပြောလိုက်သည်။

ရဲ့လင်းချန်နှင့် ရင်ဆိုင်ပါက ဖိအားဒဏ်ကို အတော်လေး ခံရပေမည်။ သူ၏ အရည်အချင်းက တကယ်ကို သာလွန် လွန်းလှသည်။

“ဟားဟားဟား … ငါ တကယ် စိတ်မကောင်းပါဘူး၊ အဘိုးကြီးရှဲရေ၊ ဘယ်သူကမှ မင်းကို ငါတို့ ရဲ့လင်းချန်နဲ့ တွဲကျဖို့မှ မပြောထားတာ၊ အရမ်း စိတ်မကောင်း ဖြစ်မနေပါနဲ့၊ အဆင့်ဆိုတာ ဒီအတိုင်း စကားသက်သက်ပါပဲ”

ပါမောက္ခအန်းက နှစ်ထောင်းအားရစွာ ရယ်မော၍ ပါမောက္ခရှဲအား ပြောလိုက်ပြီး အလွန် ဂုဏ်ယူနေလေသည်။

“ကျစ် … မင်းတို့ ဒီတစ်ခေါက် အဲ့လို ထူးချွန်တဲ့ ကျောင်းသားမျိုး ရထားလို့ ကံကောင်းသွားတာပါကွာ”

ပါမောက္ခရှဲက မကျေမနပ် ပြောပြီး ဤနေရာ၌ ဆက်မနေချင်တော့ချေ။

နောက်ပွဲတွင် သည်းထိတ်ရင်ဖိုစရာ မရှိချေ။ ရဲ့လင်းချန်က တားဆီးမရနိုင် ဖြစ်နေပြီး သူနှင့် တွဲကျသည့် ပြိုင်ဘက်များသည် ဆိုးရွားသော သူတို့၏ ကံကိုသာ အပြစ်တင်ရပေတော့သည်။ မြို့တော်က အပြတ်အသတ်နှင့် ပထမနေရာ ရသွားလေတော့သည်။

“ကျောင်းသား ရဲ့လင်းချန်၊ ဒီနေ့ မင်းက မြို့တော်ကို ဂုဏ်တက်အောင် လုပ်ပေးခဲ့တာပဲ၊ မြို့တော်က တက္ကသိုလ်ကြီးတွေ ကိုယ်စား မင်းကို ငါ ကျေးဇူးတင်ပါတယ်”

ပါမောက္ခအန်း၊ ပါမောက္ခပိုင်နှင့် ပါမောက္ခထန်တို့က ရဲ့လင်းချန်ကို အလေးအနက် ပြောလေသည်။

“ပါမောက္ခတို့အားလုံး ပျူငှာလွန်းနေပါပြီဗျာ”

ရဲ့လင်းချန်က မပလွှားဘဲ ပြန်ပြောလိုက်သည်။

“ပြီးတော့ ဆရာမရှု၊ ဒီတစ်ခေါက်က သူ့ကျေးဇူးကြောင့်ပဲ၊ မဟုတ်ရင် ဒီလို အံ့ဩစရာကောင်းတဲ့ သင်္ချာ ပါရမီရှင်ကို ငါတို့ကြောင့် လက်လွှတ်ခံလိုက်ရမှာ၊ ဆရာမရှုမှာ စူးရှပြီး သူမတူတဲ့ အမြင် ရှိတာပဲ၊ သူက ဆရာမကောင်း တစ်ယောက်ပဲ”

ပါမောက္ခပိုင်က ထပ်ပြောသည်။

“ရဲ့လင်းချန် ငါ အရင်က မှားခဲ့တယ်၊ ငါ မင်းကို တောင်းပန်ပါတယ်”

ရှုတုန်းက စိတ်ရင်းဖြင့် တောင်းပန်စကား ဆိုသည်။

“ငါတို့ မင်းကို အရင်က အထင်သေးခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်”

ချောင်ထုံထုံနှင့် ကျန်းယွီက အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် ထရပ်ကာ ရဲ့လင်းချန်ကို ပြောလေသည်။

“ရပါတယ်”

ရဲ့လင်းချန် လက်ဝှေ့ယမ်းပြလိုက်သည်။ သူ၏အဆင့်တွင် ဤသို့ သေးငယ်သော ကိစ္စများက သူ့အတွက် ဘာမှ မဟုတ်တော့ပါ။

“ကျောင်းသား ရဲ့လင်းချန်၊ ပထမနေရာ ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ်”

ရှုဝမ်ချင်က အပြုံးနှင့် ပြောသည်။

“ဒီတစ်ခေါက် နင် မြို့တော်ကို အောင်မြင်မှုကြီး ရအောင် လုပ်ပေးလိုက်တာပဲ”

အားလုံးက ကြည်နူးစွာ ခေါင်းညိတ်ကြသည်။

ယခုတစ်ခေါက်သည် ပါရမီရှင်များ စုဝေးနေသော ပြိုင်ပွဲ ဖြစ်သည်။ တစ်ယောက်ချင်းစီက အခြားသူထက် ပို၍ သာလွန် ထူးချွန်နေခဲ့ပြီး ရဲ့လင်းချန်၏ လွှမ်းမိုးနိုင်စွမ်းကြောင့်သာ မဟုတ်လျင် ပထမနေရာကို မဆိုထားနှင့် ထိပ်တန်း အဆင့်ငါးဆင့်ထဲ ဝင်လျင်ပင် ကံကောင်းလှလေပြီ။

“မင်းက သင်္ချာဌာနက မဟုတ်တာ နှမြောစရာပဲ၊ မင်းမှာ သင်္ချာ ပါရမီ ရှိတယ်၊ ဒီလို ပါရမီရှင်ကို စာပေဌာနမှာ နေခိုင်းထားက အလကားပဲ”

ပါမောက္ခအန်းက ရဲ့လင်းချန်ကို ကြည့်၍ ကမ်းလှမ်းလေသည်။

“ငါ့ရဲ့ သင်္ချာဌာနဆီ မင်း ပြောလာနိုင်အောင် ငါ စာတင်ပေးမယ်ဆိုရင် ဘယ်လိုလဲ၊ ငါ မင်းကို ဘွဲ့လွန်နဲ့ ပါရဂူဘွဲ့အတွက်ပါ စာတင်ပေးမယ်”

“ဟုတ်တယ်”

ပါမောက္ခပိုင်ကလည်း ခေါင်းညိတ်၍ သဘောတူသည်။ သူက ဝင်ပြောလေ၏။

“ရဲ့လင်းချန်၊ တကယ်လို့ မင်း တက္ကသိုလ် ပြောင်းချင်တယ်ဆိုရင် ဟွာချင်က ကောင်းမွန်တဲ့ ရွေးချယ်မှုပဲ၊ မင်း တစ်ခွန်းပဲ ပြောလိုက်၊ မင်းကို ဟွာချင် တက္ကသိုလ်ရဲ့ သင်္ချာဌာနကို ငါ ချက်ချင်း ပြောင်းပေးမယ်၊ အဲ့ဒါအပြင် မင်းရဲ့ ဘွဲ့လွန်နဲ့ ပါရဂူဘွဲ့ လေ့လာဖို့အတွက်ပါ အာမခံတယ်၊ မင်း ဘွဲ့ရပြီးတာနဲ့ အလုပ်ကောင်းတစ်ခု ရှာနိုင်ဖို့လည်း ငါ ကူညီပေးမယ်”

“ချီးပဲ၊ အဘိုးကြီးပိုင်၊ ဒါ ဘာသဘောလဲ၊ ခုနလေးတင် ငါတို့က အသင်းဖော်တွေ ဖြစ်ခဲ့တာလေ၊ အခု ငါ့တက္ကသိုလ်က ကျောင်းသားကို လုဖို့ ကြိုးစားနေတာလား”

ပါမောက္ခအန်းက ချက်ချင်း စိုးရိမ်လာပြီး ဒေါသတကြီး ပြောလေသည်။

“အဘိုးကြီးအန်း သူက စာပေဌာနကလေ၊ မင်းရဲ့ ကျောင်းသားမှ မဟုတ်တာ၊ ဘယ်လိုလုပ် ငါက မင်းကျောင်းသားကို လုနေပါတယ်လို့ ပြောရတာလဲ၊ ပြီးတော့ သူက မျိုးစေ့ကောင်းလေးလေ၊ ငါ မျှမျှတတ ပြိုင်လို့ မရဘူးလား”

ပါမောက္ခပိုင်က ပြန်ပြောသည်။

“မင်းက ငါ့ပီကင်း တက္ကသိုလ်က ကျောင်းသားကို ခေါ်ထုတ်သွားဖို့ ကြိုးစားနေတာလေ၊ မင်း … အကျင့် မကောင်းတဲ့ အရှက်မရှိတဲ့ကောင်”

ပါမောက္ခနှစ်ယောက်သည် သူတို့၏ မာနများကို ခဝါချ၍ စတင်ကာ အချင်းများကြလေသည်။ ဘယ်သူမှ အနိုင်မရဘဲ သူတို့၏ မိတ်ဆွေ ဆက်ဆံရေးက ထိုသို့ တိမ်းမှောက်လေတော့သည်။

သူတို့ နှစ်ယောက်လုံး အသက်အရွယ် ရနေ၍ တော်ပါသေးသည်။ သို့မဟုတ်ပါက အချင်းချင်း ထထိုးကြ လောက်သည်။

“ပါမောက္ခနှစ်ယောက်လုံးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ အခုအချိန်မှာ ကျွန်တော် ဌာနပြောင်းဖို့ အစီအစဉ် မရှိပါဘူး၊ ကျွန်တော် စာပေဌာနမှာ အဆင်ပြေပါတယ်”

ရဲ့လင်းချန်က ပြောလိုက်သည်။ ပါမောက္ခပိုင်နှင့် ပါမောက္ခအန်းတို့ ငြိမ်ကျသွားသည်။

“ထားလိုက်ပါတော့၊ မင်းရဲ့ သင်္ချာအဆင့်နဲ့ဆို သင်္ချာဌာနကနေ ဘာမှ သင်နိုင်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်း ငါတို့ဌာနကို ပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ငါ့ဆီ အချိန်မရွေး လာလို့ရတယ်”

ပါမောက္ခအန်းက ပြောလိုက်သည်။

လူတိုင်း ကားပေါ် တက်ပြီးသွားသည်နှင့် တက္ကသိုလ်ဘက်သို့ ဖြည်းဖြည်းချင်း ပြန်မောင်းလာလေသည်။

အိမ်ပြန်ခရီးက အလွန့်အလွန် သက်တောင့်သက်သာ ရှိလှသည်။ အချိန်နှင့်အမျှ ရယ်သံများ ထွက်ပေါ်နေပြီး ဂုဏ်ရှိသော အိမ်ပြန်လမ်းဟုပင် ဆိုနိုင်ပေသည်။

ရဲ့လင်းချန်သည် ပြတင်းပေါက်ဘက်၌ ထိုင်နေပြီး အပြင်မှ မြင်ကွင်းများကို တိတ်ဆိတ်စွာ ကြည့်နေသည်။

ဘာမှလုပ်စရာ မရှိသဖြင့် သူ ဖုန်းထုတ်လိုက်သည်။ ဝေ့ပေါ် သို့မဟုတ် Tik Tok သည် အချိန်ကုန်စေနိုင်သော အရာကောင်းများ ဖြစ်သည်။

ဝေ့ပေါ်၏ ရေပန်းစားနေသော ရှာဖွေမှုများတွင် အနုပညာနှင့် သက်ဆိုင်သော သတင်းအချို့နှင့် အချို့သော ထူးခြားသော ကိစ္စရပ်များ ရှိနေသည်။ ရဲ့လင်းချန် အကြမ်းဖျင်း ကြည့်ကြည့်လိုက်ပြီးနောက် အဆုံးတွင် ဝေ့ပေါ်၌ အစပျိုးနေသည့် ကိစ္စတစ်ခုကို မြင်သွားလေသည်။

“ကဗျာစာပေ ဖန်တီးခြင်း ပြိုင်ပွဲ”

ပွဲစဉ်သည် လူတိုင်းအတွက် ဖွင့်လှစ်ထားပြီး ပင်ကိုကဗျာများ စုဆောင်းနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ စာပေနှင့် ယဉ်ကျေးမှုအတွက် အထိမ်းအမှတ်အဖြစ် အမှတ်တရ ကျင်းပ၍ လက်ဆင့်ကမ်းသွားလိုသော ပွဲစဉ်တစ်ခုဟု ဆိုရပေမည်။

ထိုသို့ ဖြစ်ပေါ်လာရခြင်းမှာ နတ်ဘုရားများကို သုတ်သင်ခြင်းဝတ္ထုအား ဖန်တီးခဲ့သည့် အချိန်တိုအတွင်း ရိုးရာစာပေ စာရေးဆရာများကြား၌ ပွက်လောရိုက်ကာ အားလုံး တက်ညီလက်ညီဖြင့် လက်ရာကို ဝိုင်းပြောခဲ့သော ကြောင့်ပင်တည်း။ ထိုအဖြစ်က အတော်လေး ပွက်လောရိုက်သွားစေခဲ့သည့်အပြင် ဝိုင်နတ်ဘုရား၏ သုံးပြည်ထောင်အား လေ့လာခြင်းမှ ကဗျာဖန်တီးခြင်းကြောင့်လည်း ပါလေသည်။

ထိုအဖြစ်အပျက်များက လူအများကို ကဗျာ၌ စိတ်ဝင်စားလာစေခဲ့ပြီး ဝေ့ပေါ်က ထိုခေတ်ရေစီးကြောင်းကို အခွင့်ကောင်းယူ၍ ထိုပွဲစဉ်ကို ကျင်းပခြင်း ဖြစ်သည်။ ယင်းက အချိန်တိုအတွင်း၌ လူပေါင်းများစွာ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားနိုင်ခဲ့သည်။ တုံ့ပြန်မှုများနှင့် စိတ်ဝင်စားမှုတို့က ဆက်လက်၍ တိုးမြင့်လာသည်။ များစွာသော ကဗျာများတွင် အများစုက သရော်စာများဘက် ပိုရောက်ပြီး လူအများ၏ အသိဉာဏ်နှင့် ဟာသဉာဏ် ရွှင်မှုတို့ကို ထင်ဟပ်နေစေသည်။

ဥပမာ: [တိတ်ဆိတ်သော ညအတွေးသစ်၊ လရောင်က ငါ့ခုတင်ပေါ် ဖြာကျနေတယ်၊ လီပိုင်က ဆန်ပြုတ် သောက်နေတယ်၊ တစ်ပန်းကန်သောက်ပြီး ညကျတော့ သူက ဘောင်းဘီထဲ သေးပေါက်ချလေရဲ့]

၎င်းတွင် အဓိပ္ပာယ် အနည်းငယ် သို့မဟုတ် အဓိပ္ပာယ် တစ်စက်မျ မရှိသော်လည်း လူအများအား တစ်ခဏမျှ ပြုံးစေပြီး စိတ်အေးစေလေသည်။

ရဲ့လင်းချန် တစ်ခဏမျှ လျှောက်ကြည့်ပြီးနောက် ဝေ့ပေါ်မှ ထွက်ကာ Tik Tok ထဲ ဝင်ကြည့်လိုက်သည်။

သို့သော် မကြာခင်မှာပင် Tik Tok မှ ဗွီဒီယိုတစ်ခုကို ကြည့်ပြီး သူ မသိမသာ မျက်မှောင်ကြုတ်သွားလေသည်။

ဗွီဒီယိုထဲမှ လမ်းကို အလွန် ရင်းနှီးနေပြီး မြို့ထဲ တက္ကသိုလ်နားမှ ဖြစ်လောက်သည်။ ထိုသတင်းကို တင်သော Tik Tok အသုံးပြုသူက အလှကုန်ပစ္စည်းဆိုင်တစ်ခု၏ ပိုင်ရှင် ဖြစ်သည်။ ပုံစံအရဆိုလျင် အင်တာနက် ဆယ်လီ တစ်ယောက်၏ ဆိုင်တစ်ဆိုင် ဖြစ်ပြီး လိုက်ခ်လုပ်ထားသူ များစွာ ရှိသည်။

ဗွီဒီယိုသည် အစက သူတို့ဆိုင်ထဲ၌ ရိုက်ထားခြင်း ဖြစ်သည်။ အလှကုန်ပစ္စည်း အမျိုးအစားများစွာကို ရနိုင်ပြီး အပြင်အဆင်ကလည်း လှသည်။ သို့သော် ဗွီဒီယိုက မသိမသာ ပြောင်းသွားပြီး ကြည့်ရှုသူများသည် မလှမ်းမကမ်းမှ နောက်ထပ် အလှကုန်ပစ္စည်းဆိုင် တစ်ဆိုင်ကို မြင်နေရသည်။ တံခါးဝမှ သင်္ကေတသည် ခပ်ကြီးကြီး ဝိုင်စကားလုံး ဖြစ်လေသည်။

Tik Tok အသုံးပြုသူ၏ အသံကိုလည်း ကြားနေရသည်။

“ဒီနေ့ခေတ်မှာ ခေတ်စားနေတာကို အခွင့်ကောင်းယူပြီး အသုံးချနေတာက အကန့်အသတ် မရှိတော့ဘူးပဲ၊ တစ်ယောက်ယောက်က ဆိုင်တစ်ဆိုင်ဖွင့်ပြီး ဝိုင်အလှကုန်ပစ္စည်းလို့ နာမည်ပေးထားတယ်၊ ဟဲဟဲ ငါ အဲ့ဆိုင်ကို သွားကြည့်ပြီးပြီ၊ အလှကုန်ပစ္စည်းအားလုံးက နာမည်ကြီး အမှတ်တံဆိပ်တွေပဲ၊ ဒါပေမဲ့ အတုတွေ၊ တက္ကသိုလ်မြို့နားက ငါ့ချစ်မိတ်ဆွေတို့ ကျေးဇူးပြုပြီး သတိထားကြပါ၊ အဲ့ဆိုင်ကို မသွားကြပါနဲ့”

All Chapters