← Chapters

လေပြင်းကြောင့် တွန့်ကွေးသွားရပါသော ( ၁ )

Vol. 4 Ch. 59

လေပြင်းကြောင့် တွန့်ကွေးသွားရပါသော ( ၁ )

Vol. 4 Ch. 59

ရွှီချင်းသည် မျက်မှောင်ကြုတ်သွားပြီး လှည့်ကြည့်လိုက်သည်။

ရေခူအကောင်လေးတစ်ရာကျော်အုပ်ကြီးက လျှိုမြောင်ဝင်ပေါက်မှ တရွှီရွှီမြည်သံပေး၍ လူငယ်လေးများ၊ မိန်းကလေးများနှင့် အစောင့်အရှောက်များထံ ခုန်ဝင်လာသည်။

ထိုလူများသည် မျက်နှာပျက်သွားကြပြီး ချက်ချင်း ခုခံလိုက်ကြသည်။ အထူးသဖြင့် အစောင့်အရှောက်အနည်းငယ်က အသက်နှင့်ရင်း၍ ရေခူများကို တားဆီးလိုက်ကြသည်။

အစောပိုင်းက ရွှီချင်း သတိထားမိခဲ့သော အနည်းငယ် အသက်ကြီးသည့်လူငယ်လေးထံမှ ချီစုစည်းခြင်းအဆင့်ခုနစ် အငွေ့အသက်များ လွင့်ပျံလာပြီး သူက တိုက်ခိုက်လိုက်ရာ ရောင်စုံအလင်းတန်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။

သို့သော်လည်း ရေခူများမှာ များပြားလွန်းလှပြီး မန္တန်များကိုလည်း ခံနိုင်ရည်ရှိကြဟန်တူသည်။ ၎င်းတို့၏ခန္ဓာကိုယ်ပေါ်ကို မန္တန်များ ကျရောက်သွားပါသော်လည်း ကြီးကြီးမားမား အန္တရာယ်မဖြစ်ကြပေ။

သို့ပေသည့် ၎င်းတို့သည် လက်ဖျားခါရလောက်အောင် မြန်ဆန်ပြီး စုစည်း၍ သွက်သွက်လက်လက်ဖြင့် တိုက်ခိုက်ကြသည်ဖြစ်ရာ တခဏလေးအတွင်း လူခုနစ်ယောက်၊ ရှစ်ယောက် သေသွားသည်။

မူလက အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားခဲ့သော လူငယ်လေးတစ်ယောက်သည် ယခုအခါ စိတ်ဓာတ်ကျနေပြီဖြစ်သည်။ ရေခူတစ်ကောင်က ရုတ်တရက် သူ့ကို ခုန်အုပ်လာသည်ဖြစ်၍ သူသည် ဒရောသောပါး ဆုတ်ခွာလိုက်ပြီး ချီစုစည်းခြင်းအဆင့်ခုနစ်ရှိ သူ၏သူငယ်ချင်းကို အကူအညီလှမ်းတောင်းလိုက်သည်။

“ သခင်လေးပိုင်၊ ကျနော့်ကို ကယ်ပါဦး ”

သူ၏စကားဆုံးသည်နှင့် အလင်းတန်းတစ်တန်းက ရွှီခနဲ ရောက်ချလာပြီး သူ့ရှေ့ကို သက်ဆင်းလာကာ ရေခူကို တခဏကြာ ဟန့်တားလိုက်သည်။ အကျဉ်းအကြပ်ထဲမှ လွတ်မြောက်လာသော လူငယ်လေးသည် အံ့သြတုန်လှုပ်နေရဆဲပင်။

ရွှီချင်းသည် အတော်ဝေးသောနေရာတွင် ရှိနေပါသော်လည်း ရေခူအနည်းငယ်၏ ပစ်မှတ်ထားခြင်းကို ခံနေရဆဲပင်။

ရေခူသုံးကောင်က သူ့ထံ တရွှီရွှီမြည်သံပေး၍ ရောက်ချလာပြီး ပုံမှန်အတိုင်း သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။

ထိုအခါ ရွှီချင်း၏မျက်လုံးများထဲ အေးစက်စက်အလင်းတစ်ချက် ဖျပ်ခနဲ ဝင်းလက်သွားသည်။ ထို့နောက် သူသည် ညာလက်ကို မြှောက်၍ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ သူ၏လက်သီးက ရေခူတစ်ကောင်၏ ခန္ဓာကိုယ်ပေါ် ကျဆင်းသွားပြီး ရေခူ၏ခန္ဓာကိုယ်ကြီး တုန်ခါသွားကာ လက်သီးချက်၏ပြင်းအားကို တောင့်မခံနိုင်ဘဲ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။

ရွှီချင်းသည် မရပ်တန့်ပေ။ သူ၏လက်ထဲတွင် ဓားမြှောင်ပေါ်လာပြီး တခြားရေခူနှစ်ကောင်ဆီ ချဉ်းကပ်သွားသည်။

သူသည် ရေခူများထက်ပင် မြန်ဆန်နေပြီး သူ၏ခန္ဓာကိုယ်သည်လည်း ရေခူများထက် ပို၍ ပေါ့ပါးသွက်လက်နေသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း ရေခူနှစ်ကောင်သည် ခန္ဓာကိုယ်ထပ်ခြမ်းအပိုင်း ခံလိုက်ရ၏။

ထိုမြင်ကွင်းသည် ရေခူများနှင့် တိုက်ခိုက်နေသော လူငယ်လေးများနှင့် မိန်းကလေးများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ သူတို့သည် တဆတ်ဆတ်တုန်ရီနေလျက် သူ့အနားသို့ အလိုလို တိုးကပ်သွားကြသည်။

ရေခူသုံးကောင်ကို တရစပ် သတ်ဖြတ်ပြီးနောက် တခြားရေခူများသည်လည်း မိစ္ဆာမျက်လုံးများကို ဖွင့်၍ ရွှီချင်းထံ ချက်ချင်း ခုန်အုပ်လာသည်။

ဤတစ်ကြိမ်၌ ရေခူဆယ်ကောင်ကျော်ပါဝင်သည်။

ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေ၏။ သူသည် နောက်မဆုတ်ဘဲ တဟုန်ထိုး ရှေ့တိုးသွားလေရာ ပုံရိပ်ယောင်အသွင် ပြောင်းလဲသွားသည်။ သူ၏လက်ထဲရှိ ဓားမြှောင်က အေးစက်စက်အလင်းများ တဖျပ်ဖျပ်လက်နေပြီး ၎င်း ဖြတ်သန်းသွားသည့်နေရာတိုင်း ရေခူများ တပွက်ပွက်မြည်၍ ပြိုလဲကျသွားသည်။

၎င်းတို့ သေဆုံးသွားခြင်းကြောင့် ဓာတ်နှောပမာဏသိပ်သည်းထူထပ်စွာ လွင့်ပျံလာပြီး လျှိုမြောင်ထဲရှိ သစ်ပင်ပန်းမန်များ တခဏလေးအတွင်း အစိမ်းပုပ်ရောင်ပြောင်းသွားသည်။ ရွှီချင်း၏ စမ်းသပ်ခန်းလေးသည်လည်း ပါဝင်ပေသည်။ ဒဏ်ရာရနေသော အစောင့်အရှောက်များမှာလည်း ဓာတ်နှောများ စိမ့်ဝင်ခြင်း ခံနေရပေသည်။

လျှိုမြောင်လေး ထိုသို့ဖြစ်သွားသည်ကို ရွှီချင်း မြင်သောအခါ သူ၏မျက်ဝန်းများထဲရှိ သတ်ဖြတ်ချင်စိတ်များ အားကောင်းလာတော့သည်။

သူ၏ခန္ဓာကိုယ် ထပ်မံ လှုပ်ရှားသွားသည်။ ဤတစ်ကြိမ်၌ သူက ပို၍ပင် မြန်ဆန်နေ၏။ သူ ဖြတ်သန်းသွားသည့်နေရာတိုင်း ဓားမြှောင်လေးက လက်ခနဲ ဖြစ်သွားကာ ရေခူတစ်ကောင်ပြီးတစ်ကောင် သေဆုံးနေတော့သည်။ သို့သော် ဓာတ်နှောပမာဏများစွာ ပွတ်တိုက်လာခြင်းကြောင့် သူ၏လက်ထဲရှိ ဓားမြှောင်လေးက အက်ကွဲလာရာ သူ မျက်မှောင်ကြုတ်သွားသည်။

ရွှီချင်းအနေဖြင့် ပူဆွေးသောကရောက်နေရန် အချိန်မရှိချေ။ သူက လက်တစ်ချက် လှုပ်ရှားလိုက်သည်နှင့် သံတုတ်လေးက ရေခူအမြောက်အမြားကို ပိုင်းဖြတ်သွားသည်။ ဤတစ်ကြိမ်တွင် သူက အဆိပ်မှုန့်များကိုလည်း ဖြန့်ကျဲလိုက်၏။

ထိုရေခူများ၏ အဆိပ်ခံနိုင်ရည်က မြင့်မားလှပြီး ဘေးပတ်ဝန်းကျင်ကို ဖြန့်ကျဲထားသော အဆိပ်မှုန့်များက ၎င်းတို့ကိုယ်ထဲကို စိမ့်ဝင်ရန် ခက်ခဲပါသော်လည်း ရွှီချင်းသည် လက်မလျော့ပေ။ အဆိပ်ကို သတ်ဖြတ်ရန်အတွက်သာမက အနံ့အသက်များ ပပျောက်စေရန်အတွက်လည်း သုံးထားခြင်းကြောင့် ဖြစ်ပေသည်။

ရွှီချင်းတွင် လက်နက်တော့ မရှိပေ။ သံတုတ်က ဖောက်ထွင်းနိုင်စွမ်း ရှိပါသော်လည်း ဓားမြှောင်ကို မယှဉ်နိုင်ချေ။ ထိုစဉ် ရွှီချင်း၏အနောက်မှ ခပ်တိုးတိုးအော်သံ လွင့်ပျံလာသည်။

“ မိတ်ဆွေလေး၊ ငါ့ဓားကိုယူလိုက် ”

ထိုစကားသံဆုံးသည်နှင့် ရွှီချင်း၏နောက်မှ အေးစက်စက်အလင်းတန်းများ တဖျပ်ဖျပ်လက်နေသော ဓားတစ်လက် လွင့်ပျံလာကာ သူက နောက်ပြန်လှမ်းဖမ်းလိုက်သည်။ သူသည် မျက်လုံးထောင့်စွန်းမှနေ၍ သူ့ကို ဓားပေးခဲ့သည့်လူက သခင်လေးပိုင်ဆိုသည့် လူငယ်မှလွဲ၍ တခြားလူမဟုတ်မှန်း မြင်လိုက်ရသည်။

ရွှီချင်းသည် စကားတစ်ခွန်းမဆိုဘဲ ဓားရှည်ကို ဆုပ်ကိုင်လိုက်ပြီးနောက် ထိုဓားက ထူးကဲလှသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။

သူက ဓားကို ဝှေ့ယမ်းလိုက်ရာ စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်သွားသည်။ ဓားအား မည်ကဲ့သို့ အသုံးပြုရမည်ကို ရွှီချင်း မသိပါသော်လည်း ရေခူခုနစ်ကောင်၊ ရှစ်ကောင်ကို ချက်ချင်း သတ်ဖြတ်ပစ်နိုင်လိုက်သည်။

မြေပြင်ပေါ်တွင် ရေခူအသေကောင်များ တစတစ တိုးပွားလာပြီး ရွှီချင်း၏ခန္ဓာကိုယ်တွင်လည်း ရေခူများ၏ အပြာရောင်သွေးများဖြင့် ပေကျံနေပေသည်။ လက်ကျန် အစောင့်အရှောက်သုံးယောက်နှင့် လူငယ်လေးများ၊ မိန်းကလေးများသည် ယခုအခါ ရွှီချင်း၏နောက်ကို ရောက်နေကြပြီး ထိုမြင်ကွင်းကြောင့် ရင်တဒိန်းဒိန်းခုန်လာကာ သူတို့၏မျက်ဝန်းများထဲတွင် အံ့အားသင့်ခြင်း၊ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။

“ အရမ်း … အရမ်း အစွမ်းထက်တာပဲ ”

“ သူက အပြင်အား ကျင့်ကြံသူတစ်ယောက်ဆိုပေမဲ့ ဘယ်အဆင့်ကို ရောက်နေပြီလဲ။ အထွတ်အထိပ်အဆင့်ကို ရောက်နေတာလား ”

“ဝိညာဉ်စွမ်းအားအငွေ့အသက်တွေအရတော့ အဆင့်ငါး ဒါမှမဟုတ် အဆင့်ခြောက် မဟုတ်လောက်ဘူး ”

“ ကျင့်ကြံခြင်းက အရေးမပါဘူး။ အဓိကကျတာက အဲဒီကောင်က သိပ်ရက်စက်တာ ”

ထိုအချိန်၌ အစောင့်အရှောက်များ၊ လူငယ်လေးများနှင့် မိန်းကလေးများမှာ တဆတ်ဆတ် တုန်ရီနေတော့သည်။ ရွှီချင်း၏ တိုက်ခိုက်မှုများကြောင့် သူတို့ အထိတ်တလန့် ဖြစ်နေကြသည်။

သခင်လေးပိုင်သည်ပင် အသက်ပြင်းပြင်းရှူသွင်းလိုက်ရသည်။ လူအုပ်ထဲတွင် ရှိနေသော မိန်းကလေးသည်လည်း ရင်တဒိန်းဒိန်းခုန်လာတော့သည်။ ရွှီချင်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူမ မြင်တွေ့နေရပြီး သူမ၏အတွေးစများအားလုံးကို ရုတ်သိမ်းလိုက်သည်။

ရွှီချင်းထံမှနေ၍ သူမ၏မျိုးနွယ်စုထဲရှိ မွန်းစတားများအဖြစ် ခေါ်ကြသော မျိုးနွယ်စုဝင်များကဲ့သို့ တူညီသော အငွေ့အသက်များကို သူမ ခံစားမိနေသည်။

သူမ၏မျိုးနွယ်စုထဲရှိ မွန်းစတားများသည် လူပေါင်းများစွာကို သတ်ဖြတ်ဖူးသောလူများ ဖြစ်ကြသည်။ ထိုလူများကို သူမ မြင်လိုက်ရတိုင်း အလိုလို ကြောက်လန့်တုန်ရီလာရသည်။ ယခုအခါတွင် ထိုလူငယ်လေးထံမှလည်း အလားတူ ခံစားချက်မျိုး သူမ ရနေသည်။

ထိုကဲ့သို့ လူတစ်ယောက်ကို သူမ ရန်မစချင်ပေ။

အထူးသဖြင့် ယခုအခါတွင် သူမ၏တာဝန် ပြီးဆုံးသွားပြီဖြစ်ပြီး ရေခူများစွာကို ဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ဘုရားကျောင်းထဲရှိ လူများက တောနက်ထဲရှိ ရေခူအုပ်ကြီးထံမှ သူတို့ လိုချင်သောအရာကို အောင်မြင်စွာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူမနှင့် မသက်ဆိုင်တော့ပေ။

ထို့ပြင် ယခုတစ်ကြိမ်က မျှော်မှန်းထားသည်ထက် အန္တရာယ်များသွားခဲ့သည်။ ထို့ကြောင့် သူမ၏ညာလက်က သူမ၏အဝတ်အစားများဆီ ရောက်သွားပြီး ကျောက်စိမ်းပေလွှာကလေးကို ဆုပ်ယူလိုက်သည်။ ယင်းသည် တည်နေရာရွှေ့ပြောင်းပေးနိုင်သော အဆောင်ရတနာတစ်ခု ဖြစ်သည်။

ယင်းသည် သူမ အားထားရာလည်း ဖြစ်၏။

သူမက ထိုကျောက်စိမ်းပေလွှာကလေးကို ဖျက်ဆီးသင့်၊ မသင့် ချီတုံချတုံ ဖြစ်နေစဉ်မှာပင် လျှိုမြောင်ဝင်ပေါက်မှ ဝုန်းခနဲ မြည်သံ ထွက်ပေါ်လာသည်။ ထိုနေရာမှနေ၍ ရေခူဒါဇင်ကျော် ဝရုန်းသုန်းကား ဝင်ချလာသည်။

ထိုမြင်ကွင်းသည် တွေဝေနေသော သူမ၏စိတ်ကို ပြတ်သားသွားစေသည်။ လက်ထဲရှိ တည်နေရာ ရွှေ့ပြောင်းခြင်း ကျောက်စိမ်းပေလွှာကလေးကို ဖျက်ဆီးလိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။

All Chapters