ဇီဝိန်ခြွေခြင်း
Vol. 5 Ch. 61
နှစ်ပေါင်းများစွာတစ်လျှောက် ကြက်ခြေခတ်သည် လေးညှို့ကို ဆွဲတင်လာခဲ့ရသည်ဖြစ်၍ သူ့လက်များက တခြားလူများထက် အကြမ်းပတမ်း ခံနိုင်ပြီး အသားမာများစွာ ရှိနေသည်။
ယခင်က ဝံပုလွေနက်များကို တစ်နေ့နှင့် တစ်ည သတ်ဖြတ်ချေမှုန်းခဲ့စဉ်အချိန်ကပင် သူ၏လက်များသည် ယခုကဲ့သို့ တုန်ရီမနေခဲ့ပေ။ ရွှီချင်း ပြန်မရောက်ခင် မည်မျှပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဆင်နွှဲခဲ့ရသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
ထို့ပြင် လွမ်ယာသည်လည်း ခုခံနိုင်စွမ်းမရှိသည့် လူတစ်ယောက်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်အတွက်ကြောင့်သာ သူမ၏လက်ချောင်းများ ထိုသို့ဖြစ်နေရခြင်းပင်။ ထို့ပြင် ဒဏ်ရာပြင်းပြင်းထန်ထန်လည်း ရထားသည်။ သူမ၏မောပန်းနွမ်းနယ်နေသော အမူအရာအရ အားကုန်သုံး၍ တိုက်ခိုက်ထားခဲ့သည်မှာ သိသာသည်။
ရွှီချင်းသည် စခန်းထဲ ဝင်လာစဉ်အခါက လူအားလုံး၏ အမူအရာများ၊ ထိုမရင်းနှီးသော မျက်နှာများနှင့် အိမ်အပြင်ဘက်ရှိ စခန်းခေါင်းဆောင်၏လူများ၊ မုတ်ဆိတ်မွေးသုံးစုနှင့်လူ၏ အေးစက်စက်အကြည့်များအားလုံးက တစ်ခုတည်းသော သဲလွန်စကို ပေးနေပေသည်။
ထိုအခြင်းအရာများက ရွှီချင်းအား သူ၏ရန်သူကို ညွှန်ပြနေပေသည်။
သို့သော်လည်း ထိုသို့ ဖြစ်နေလေလေ သူ၏စိတ်ထဲ မသက်မသာ ခံစားလာရလေလေပင်။ သူ၏မေးခွန်းကြောင့် ကြက်ခြေခတ်နှင့် လွမ်ယာက သူ့ကို ခပ်တိုးတိုး ရှင်းပြလိုက်သည်။
အစောပိုင်းနှစ်များက ခေါင်းဆောင်လဲ့သည် ရတနာမုဆိုးတစ်ယောက်မဟုတ်ဘဲ ဤစခန်းနှင့် မနီးမဝေးရှိ မြို့တစ်မြို့မှ သာမန်လူတစ်ယောက်ဖြစ်သည်။
သူ၏အရည်အချင်းကြောင့် သူ နေထိုင်သည့်မြို့တွင် အစောင့်အကြပ်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရခဲ့သည်။ ထိုစဉ်အခါက ကျင့်ကြံခြင်းပညာရပ်တစ်ခုကိုလည်း သူ ရခဲ့သည်။ မြို့စားကလည်း သူ့ကို သိနေပြီး သူနှင့် စေ့စပ်ထားသည့် ငယ်ကျွမ်းဆွေ ဇနီးလောင်းတစ်ယောက်လည်း ရှိသည်။
အရာအားလုံးက သာယာလှပနေပါသော်လည်း မြင်းလှည်းတန်းတစ်တန်း ရောက်ရှိလာသောအခါတွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
ကြက်ခြေခတ်နှင့် လွမ်ယာတို့သည် မည်သို့ဖြစ်ပျက်ခဲ့သည်ကို တိကျသေချာစွာ မသိပေ။ လွန်ခဲ့သော နှစ်များစွာက ခေါင်းဆောင်လဲ့တစ်ယောက် အမူးလွန်ပြီး အဖြစ်အပျက်အားလုံးနီးပါး ရေရွတ်ပြောဆိုနေသည်ကိုသာ သူတို့ ကြားခဲ့ရသည်။
ခေါင်းဆောင်လဲ့၏ဇနီးလောင်း သေသွားခဲ့ရပြီး သူသည်လည်း လက်စားချေပြီးနောက် သူ၏ကျင့်ကြံခြင်း ဖျက်ဆီးခံလိုက်ရသည်။ သူ ခက်ခက်ခဲခဲ အသက်ရှင်ခဲ့ပြီး သူ၏မွေးရပ်မြို့ကလေးမှ ထွက်ခွာလာခဲ့သည်။ ထို့နောက် သူသည် ခက်ခဲပင်ပန်းစွာ ကျင့်ကြံခဲ့ပြီးနောက် ရတနာမုဆိုးတစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ဆယ်စုနှစ်များစွာ လွန်သောအခါတွင် သူသည်လည်း သင်္ချိုင်းသို့ ခြေတစ်ဖက်လှမ်းနေသည့် အဘိုးကြီးတစ်ယောက် ဖြစ်လာခဲ့သည်။
မူလက ခေါင်းဆောင်လဲ့သည် အရာအားလုံးကို စွန့်လွှတ်ကာ အနားယူရန် ကြံရွယ်ထားခဲ့သည်။
သို့သော် …
စခန်းထဲတွင် သူ နေထိုင်နေစဉ်အတောအတွင်း မရင်းနှီးသော မြင်းလှည်းတန်းကို မြင်လိုက်ရပြီး ထိုမြင်းလှည်းတန်းထဲရှိ လူတစ်ယောက်ကို တွေ့သွားသည်။
သူ ပိုင်ဆိုင်ထားခဲ့သည့် အရာအားလုံးကို ဖျက်ဆီးသွားခဲ့သောလူသည် အသက်မသေဘဲ ယခုအချိန်တိုင်အောင် အသက်ရှင်နေပေသည်။
သို့ပေသည့် ခေါင်းဆောင်လဲ့သည် လက်စားချေရန် မရွေးချယ်ခဲ့ပေ။ တခြားလူများအပေါ် သက်ရောက်မှုရှိသွားမည်ကို သူ စိုးရိမ်ပူပန်ကာ ခါးသီးစွာဖြင့် ထွက်ပြေးရန် ရွေးချယ်ခဲ့ပြီး စုန့်တောက်မြို့သို့ အလျင်အမြန် ထွက်သွားခဲ့သည်။
သူ သတိလွတ်သွားသည်မှာ သူ၏ရန်သူများက သူ့အကြောင်းကို သိနေကြပြီဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့် ရက်အနည်းငယ်က စခန်းခေါင်းဆောင်သည် သူ၏လူများကို လွှတ်၍ စုန့်တောက်မြို့ရှိ ခေါင်းဆောင်လဲ့ကို သွားဖမ်းကာ တချိန်က ခေါင်းဆောင်လဲ့၏ရန်သူဖြစ်သော သူ၏ပူးပေါင်းဆောင်ရွက်သူကို လက်ဆောင်အဖြစ် ပေးလိုက်သည်။
“ ငါ စခန်းခေါင်းဆောင်လက်အောက်က လူတစ်ယောက်ကို ကယ်ခဲ့ဖူးတယ်။ ပြီးခဲ့တဲ့နှစ်ရက်က ငါနဲ့ လွမ်ယာ စခန်းကို ပြန်ရောက်တော့ သူက ငါတို့ကို တိုးတိုးတိတ်တိတ် လာပြောပြတာ။ ငါတို့လည်း စခန်းခေါင်းဆောင်အိမ်ကို သွားပြီး ကယ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး ”
“စခန်းခေါင်းဆောင်ရဲ့နေရာမှာ ခေါင်းဆောင်လဲ့ရဲ့ ရန်သူကို ငါ မြင်ခဲ့တယ်။ အဲဒီလူက ကျင့်ကြံခြင်းအခြေခံ ပျက်စီးသွားပေမဲ့ ခေါင်းဆောင်လဲ့လိုမျိုး ပြန်တည်ဆောက်ထားတယ်။ သူက ခေါင်းဆောင်လဲ့ထက် သာပေမဲ့ အများကြီး သာနေတာ မဟုတ်ဘူး ”
ကြက်ခြေခတ်က အံတင်းတင်းကြိတ်၍ ဆိုသည်။
“အဲဒီမြင်းလှည်းတန်းနဲ့ပတ်သက်ပြီး သတင်းနည်းနည်းပါးပါးလည်း ရထားတယ်။ သူတို့နောက်ကွယ်မှာ ညဉ့်ငှက်လို့ခေါ်တဲ့ ထူးဆန်းတဲ့ အဖွဲ့အစည်းတစ်ခုလည်း ရှိတယ် ”
“ အဲဒီအဖွဲ့အစည်းက အင်မတန် ကြီးမားပြီးတော့ မြင်းလှည်းတန်းတွေ မရေမတွက်နိုင်လောက်အောင် ပိုင်ဆိုင်ထားတယ်။ နန်းဟွမ်ဒေသကြီးတစ်ခုလုံးက ရတနာမုဆိုးစခန်းတွေနဲ့ မြို့လေးတွေကို သွားပြီး စခန်းခေါင်းဆောင်တွေ၊ မြို့စားတွေနဲ့ အလဲအထပ်လုပ်ပြီး ရတနာအကျဉ်းသားလုပ်ဖို့ လူတွေ ဝယ်တယ် ”
လွမ်ယာက အသံကိုနှိမ့်၍ ပြောလိုက်သည်။
“ စခန်းခေါင်းဆောင်၊ မြင်းလှည်းတန်း … ”
ရွှီချင်း၏အသံရှူသံများ မြန်ဆန်သွားပြီး သူ့မျက်ဝန်းများထဲရှိ လူသတ်ချင်စိတ်များမှာ တားဆီးမရ ပြင်းထန်လာသည်။
သူ၏ခန္ဓာကိုယ်ထဲ၌ မီးလုံးကြီးတစ်လုံး အရှိန်အဟုန်ပြင်းစွာ တဟုန်းဟုန်း တောက်လောင်နေသည့်အတွက်ကြောင့် သူ၏မျက်လုံးများ နီမြန်းလာနေရသည့်အလားပင်။ သူသည် အမျက်ဒေါသများကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ခြံတံခါးဆီသို့ လှည့်ထွက်သွားသည်။
သူ့နောက်၌ ကြက်ခြေခတ်နှင့် လွမ်ယာတို့သည် စိုးရိမ်ပူပန်သွားပြီး အလောတကြီး အကြံပေးစကား ပြောလိုက်သည်။
“ ကလေး၊ ငါတို့ အဲဒီကိစ္စကို သေချာစဉ်းစားချင့်ချိန်လုပ်မှရမယ်။ တခြားရတနာမုဆိုးတွေနဲ့ ငါတို့ ပူးပေါင်းဖို့လိုတယ်။ ဒါက နှစ်ပေါင်းများစွာ လူတွေ ပျောက်နေရတဲ့အကြောင်းနဲ့ ပတ်သက်နေတယ်။ ငါတို့ … ”
“ မလိုဘူး ”
ရွှီချင်းက စကားပြောရင်း ညာလက်ကိုမြှောက်၍ နောက်ကျောရှိ ဓားရှည်ကို ဆွဲထုတ်ကာ ကြမ်းတမ်းစွာ ပစ်လွှတ်လိုက်သည်။
ဓားရှည်သည် အေးစက်စက်အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲသွားပြီး သက်တန့်တစ်ခုအလား ခြံတံခါးထံ ပြေးဝင်သွားသည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ခြံတံခါး အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပြီး တံခါးနောက်တွင် ခိုးနားထောင်နေသော စခန်းခေါင်းဆောင်၏လူတစ်ယောက် ပေါ်လာသည်။
ထိုလူသည် ဓားမြှောင်တစ်လက်ကို ကိုင်ထားပြီး သူ၏မျက်လုံးများ ပြူးကျယ်နေသည်။ ဓားရှည်က သူ၏ဝမ်းဗိုက်ကို ဖောက်ထွင်းသွားခဲ့ပြီး မြေပြင်ပေါ်သို့ သူ လဲကျသွားသည်။ သူ၏ပါးစပ်မှ သွေးများစီးကျနေပြီး သူ၏မျက်နှာက ထိတ်လန့်တုန်လှုပ်သည့်အမူအရာ ဖြစ်နေပေသည်။
ဓားရှည်သည် အားပြင်းလွန်းလှပြီး စခန်းခေါင်းဆောင်၏လူကို ထိုးဖောက်သွားပြီးနောက် အဝေးရှိ လမ်းကြားလေးအဝင်ဝကို တဟုန်ထိုး ပြေးဝင်သွားသည်။ သွေးပျက်မတတ် အော်ဟစ်သံ ထွက်ပေါ်လာပြီး မုတ်ဆိတ်မွေးသုံးစုနှင့်လူ၏ ပေါင်ကို လျှပ်စီးလက်သည့်အလား ထိုးစိုက်သွားကာ ထိုလူ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။
ဆိုးဆိုးဝါးဝါး ဖြစ်ရပ်နှစ်ခုက ဘေးပတ်ဝန်းကျင်ကို အတန်ငယ် ငြိမ်သက်သွားစေသည်။ ထို့နောက် တရွှီရွှီမြည်သံများနှင့် ဟိန်းသံသဲ့သဲ့ ချက်ချင်း ထွက်ပေါ်လာသည်။ ဘေးပတ်လည်ရှိ အိမ်အပြင်ဘက်မှ စခန်းခေါင်းဆောင်၏လူ ခုနစ်ယောက်၊ ရှစ်ယောက်က တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။
ကြက်ခြေခတ်နှင့် လွမ်ယာတို့၏မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး ရွှီချင်းသည် လျှပ်စီးလက်သည့်အလား တဟုန်ထိုး ထွက်ခွာသွားသည်။
သူက အပြင်ဘက်သို့ ရောက်သည့်အခါ စခန်းခေါင်းဆောင်လူ၏အလောင်းထံမှ ဓားမြှောင်ကို ဆုပ်ယူလိုက်ပြီး ခြေတစ်လှမ်းတည်းဖြင့် အစောင့်တစ်ယောက်ဆီကို ရောက်သွားသည်။
သူသည် အစောင့်ကို ကြည့်ပင်မကြည့်ဘဲ ဓားမြှောင်ကို ကျင်လည်စွာ မြှောက်၍ လည်ပင်းကို လှီးလိုက်သည်။ လတ်ဆတ်သောသွေးများ ဖွာခနဲ ပန်းထွက်သွားပါသော်လည်း ရွှီချင်း၏မျက်ဝန်းများထဲရှိ နီစွေးနေသော အရောင်ကို မယှဉ်နိုင်ချေ။
သူ၏ နီမြန်းနေသော မျက်ဝန်းများထဲ၌ ခေါင်းဆောင်လဲ့၏ သူ့ရန်သူကို မြင်တွေ့လိုက်ရသော ပုံရိပ် ထင်ဟပ်နေသည်။ သို့သော်လည်း သူ၏ရင်ထဲမှ ခါးသက်သက်ခံစားချက်များနှင့် နောင်တရသည့်စိတ်ကို ချိုးနှိမ်ခြင်းငှာ မစွမ်းသာပေ။
ယင်းသည် ရွှီချင်း၏လူသတ်ချင်စိတ်ကို ပို၍သာ အားကောင်းလာစေသည်။ သူက ဆတ်ခနဲ လှည့်၍ တိုက်ခိုက်ရန်ပြင်နေသည့် အစောင့်တစ်ယောက်၏ ဗိုက်ကို လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ထိုလူ၏ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားပြီး ဒွါရခုနစ်ပေါက်မှ သွေးများ စီးကျလာသည်။ ထို့နောက် ထိုလူသည် ကြိုးပြတ်သွားသော စွန်တစ်စွန်အလား အဝေးသို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ် လဲကျသွားသည်။
တချိန်တည်းမှာပင် တခြားလူသုံးယောက်သည် ဒေါသအမျက်ချောင်းချောင်းထွက်လျက် ခုန်ဝင်လာကြသည်။
ထိုလူသုံးယောက်အနက် နှစ်ယောက်သည် အဆင့်ငါးဖြစ်ပြီး တစ်ယောက်က အဆင့်ခြောက်ဖြစ်သည်။ သို့သော် သူတို့ နီးကပ်လာသည်နှင့် ရွှီချင်းက ညာလက်ကို မြှောက်လိုက်ရာ သံတုတ်က လှစ်ခနဲ ပျံသန်းသွားသည်။
ထို့နောက် လူတစ်ယောက်၏ ဦးခေါင်းခွံကို ထိုးဖောက်သွားပြီး သူသည် ခေါင်းငုံ့၍ သူ့လက်ထဲရှိ ဓားမြှောင်က အေးစက်စက်ဝင်းလက်သွားပြန်သည်။ ထို့နောက် အဆင့်ခြောက်လူရှေ့တွင် ပေါ်လာပြီး ထိုလူ၏လည်ပင်းကို ဝှစ်ခနဲ လှီးဖြတ်သွားသည်။
အဆင့်ခြောက်လူသည်လည်း မြန်ဆန်သွက်လက်စွာ တုံ့ပြန်လိုက်သည်။ ဝိညာဉ်စွမ်းအား အကာအကွယ်ဖြင့် ရွှီချင်း၏ဓားမြှောင်ကို တားဆီးလိုက်သည်။ သို့သော် ရွှီချင်း၏ခွန်အားကို သူ မယှဉ်နိုင်ချေ။
ရွှီချင်းသည် နီမြန်းနေသော မျက်ဝန်းများဖြင့် ထိုလူကို အတင်းအကြပ် ဖိအားပေးလေရာ ထိုလူ တရစပ် နောက်ဆုတ်နေရသည်။ တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်နေပြီး ထိုလူသည် ရွှီချင်း၏ တရကြမ်း ဖိအားပေးခြင်းကြောင့် လမ်းခြံစည်းရိုးတွင် ကပ်သွားသည်။
ထိုလူမှာ ကြောက်လန့်တုန်ရီနေပါသော်လည်း ဓားမြှောင်က ဝိညာဉ်စွမ်းအား အတားအဆီးကို ကျော်ဖြတ်၍ သူ၏လည်မျိုကို ချက်ချင်း ထိုးဖောက်သွားသည်။ အလောင်းနောက်ရှိ လမ်းခြံစည်းရိုးလေးသည်လည်း ပြင်းအားကြောင့် ဘုန်းခနဲ ပြိုကျသွားသည်။
ထိုနေရာတွင် မားမားမတ်မတ် ရပ်နေသော ရွှီချင်းသည် ခေါင်းလှည့်လာ၏။ သူ့မျက်ဝန်းများထဲတွင် လူသတ်ငွေ့များ ဆူဝေနေသည်။
ယင်းသည် လက်ကျန် စခန်းခေါင်းဆောင်၏ လူလေးယောက်၊ ငါးယောက်ခန့်ကို တုန်ရီသွားစေပြီး မျက်လုံးများ ကျဉ်းမြောင်းသွားစေသည်။ သူတို့သည် ချီစုစည်းခြင်းအဆင့်ခြောက်တွင် ရှိပါသော်ငြား တုန်ရီနေဆဲဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကြသည်။
မကြာသေးခင်က နာကျင်စွာ အော်ဟစ်ညည်းညူနေခဲ့သော မုတ်ဆိတ်မွေးသုံးစုနှင့်လူသည်ပင် ရပ်သွားပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေလျက် စိုးရိမ်ကြောင့်ကြစိတ်များ သူ့ရင်ထဲ စိုးမိုးလာသည်။
သို့သော်ငြား လူသတ်သမားက မနီးမဝေးကို ရောက်လာနေပေပြီ။
ရွှီချင်းသည် ရုတ်ခြည်း တဟုန်ထိုး ပြေးဝင်လာ၏။ အစောင့်များ၏စိတ်ထဲ အန္တရာယ်အချက်ပေးသံများ မြည်ဟည်းလာပြီး ဒရောသောပါး ဆုတ်ခွာနေကြပါသော်လည်း နောက်ကျသွားခဲ့လေပြီ။
ရွှီချင်းသည် လက်ဖျားခါရလောက်အောင် မြန်ဆန်နေပြီး အနားရောက်လာသည်နှင့် သူ၏ဘယ်လက်က အစောင့်အရှောက်တစ်ယောက်၏ ဦးခေါင်းထိပ်ကို ဘုန်းခနဲ ထိုးဖောက်သွားသည်။ ရွှီချင်းသည် ထိုအစောင့်ကို သတ်ဖြတ်ပြီးနောက် တစ္ဆေတစ်ကောင်အလား ရိပ်ခနဲ လှုပ်ရှားသွားပြီး နောက်ထပ်အစောင့်တစ်ယောက်ဘေးတွင် ပေါ်လာသည်။ သူ၏လက်ထဲရှိ ဓားမြှောင်က ဝှစ်ခနဲ ဖြတ်သန်းသွားပြီးနောက် သူ ထပ်မံ လှုပ်ရှားသွားပြီး တတိယမြောက်လူရှေ့ကို ရောက်လာသည်။
ထိုလူသည် တုန်ရီနေပြီး စိတ်ဓာတ်ကျစွာ အော်ဟစ်ညည်းညူလိုက်သည်။ သူက လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ရွှီချင်းကို ဖက်ကာ သူနှင့်အတူ အပါခေါ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူ့ကို စောင့်ကြိုနေသည်က ရွှီချင်း၏ ခေါင်းတိုက်ချက်ပင် ဖြစ်သည်။
ဒုန်းခနဲ မြည်ဟည်းသံနှင့်အတူ အစောင့်၏နဖူးကြီး ချိုင့်ဝင်သွားသည်။ နောက်ဆုံးထွက်သက်ကို သူ ရှူရှိုက်နေစဉ်မှာပင် ရွှီချင်း၏ခန္ဓာကိုယ်က ဆတ်ခနဲ နောက်ဆုတ်သွားပြီး နောက်မှလူထံ ဝင်ရောက်သွားသည်။
သူ့လက်ထဲရှိ ဓားမြှောင်က သူ့နောက်ကို ဝှေ့ယမ်းသွားသည်။ တစ်ချက်၊ နှစ်ချက်၊ သုံးချက် …
သူက နောက်မှလူကို ခြံစည်းရိုးအခြေရောက်အောင် ထိုးသွင်းပြီးသောအခါမှသာ လှည့်ကြည့်လိုက်သည်။
လူအမြောက်အမြားကို တစ်ယောက်ပြီးတစ်ယောက် သူ သတ်ဖြတ်ပြီးနောက် သွေးများ မြေပြင်ပေါ် အိုင်ထွန်းနေသည်။ ဆည်းဆာချိန် ကပ်နေပြီဖြစ်သော နေရောင်ခြည်တန်းများကြောင့် မြေပြင်တွင် သွေးများ စွန်းထင်းနေသည့် မြင်ကွင်းသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာအတိ ဖြစ်နေတော့သည်။
အလင်းတန်းများက ရွှီချင်း၏ခန္ဓာကိုယ်ပေါ် ကျဆင်းသွားသောအခါ သူ၏ခန္ဓာကိုယ်မှ သွေးညှီနံ့များ ထောင်းခနဲ ထလာသည်။ သူ၏သွေးချီများနှင့် ပေါင်းစပ်လိုက်သောအခါ သူ့ပုံစံက မိစ္ဆာတစ်ကောင်အလားပင်။
ရက်စက်ကြမ်းတမ်းသော လူသတ်ပွဲကြီးကြောင့် အနီးအနားရှိ ရတနာမုဆိုးများသည် အပြင်ဘက်ကို ထွက်ကြည့်လိုက်ကြပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
“ အဲဒါ ကလေး မလား ”
“ သူ … သူက ဘာလို့ အဲဒီလောက်တောင် အစွမ်းထက်နေရတာတုံး ”
“ သေတဲ့လူတွေအကုန်လုံးက စခန်းခေါင်းဆောင်ရဲ့လူတွေကွ။ သူက စခန်းခေါင်းဆောင်နဲ့ ထိပ်တိုက်ရင်ဆိုင်တော့မှာလား ”
ကြက်ခြေခတ်နှင့် လွမ်ယာတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ဖေးမကူညီရင်း အပြင်ဘက်သို့ ထွက်လာသည်။ မြေပြင်ထက်ရှိ အလောင်းများနှင့် နေရောင်ခြည်တန်းများ ဖြာကျနေသော သွေးအလိမ်းလိမ်းဖြစ်နေသည့် ရွှီချင်းကို ကြည့်၍ သူတို့ ရင်တဒိန်းဒိန်း ခုန်လာကြသည်။
ဆူဆူညံညံအသံများကြားတွင် ရွှီချင်းသည် တဆတ်ဆတ် တုန်ရီနေသော မုတ်ဆိတ်မွေးသုံးစုနှင့်လူထံ လျှောက်လာသည်။ သူက ဓားမြှောင့်နှင့် သံတုတ်ကို ကောက်လိုက်ရင်း မုတ်ဆိတ်မွေးသုံးစုနှင့် လူရှေ့သို့ ရောက်လာသည်။
မုတ်ဆိတ်မွေးသုံးစုနှင့်လူသည် တုန်ရီနေပြီး သူ၏နောက်ကျောမှ ချွေးစေးများ တားဆီးမရနိုင်အောင် စီးကျလာသည်။ သူ၏ခန္ဓာကိုယ်ထဲမှ နာကျင်မှုက သူ၏နှလုံးသားထဲမှ အကြောက်တရားကို ချိုးနှိမ်ထားနိုင်စွမ်း မရှိဟန်တူသည်။ သူ ရုန်းကန်ချင်နေပါသော်လည်း သူ၏ပေါင်တွင် ထိုးစိုက်နေသော ဓားက သူ့ကို လှုပ်မရအောင် ကုပ်တွယ်ထားသည်။ သူ စိတ်ဓာတ်ကျနေသော မျက်ဝန်းများဖြင့်သာ စူးရှစွာ အော်ဟစ်ပြောလိုက်ရသည်။
“ ကလေး၊ မင်းတော့ … ”
ရွှီချင်းသည် သူ၏ခြေထောက်ရှိ ဓားရှည်ကို ဆွဲနှုတ်လိုက်ပြီး အကြင်နာတရားကင်းမဲ့စွာ ဝှေ့ယမ်းလိုက်သည်။
ဓားရှည်သည် ထိုလူ၏ပေါင်မှတစ်ဆင့် ဝမ်းဗိုက်နှင့် မေးရိုးကို ဖြတ်သွားသည်။ လတ်ဆတ်သောသွေးများ ဖွာခနဲ ပန်းထွက်သွားပြီး ထိုလူသည် စူးရှစွာ အော်ဟစ်ကာ ထပ်ခြမ်းပိုင်းခံလိုက်ရပြီး သေဆုံးသွားတော့သည်။
သို့တိုင်အောင် ရွှီချင်းသည် ခံစားချက်ကင်းမဲ့နေပြီး သူ၏ရင်ထဲတွင် လူသတ်ချင်စိတ်သာ ကြီးစိုးနေသည်။ သွေးများကို ရောင်ပြန်ဟပ်နေသော နေရောင်ခြည်အလင်းတန်းများအောက်၌ ရွှီချင်းသည် တစ်လှမ်းချင်း လျှောက်သွား၏။
ဖြစ်ပျက်သမျှကို ရှေ့ဆုံးမှ ကြည့်နေကြသော ရတနာမုဆိုးများသည် ရင်ထဲမှ တုန်ရီသွားရပြီး ရွှီချင်း လာနေသည်ကို မြင်သောအခါ သူ့ကို ရှောင်တိမ်းရန် ချက်ချင်း နောက်ဆုတ်လိုက်ကြသည်။
ယခင်က ရက်စက်ကြမ်းကြုတ်သော လူများကို သူတို့ မြင်ဖူးခဲ့ပါသော်လည်း အများစုက လူကြီးများသာ ဖြစ်ကြပြီး လူဆိုးများသာ ဖြစ်ပေသည်။ ရွှီချင်းကဲ့သို့ ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်အရွယ် ကလေးတစ်ယောက်က မျက်တောင်တစ်ချက်မခတ်ဘဲ သွေးအေးစွာ သတ်ဖြတ်သည်ကို မြင်ရသည်မှာ အလွန်တရာ ရှားပါးသည်။
“ သူ သွားနေတာ … စခန်းခေါင်းဆောင်အိမ်မလား ”
ရွှီချင်း သွားနေသည့်အရပ်ကို လူအားလုံး မြင်သွားကြပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော သူတို့ အသံရှူသံများက သူတို့စိတ်ထဲတွင် ဝုန်းခနဲ မြည်ဟည်းသွားကာ ရွှီချင်းနောက်သို့ သူတို့အားလုံး တညီတညွတ်တည်း လိုက်သွားကြလေသည်။
အတန်ငယ်ဝေးသောနေရာမှ ကြည့်လျှင် ရွှီချင်းသည် ထိပ်ဆုံးမှ ဦးဆောင်၍ စခန်းခေါင်းဆောင်နေအိမ်သို့ သွားနေသည့်အလားပင်။
သူ့နောက်မှ ရတနာမုဆိုးအုပ်လိုက်ကြီးက ခပ်သွက်သွက် လိုက်ပါနေကြသည်။ ထိုအကြောင်းကို ကြားသိသွားကြသည့် တခြားရတနာမုဆိုများသည်လည်း သူတို့နှင့်အတူ လိုက်ပါလာကြသည်။
ထိုအခါ စခန်းခေါင်းဆောင်၏နေအိမ်ထဲရှိ မြင်းလှည်းတန်းထဲမှ အစောင့်အရှောက်များနှင့် လူစိမ်းများက ရွှီချင်းဆီကို လျှောက်လာကြသည်။ ထိုလူများထဲတွင် ရွှီချင်းကို သတ်ချင်နေသည့် ဝါရင့်ကျင့်ကြံသူများလည်း ပါဝင်သည်။
ထိုအချိန် စခန်းခေါင်းဆောင်၏နေအိမ်၌ စခန်းခေါင်းဆောင်သည် ပိုးဖဲထည် ဝတ်ထားသည့် အေးစက်ဝင့်ဝါသော အဘိုးအိုတစ်ယောက်နှင့် ရေနွေးကြမ်းသောက်ရင်း ရယ်ရယ်မောမော စကားပြောနေသည်။
“ သခင်ကြီးစွန်း၊ ဘာမှစိတ်ပူမနေနဲ့။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ရောက်ရင် ဒီကိစ္စ ပြီးသွားမှာ။ ရတနာမုဆိုးတွေ ဘယ်လောက်ပဲ ထူးချွန်နေပါစေ ကျုပ်တို့လို ဂိုဏ်းသားတွေအတွက် ပြိုင်ဘက် မဟုတ်ပါဘူးဗျာ။ အစကတည်းက ကျုပ် ဒီကလေးကို ရတနာအကျဉ်းသားလုပ်ပေးဖို့ စီစဉ်ထားတာ။ သူ့ကို ကောင်းကောင်း အသုံးချရင်တော့ ဂိုဏ်းအတွက် သင့်တော်တယ်။ ဒါပေမဲ့ သူက မျက်လုံးကန်းနေတော့လဲ သတ်ပစ်ရတာပေါ့ ”
ပိုးဖဲထည်ဝတ်စုံနှင့် အဘိုးအိုသည် ရေနွေးကြမ်းပန်းကန်ကို ယူ၍ တစ်ကျိုက် မော့သောက်လိုက်ပြီးနောက် ပြန်ချကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ အဆင်ပြေရင်တော့ ကျုပ် သူ့ကို အသက်ရှင်ရက် လိုချင်တယ် ”