← Chapters

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထူးဆန်းသော သတင်းစကား ( ၂ )

Vol. 17 Ch. 260

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထူးဆန်းသော သတင်းစကား ( ၂ )

Vol. 17 Ch. 260

“ ဟုတ်တယ်။ ကျနော်တို့ ခုနစ်ရက် ရှစ်ရက်လောက် ထွက်ပြေးသွားပြီးရင် ပြန်ဖမ်းမိသွားနိုင်တယ် ”

ရွှီချင်းက သဘောတူလက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး တွေးတောကာ မေးမြန်းလိုက်သည်။

“ ပြီးတော့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပိုင်နက်ထဲကို ဝင်သွားပြီးလို့ ကျနော်တို့ကို ရှာတွေ့သွားရင် ဒါမှမဟုတ် ကျနော်တို့မှန်း သိသွားရင် ဘယ်လိုလွတ်မြောက်အောင် လုပ်ရမလဲ စီစဉ်ထားသင့်တယ် ”

ထိုသည်ကို ခေါင်းဆောင် ကြားသောအခါ မျက်ခုံးမွေးနှစ်ဖက် အပေါ်သို့ ပင့်သွားပြီး တစ်ခြမ်းပဲ့ပန်းသီးကို တစ်ကိုက်ကိုက်လိုက်သည်။ ယင်းနောက် ဝင့်ကြွားစွာ ပြုံး၍ ပြောလိုက်သည်။

“ လက်ထောက်ခေါင်းဆောင်ရွှီ … အဲဒီပြဿနာအတွက်တော့ ငါ့မှာ အစီအစဉ်ရှိပါတယ်ကွ။ အများကြီး စိတ်ပူမနေပါနဲ့။ အသက်ဘေးနဲ့ ကြုံလာရင် နည်းနည်းလောက် တက်တက်ကြွကြွနေဖို့ပဲ လိုတာ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက် ”

“ ဒါပေမဲ့ မင်းက ငါ့လက်ထောက်ဖြစ်နေတော့ မင်းကို ပြောပြလို့ရတယ်။ အဲဒါက ငါ့အကြီးဆုံး လျှို့ဝှက်ချက်လဲ ဖြစ်နေတော့ …အဲ … ဝိညာဉ်ကျောက်တုံးတစ်သန်း တန်တယ် ”

ရွှီချင်းသည် ခေါင်းဆောင်ကို စူးစိုက်၍ ကြည့်လိုက်သည်။ ခေါင်းဆောင်၏ မျက်နှာပေါ်မှ စက်ဆုပ်ရွံရှာဖွယ်အမူအရာများကြောင့် ရွှီချင်းသည် ခေါင်းဆောင်အား ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်တစ်ခုကို ရောင်းချမည့်အတွေးအား စွန့်လွှတ်လိုက်သည်။

ခေါင်းဆောင် မလိုအပ်နိုင်ကြောင်း သူ ခံစားမိလိုက်သည်။

ရွှီချင်း ငြိမ်သက်နေသည်ကို ခေါင်းဆောင် မြင်၍ အံ့အားသင့်သွားသည်။ သူက ရွှီချင်းကို လှမ်းကြည့်လိုက်ပြီး ရွှီချင်း၌ လွတ်မြောက်ရန် နည်းလမ်းများ ရှိနေနိုင်ကြောင်း ခံစားမိလိုက်သည်။ သို့ပေမည့် မည်သည့်နည်းလမ်းကို ရွှီချင်းအသုံးပြုသည်ဖြစ်ပါစေ၊ သူ့နည်းလမ်းကဲ့သို့ အစွမ်းမထက်နိုင်ကြောင်း သူ ခံစားမိသည်။

‘ အချိန်ကျလာလို့ ငါ့အကူအညီ လိုလာရင် ဝိညာဉ်ကျောက်တုံးတစ်သန်း ငါ ရပြီပဲ ’

ထိုအတွေးကြောင့် ခေါင်းဆောင် စိတ်သက်သာရာရသွားသည်။

ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားပြီး မကြာခင် ခုနစ်ရက် ကျော်လွန်သွားသည်။ သင်္ဘောက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပိုင်နက်သို့ ရောက်ရန် သုံးရက်သာ လိုတော့သည်။

သင်္ဘောပေါ်၌ တရားထိုင်ခြင်းအပြင် ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးတိုင်ပင်နေကြသည်။ ခေါင်းဆောင်က ရွှီချင်းကို ပို၍ သဘာဝကျစေချင်နေသည်ဖြစ်ရာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အကြောင်းကို အနည်းငယ် ပြောပြလိုက်သည်။

“ ငါတို့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အကြောင်း ပြောတာ ကုန်သလောက်ရှိပြီ။ ဒီတတိယမင်းသမီးအကြောင်းကိုပဲ ငါ မင်းကို ပြောပြမယ်။ ဒီကလေးမလေးက သိပ်သနားစရာကောင်းတာ။ တကယ်တော့ သူက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို ချီရွှဲ့ထုံဂိုဏ်းထက်တောင် မုန်းသေးတယ်။ အဲဒါကြောင့် သူက ငါတို့ကို ကူညီမှာလို့ မင်းကို စောစောက ပြောခဲ့တာပေါ့ ”

ခေါင်းဆောင်က သိုလှောင်အိတ်ကို လှမ်းကြည့်လိုက်သည်။ သိုလှောင်အိတ်ထဲ၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တတိယမင်းသမီး ရှိနေသည်။

“ ဒီတတိယမင်းသမီးကို လူသားမျိုးနွယ်မှာ မွေးခဲ့တာ။ သူ့အဖေက ကြောက်စရာကောင်းလောက်အောင် ပါရမီထူးချွန်တယ်။ အရင်တုန်းက သူ့အဖေက ရှေးဘုရင်တွေနဲ့ အရှင်သခင်တွေ လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ ကောင်းကင်လက်ရွေးစင်တစ်ယောက်လို့ နာမည်ကြီးခဲ့တယ် ”

“ ဒါပေမဲ့ သူက မျိုးနွယ်ကို သစ္စာဖောက်ပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက် ဖြစ်သွားတယ်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ဖြစ်သွားတော့ သူ့ကျင့်ကြံခြင်းအဆင့်က မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သွားတယ်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ဘိုးဘေးကိုယ်တိုင် သူ့ကို အဲဒီမျိုးဆက်ရဲ့ အဏ္ဏဝါရုပ်အလောင်းဘုရင်အဖြစ် သတ်မှတ်လိုက်တယ် ”

“ အဲဒီအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဘုရင်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ လျှို့ဝှက်အတတ်ကို ကျင့်ကြံတယ်။ အဲဒီအတတ်ကို နှောင်ကြိုးဖြတ်အတတ်လို့ ခေါ်တယ်။ သူက အဲဒီအတတ်ကို တရှိုက်မတ်မတ် ကျင့်ကြံရင်း ပရိဒေဝဖြတ်နယ်ပယ်လို့ ခေါ်တဲ့ နယ်ပယ်တစ်ခုအထိ နားလည်သွားခဲ့တယ် ”

“ အရာအားလုံးက သူ ကြိုတင်စီစဉ်ထားသလိုပါပဲ။ လူသားမျိုးနွယ်ကို သူ သစ္စာဖောက်တုန်းက သူနဲ့အတူ သူ့ဇနီးနဲ့ သမီးသုံးယောက်ကိုပါ ခေါ်လာခဲ့တယ်။ ပြီးတော့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲမှာ သူတို့ကို ချုပ်နှောင်ပြီး တာအိုဝေဒနာဝိညာဉ်တွေအဖြစ် ပြောင်းလဲလိုက်တယ် ”

“ နားလည်အောင် ပြောရရင် အဲဒီအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဘုရင်က သူ့မိသားစုဝင်တစ်ယောက်ကို ဝေဒနာခံစားရအောင် လုပ်တိုင်း ကျင့်ကြံခြင်းအဆင့်တက်သွားတယ်။ သူက သူ့ဇနီး၊ အကြီးဆုံးသမီးနဲ့ ဒုတိယသမီးတို့ကို တတိယမင်းသမီးဖြစ်တဲ့ သူ့အငယ်ဆုံးသမီးရှေ့မှာ သတ်ဖြတ်ခဲ့တယ်။ သူ မသေသေးတာက ဘုရင်က နောက်ထပ် အဆင့်တက်ခါနီးအခြေအနေကို မရောက်သေးလို့ပဲ ”

“ အဲဒါကြောင့်လည်း ငါ သူ့ကို ငါ့အစီအစဉ်ထဲ ဆွဲထည့်ခဲ့တာ။ ဒီမိန်းကလေးက သနားစရာကောင်းတဲ့ပုံစံ ရှိပေမဲ့ အဲဒါ သူ ငယ်ငယ်ကတည်းက သူ့ကိုယ်သူ ကာကွယ်ဖို့ သင်ယူခဲ့တဲ့နည်းပဲ။ တကယ်တော့ သူက သူ့အဖေကို မုန်းနေတာ ကြာပြီ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို ငါတို့ချီရွှဲ့ထုံဂိုဏ်း မုန်းတာထက်တောင် အများကြီး ပိုတယ် ”

“ အဲဒါကြောင့် သူက အမြဲပြဿနာရှာတယ်။ အသက်သေသွားရင် ခဏလောက် လွတ်မြောက်သွားမယ်လို့ သူ ထင်တယ်။ ငါ သူ့ကို ပြဿနာမရှာဖို့ပြောလဲ အသုံးမဝင်ဘူး။ ဒီမိန်းကလေးရဲ့ အသက်သေချင်တဲ့စိတ်က ဝိညာဉ်ထဲအထိကို အမြစ်တွယ်နေပြီ ”

“ ငါ ဝယ်ခဲ့တဲ့ အချက်အလက်အရဆိုရင် ဒီနှစ်တွေထဲ သူ ခုနစ်ခါ၊ ရှစ်ခါလောက် သေပြီးသွားပြီ ”

“ စိတ်မကောင်းစရာက သူ့ဝိညာဉ်တစ်ဝက်ကို သူ့အဖေက နှုတ်ယူထားပြီး ဘေးမှာ သိမ်းထားတယ်။ အဲဒါကြောင့် သူ အပြင်မှာ သေသွားရင်တောင် ကိစ္စမရှိဘူး၊ အချိန်မရွေး အသက်ပြန်သွင်းနိုင်တယ် ”

ရွှီချင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခေါင်းဆောင်ပြောသည်ကို ဆက်လက်နားထောင်လိုက်သည်။

“ ငါ ဝယ်ခဲ့တဲ့ အချက်အလက်ထဲမှာ စကားတစ်ခွန်း ရှိတယ်။ အဲဒီစကားကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဘုရင်က ပြောခဲ့တာ။ သေချာနားထောင် ”

“ လူ့လောကကြီးဟာ မှင်ရည်စွန်းထင်းနေတဲ့ ပန်းချီကားတစ်ချပ်လို ပျောက်သွားတဲ့နှစ်တွေကို စုတ်တံက မရေးဆွဲနိုင်ခဲ့ဘူး။ အထီးကျန်ဝေဒနာကို ချန်ထားရစ်လို့ ဝမ်းနည်းပူဆွေးခြင်းဝေဒနာကို အဘယ်သို့ မေ့နိုင်မည်နည်း ”

ထိုစကားများ သင်္ဘောပေါ် ပဲ့တင်ထပ်သွားပြီး ဖော်ပြ၍ မရသော ဝမ်းနည်းခြင်းများ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။

ရွှီချင်း ငြိမ်သက်နေသည်။

နတ်ဘုရား၏ မျက်နှာပျက်ကြီး အောက်ရှိ ဤလောကကြီး၌ လူအားလုံးတွင် အကြောင်းကိုယ်စီ ရှိကြပြီး အများစုက ဆိုးဝါးသည်။

ဝေဒနာတာအိုကို ရယူနိုင်ရန် ဆွေမျိုးသားချင်းအား သတ်ဖြတ်ရသည့်လုပ်ရပ်မှာ ဆိုးဝါးဟန်တူပါသော်လည်း ရွှီချင်း ကလေးဘဝကတည်းက မြင်ခဲ့ရသည်များကို စဉ်းစားကြည့်လျှင် ထိုသည်မှာ ဘာမှမဟုတ်ပေ။ သို့သော်လည်း သူက အနာကျက်ဆေးကို ထုတ်လိုက်ပြီး ခေါင်းဆောင်ထံ ပစ်ပေးလိုက်သည်။

ခေါင်းဆောင် ဆွံ့အသွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။

“ မင်း ဘာလုပ်နေတာတုံး။ ငါ့ဒဏ်ရာတွေက ပြင်းထန်လို့ ငါ့ကို သောက်ခိုင်းတာလား ”

“ အဲဒါ တတိယမင်းသမီးဖို့ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ ချင်းလေး … မင်းမှာလည်း ကြင်နာတတ်တဲ့ အချိန်လေးတွေ ရှိသေးတာပဲ ”

ခေါင်းဆောင်က ရွှီချင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်ပြီး လက်ထဲရှိ ဆေးလုံးကို ချိန်ဆကြည့်လိုက်သည်။

“ တတိယမင်းသမီးကို မင်း သဘောကျနေတာလား။ ဒါမှမဟုတ် တတိယမင်းသမီးရဲ့ ယောက်ျားလေးအရုပ်လုပ်ဖို့ မင်းတကယ်ကြီး တွေးနေတာလား ”

ရွှီချင်းသည် ခေါင်းဆောင်၏ စက်ဆုပ်ရွံရှာဖွယ်အမူအရာကို စကားတစ်ခွန်းမဆိုဘဲ မျက်နှာသေဖြင့် ကြည့်လိုက်သည်။

“ ချင်းလေး၊ မင်းကြည့်နေတာ ငါ့ကိုလား၊ မင်းအချစ်ကလေး တတိယမင်းသမီးကိုလား။ အိုက်ယား … ဂိုဏ်းထဲက မိန်းကလေးတွေသာ ဒီအကြောင်းသိသွားရင် ရင်ထုမနာ ဖြစ်တော့မှာပဲ ”

ခေါင်းဆောင်သည် ပြောရင်းပြောရင်း ပို၍ ပျော်ရွှင်လာသည်။ ဆေးလုံးကို သူ သိမ်းလိုက်ပြီး လိမ္မော်သီးတစ်လုံးကို ထုတ်၍ အခွံနွှာကာ စားလိုက်သည်။

ရွှီချင်း မျက်မှောင်ကြုတ်စပြုလာသည်ကို ခေါင်းဆောင်မြင်သောအခါ ဆက်ပြောရန်ပြင်လိုက်ပါသော်လည်း ရွှီချင်း၏ ဖြတ်ပြောခြင်း ခံလိုက်ရသည်။

“ မင်းသမီး၊ သုံးရက်နေရင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို ကျုပ်တို့ ရောက်တော့မှာ။ မင်းသမီးဒဏ်ရာတွေ ပြန်ပေါ်လာပြီထင်တယ် ”

ရွှီချင်းက သူ့ထံ လျှောက်လာသည့်အတွက်ကြောင့် ခေါင်းဆောင်၏ စကားများ လည်ချောင်းဝတွင် တစ်ဆို့သွားရသည်။ ခေါင်းဆောင်က အံတင်းတင်းကြိတ်၍ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူသည်လည်း ဓားမြှောင်တစ်ချောင်းထုတ်၍ ရွှီချင်းကို မကျေမနပ် ကြည့်လိုက်သည်။

All Chapters