လေပြင်းကြောင့် တွန့်ကွေးသွားရပါသော ( ၂ )
Vol. 4 Ch. 60
သူမ ထွက်ခွာသွားခြင်းသည် သူမ၏ဘေးတွင်ရှိနေသော တခြားအပေါင်းအဖော်များကို စိတ်ရှုပ်ထွေးသွားစေသည်။
ရွှီချင်းက ထိုသည်ကို အာရုံမစိုက်ချေ။ ခုန်ဝင်လာသော ရေခူကို စူးစိုက်ကြည့်၍သာ အချိန်ကို တွက်ချက်နေသည်။ သူသည် မတ်တတ်ရပ်နေပြီး သူ၏ခန္ဓာကိုယ်ထဲရှိ သွေးနှင့်ချီများ ရုတ်ခြည်း ပေါက်ကွဲထွက်လာသည်။ ထို့နောက် ပါးစပ်ကိုဟ၍ ချဉ်းကပ်လာနေသော ရေခူကို ဟိန်းဟောက်လိုက်သည်။
သူ၏သွေးချီများ ဖောင်းကားလာပြီး တောင်တန်းပင်လယ်ပညာရပ် လှည့်ပတ်လာသည်နှင့် ကွေအရိပ်က ရုတ်ခြည်း အကောင်အထည်ပေါ်လာပြီး သူ့ကိုတုပ၍ ဟိန်းဟောက်လိုက်သည်။
ကွေအရိပ်၌ ခေါင်းတွင် ဦးချိုတစ်ဖက်ရှိပြီး သွေးဆာနေသော ပုံပန်းသွင်ပြင်ရှိပေသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်နေပြီး မြေအောက်လောကမှ တိုးထွက်လာသည့်အလားပင်။ ၎င်း၏မျက်လုံးများထဲမှ ခရမ်းရောင်အလင်းတန်းများ ခပ်ဖျော့ဖျော့ ဝင်းလက်နေပေရာ ၎င်းကို ပို၍ ကြောက်မက်ဖွယ်ကောင်းသွားစေသည်။
၎င်း၏ဟိန်းသံက ထွက်ပေါ်လာခြင်းမရှိပါသော်လည်း ရွှီချင်း၏ ဟိန်းဟောက်သံနှင့် ပေါင်းစပ်လိုက်သောအခါ ၎င်းကို တစ်မျိုးတစ်ဖုံ ကြောက်မက်ဖွယ်ကောင်းသွားစေပြီး ခုန်အုပ်လာသည့် ရေခူကို ရပ်တန့်သွားစေသည်။ ရေခူ၏မျက်လုံးများအားလုံးက ရွှီချင်းကို မမှိတ်မသုန် ကြည့်နေသည်။
ထိုရေခူသာ ကြောက်လန့်တုန်ရီသွားသည်မဟုတ် ရွှီချင်း၏နောက်ရှိ လူငယ်လေးများနှင့် မိန်းကလေးများသည်လည်း ချက်ချင်း ဖြူဖျော့သွားကြသည်။ ရွှီချင်း၏နောက်ရှိ အရိပ်ကို မြင်သောအခါ သူတို့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“ သွေးချီအရိပ် ဖြစ်တည်ခြင်း ”
“ ဒါ … ဒါမျိုးက အထွတ်အထိပ်အဆင့်ကို ရောက်နေတဲ့ အပြင်အားပညာရှင်တစ်ယောက်ဆီကနေပဲ ပေါ်လာနိုင်တဲ့ လက္ခဏာမဟုတ်လား ”
သူတို့၏နှလုံးသားများထဲတွင် အံ့သြတုန်လှုပ်ခြင်းများ ရိုက်ခတ်နေသည်။
ထိုရေခူသည် ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်သောစရိုက်ကို အာရုံခံမိလိုက်သည်။ ယင်းအပြင် ထိုအချိန်၌ သူ၏အဆိပ်က သက်ရောက်မှုရှိလာပြီး ရေခူများ၏သွေးများမှ အငွေ့အသက်ကို ဖယ်ရှားပေးနိုင်စွမ်း ရှိနေသည်။
ထို့ကြောင့် တည်ငြိမ်သော ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲအပြီးတွင် ထိုရေခူသည် တဖြည်းဖြည်း နောက်ဆုတ်သွားပြီး ဝင်ပေါက်ကို အမြန် ထွက်ခွာသွားသည်။
ရွှီချင်းသည် ထွက်ခွာသွားသော ရေခူကိုကြည့်၍ ရင်ထဲတွင် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။ ထို့နောက် သူက လူငယ်အုပ်စုကို လှည့်ကြည့်လိုက်သည်။
သူ သတိထား၍ ကြည့်လိုက်သည်မှာ အစောပိုင်းက လက်အိတ်ဝတ်ထားသော မိန်းကလေး ရပ်နေသည့်နေရာပင် ဖြစ်သည်။
ထိုနေရာတွင် အနှီမိန်းကလေးကို သူ မမြင်တော့ပေ။
သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
တချိန်တည်းမှာပင် သူက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်စဉ် သူတို့ထဲရှိ မိန်းကလေးအနည်းငယ်က ကြောက်လန့်တုန်ရီလွန်း၍ ငိုကြွေးလိုက်ကြသည်။
လက်ရှိ ရွှီချင်းသည် အလွန် ရက်စက်ကြမ်းကြုတ်သော လူသတ်သမားတစ်ယောက်အသွင် ရှိပေသည်။
လရောင်အောက်၌ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အပြာရောင်သွေးများဖြင့် ဖုံးလွှမ်းနေပေသည်။ သူ၏မျက်ဝန်းများထဲရှိ အေးစက်စက်အရိပ်အယောင်များက ယခုလေးတင် ငရဲမှ တက်လာသူတစ်ယောက်အလား သူ့ကို ထင်မှတ်သွားစေသည်။ သူ၏နောက်ရှိ ကွေအရိပ်နှင့် ပေါင်းစပ်လိုက်သောအခါ သူက ရက်စက်ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်အလားပင်။
ပိုင်မျိုးရိုးနာမည်နှင့် လူငယ်လေးသည်သာ သူ၏ရင်ထဲရှိ လေးစားကြည်ညိုစိတ်များကို ချိုးနှိမ်လိုက်ပြီး ရွှီချင်းကို လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်သည်။
“ ငါက ပိုင်ယွင်သုန်ပါ။ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး။ မင်းရဲ့ကြင်နာမှုကို ငါတို့ ပြန်ဆပ်မှာပါ ”
သူသည် အစောပိုင်းက ရွှီချင်း၏အကြည့်ကို သတိထားမိလိုက်သည့်အလား သက်ပြင်းရှည်ကြီးချ၍ ရှင်းပြလိုက်သည်။
“ အဝေးကို တည်နေရာရွှေ့ပြောင်းခံလိုက်ရတဲ့လူက လီရောလင်း၊ သူ့မိသားစုက အစီအရင်တွေကို ကျွမ်းတယ်။ အဲဒါကြောင့် သူ့ကို အသက်ကယ်ရတနာဖြစ်တဲ့ တည်နေရာရွှေ့ပြောင်းခြင်း အဆောင်ကို ပေးလိုက်တာ။ အဲဒါရှိရင် သူ အချိန်မရွေး အန္တရာယ်ကနေ ထွက်ပြေးနိုင်တယ် ”
“ မင်းတို့မှာလည်း မရှိဘူးလား ”
ရွှီချင်းက ပိုင်ယွင်သုန်ကိုကြည့်လိုက်သည်။
ပိုင်ယွင်သုန်သည် ခါးသက်သက်ပြုံးလိုက်ပြီး သူ၏ဘေးရှိလူငယ်သည်လည်း ငြိမ်သက်သွားသည်။
“ ငါတို့က ကျစ်ထူက ဆိုပေမဲ့ တိုက်ရိုက်မျိုးဆက်တွေ မဟုတ်ဘူး။ ငါတို့က အမည်ခံအဖွဲ့ဝင်တွေအဆင့်ပဲ ရှိတယ် ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး သူ၏လက်ထဲရှိ ဓားကို ပိုင်ယွင်သုန်ကို လှမ်းပေးလိုက်သည်။ တခြားလူငယ်လေးများကလည်း သူ့ကို ကျေးဇူးတင်စကား ဆိုလာကြစဉ် သူသည် ပိုင်ယွင်သုန်ကိုကြည့်၍ ရုတ်တရက် မေးမြန်းလိုက်သည်။
“ သမားတော်ကြီးပိုင်က မင်းနဲ့ ဘာတော်လဲ ”
“ အဲဒါ ငါ့အဘိုးသုံးလေ ”
ပိုင်ယွင်သုန်က အံ့အားသင့်စွာ ပြန်ဖြေလိုက်ပြီး တဆက်တည်း မေးမြန်းလိုက်သည်။
“ ငါ့အဘိုးသုံးကို မင်း သိတယ်လား ”
ရွှီချင်းသည် သူ့ကို လေးလေးနက်နက်ကြည့်လိုက်ပြီး ခပ်ဆိတ်ဆိတ်သာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် လျှိုမြောင်ဝင်ပေါက်ကို လှည့်ကြည့်လိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
“ ဒီမှာ ဓာတ်နှောတွေက သိပ်ထူထပ်တယ်။ ကြာကြာနေလို့မရဘူး။ မင်းတို့ကို ငါ အပြင်လိုက်ပို့ပေးမယ် ”
ရွှီချင်းသည် ပြောပြီးသည်နှင့် လျှိုမြောင်ဝင်ပေါက်ကို လျှောက်သွားသည်။ ပိုင်ယွင်သုန်သည် အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် အံကိုတင်းတင်းကြိတ်၍ နောက်မှလိုက်သွားသည်။ တခြားလူငယ်လေးများနှင့် မိန်းကလေးများသည်လည်း အကျိုးနှင့်အပြစ်ကို သဘောပေါက်နေပြီဖြစ်၍ သူ့နောက်မှ တစ်ယောက်ပြီးတစ်ယောက် လိုက်သွားကြသည်။
ထိုသို့ဖြင့် လူငယ်တစ်စုသည် လျှိုမြောင်ထဲမှ ထွက်ခွာကာ တောအုပ်အစွန်အဖျားကို အမှောင်ကြီးထဲ လျှောက်လာကြသည်။
သူတို့သည် ရေခူများနှင့် ရင်ဆိုင်ရစဉ်အခါက ဆိုးဆိုးဝါးဝါး ဖြစ်သွားခဲ့ပါသော်လည်း ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေကြသူများဖြစ်၍ ထိုကဲ့သို့ သေရေးရှင်ရေးအခြေအနေက သူတို့ကို အပြောင်းလဲကြီး ပြောင်းလဲသွားစေခဲ့သည်။
သို့ဖြစ်၍ ညအခါ လမ်းတွင် စကားအနည်းငယ်သာ ပြောကြပြီး ရွှီချင်းနောက်မှ တိတ်ဆိတ်စွာသာ လိုက်ပါလာကြသည်။
မိန်းကလေးအနည်းငယ်မှာ အားပျက်နေပြီဖြစ်ပါသော်လည်း အံတင်းတင်းကြိတ်၍ တောင့်ခံကြသည်။ ထိုနည်းအားဖြင့် သူတို့အုပ်စုက တစ်ညလုံး ခရီးနှင်လာခဲ့ကြ၏။
မိုးသောက်ယံအချိန်တွင် အတန်ငယ်ဝေးသောနေရာရှိ တောအုပ်အလွန်မှ အပြင်ဘက်လောကကြီးကို လှမ်းမြင်လိုက်ကြရသည်။
သူတို့နှလုံးသားများထဲတွင် စိတ်လှုပ်ရှားခြင်းလှိုင်းများ ဘောင်ဘင်ခတ်နေပြီး မောပန်းနွမ်းနယ်နေသည့် ခန္ဓာကိုယ်များတွင်လည်း အားအင်သစ်များ ရောက်ရှိလာဟန်တူသည်။ ထိုအချိန်၌ အဝေးမှ တရွှီရွှီမြည်သံ လွင့်ပျံလာသည်။
ရွှီချင်းသည် စိုးရိမ်ပူပန်စွာဖြင့် လှမ်းကြည့်လိုက်ရာ ဝေဟင်မှ ပျံသန်းလာနေသော လူသုံးယောက်ကို မြင်လိုက်ရသည်။
ထိုလူများသည် လူငယ်အုပ်စုကို စောင့်ရှောက်နေခဲ့ကြသော ပညာရှင်များ ဖြစ်ပေသည်။
ရွှီချင်း၏ အစောပိုင်းက ခန့်မှန်းချက် မမှားခဲ့ပေ။ ထိုလူများသည် ရေခူကြီးများကို အဝေးသို့ မျှားခေါ်သွားခဲ့ခြင်း ဖြစ်သည်။ သူတို့ အသေအပျောက် ရှိခဲ့မှန်း သိသာသည်။ သူတို့ ရောက်ရှိလာပြီး နောက် လူငယ်များ စိတ်တက်ကြွနေကြစဉ် ရွှီချင်းကို လေးနက်စွာ ကြည့်လိုက်သည်။
ရွှီချင်းသည် သတိထားနေပြီး သူတို့နှင့် ခပ်ခွာခွာနေသည်။ ထို့နောက် သူတို့ မရိပ်မိစေဘဲ အဆိပ်မှုန့်ကို ထုတ်လိုက်၏။
ထိုပညာရှင်သုံးယောက်သည် ရွှီချင်းအနားကို ကပ်မလာကြဘဲ ခေါင်းညိတ်ပြလိုက်ပြီး ရှေ့မှဦးဆောင်သွားလေသည်။
ဤနေရာသည် အပြင်ဘက်လောကနှင့် သိပ်မဝေးဟန်ရှိပါသော်ငြား ထိုလူစု အပြင်ရောက်သောအခါတွင် မွန်းတည့်လုနီးပါး ရှိနေပြီဖြစ်သည်။
လူငယ်လေးများနှင့် မိန်းကလေးများသည် တောအုပ်ကိုလွန်၍ အပြင်ဘက်လောကကို ခြေချမိလိုက်သည်နှင့် ကပ်ဘေးကြီးမှ လွတ်မြောက်သွားခဲ့၍ စိတ်လှုပ်ရှားလာသော ခံစားချက်များကို ဖိနှိပ်ခြင်းငှာ မစွမ်းသာတော့ပေ။ လူအများစုက ငိုကြွေးလိုက်ကြသည်။
ရွှီချင်းသည် နောက်ဆုံးမှ ထွက်လာသူဖြစ်သည်။ သူက ထိုလူများကို ခပ်လှမ်းလှမ်းမှသာ ကြည့်နေပြီး စကားတစ်ခွန်းမဆိုပေ။
မကြာခင် ပိုင်ယွင်သုန် ဦးဆောင်လာသော လူငယ်လေးများသည် ရွှီချင်းနေရာကို ရောက်လာကြပြီး လက်သီးများဆုပ်၍ ယဉ်ကျေးစွာ ကျေးဇူးတင်စကားဆိုလိုက်ကြပြီး သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်လေသည်။
“ အလာတုန်းကတော့ ဒီကို လေ့ကျင့်ဖို့ လာခဲ့ကြတာ။ အခုတော့ ငါတို့မှာ တန်ဖိုးရှိတာ ဘာမှမကျန်တော့ဘူး။ တားမြစ်နယ်မြေထဲမှာ အားလုံး သုံးပစ်လိုက်ပြီ။ ငါတို့ခန္ဓာကိုယ်ထဲက ဓာတ်နှောတွေက သိပ်များနေပြီဆိုတော့ အနီးအနားမြို့တွေက တည်နေရာရွေ့ပြောင်းခြင်း ဝင်ပေါက်တွေကနေ ကျစ်ထူကို ငါတို့ မြန်မြန်ပြန်မှရမယ်။ မင်းရဲ့ကြင်နာမှုကိုလဲ ငါတို့ မမေ့ပါဘူး။ ဒီဓားက မင်းအတွက်ပါ ”
ပိုင်ယွင်သုန်သည် လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး ဓားကို ချန်ထားလိုက်သည်။
ရွှီချင်းသည် သူတို့ ထွက်သွားသည်ကို ကြည့်နေပြီးနောက် စူးရှချွန်ထက်သော ဓားကို ကောက်ယူလိုက်သည်။
ထိုဓားတွင် ကနုတ်ပန်းများဖြင့် ပြည့်နှက်နေပြီး အေးစိမ့်စိမ့်အလင်းများ တဖိတ်ဖိတ် လက်နေသည်။ ထိုဓားက ရေခူအမြောက်အမြားကို သတ်ဖြတ်ခဲ့သည်ဖြစ်၍ ဓာတ်နှောများစွာ စွန်းထင်းနေပြီဖြစ်ပါသော်ငြား မပျက်စီးချေ။ ထိုဓားကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အဆင့်မြင့် ရတနာတစ်ပါးဖြစ်ကြောင်း ပြောနိုင်ပေသည်။
ထိုဓားသည် အနည်းငယ် ရှည်ပြီး ဓားမြှောင်ကဲ့သို့ ကိုင်တွယ်ရ မလွယ်ကူပါသော်လည်း အစောပိုင်းက ထိုဓားကို အသုံးချခဲ့ရာတွင် သူ အဆင်ပြေချောမွေ့နေခဲ့သည်။ ထို့ကြောင့် သူက ဓားကို နောက်ကျောတွင် သိုဝှက်ထားလိုက်သည်။
ရွှီချင်းသည် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီးနောက် စခန်းဆီကို လျှောက်လာသည်။
သူက ဓားမြှောင်အနည်းငယ် ဝယ်ယူရန်အတွက် စခန်းကို ပြန်ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။ ရက်အနည်းငယ်ကြာပြီး ရေခူအုပ်စု လုံးဝ ပျောက်သွားသောအခါမှသာ တားမြစ်နယ်မြေထဲကို သူ ပြန်သွားမည်ဖြစ်သည်။
မွန်းတည့်နေမင်းကြီးသည် ပျင်းရိပျင်းတွဲဖြင့် ထွန်းလင်းတောက်ပနေစဉ် ရွှီချင်းသည် စခန်းကို ရောက်လာပြီဖြစ်သည်။ သူက စခန်းထဲကို အနည်းငယ်သာ ဝင်ရသေးသော်လည်း မျက်မှောင်ကြုတ်သွား၏။ စခန်းထဲတွင် တစ်ခုခုဖြစ်ပျက်နေကြောင်း သူ ခံစားမိလိုက်သည်။
ယခုအခါ စခန်း၌ လူစိမ်းအနည်းငယ် ရောက်နေပေသည်။
ဘေးပတ်ဝန်းကျင်ရှိ ရတနာမုဆိုးများသည် သူ့ကိုမြင်သောအခါ မျက်နှာတစ်မျိုး ဖြစ်သွားကြသည်။ ထိုရတနာမုဆိုးများထဲမှ တစ်ယောက်သည် ယခင်က သူ ကယ်ခဲ့သော လူဖြစ်သည်။ ထိုလူသည် ရွှီချင်းကို ကြည့်၍ တစ်ခုခု ပြောချင်နေပါသော်လည်း ချီတုံချတုံ ဖြစ်နေဟန်တူသည်။
သူက စကားမပြောသော်လည်း ရွှီချင်း၏နေအိမ်ဘက်ကို အမူအရာဖြင့် ညွှန်ပြလိုက်သည်။
ရွှီချင်း၏ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရသည်။ ဘေးပတ်ဝန်းကျင်ကို သူ လေ့လာရင်း အိမ်ကို ခပ်သွက်သွက် ပြန်လာသည်။
သူ၏အိမ်ကို ရောက်သောအခါ မျက်လုံးပေါင်းမြောက်မြားစွာက သူ့အား အေးတိအေးစက်ကြည့်နေသည်ကို သူ ချက်ချင်း သတိထားမိလိုက်သည်။
သူတို့အဝတ်အစားများကို ကြည့်၍ ထိုမျက်လုံးပိုင်ရှင်များကို ရွှီချင်း ချက်ချင်း သိသွားသည်။ သူတို့အားလုံး စခန်းခေါင်းဆောင်၏လူများ ဖြစ်ကြပေသည်။
ခပ်လှမ်းလှမ်းရှိ လမ်းသွယ်လေး၌ စခန်းခေါင်းဆောင်လက်အောက်ရှိ မုတ်ဆိတ်မွေးသုံးစုနှင့်လူက သူ့ကို အေးတိအေးစက်ပြုံး၍ ကြည့်နေသည်။
ရွှီချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခြံတံခါးကို တွန်းဖွင့်လိုက်သည်။ ခြံထဲ၌ လူရုပ်ပင်မပေါ်တော့အောင် ဖြူဖပ်ဖြူရော်ဖြစ်နေသော ကြက်ခြေခတ်နှင့် ဒဏ်ရာအပြင်းအထန်ရထားပြီး အားနည်းနေသော လွမ်ယာတို့ကို သူ မြင်လိုက်ရသည်။
ရွှီချင်း အထဲကို လျှောက်လာသည်နှင့် သူတို့နှစ်ဦးက ဆတ်ခနဲ လှမ်းကြည့်လိုက်ကြသည်။
ကြက်ခြေခတ်၏ညာလက်သည် ပတ်တီးများဖြင့် စည်းထားပြီး တဆတ်ဆတ် တုန်ရီနေဆဲဖြစ်သည်။ ရွှီချင်းကို မြင်၍ သူက ခပ်တိုးတိုးလေသံဖြင့် ပြောလိုက်ပြီး ချောင်းတဟွတ်ဟွတ်ဆိုးကာ သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
“ ကလေး၊ ခေါင်းဆောင်လဲ့ … ဒုက္ခရောက်နေပြီ ”
ထိုစကားများကို ရွှီချင်း ကြားသောအခါ မိုးကြိုးပစ်လိုက်သည့်အလားပင်။ တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားရပြီး သူ၏နှလုံးသားတစ်ခုလုံး တင်းကြပ်ကာ အသက်ရှူ မြန်လာသည်။
သူ၏နှလုံးခုန်သံ အလိုလို မြန်ဆန်လာပြီး သူ၏ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသွားသည်။ မကောင်းသောခံစားချက်တစ်ခု ရုတ်ခြည်း ထိုးတက်လာပြီး အန္တရာယ်ကြီးမားသည့် အငွေ့အသက်များအဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ထဲမှ ထိန်းမနိုင်သိမ်းမရ ထိုးတက်လာသည်။ ပတ်ဝန်းကျင်သည်ပင် အေးစက်လာဟန်တူသည်။
ထိုအေးစက်လာသော ပတ်ဝန်းကျင်တွင် ရွှီချင်း၏ပါးစပ်မှ ရိုးတွင်းခြင်ဆီကိုက်လုမတတ် ပို၍ပင် အေးစက်တုန်ရီနေသော အသံ ထွက်ပေါ်လာသည်။
“ ဘာဖြစ်တာတုံး ”