ပညာရှိကျမ်းစာ
Vol. 1-5 Ch. 51
အခန်း (၅၁) ပညာရှိကျမ်းစာ
ကျန်းလန်က ဦးညွှတ်လိုက်ရင်း…
"ဒါဖြင့်… ဂိုဏ်းတူအစ်ကိုကြီးကို မနှောက်ယှက်တော့ဘူးဗျာ… ကျုပ်ကို ခွင့်ပြုပါဦး…"
ပြောပြီးသည်နှင့် ကျန်းလန် နေရာမှ ထွက်ခွာလာခဲ့သည်။
ပထမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုနှင့် ကျန်းလန်က ခင်မင်ရင်းနှီးသူများ မဟုတ်ကြပေ။
သို့သော်… တစ်ဖက်လူက အလွန်တော်သည့် ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်း ကျန်းလန် သိရှိသည်။
ယခု… ထိုသူ စိတ်မသက်မသာဖြင့် ရေကန်စပ်တွင် ရပ်နေသည်ကို တွေ့မြင်ရခြင်းက ကျန်းလန်ကို စိတ်မသက်မသာ ခံစားရစေသည်။
ထို့ကြောင့်… နေရာမှ ချက်ချင်းထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင်… သူက ဂိုဏ်းတူအစ်ကို၏ ရေစိုနေသည့် အဝတ်အစားများကိုလည်း မမြင်ချင်ယောင်ဆောင်လိုက်မိသည်။
ကျန်းလန်၏ ရည်ရွယ်ချက်က ကျင့်ကြံခြင်းအဆင့်သာ မြင့်တက်လိုခြင်းဖြစ်ပြီး အခြားသူများနှင့် ရန်သူ မဖြစ်လိုပေ။
သို့သော်… ကောင်းကင်ရိပ်ငြိမ်ရေကန်မှ ထွက်ခွာမသွားခင် စနစ်တွင် မှတ်ပုံတင်ချင်သေးသည်။
ဤနေရာက မဟာတာအိုလမ်းကြောင်း တည်ရှိရာနေရာ မဟုတ်သောကြောင့် နေ့စဉ် မှတ်ပုံတင်နိုင်ခြင်း မရှိပေ။ ထို့ကြောင့်… ရေကန်ထဲသို့ ရောက်နေခဲ့သည့် အချိန် (၃)လအတွင်း ကျန်းလန် စနစ်တွင် မှတ်ပုံမတင်ခဲ့ရပေ။
မဟာတာအိုလမ်းကြောင်း တည်ရှိသည့် နဝမတောင်ထွတ်မှ မရဏဂူကတော့ ကျန်းလန်အတွက် ဘုရားပေးသည့် လက်ဆောင်ပင် ဖြစ်၏။
ယခု စနစ်တွင် မှတ်ပုံမတင်သည်မှာ အချိန်ကြာမြင့်ပြီဖြစ်ရာ ပစ္စည်းကောင်းလေးတစ်ခုလောက်ရရှိရန် မျှော်လင့်မိသည်။
စနစ်တွင် မှတ်ပုံမတင်သည့် နေ့ရက်များအတွက် စုပေါင်းပြီး ထူးခြားသည့် ပစ္စည်းတစ်ခု ရရှိချင် ရရှိပေမည်။
ဤသည်က ကျန်းလန်၏ အတွေးသာဖြစ်ပြီး မှားသည်လား ၊ မှန်သည်လား မပြောနိုင်ပေ။ စမ်းသပ်ကြည့်မှသာ သိရှိနိုင်မည် ဖြစ်၏။
"စနစ်… ကောင်းကင်ရိပ်ငြိမ်ရေကန်မှာ မှတ်ပုံတင်မယ်…"
[ ဒင် ! ]
[ မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ် ၊ မဟာတာအိုမှ ပေးအပ်သည့် လက်ဆောင်ကို ရရှိသည့်အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်… ၊ 'ခိုင်ကြည်သောပညာရှိ' ဟု ခေါ်သည့် ပညာရှိကျမ်းစာကို ရရှိပါတယ်…]
[ ခိုင်ကြည်သောပညာရှိ : ဖြောင့်မတ်ခြင်းနှင့် မဖြောင့်မတ်ခြင်းကြားတွင် ခြားနားထားသည့် စည်းမရှိ… ၊ ပညာရှိတစ်ယောက်က စိတ်အာရုံခံစားချက်များကို ဖယ်ရှားကျင့်ကြံတယ်… ၊ ဒါကြောင့် လူအများရဲ့ ကိုးကွယ်ဆည်းကပ်ခြင်း ခံကြရတယ်…]
ခိုင်ကြည်သောပညာရှိ… တဲ့…။
စနစ်တွင် မှတ်ပုံတင်ပြီးနောက် ကျန်းလန် ခဏမျှ ကြက်သေသေနေမိသည်။
ထို့နောက်… သူ့စိတ်အာရုံထဲတွင် ကျမ်းစာတစ်အုပ် ထွက်ပေါ်လာသည်။
ကျမ်းစာက သူ၏ စိတ်အာရုံထဲတွင် တည်ငြိမ်သည့် ကန်ရေပြင်အလား မျောလွင့်လျှက် ရှိသည်။
ကျမ်းစာကို တွေ့မြင်လိုက်သည်နှင့် ကျန်းလန် အရာအားလုံးကို မေ့လျော့သွားလေသည်။
သိက္ခာ ၊ အမုန်းတရား ၊ အချစ် ၊ ဒေါသ…။
ကျမ်းစာကို ကြည့်နေရင်း ထိုခံစားချက်များအားလုံး ဆိတ်သုဉ်းသွားသလို ခံစားလိုက်ရသည်။
"ပညာရှိတစ်ယောက်က စိတ်အာရုံများကို ဖယ်ရှားကျင့်ကြံတယ်" ဆိုသည့်အဓိပ္ပါယ်ကို ကျန်းလန် ချက်ချင်း သဘောပေါက်သွားသည်။
ခံစားချက် စိတ်အာရုံများကို ဖယ်ရှားနိုင်လျှင် ဖြောင့်မတ်ခြင်းကို တွေ့ရှိရမည်ဟု ဆိုလိုခြင်း ဖြစ်၏။
ဖြောင့်မတ်သူတစ်ယောက်က ခိုင်ကြည်သည့်စိတ်ထား ရှိလေသည်။ ထို့ကြောင့်… စိတ်ခံစားချက်များက ပညာရှိတစ်ယောက်ကို ယိုင်နဲ့အောင် မပြုလုပ်နိုင်ပေ။
"ဒါက…"
ကျန်းလန် ပညာရှိကျမ်းစာကို တစ်ချက်ကြည့်လိုက်သည်။
ထိုကျမ်းစာက မိုးနဲ့မြေကိုဖန်ဆင်းခြင်းတာအိုကျမ်းစာအောက် အဆင့်နိမ့်ကျခြင်းမရှိကြောင်း သိရှိလိုက်သည်။
ထိုကျမ်းစာကို ကျင့်ကြံပါက ခံစားချက် (၇) ခုနှင့် စိတ်ဆန္ဒ (၆)ခုမှ ကင်းလွတ်နိုင်မည် ဖြစ်သည်။
ကျန်းလန်က ရေကဲ့သို့ အလိုက်သင့် ပြောင်းလွယ်ပြင်လွယ် ၊ စီးဆင်းလွယ်သူဖြစ်သော်လည်း ခံစားချက်ကင်းမဲ့သူတစ်ယောက် မဖြစ်ချင်ခဲ့ပေ။
ချစ်ခြင်း ၊ မုန်းခြင်းများကို ကျန်းလန် ခံစားလိုသေးသည်။
ထို့ကြောင့် ပညာရှိကျမ်းစာက သူနှင့် သိပ်ပြီး မသင့်တော်ပေ။
ကျမ်းစာက အလွန်လေးမြတ်စရာ ကောင်းသော်လည်း ကျန်းလန်အတွက်တော့ ကိုးကားရန်သာ အသုံးဝင်သည်။ ထိုကျမ်းစာကို သူ… ကျင့်ကြံမည် မဟုတ်ပေ။
ကျန်းလန်က သူ ဘာဖြစ်ချင်သည်ကို နားလည်သူ ဖြစ်သည်။
သူက စိတ်ခံစားချက်များကို ဖယ်ရှားကျင့်ကြံပြီး ပညာရှိသူတော်ကောင်းကြီးတစ်ယောက် မဖြစ်လိုသေးပေ။
ထိုသို့ ကျင့်ကြံခြင်းက သူ၏ မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်နေသည်။ ထို့ကြောင့် မကျင့်ကြံတော့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ထို့နောက်… ကျန်းလန် ကောင်းကင်ရိပ်ငြိမ်ရေကန်အပြင်ဘက်သို့ ထွက်ခွာလာခဲ့လေသည်။
ကျန်းလန် မြူခိုးများကို ဖြတ်သန်းပြီး ရေကန်ထဲမှ ထွက်ခွာလာခဲ့သည်။ ထို့နောက် ရေကန်ရှေ့မှ တဲကုပ်လေးနံဘေးသို့ ရောက်ရှိလာခဲ့သည်။
ကုချီကတော့ ကျန်းလန်၏ ကျောပြင်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။
ထိုလူငယ် မည်သူဖြစ်ကြောင်း သူ သိချင်မိသည်။ သို့သော်… အလျှင်လိုစရာတော့ မရှိပေ။
ရေကန်အပြင်ရောက်လျှင် ထိုသူ မည်သူဖြစ်ကြောင်း သိရမည်ပဲ ဖြစ်သည်။
ထို့နောက်… ကုချီက ရေစိုနေသည့် အဝတ်များကို တစ်ချက် ငုံ့ကြည့်လိုက်သည်။
အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီးမှ ရေများကို ခြောက်သွေ့အောင် မပြုလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက်… ရေကန်ထဲမှ ထွက်ခွာလာခဲ့လေတော့၏။
……………
ရေကန်ရှေ့ရှိ တဲကုတ်ငယ်လေး ပတ်ဝန်းကျင်တွင် တပည့်များစွာ ရှိနေကြလေသည်။
ယခု… ရေလှိုင်းရိုက်ခတ်သံများက ပျောက်ကွယ်သွားပြီ ဖြစ်၏။
ရေကန်ထဲမှ မည်သူ အရင်ဆုံးထွက်လာမည်ကို သူတို့အားလုံး သိချင်နေကြသည်။
ပုံမှန်အားဖြင့်ဆိုလျှင်… အရင်ဆုံးထွက်လာသူက အရှုံးသမားဖြစ်လေ့ရှိသည်။
"ဘာမှ သံသယဝင်နေစရာ မလိုဘူး… ၊ အနိုင်ရတဲ့သူက ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီးပဲ ဖြစ်မှာပဲ…"
"အမှန်ပဲ… ပထမတောင်ထွတ်ကဂိုဏ်းတူအစ်ကိုကြီးနဲ့ နဝမတောင်ထွတ်ကဂိုဏ်းတူညီလေးက အစကတည်းက အဆင့်မှမတူတာ…"
"အမှန်ပဲ… နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးပဲ အရင်ဆုံး ထွက်လာလိမ့်မယ်… ကြည့်နေ…"
"ရှပ်… ရှပ်…"
တဲကုပ်လေးနောက်ကွယ်မှ ခြေသံတစ်သံ ထွက်ပေါ်လာသည်။
လူတစ်ယောက်ထွက်လာသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ကြရသည်။
"ထွက်လာပြီဟေ့… ထွက်လာပြီ…"
"အရင်ဆုံး ထွက်လာတဲ့သူက အရှုံးသမား ဖြစ်မှာပဲ… ၊ နဝမတောင်ထွတ်ကကောင်ပဲ ဖြစ်ရမယ်…"
"ဟုတ်တယ်ဟေ့… ၊ ပုံစံကြည့်ရတာတော့ နဝမတောင်ထွတ်က တပည့်ပဲကွ…"
"သေချာမမြင်ရသေးဘဲ လျှောက်ပြောမနေနဲ့… ၊ ရေကန်ထဲရောက်နေတာ သူတို့ (၂)ယောက်ထဲမှ မဟုတ်တာ… ၊ တခြားသူတွေလည်း ရှိသေးတာပဲ…"
အားလုံးက တဲကုတ်နောက်မှ ထွက်လာသူကို ပြူးပြဲ ကြည့်နေကြသည်။
ထိုသူ မည်သူဖြစ်ကြောင်း အလွန်သိချင်နေကြပြီ မဟုတ်ပါလား။
အချို့တပည့်များဆိုလျှင် အနေနိုင်ဘဲ အလောင်းအစားပင် ကြိတ်ပြီး လုပ်နေကြတော့၏။
တဖြည်းဖြည်းနှင့်… တဲကုပ်လေး နံဘေးမှ မှထွက်ပေါ်လာသည့် လူရိပ်က တဖြည်းဖြည်း ကြည့်လင်ရှင်းလင်းလာသည်။
မြူခိုးများထဲမှ ထွက်ပေါ်လာသည့် ကျန်းလန်၏ ပုံရိပ်ကို အားလုံး တွေ့မြင်လိုက်ကြရသည်။
ကျန်းလန်ကို တွေ့လိုက်ရသည်နှင့်… စောင့်နေကြသည့် တပည့်များထံမှ "ဟေး…" ကနဲ အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာကြသည်။
"ကျုပ် မပြောဘူးလား… နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး အရင်ထွက်လာမှာပါလို့… ၊ ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီး အနိုင်ရတယ်ဆိုတာ သေချာပြီကွ…"
"အေးကွာ… ကြည့်ရတာ အဲဒီ ဂိုဏ်းတူညီလေး ရှုံးသွားပြီထင်တယ်… ၊ ဒါပေမဲ့ သူ့ကိုလည်း အပြစ်တင်လို့ မရဘူးကွ… ၊ ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီးက အရမ်းထူးချွန်တဲ့ ပါရမီရှင်လေကွာ…"
"အမှန်ပဲ… နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးက စိတ်စွမ်းအားကောင်းလွန်းပေမယ့် ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီးကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ…"
"သူ ရှုံးသွားတယ်ဆိုပေမယ့်လည်း သိက္ခာရှိရှိ ရှုံးတာပါကွာ… ၊ ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီးကတော့ အတော်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းထားနိုင်တာပဲဟေ့…"
"သူ ရှုံးတော့လည်း ဘာဖြစ်လဲကွာ… ၊ သူတို့ (၂)ယောက်က လုံး၀ မတူညီတဲ့ နေရာ (၂)ခုက လူတွေပဲ… ၊ ဘာမှ ဝေဖန်နေစရာ မလိုပါဘူး…"
ကျန်းလန်က ပြောဆိုဝေဖန်နေကြသူများကို အရေးစိုက်ဘဲ သေရည်နတ်ဘုရား ရှိရာသို့ လမ်းလျှောက်သွားလိုက်သည်။
သူက သေရည်နတ်ဘုရားကို ဦးညွှတ်အရိုအသေပေးလိုက်ရင်း…
"ရေကန်စောင့်နတ်ဘုရား ကူညီပေးတာ ကျေးဇူးတင်ပါတယ်…"
သေရည်နတ်ဘုရားက ကျန်းလန်ကို တစ်ချက်အကဲခတ်လိုက်ပြီး…
"ကဲ… ပြန်တော့… မင်းဆရာ မင်းကို စောင့်နေတာ ကြာလှပြီ…"
ကျန်းလန်က…
"ဟုတ်ကဲ့…"
ထို့နောက်… ကျန်းလန် အချိန်မဖြုန်းတော့ဘဲ ချက်ချင်း ထွက်ခွာလာခဲ့သည်။
တောင်ပေါ်သို့ ပြန်ပြီး တစ်ယောက်တည်း ကျင့်ကြံရပေဦးမည်။
ယခုတစ်ကြိမ် သူရရှိလိုက်သည့် အကျိုးအမြတ်က နည်းနည်းနောနော မဟုတ်ပေ။
နှမျောစရာကောင်းသည်မှာ ကောင်းကင်ရိပ်ငြိမ်ရေကန်တွင် မဟာတာအိုလမ်းကြောင်း ရှိမနေခြင်း ဖြစ်၏။ ထို့ကြောင့်… ကျန်းလန် နေ့စဉ် မှတ်ပုံတင်နိုင်ခြင်း မရှိခဲ့ပေ။
မရဏဂူထဲမှ မဟာတာအိုလမ်းကြောင်းအပြင် နောက်ထပ် မဟာတာအိုလမ်းကြောင်းများကို ခွန်လွန်တောင်တွင် ကျန်းလန် ယခုချိန်ထိ ရှာမတွေ့သေးပေ။
တွေးရင်းဖြင့် ကျန်းလန် ကောင်းကင်ရိပ်ငြိမ်ရေကန်မှ ထွက်ခွာလာခဲ့လေသည်။
သို့သော်… အခြားတပည့်များကတော့ ထွက်ခွာသွားခြင်း မရှိသေးပေ။ သူတို့က ဆက်လက်ဝေဖန်လေကန်နေကြဆဲ ဖြစ်၏။
"ရှုံးတဲ့ကောင်တော့ ပြန်သွားပြီ… ၊ ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီးလည်း ထွက်လာခါနီးလောက်ပြီကွ…"
"ဟုတ်တယ်… သူ ဘယ်လိုများ ကျင့်ကြံခြင်းအဆင့်တက်အောင် လုပ်လိုက်လဲဆိုတာ မေးကြည့်ရအောင်…"
"ဂိုဏ်းတူအစ်ကိုကြီးက ပြောမှာမဟုတ်ပါဘူးကွာ… ၊ ဒါပေမဲ့ ပြောပြခဲ့ရင်တော့ ကျုပ်တို့အတွက် အတော်လေး အကျိုးရှိမှာပဲ…"
"ဘာပဲဖြစ်ဖြစ်… သူရဲကောင်းပီသတဲ့ ဂိုဏ်းတူအစ်ကိုကြီးကို တွေ့ခွင့်ရတာကတော့ အမြတ်ထွက်တယ် ပြောရမယ်…"
"ပြောရင်းဆိုရင်း… ထွက်လာပြီဟေ့…"
တပည့်များအားလုံး တဲကုပ်လေးဆီသို့ လှမ်းကြည့်လိုက်ကြသည်။
မြူခိုးများကြားထဲတွင် လမ်းလျှောက်လာသည့် မပီဝိုးတဝါး ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ကြရသည်။
ဝင့်ကြွားစွာဖြင့် ထွက်ပေါ်လာမည့် အောင်နိုင်သူတစ်ယောက်ကို သူတို့အားလုံး စောင့်မျှော်လျှက်ရှိကြသည်။
သေရည်နတ်ဘုရားကတော့ မည်သည့်စကားမှ မဆိုဘဲ သက်ပြင်းတစ်ချက်သာ ချလိုက်မိသည်။
ထို့နောက်… ခေါင်းတစ်ချက် ခါရမ်းရင်း သေရည်သောက်နေတော့၏။
"ရှပ်… ရှပ်…"
ခြေလှမ်းက တဖြည်းဖြည်း နီးကပ်လာသည်။
လူရိပ်က မြူခိုးများကို ဖြတ်သန်းပြီး ရှေ့သို့ ခြေတစ်လှမ်းချင်း လှမ်းလာနေသည်။
ထိုသူ ခြေလှမ်းများက အလွန်မှ နှေးကွေးလွန်းလှသည်။
နောက်ဆုံးမှာတော့… တပည့်များအားလုံး လူရိပ်ကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ကြရ၏။
သို့သော်… လူရိပ်ကို တွေ့မြင်လိုက်ကြသည်နှင့်… ပထမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုကြီးကို အားကြိုးမာန်တက် စောင့်နေကြသူများ၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
သူတို့မျက်နှာထက်တွင် ထူးဆန်းသည့် အမူအရာများ ထွက်ပေါ်လာကြသည်။
ထို့နောက်… ထူးဆန်းခြင်းမှသည် သံသယဝင်ခြင်းသို့ ကူးပြောင်းသွားကြပြီး သံသဝင်ခြင်းမှသည် ထိတ်လန့်တုန်လှုပ်ခြင်းအဖြစ် ဆင့်ကဲပြောင်းလဲသွားကြလေတော့သည်။
တဲကုပ်လေးနံဘေးမှ လမ်းလျှောက်ထွက်လာသူမှာ သူတို့ စောင့်မျှော်နေကြသည့် ပထမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုကြီး ဖြစ်လေ၏။
သို့သော်… သူတို့အားလုံးကို အံ့သြတုန်လှုပ်သွားစေသည့်အချက်မှာ…
ဂိုဏ်းတူအစ်ကိုကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး ရေများ စိုရွှဲနေခြင်းပင် ဖြစ်လေတော့သည်။