အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထူးဆန်းသော သတင်းစကား ( ၁ )
Vol. 17 Ch. 259
ကောင်းကင်ဝေဟင်ပြင်၌ သင်္ဘောပျံကြီးတစ်စီးသည် မိုးသားတိမ်စိုင်များကို ထိုးခွင်း၍ အလွန် မြန်ဆန်စွာ ခုတ်မောင်းနေပေရာ လေထုကြီးမှ ကျယ်ကျယ်လောင်လောင်အသံများ ထွက်ပေါ်နေသည်။
ထိုသင်္ဘောပျံကြီး၏ ဦးတည်ရာသည် ဤနေရာမှ ဆယ်ရက်ကြာအကွာအဝေးတွင် ရှိသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ကျွန်း ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်းစစ်ပွဲအတွင်း ဖြန့်ဝေပေးခဲ့သော ရေကြောင်းပြမြေပုံအရ ထိုနေရာသည် ကျွန်းတစ်ကျွန်းသာ ဆိုသော်လည်း ရေသူမမျိုးနွယ်၏ ကျွန်းများထက် အဆပေါင်းများစွာ သာလွန်ပြီး နန်းဟွမ်ဒေသကြီး၏ တစ်ဆယ်ရာခိုင်နှုန်းခန့် ရှိသည်ကို ရွှီချင်း သိထားသည်။
ထိုသင်္ဘောပျံကြီးပေါ်၌ ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် ကြိမ်ဖန်များစွာ ဆွေးနွေးပြီးနောက် အစီအစဉ်တစ်ခုကို ဆုံးဖြတ်ချက်ချလိုက်သည်။
“ ငါတို့ ဆယ်ရက်နေရင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို ရောက်တော့မှာ။ မင်းအစီအစဉ်က ကောင်းပေမဲ့ ရက်နည်းနည်းနဲ့ အပြီးလုပ်ဖို့ ပြဿနာမရှိလောက်ဘူး။ ငါ ဘာလို့ မင်း လောနေတယ်လို့ ခံစားနေရတာလဲ ”
သင်္ဘောပျံကြီးပေါ်တွင် ခေါင်းဆောင်သည် ရွှီချင်းကိုကြည့်၍ သံသယဝင်နေသော လေသံဖြင့် မေးမြန်းလိုက်သည်။
သူတို့နှစ်ယောက်သည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အား ထိုးဖောက်ဝင်ရောက်ရမည့်အစီအစဉ်ကို တစ်ရက်ကြာ ဆွေးနွေးခဲ့ပြီးပြီ ဖြစ်သည်။ ထိုမျှကြာမြင့်သွားရသည့် အကြောင်းအရင်းမှာ ခေါင်းဆောင်၌ အစီအစဉ် တိတိကျကျ မရှိသည့်အတွက်ကြောင့် ဖြစ်ပေသည်။ မူလက သူ စီစဉ်ထားသည်မှာ ကျွန်းပေါ်သို့ ရောက်ပြီးနောက် အခြေအနေကို လိုက်၍ လှုပ်ရှားရန် ဖြစ်သည်။
ရွှီချင်းက ထိုအစီအစဉ်ကို သဘောမတူပေ။
ထို့ကြောင့် အတန်ငယ် တွေးတောပြီးနောက် သူက ‘ ရုပ်အလောင်းဘိုးဘေးရုပ်ထုတစ်ခုနေရာသို့ အမြန်ဆုံးနည်းဖြင့် သွားရောက်ရန် ’ ဆိုသော ပစ်မှတ်တစ်ခုကို တင်ပြခဲ့သည်။
ထိုပစ်မှတ်အတွက် အစီအစဉ်မှာ ရိုးရှင်းသည်။ အမြန်ဆုံးနည်းလမ်းမှာ ကျွန်းပေါ်သို့ ရောက်သည်နှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ စောင့်ရှောက်မှုရယူရန် ဖြစ်သည်။
ထိုနည်းလမ်းသည် အချိန်ကုန်မည်မဟုတ်ပေ။
ထိုကဲ့သို့ စောင့်ရှောက်မှုရယူရန်အတွက် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ရွှီချင်းနှင့် ခေါင်းဆောင်တို့ ဆွေးနွေးပြီး ဖြစ်သည်။ ယင်းမှာ ဒဏ်ရာရအောင်လုပ်ခြင်း ဖြစ်သည်။
တတိယမင်းသမီးသည် ဒဏ်ရာအပြင်းအထန်ရကာ ခက်ခက်ခဲခဲဖြင့် လွတ်မြောက်ခဲ့သည်။ ထို့ကြောင့် ပထမဆုံး လုပ်မည့်အရာမှာ ပြန်လည်ကုသရေး ဖြစ်သည်။ မင်းသမီး၏ အဆင့်အတန်းကြောင့် ဘိုးဘေးရုပ်အလောင်းရုပ်တုတစ်ခုဆီသို့ ချက်ချင်း ပို့ဆောင်ပေးမည်မှာ သေချာသည်။
ယင်းအပြင် ခေါင်းဆောင် ဝယ်ယူခဲ့သည့် အချက်အလက်များအရ ဘိုးဘေးရုပ်အလောင်းရုပ်ထုများသည် လူသေများကို သူတို့မျိုးနွယ်ဝင်များဖြစ်အောင် ပြောင်းပေးနိုင်သည်သာမက ကြောက်ခမန်းလိလိ ပြန်လည်ကုစားနိုင်စွမ်းများကိုလည်း ပိုင်ဆိုင်ထားသည်။
ခေါင်းဆောင်က သံသယဖြစ်နေသည့်လေသံဖြင့် ပြောလိုက်သည်။
“ တကယ်လို့ ဒဏ်ရာတွေက အခုမှ ဖြစ်လာတာဆိုရင် အပြင်လူတွေ တစ်ချက်ကြည့်ရုံနဲ့ သိမှာပဲ။ အဲဒီနည်းက အလုပ်မဖြစ်ဘူး ”
ရွှီချင်းက ခေါင်းကိုယမ်းလိုက်ပြီး ခေါင်းဆောင်ကို လှမ်းကြည့်ကာ ထပ်ပြောလိုက်သည်။
“ နေ့တိုင်း ဒဏ်ရာနည်းနည်းရအောင် လုပ်မှာ။ ဆယ်ရက်ပြည့်လို့ ဒဏ်ရာအသစ်နဲ့ အဟောင်းပေါင်းသွားရင် ပိုပြီး စစ်မှန်သွားမှာပဲ ”
ခေါင်းဆောင်၏ သံသယများ ပျောက်ကွယ်မသွားသေးပေ။ သူက အတွန့်တက်ချင်နေသေးဟန်ဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။ ရွှီချင်းက လက်စားချေချင်သည့်အနေဖြင့် ထိုနည်းလမ်းအား သုံးလေသလားဆိုသည်ကိုလည်း သူ သိချင်နေ၏။
ရွှီချင်းသည် ရှောင်တိမ်းခြင်းမပြုဘဲ ခေါင်းဆောင်၏ မျက်လုံးများကို တည့်တည့်ကြည့်လိုက်သည်။
ရွှီချင်း၏အကြည့်ကို မြင်သောအခါ ခေါင်းဆောင် သက်ပြင်းချလိုက်သည်။ ရွှီချင်းအား ထိုနည်းလမ်း သင်ပေးခဲ့သည်ကို သူ ပြန်တွေးမိလိုက်ပြီး ယခုတွင် ရွှီချင်းက လိမ်နေသလား၊ မလိမ်ဘူးလား ဆိုသည်ကိုပင် သူ မပြောနိုင်တော့ပေ။
သို့သော်လည်း သူသည် ဆုံးဖြတ်ချက်ပြတ်သားသောလူတစ်ယောက် ဖြစ်သည်။ သူက ဓားမြှောင်ကို ဆွဲထုတ်၍ ဝမ်းဗိုက်ကို ထိုးလိုက်ရာ အပြာရောင်သွေးများ ဖွာခနဲ ပန်းထွက်လာပြီး သူ့ဝတ်ရုံ စိုရွှဲသွားသည်။
“ အသေးအမွှားလေးပါကွာ။ ဒါများ ရေးကြီးခွင်ကျယ်လုပ်လို့ ”
ခေါင်းဆောင်က အေးဆေးစွာ ပြောလိုက်ပြီး ပန်းသီးကိုပင် တစ်ကိုက်ကိုက်လိုက်သည်။
ရွှီချင်းက ခေါင်းယမ်းလိုက်သည်။
“ ခေါင်းဆောင် … ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်တာနဲ့ တခြားလူက ဒဏ်ရာရအောင် လုပ်တာ မတူဘူး။ ကျနော်တို့ အစီအစဉ်အရ ခေါင်းဆောင် နည်းနည်းလောက် အနာခံမှ ဖြစ်မှာ။ ကျနော် ခေါင်းဆောင်ကို ကူပေးမယ် ”
ခေါင်းဆောင်က ပန်းသီးကို တဂျွတ်ဂျွတ်ဝါးစားနေရာမှ ရွှီချင်းကို ဒေါသရောင်လက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ရွှီချင်းက ခေါင်းဆောင်၏ မျက်လုံးများကို အလေးအနက်ဖြစ်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ခဏအကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ခေါင်းဆောင်က ဓားမြှောင်ကို ပစ်ပေးလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ကားပေးလိုက်သည်။
“ လာကွာ ”
ရွှီချင်း မခိုးမခန့် ပြုံးလိုက်သည်။ ဓားမြှောင်နှင့်အတူ အနီးသို့ ရောက်သွားပြီးနောက် ခေါင်းဆောင်၏ ဝမ်းဗိုက်ကို ထိုးသွင်းလိုက်သည်။ ပြီးသည်နှင့် ဓားမြှောင်ကို ဆွဲနှုတ်ကာ ထပ်မံထိုးသွင်းလိုက်သည်။ ထိုသို့ ပြုလုပ်ရသည့်အတွက် သူ ဖော်ပြ၍မရနိုင်လောက်အောင် သဘောကျနေသည်။
ခေါင်းဆောင်မှာ နာကျင်မှုကို တောင့်ခံရင်း အသက်ရှူသံများ မြန်ဆန်လာသည်။ ရွှီချင်းက ဓားမြှောင်ကို ဆွဲနှုတ်ကာ ခေါင်းဆောင်၏ ပေါင်ကို ထိုးသွင်းလိုက်သည်။ ထို့နောက် ပင်လယ်အသွင်ပြောင်းအတတ်ကို သုံး၍ ခေါင်းဆောင်၏ ဗိုက်ကို ရိုက်ချလိုက်သည်။
ခေါင်းဆောင်မှာ သွေးတစ်ပွက်အန်သွားပြီး မျက်နှာ ဖြူဖျော့သွားသည်။ ရွှီချင်းသည် မရပ်နားဘဲ ထပ်ခါထပ်ခါ ထိုးသွင်းလိုက်သည်။ မကြာခင် ခေါင်းဆောင်၏ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်သွားသည်။ သူ့ပုံစံက ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး အားနည်းနေ၏။
“ ရပြီ၊ ရပြီ ရွှီချင်း ”
ရွှီချင်းသည် မချင့်မရဲဖြင့် ရပ်လိုက်သည်။ ခေါင်းဆောင်ကို ထိုးကြိတ်ပြီးနောက် သူ အလွန် စိတ်သက်သာရာရသွားသည်။ သူက ရပ်ပြီးနောက် ခေါင်းဆောင်၏ ဘယ်ခြေထောက်ကို ကြည့်ကာ မနက်ဖြန်တွင် ဖြတ်ပစ်သင့်လား တွေးလိုက်သည်။
ခြေထောက်ကို ကြည့်နေသော ရွှီချင်း၏အကြည့်ကိုမြင်၍ ခေါင်းဆောင်၏ မျက်ခွံများ တဆတ်ဆတ် တွန့်သွားသည်။ သူက ရွှီချင်းကို ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
“ လက်ထောက်ခေါင်းဆောင်ရွှီ၊ မင်းက တာအိုအစောင့်အရှောက်ဆိုတော့ မင်းသမီးက ဒဏ်ရာပြင်းပြင်းထန်ထန်ရတာကို မင်းကကျ ဘာမှမဖြစ်ရင် အဓိပ္ပာယ်မရှိဘူးကွ ”
ရွှီချင်း၏ အပြုံးများ ရပ်သွားသည်။
“ ဒီတော့ ငါတို့ရဲ့ မဟာအကြံအစည်ကြီး အထမြောက်အောင် မင်းလည်း နည်းနည်းပါးပါးတော့ ဒုက္ခခံရမယ်။ ဘာမှမဖြစ်ဘူး … ငါ မင်းကို ကူညီပေးမယ် ”
ခေါင်းဆောင်၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ အပြုံးဟူ၍ အမည်တပ်ရန် ခက်ခဲသည့် အပြုံးတစ်စအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် မျှော်လင့်ချက်များ တဖိတ်ဖိတ်လက်နေသော မျက်ဝန်းများဖြင့် ရွှီချင်းဆီမှ ဓားမြှောင်ကို ပြန်ယူကာ ရွှီချင်း၏ ပေါင်ကို ကြမ်းတမ်းစွာ ထိုးသွင်းလိုက်သည်။
ရွှီချင်းမှာ ရှောင်တိမ်းချင်ပါသော်လည်း ခေါင်းဆောင် ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ကို သူ ဝန်ခံရပေမည်။ သူသည် ခေါင်းဆောင်အား သူ့ပေါင်ကို ထိုးသွင်းခွင့်ပေးရင်း ခေါင်းမော့၍ ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ထို့နောက် သူ အံတင်းတင်းကြိတ်လိုက်သည်။
ခေါင်းဆောင်သည် စိတ်လှုပ်ရှားစွာဖြင့် ခုန်လိုက်ပြီး ရွှီချင်း၏ဗိုက်ကို သုံးကြိမ်ဆက်တိုက် ထိုးသွင်းလိုက်သည်။ ရွှီချင်း၏ လည်ပင်းပေါ်မှာလည်း သွေးစီးကြောင်းတစ်ခု ပေါ်လာပြီး သူ၏အရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းများတဝိုက်မှာလည်း ဓားရာများ ပေါ်လာသည်။
ရွှီချင်းသည် ပြတ်ထွက်နေသော အသားစများကို မြင်သောအခါ ဆတ်ခနဲ နောက်ဆုတ်လိုက်ပြီး ခေါင်းဆောင်ကို စူးစိုက်ကြည့်၍ ခပ်အက်အက်လေသံဖြင့် ဆိုလိုက်သည်။
“ ခေါင်းဆောင်ရဲ့ ညာဘက်ခြေထောက်က ဒဏ်ရာတွေအများကြီးရှိပေမဲ့ ဘယ်ဘက်ခြေထောက်က ဘာမှမရှိဘူး။ ဒါ အဓိပ္ပာယ်မရှိဘူး ”
ရွှီချင်းသည် ပြောရင်းဆိုရင်း လက်ကိုဝှေ့ယမ်းလိုက်ရာ ဓားမြှောင်တစ်ချောင်းပေါ်လာပြီး ခေါင်းဆောင်၏ ဘယ်ခြေထောက်ကို ထိုးစိုက်သွားသည်။
ခေါင်းဆောင်သည် အံတင်းတင်းကြိတ်လိုက်ပြီး ရွှီချင်းကို ထိုးသွင်းလိုက်ပြန်သည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် သူတစ်ပြန်ကိုယ်တစ်ပြန် ထိုးကြိတ်နေကြပြီး အချိန်အတော်ကြာသောအခါ နှစ်ယောက်စလုံး ရပ်သွားကာ မောဟိုက်ပင်ပန်းစွာဖြင့် သင်္ဘောလက်ရန်းများပေါ် မှီလိုက်ကြသည်။ သူတို့နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရနေပြီ ဖြစ်ပေ၏။
“ ရွှီချင်း၊ ငါတို့ နေ့တိုင်း ဒီလောက်ကြီး ဒဏ်ရာရနေဖို့ မလိုပါဘူးကွာ။ ငါတို့ ထွက်ပြေးရဦးမှာမလား ”
ခေါင်းဆောင်က ခပ်ယဲ့ယဲ့လေသံဖြင့် ပြောလိုက်သည်။