← Chapters

တောင်သခင်ဖြစ်ဖို့ပဲကျန်တော့တယ်

Vol. 1-5 Ch. 53

တောင်သခင်ဖြစ်ဖို့ပဲကျန်တော့တယ်

Vol. 1-5 Ch. 53

အခန်း (၅၃) တောင်သခင်ဖြစ်ဖို့ပဲကျန်တော့တယ်

"ဆရာ…"

ဝိညာဉ်သစ်သီးများ တစ်ပွေ့တစ်ပိုက်ဖြင့် ကျန်းလန် ဆရာဖြစ်သူထံသို့ ရောက်လာလေသည်။

ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်ရောက်လာပြီးနောက် ဆရာဖြစ်သူကို လက်ဆောင်ပေးရန် ဝိညာဉ်သစ်သီးများ ခူးဆွတ်ပြီးမှ ဆရာဖြစ်သူထံ ထွက်ခွာလာခြင်း ဖြစ်သည်။

ဤဝိညာဉ်သစ်သီးများက နဝမတောင်ထွတ်တွင် ကျန်းလန်ကိုယ်တိုင် စိုက်ပျိုးထားသည့် ဝိညာဉ်သစ်သီးများ ဖြစ်၏။

ဝိညာဉ်သစ်သီးပင်များကို သူကိုယ်တိုင် ဂရုတစိုက် ရေလောင်းပေါင်းသင်ပြီး စိုက်ပျိုးထားခဲ့ခြင်း ဖြစ်သည်။

သို့သော်… ဝိညာဉ်သစ်သီးပင်များက အလိုလို ရှင်သန်နိုင်စွမ်းရှိသည့်အပင်များဖြစ်လေရာ ထိုသစ်သီးပင်များကို စိုက်ပျိုးရန် ကျန်းလန်အတွက် သိပ်ပြီး အချိန်ကုန်ခံစရာ မလိုပေ။

ပထမတော့ ကျန်းလန်က ခွန်လွန်တောင်ခြေသို့သွားကာ ဆရာဖြစ်သူအတွက် အကောင်းစားသေရည်တစ်အိုး လက်ဆောင်ဝယ်ပေးရန် စဉ်းစားထားခဲ့သည်။

သို့သော်… ပထမတောင်ထွတ်မှ တောင်သခင် သူ့ရှေ့တွင် ပေါ်လာပြီးနောက်ပိုင်း ကျန်းလန် တောင်အောက်သို့ မဆင်းလိုတော့ပေ။

ဘယ်မှမသွားဘဲ နဝမတောင်ထွတ်တွင် နေထိုင်ခြင်းကသာ သူ့အတွက် အန္တရယ်ကင်းစေနိုင်မည် မဟုတ်ပါလား။

ထို့ကြောင့် သေရည်ဆိုင်သို့ မသွားတော့ဘဲ ကိုယ်တိုင်စိုက်ပျိုးထားသည့် ဝိညာဉ်သစ်သီးများကိုသာ လက်ဆောင်အဖြစ် ဆရာဖြစ်သူထံ ယူဆောင်လာခဲ့လေသည်။

မော့ကျန်းသုန့်က ကျန်းလန်၏လက်ထဲမှ ဝိညာဉ်သစ်သီးများကို လှမ်းယူလိုက်ရင်း…

"ကဲ… ဘယ်လိုလဲ… ရွှေပြဒါးအမြုတေအဆင့်ကိုတက်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပြီလား…"

(၃)လ…

အချိန် (၃)လ တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ကျန်းလန် ကောင်းကင်ရိပ်ငြိမ်ရေကန်တွင် (၃)လတိတိ နေထိုင်ခဲ့လေသည်။

ကျန်းလန် ကောင်းကင်ရိပ်ငြိမ်ရေကန်တွင် အလွန်ဆုံးနေနိုင်မှ အချိန် (၁)လပေါ့ဟု မော့ကျန်းသုန့် ခန့်မှန်းထားခဲ့သည်။

သို့သော်… ကျန်းလန်က ကောင်းကင်ရိပ်ငြိမ်ရေကန်တွင် အချိန် (၃)လတိတိ နေထိုင်နိုင်ခဲ့လေသည်။

ထိုအချက်က မော့ကျန်းသုန့် လုံး၀ မျှော်လင့်မထားသည့် အချက်ဖြစ်၏။

ဒီတပည့်လေးကတော့ သူ့ကို အံ့သြပြီးရင်း အံ့သြအောင် တစ်ခုပြီးတစ်ခု လုပ်ပြနေသည့် တပည့်လေးသာ ဖြစ်သည်။

ကျန်းလန်က …

"ကြိုးစားကြည့်ရမှာပေါ့… ဆရာ…"

ကျင့်ကြံခြင်းနှင့်ပတ်သက်လျှင် မည်သူမှ စကားကုန်ပြောကာ အာမခံချက် မပေးနိုင်ကြပေ။

မော့ကျန်းသုန့်က ကျန်းလန်ကို တစ်ချက်အကဲခတ်လိုက်ရင်း…

"ကဲ… ဒါဖြင့်လည်း ကြိုးစားကြည့်ပေါ့…"

ဟု ပြောလိုက်၏။

သူ ကျန်းလန်ကို စကားအများကြီး ပြောစရာမလိုပေ။

ကျန်းလန်က ဘာလုပ်ရမည်ကို သိရှိသည့် လူငယ်တစ်ယောက် ဖြစ်သည်။

ဆရာဖြစ်သူအနေဖြင့် လိုအပ်သလောက်သာ ပြောဆိုသင်ပြပြီး ပေးသင့်သည့်အကူအညီများကို ပြုလုပ်ပေးရန်သာ လိုအပ်သည်။ အခြားအပိုစကားများပြောနေစရာ အကြောင်း မရှိပေ။

အရာအားလုံးက ကျန်းလန်အပေါ်တွင်သာ မူတည်လေသည်။

ပုံမှန်ဆိုလျှင် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ ဝင်ရောက်ပြီး အချိန်(၂)နှစ်အတွင်း ရွှေပြဒါးအမြုတေအဆင့်သို့ တက်ရောက်နိုင်ရန် သေချာသလောက်ရှိသည်။

သို့သော်… ကျန်းလန် မည်သို့ရှိမည်ကတော့ ကျန်းလန်အပေါ်တွင်သာ မူတည်လေ၏။

ကျန်းလန် တောင်အနောက်ဘက်သို့ ပြန်သွားကာ ကျင့်ကြံချင်နေပြီ ဖြစ်သော်လည်း ဆရာဖြစ်သူကို မေးစရာ အနည်းငယ် ရှိနေသေးသည်။

ထို့ကြောင့် မပြန်သေးဘဲ မေးမြန်းရန် ဆုံးဖြတ်လိုက်၏။

ကျန်းလန်က…

"ဆရာ… ကျွန်တော် တောင်ပေါ်မှာနေတာ နှစ် (၁၀၀) ပြည့်ရင် ပထမဆုံး ဆက်ခံသူတပည့်အဖြစ်ကနေ နောက်ထပ် အဆင့်တက်ဖို့ ရှိသေးလား…"

ကျန်းလန်၏ မေးခွန်းကြောင့် မော့ကျန်းသုန့် ပြုံးလိုက်မိ၏။

"အေး… တောင်သခင်ဖြစ်ဖို့ပဲ ကျန်တော့တယ်…"

"………………"

ကျန်းလန် ဆွံ့အသွား၏။

လွန်ခဲ့သည့် နှစ်ပေါင်း (၃၀)ကလို အူကြောင်ကျားအဖြစ်မျိုး မဖြစ်ရအောင် ကျန်းလန်က ကြိုတင်ကာကွယ်လိုခြင်း ဖြစ်သည်။

ထို့ကြောင့် ဆရာဖြစ်သူကို မေးမြန်းကြည့်ခြင်း ဖြစ်၏။

ယခု… သူ နဝမတောင်ထွတ်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၄၀) ကျော်ပြီ ဖြစ်လေရာ နှစ်ပေါင်း (၁၀၀) ဆိုသည်က မဝေးတော့သည့် အနာဂတ်ဖြစ်လေသည်။

အရင်ကလို ဆရာဖြစ်သူကိုယ်တိုင်က ဝိညာဉ်ကျောက်တုံများပေးပြီး သေရည်ဝယ်ခိုင်းကာ ဂါရဝပြုခိုင်းရသည့် အဖြစ်မျိုးကတော့ သူ့အတွက် မဖြစ်သင့်တော့ပေ။

သူက တပည့်ဝတ်တရား ကျေပွန်စွာ တာဝန်သိသိဖြင့် ဆရာဖြစ်သူကို ဂါရဝပြုချင်မိသည်။

……………

ထို့နောက်တွင်တော့…

ကျန်းလန် ဆရာဖြစ်သူနေထိုင်ရာ နဝမတောင်ထွတ်အစွန်းမှ ထွက်ခွာလာခဲ့ပြီး မရဏဂူသို့ ပြန်လာခဲ့သည်။

သူ ကျင့်ကြံရဦးမည် မဟုတ်ပါလား။

နဝမတောင်ထွတ်သိုပရောက်ခြင်း နှစ် (၁၀၀) ပြည့်က သိပ်ပြီး အရေးမကြီးတော့လေရာ သူ့အနေဖြင့် ပြင်ဆင်စရာများ ပြုလုပ်ထားရန် မလိုအပ်တော့ပေ။

ကျန်းလန် မရဏဂူအနီးသို့ ရောက်လာသည့်အခါ ဂူအပြင်ဘက်တွင် ကျင့်ကြံနေသူ (၂)ယောက်သာ ရှိတော့ကြောင်း တွေ့လိုက်ရသည်။

ကျန်ရှိနေသူ (၂)ယောက်မှာ ကျင်းထင်နှင့် မုရှိုးဖြစ်ပြီး သူ၏ ဂိုဏ်းတူအစ်မ လုန်ယွိကို မတွေ့ရတော့ပေ။

အကြောင်းတစ်ခုခု ရှိသောကြောင့် ပြန်သွားခြင်းဖြစ်မည်ဟု ကျန်းလန် တွေးလိုက်မိသည်။

ကျန်လူ (၂)ယောက်ကတော့ မျက်လုံးများ မှေးမှိတ်ကာ ကျင့်ကြံနေကြဆဲ ဖြစ်သည်။

သူတို့က ကျန်းလန် ပြုပြင်ပေးခဲ့သည့် နတ်ဘုရားရောင်ဝါ အစီအရင်အတွင်းမှာပင် ဆက်လက်ကျင့်ကြံနေကြခြင်း ဖြစ်၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် သူပေးသည့်အကြံဉာဏ်ကို ဂိုဏ်းတူအစ်ကိုနှင့် ဂိုဏ်းတူအစ်မများ လက်ခံလိုက်ကြသည်မှာ ထင်ရှားသည်။

ကျန်းလန် အစီအရင်ကို တစ်ချက်အကဲခတ်လိုက်သည်။ ထိုအခါ… အစီအရင်က အနည်းငယ်လွဲချော်နေသည်ကို တွေ့လိုက်ရပြန်သည်။

သို့သော်… အလွန်သေးငယ်သည့် လွဲမှားမှုလေးသာ ဖြစ်လေရာ အရေးမကြီးလှပေ။

အချိန်ကြာလာသည်နှင့်အမျှ အစီအရင်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်လေသည်။

အဘယ်ကြောင့်ဆိုသော်… မရဏအငွေ့အသက်များ၏ လွှမ်းမိုးမှုများကြောင့် နဝမတောင်ထွတ်၏ မြေပြင်အနေအထားက တည်ငြိမ်ခြင်း မရှိပေ။

ထို့ကြောင့်… အစီအရင်ကိုလည်း ပုံသေသတ်မှတ်၍မရဘဲ မြေပြင်အနေအထား ပြောင်းလဲသည့်အတိုင်း လိုက်လံပြောင်းလဲပေးရန် လိုအပ်သည်။

ကျင့်ကြံနေသူများ အနှောက်အယှက်မဖြစ်စေရန် ကျန်းလန် ခြေကိုအသာဖွနင်းပြီး လမ်းလျှောက်လာခဲ့သည်။

ကျန်းလန် အကဲခတ်မိသလောက် ကျင်းထင်နှင့် မုရှိုးသည်လည်း နဝမတောင်ထွတ်တွင် သိပ်ကြာကြာနေမည့်ပုံ မရှိတော့ပေ။

ကျန်းလန် ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ ထွက်ခွာသွားသည်မှာပင် အချိန် (၃)လ ရှိပြီ ဖြစ်ရာ သူတို့ နဝမတောင်ထွတ် ရောက်နေသည်မှာ အချိန် (၄)လခန့် ရှိပြီ ဖြစ်၏။

ထို့အကြောင့် အစီအရင်နှင့် မှော်ဝင်ပစ္စည်းများက မည်မျှ ကာကွယ်ပေးပါစေ မရဏအငွေ့အသက်များ၏ နှောက်ယှက်မှုကိုတော့ အနည်းနှင့်အများ ခံကြရမည်သာ ဖြစ်သည်။

အချိန်ကာလကြာမြင့်စွာ နေထိုင်ပါက ကျင့်ကြံခြင်းအဆင့်တက်ရန် အထောက်အကူ မဖြစ်သည့်အပြင် မရဏအငွေ့အသက်များ၏ တိုက်ခိုက်ခြင်းကိုပင် ခံရမည် ဖြစ်သည်။

ကျန်းလန် သူတို့အနားမှ ခြေသံဖွဖွနှင့် ဖြတ်လျှောက်လာခဲ့သည်။

သို့သော်… သူ ဖြတ်လျှောက်သွားသည်နှင့် ကျင်းထင်နှင့် မုရှိုးတို့က မျက်လုံးများ ဖွင့်ကြည့်လိုက်ကြသောကြောင့် ကျန်းလန် အနည်းငယ် အံ့အားသင့်သွားရသည်။

ကျင်းထင်က ကျန်းလန်ကိုတွေ့သည်နှင့် ချက်ချင်း နှုတ်ဆက်လိုက်၏။

"ဂိုဏ်းတူညီလေး ပြန်လာပြီလား…"

ကျန်းလန်က ကျင်းထင်ကို ဦးညွှတ်ဂါရဝပြုရင်း…

"ဂိုဏ်းတူအစ်ကိုတို့ကို အနှောက်အယှက် ပေးမိပြီ…"

ကျင်းထင်က မတ်တတ်ရပ်လိုက်ရင်း…

"မဟုတ်ပါဘူးကွာ… ကျုပ်တို့က ဂိုဏ်းတူညီလေးကို စောင့်နေကြတာ…"

မုရှိုးကလည်း မတ်တတ်ရပ်လိုက်၏။

ထို့နောက် သူတို့ (၂)ယောက် ကျန်းလန်ရှိရာသို့ လမ်းလျှောက်လာကြသည်။

ကျန်းလန်အနားရောက်မှ ကျင်းထင်က အဖြူရောင်ကြွေသားဖြင့်ပြုလုပ်ထားသည့် ဆေးပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်ရင်း…

"ဒါက ရွှေပြဒါးအမြုတေကို တည်ငြိမ်စေတဲ့ ဆေးပါ… ၊ ဂိုဏ်းတူညီလေး ရွှေပြဒါးအမြုတေအဆင့်ကို တက်ရောက်ဖို့ ဒီဆေးက အကူအညီပေးနိုင်ပါတယ်… ၊ ဒီဆေးက ဂိုဏ်းတူညီမလေးလုန်နဲ့ ကျုပ်တို့ (၂)ယောက်က ဂိုဏ်းတူညီလေးအတွက် လက်ဆောင်ပေးတယ်လို့ သဘောထားပေးပါ…"

ကျန်းလန်က အဖြူရောင်ဆေးပုလင်းလေးကို တစ်ချက်ကြည့်လိုက်ပြီး …

"ဘာလို့များ လက်ဆောင်ပေးရတာလဲ…"

မုရှိုးက…

"နတ်ဘုရားရောင်ဝါအစီအရင်ကို ဂိုဏ်းတူမောင်လေး ပြုပြင်ပေးခဲ့လို့ ကျွန်မတို့ရဲ့ကျင့်ကြံခြင်းမှာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိခဲ့တယ် ၊ အဲဒီအတွက် ကျေးဇူးဆပ်ချင်တာပါ…"

ကျင်းထင်က…

"အမှန်ပဲ… ဂိုဏ်းတူညီမလေး'လုန်' ကတော့ သူ့ရဲ့ကျင့်ကြံခြင်း ပြီးဆုံးလို့ ပြန်တောင်သွားပြီ… ၊ သူ့ရဲ့ ကျင့်ကြံခြင်း အခုလို အချိန်မီအောင်မြင်သွားခဲ့တာလည်း မင်း ကူညီခဲ့လို့ပါပဲ… ၊ အခုဆိုရင်… သူက တတိယတောင်ထွတ်ကို ပြန်ပြီး ကျင့်ကြံခြင်းနောက်တစ်ဆင့်ကို ဆက်လက်ကျင့်ကြံနေပြီ…"

ကျန်းလန်ခေါင်းညိတ်လိုက်ပြီး ကျင်းထင်လက်ထဲမှ ဆေးပုလင်းလေးကို လှမ်းယူလိုက်သည်။

သူက အစီအရင်၏ လွဲမှားမှုကို ထောက်ပြပေးခဲ့သောကြောင့် တစ်ဖက်လူများအတွက် များစွာ အကျိုးရှိသွားခဲ့သည်။

ထို့ကြောင့် ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် ဤဆေးပုလင်းလေးကို လက်ဆောင်ပေးခြင်း ဖြစ်လေရာ သူ့အနေဖြင့် ငြင်းစရာ အကြောင်း မရှိပေ။

ဤသို့ဆိုလျှင်… သူတို့ တစ်ယောက်နှင့်တစ်ယောက် အကြွေးတင်နေစရာ အကြောင်း မရှိတော့ပေ။

"ကျေးဇူးပါပဲ… ၊ ဒါဖြင့်… ကျုပ်ကို ခွင့်ပြုပါဦး…"

ကျင်းထင်နှင့် မုရှိုးက ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်… ကျန်းလန် မရဏဂူထဲသို့ ဝင်လာခဲ့လေသည်။

သူက ဂူထဲသို့ အမြန်ဝင်ကာ ကျင့်ကြံချင်နေပြီ ဖြစ်သည်။

ကောင်းကင်ရိပ်ငြိမ်ရေကန်ထဲတွင် မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

သို့သော်… အဆင့်တက်ခြင်းက ပြီးပြည့်စုံခြင်း မရှိသေးပေ။ ထို့ကြောင့် သူ၏ မူလဝိညာဉ်ကို ပိုမိုသန်မာလာအောင် ဆက်လက်ကျင့်ကြံရဦးမည် ဖြစ်သည်။

မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့် အပြည့်အဝအောင်မြင်ရန်အတွက် အချိန်အနည်းငယ် ယူရဦးမည် ဖြစ်၏။

ကျန်းလန် မရဏဂူထဲသို့ လှမ်းဝင်လိုက်သည်။

မရဏအငွေ့အသက်များက ခါတိုင်းထက် ပိုမိုထူထပ်များပြားနေကြောင်း ကျန်းလန် ချက်ချင်း သတိပြုလိုက်မိ၏။

"နှစ်ပေါင်း (၁၀၀) မှာ တစ်ခါ ဖြစ်လေ့ရှိတဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်တော့မယ်ထင်တယ်…"

ကျန်းလန် ရေရွတ်လိုက်သည်။

နှစ်ပေါင်း (၁၀၀)လျှင် တစ်ကြိမ် မရဏအငွေ့အသက်ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လေ့ရှိသည်။ ပေါက်ကွဲမှုကာလတွင် ငရဲတံခါးမှ မရဏသားရဲများပင် တစ်ခါတစ်ရံ ထွက်ပေါ်လာလေ့ ရှိကြသည်။

သို့သော်… ခွန်အားနည်းသည့် သတ္တဝါလေး အနည်းငယ်မျှသာ ဖြစ်လေရာ ပြင်ပလောကကို ထိခိုက်နိုင်ခြင်း မရှိပေ။

မည်သို့ပင်ဖြစ်စေ… ထိုကိစ္စများကို စောင့်ကြည့်ရန်အတွက် ငရဲတံခါးကို စောင့်ရှောက်သူတစ်ယောက်ကတော့ အမြဲတမ်း လိုအပ်လေသည်။

"ဒါဆိုရင် ပထမတောင်ထွတ်က ကောင်းကင်ဘုံတံခါးလည်း ပေါက်ကွဲမှု ဖြစ်တော့မှာပဲ… ၊ ပထမတောင်ထွတ်ကလူတွေတော့ အကျိုးအမြတ်တွေ အများကြီး ရတော့မယ်…"

ကျန်းလန် တွေးလိုက်သည်။

ပထမတောင်ထွတ်က ကောင်းကင်ဘုံတံခါး တည်ရှိရာ နေရာဖြစ်သည်။

ကောင်းကင်ဘုံတံခါးသည်လည်း ငရဲတံခါးကဲ့သို့ပင် နှစ်ပေါင်း (၁၀၀)လျှင် တစ်ကြိမ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်မည် ဖြစ်သည်။

သို့သော်… ကျန်းလန် မနာလိုအားကျခြင်း မဖြစ်မိပေ။

ငရဲတံခါးမှ မရဏအငွေ့အသက်များက သူ၏ ကျင့်ကြံခြင်းကို များစွာ အထောက်အကူ ပြုလေသည်။ ထို့ကြောင့်… မည်သည့်နေရာမှာပင်နေနေ ကျန်းလန်အတွက်တော့ အတူတူပင် ဖြစ်၏။

သို့ရာတွင်… ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်လာသည့်နေ့တွင် ဆရာဖြစ်သူက သူ့ကို ငရဲတံခါးနားတွင် ကျင့်ကြံခွင့်ပေးပါမည်လားဆိုသည်ကတော့ မသေချာပေ။

မရဏဂူထဲရောက်သည်နှင့် ကျန်းလန် သားရဲဥလေးကို အရင်ဆုံး စစ်ဆေးကြည့်လိုက်သည်။

သားရဲဥလေးမှာ ပုံမှန်အတိုင်း အဖြူနှင့်အနက်ကျားလေး ထင်ထင်ရှားရှား ပြန်လည်ပေါ်ထွက်နေပြီ ဖြစ်သည်။

"သားရဲဥလေး ပြန်နေကောင်းနေပြီပဲ…"

ကျန်းလန် ပျော်ရွှင်စွာဖြင့် ရေရွတ်လိုက်သည်။

ထို့နောက်… သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို သားရဲဥလေးထံသို့ ထုတ်လွှတ်အသုံးပြုလိုက်သည်။

သို့သော်… သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို သားရဲဥလေးထံသို့ ထုတ်လွှတ်လိုက်သည်နှင့် ကျန်းလန်၏ စိတ်ထဲတွင် မသက်မသာခံစားလိုက်ရပြန်သည်။

ကျန်းလန် အများကြီးမစဉ်းစားတော့ဘဲ စတင်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

စတင်ကျင့်ကြံလိုက်သည်နှင့် ယခင်ကထက် တန်ခိုးစွမ်းအားများ ပိုမိုသိပ်သည်းလာကြောင်း သူ ခံစားလိုက်မိသည်။

သူ၏ ရုပ်ခန္ဓာတွင် မရေမတွက်နိုင်သော စွမ်းအားများ မြင့်တက်လျှက်ရှိပြီး မူလဝိညာဉ်မှာလည်း ပိုမိုသိပ်သည်းလာလေသည်။

မူလဝိညာဉ် ဆေးလုံးတစ်လုံး စားသုံးရသည်ထက်ပင် လက်ရှိအခြေအနေက ပိုမိုအဆင်ပြေနေသည်။

မိုးနဲ့မြေကိုဖန်ဆင်းခြင်း တာအိုကျမ်းစာကို ပထမဆုံးအကြိမ် စတင်ကျင့်ကြံစဉ်ကကဲ့သို့ ထူးခြားသည့်ခံစားချက်များကို ခံစားနေရလေသည်။

ထို့နောက်… ကျန်းလန်၏ ကျင့်ကြံခြင်းက လျှင်မြန်စွာဖြင့် မြင့်တက်လာသည်။ တဖြည်းဖြည်းလည်း နက်ရှိုင်းလာသည်။

ကျန်းလန် တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ပြင်ပတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို သူ လုံး၀ အရေးမစိုက်တော့ပေ။

အများအမြင်တွင် သူက ရွှေပြဒါးအမြုတေအဆင့်သို့ တက်ရောက်ရန် ကျင့်ကြံနေသူ တစ်ယောက်ဖြစ်လေသည်။

ထို့ကြောင့်… မရဏဂူအပြင်ဘက်မှ ကျင့်ကြံသူ (၂)ယောက်မပြောနှင့် သူ၏ ဆရာဖြစ်သူပင်လျှင် သူ့ကို လာရောက် နှောက်ယှက်ရဲမည် မဟုတ်ပေ။

All Chapters