← Chapters

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထူးဆန်းသော သတင်းစကား ( ၅ )

Vol. 18 Ch. 263

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထူးဆန်းသော သတင်းစကား ( ၅ )

Vol. 18 Ch. 263

ဝုန်းခနဲ မြည်ဟည်းသွားပြီးနောက် ချက်ချင်းပင် ရွှီချင်းက ထိုအမျိုးသမီးကို ချိန်ရွယ်၍ ဖမ်းဆုပ်ဟန်ပြုလိုက်သည်။

ထိုအမျိုးသမီးမှာ ကွက်ခနဲ မျက်နှာပျက်သွားပြီး ရွှီချင်း၏ ခွန်အားကြောင့် စိတ်ထဲတုန်ရီသွားရသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ သက်စောင့်မီးတောက်များ ယိမ်းခါလာပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။

သို့သော်လည်း ရွှီချင်းသည် လက်ဖျားခါရလောက်အောင် မြန်ဆန်နေသည်ဖြစ်ပြီး ထိုအမျိုးသမီးကို ဖမ်းဆုပ်လိုက်သည့်အခါ၌ သူ့ကိုယ်ထဲမှ စုပ်အားတစ်မျိုး ထွက်လာဟန်တူပြီး ထိုအမျိုးသမီး၏ လှုပ်ရှားမှုများ ရပ်သွားသည်။

ထိုတခဏတွင် သူသည် မျက်တောင်တစ်ချက်ခတ်အတွင်း ထိုအမျိုးသမီး၏ ရှေ့သို့ ရိပ်ခနဲ ရောက်သွားသည်။ သူ့ညာလက်က ထိုအမျိုးသမီး၏ ဗိုက်ထဲ တိုးဝင်သွားကာ အညှာအတာမဲ့စွာဖြင့် နှလုံးသားကို ဆွဲညှစ်လိုက်သည်။

အား …

ထိုအမျိုးသမီး၏ နှလုံးသား ပျက်စီးသွားသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များသည် နာကျင်မှုကို ခံနိုင်ရည်ရှိကြပါသော်ငြား ထိုကဲ့သို့ ဒဏ်ရာကြောင့် စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်။ သို့သော် ထိုအမျိုးသမီးသည်လည်း ခေသူ မဟုတ်ပေ။ သူမက ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် ရွှီချင်း၏ လည်ပင်းကို ဆတ်ခနဲ ကိုက်လိုက်သည်။

ယင်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ သုံးလေ့ရှိသည့်နည်းလမ်း ဖြစ်သည်။

စူးရှချွန်ထက်သော သွားများ ရွှီချင်းကို ထိတော့မည့်အချိန်မှာပင် ရွှီချင်းသည် မခိုးမခန့်ပြုံး၍ ထိုအမျိုးသမီး၏ ပါးစပ်ကို ခေါင်းဖြင့် တိုက်ချလိုက်သည်။

ခွပ်ခနဲ မြည်သံနှင့်အတူ ထိုအမျိုးသမီး၏ သွားများ အောက်သို့ ပြုတ်ကျသွားပြီး မျက်နှာတစ်ခုလုံး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည်။ ပို၍ပင် စူးရှကျယ်လောင်သော နာကျင်စွာ အော်ညည်းသံ ထွက်ပေါ်လာသည်။ ရွှီချင်းသည်လည်း သွေးဆာနေဟန်ဖြင့် ပါးစပ်ကို ဟ၍ ထိုအမျိုးသမီး၏ လည်ပင်းကို ကိုက်ချလိုက်သည်။

ထိုကိုက်ချက်သည် အလွန်အားပါဖြစ်ပေရာ ထိုအမျိုးသမီး၏ လည်ပင်းမှာ ချက်ချင်း စုတ်ပြဲသွားသည်။

သူက ရှူသွင်းလိုက်ရာ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ထဲမှ သိပ်သည်းထူထပ်သော ဓာတ်နှောများ သူ၏ခန္ဓာကိုယ်ထဲသို့ အရူးအမူး ဝင်ရောက်လာသည်။

ထိုအမျိုးသမီးမှာ ရုန်းကန်ချင်ပါသော်လည်း ရွှီချင်းက တင်းတင်းကြပ်ကြပ်ကိုက်ထားသည်။ ထိုအမျိုးသမီးကို သူ အောက်သို့ ချလိုက်ပြီး သူမ၏ စွမ်းအင်များကို ဆက်လက်စုပ်ယူလိုက်သည်။

ဖြစ်စဉ်တစ်ခုလုံး အသက်ရှူချိန်ခြောက်ကြိမ်၊ ခုနစ်ကြိမ်ခန့်သာ ကြာမြင့်သွားပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် အမျိုးသမီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ဓာတ်နှောများ ကုန်ခမ်းသွားသည်။ သူမ၏ သက်စောင့်မီးတောက်များ ငြိမ်းသွာားပြီး ဓမ္မတံခါးများ ခြောက်ကပ်သွားသည်။ ခန္ဓာကိုယ်တစ်ခုလုံး ခြောက်ကပ်ကပ်အလောင်းတစ်လောင်းအဖြစ် ပြောင်းလဲသွားကာ ဘေးသို့ ကျသွားသည်။ သူမသည် မသေသေးဘဲ အကြောဆွဲနေသေး၏။

“ အာ … ပျော်ဖို့ကောင်းလိုက်တာ။ ဒီမိန်းကလေးက ဘာလို့ ပျော့ခွေနေရတာလဲဟင် ”

ခေါင်းဆောင်က ချိုလွင်စွာ ပြုံး၍ ကနွဲ့ကလျဖြင့် ထိုအမျိုးသမီးဆီသို့ လျှောက်သွားသည်။

ရွှီချင်းသည် လေထဲတွင် ရပ်နေသော သက်စောင့်မီးလုံးသုံးလုံးနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို ကြည့်လိုက်သည်။

“ နောက်ထပ်ကိုးယောက်လောက် ကျုပ် မျိုချင်သေးတယ်။ ခင်ဗျားကို ဆုကြေးငွေပေးပါမယ်ဗျ ”

ရွှီချင်း၏ ပါးစပ်ထောင့်စွန်းတွင် အပြာရောင်သွေးများ ရှိနေဆဲပင်။ သူ့အကြည့်က အေးစက်ကာ ခံစားချက်ကင်းမဲ့နေသည်။

သို့သော်လည်း လက်ရှိသူ့ရုပ်ရည်သွင်ပြင်က သက်စောင့်မီးလုံးသုံးလုံးပိုင်ရှင် အခြေတည်အဆင့်ကျင့်ကြံသူကို အတန်ငယ် တည်ကြည်သွားစေသည်။

မကြာသေးခင်က သူ ပြောခဲ့သည်မှာ ဆုကြေးငွေ အလစ်သုတ်ချင်သည့်အတွက်ကြောင့်သာမက စစ်ဆေးချင်သည့်အတွက်ကြောင့်လည်း ဖြစ်သည်။

ဤစစ်ပွဲကာလအတွင်း ချီရွှဲ့ထုံဂိုဏ်းသားတချို့က နည်းလမ်းအမျိုးမျိုးအသုံးချကာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲသို့ ခိုးဝင်လာခဲ့ကြသည်။ ထိုသူအားလုံးကို ရှာဖွေတွေ့ရှိကာ သတ်ဖြတ်ပစ်နိုင်ခဲ့ပါသော်ငြား မင်းသမီး ပြန်ရောက်လာခြင်းကိုလည်း ချီရွှဲ့ထုံဂိုဏ်းက အစီအစဉ်ချထားနိုင်သည်။

ထိုလူသာ ဘာမှမလုပ်ဘဲ ချက်ချင်း ထွက်သွားမည်ဆိုပါက ထိုကိစ္စကို အထက်သို့တင်ပြကာ တခြားမျိုးနွယ်ဝင်များအား ထိုလူကို စောင့်ကြည့်နေစေမည် ဖြစ်သည်။

ယခုတွင် ထိုအတွေးများကို သူ ထုတ်ပစ်လိုက်သည်။ မန္တန်အစီအရင်က မင်းသမီးကို အတည်ပြုခဲ့ပြီး ဖြစ်သည်။ မင်းသမီးကို လိုက်ပါစောင့်ကြပ်ပေးခဲ့သော မျိုးနွယ်ဝင်ကိုလည်း မန္တန်အစီအရင်က အတည်ပြုခဲ့သည်သာမက ထိုမျိုးနွယ်ဝင်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များသာ လုပ်ဝံ့သည့် ဓာတ်နှောများကို ဝါးမျိုလိုက်သည်။

သက်စောင့်မီးလုံးနှစ်လုံးရှိသော သူ၏လက်အောက်ငယ်သားကို အလွယ်တကူ သတ်ဖြတ်နိုင်ရန်မှာ ထိုသူသည် သူ့အဆင့်သို့ ရောက်ရန် သိပ်မလိုတော့ကြောင်း ဖော်ပြနေပေသည်။

သူသည် လက်ကိုမြှောက်၍ ဝှေ့ယမ်းလိုက်သည်။ ဘေးပတ်လည်ရှိ ခေါင်းတလားဆယ့်ခြောက်လုံးမှ လျှပ်စီးများ ချက်ချင်း ပျောက်ကွယ်သွားပြီး အောက်သို့ ကျသွားသည်။

“ မင်းသမီးကို သတ္တမမြောက်ဘိုးဘေးရုပ်ထုရှိတဲ့ တားမြစ်နယ်မြေဆီ ပို့လိုက် ”

ဟန့်တားထားသည်များကို ဖယ်ရှားပြီးနောက် နှောင်းပိုင်းအခြေတည်အဆင့်ကျင့်ကြံသူက ပြောလိုက်သည်။

ရုတ်တရက် မြေပြင်ပေါ်ရှိ မှိုပွင့်ကြီးတစ်ပွင့် တွန့်လိမ်ကာ အနက်ရောင်မြူခိုးအများအပြား ထုတ်လွှတ်လိုက်သည်။ ထိုမြူခိုးများ လူးလွန့်ကာ စုစည်းသွားပြီးနောက် ဧရာမရေဘဝဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ထိုရေဘဝဲကြီးသည် လေထဲသို့ ပျံတက်လာပြီး ၎င်း၏ လက်တစ်ဖက်ဖြင့် သင်္ဘောပျံကြီးကို ရစ်ပတ်လိုက်ကာ တခြားလက်များဖြင့်မြေပြင်ကို ကုပ်တွယ်လိုက်ပြီး ရွှီချင်းနှင့် ခေါင်းဆောင်ကို အဝေးသို့ ခေါ်ဆောင်သွားသည်။

သူတို့နောက်၌ သက်စောင့်မီးလုံးသုံးလုံးပိုင်ရှင်သည် ခေါင်းငုံ့၍ သူတို့ထွက်သွားသည်ကို လေးစားစွာ ကြည့်နေသည်။ တချိန်တည်းမှာပင် သူက အော်ပြောလိုက်၏။

“ မင်းသမီး … ဒါက ကျုပ်တာဝန်ဖြစ်လို့ မလေးမစားလုပ်မိသလိုဖြစ်သွားခဲ့ရင် စိတ်ထဲမထားပါနဲ့ခင်ဗျာ ”

ထိုသို့ပြောပြီးသည်နှင့် သက်စောင့်မီးလုံးသုံးလုံးပိုင်ရှင်က လက်ချောင်းတစ်ချောင်းကို ကိုက်ဖြတ်၍ ရှေ့သို့ ပစ်လွှတ်လိုက်သည်။

ရုတ်တရက် ထိုလက်ချောင်းက သိပ်သည်းထူထပ်သော အလောင်းအဆိပ်အဖြစ် ပြောင်းလဲသွားပြီး ရွှီချင်းနှင့် ခေါင်းဆောင်တို့၏ သင်္ဘောပေါ်သို့ ပျံ့နှံ့သွားကာ အနက်ရောင်အလင်းများဖြင့် တောက်ပနေသော အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ အဲဒီတံဆိပ်နဲ့ဆိုရင် လမ်းမှာ မင်းသမီးကို ဘယ်သူမှ နှောင့်ယှက်မှာ မဟုတ်ပါဘူး။ မင်းသမီးခင်ဗျား … ကျေးဇူးပြုပြီး ကျုပ်အမှားကို ခွင့်လွှတ်ပေးပါ ”

“ သွားတော့ ”

ခေါင်းဆောင်က ခပ်ပေါ့ပေါ့လေသံဖြင့် ပြောလိုက်သည်။

“ ကျေးဇူးတင်ပါတယ် မင်းသမီး ”

ထိုသက်စောင့်မီးလုံးသုံးလုံးပိုင်ရှင်သည် ကျေးဇူးတင်စကားဆိုပြီးနောက် ထွက်သွားသည်။ ကမ်းရိုးတန်းသို့ သူ ပြန်သွားပြီး ရန်သူများကို ဆက်လက်စောင့်ကြပ်နေသည်။

ထိုသို့ဖြင့် ရွှီချင်းနှင့် ခေါင်းဆောင်တို့ လိုက်ပါလာသော သင်္ဘောပျံကြီးကို ပြေးလွှားနေသော ရေဘဝဲကြီးက အလျင်အမြန် သယ်ဆောင်သွားပြီး သတ္တမမြောက် ဘိုးဘေးရုပ်ထုတည်နေရာသို့ ချဉ်းကပ်သွားသည်။

အမှန်စင်စစ် ထိုကိစ္စသည်လည်း သူတို့အစီအစဉ်ထဲ ပါဝင်ပေသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲတွင် စုစုပေါင်း ဘိုးဘေးရုပ်အလောင်းရုပ်ထုကိုးခု ရှိပြီး နေရာအနှံ့ ပြန့်ကျဲနေကာ အစောင့်အကြပ်များ ထူထပ်စွာ ချထားသည်။ သတ္တမမြောက်ဘိုးဘေးရုပ်အလောင်းရုပ်ထုသည် ပင်လယ်နှင့်နီးစပ်ပြီး နန်းမြို့တော်နှင့် အတန်ငယ် ဝေးကွာသည့်အတွက်ကြောင့် ထိုနေရာသည် ခေါင်းဆောင်၏ ပထမပစ်မှတ် ဖြစ်လာခဲ့သည်။

အရေးကြီးဆုံးအချက်မှာ ခေါင်းဆောင်ဝယ်ယူခဲ့သည့် သတင်းအချက်အလက်အရ သတ္တမမြောက် ဘိုးဘေးရုပ်အလောင်းရုပ်ထုကို စောင့်ကြပ်နေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ရွှေအမြုတေအဆင့် ထိပ်သီးကျင့်ကြံသူများသည် ရှေ့တန်းစစ်မြေပြင်၌ အဖိခံနေရသည့်အတွက် စစ်မြေပြင်သို့ တာဝန်ချခံလိုက်ရခြင်း ဖြစ်သည်။

ယခု သတ္တမမြောက်ဘိုးဘေးရုပ်ထုအား စောင့်ကြပ်နေသူမှာ အခြေတည်အဆင့် အထွတ်အထိပ်သာ ရှိသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ရွှီချင်းသည် မူလက ချီတုံချတုံဖြစ်နေခဲ့ပါသော်လည်း ခေါင်းဆောင်က သူ ရခဲ့သည့်အချက်အလက် မမှားနိုင်ကြောင်း အာမခံနေသည်ဖြစ်ရာ အနီးရောက်မှ ခေါင်းဆောင်ကို သူ မေးခွန်းထုတ်မနေတော့ပေ။

သူတို့သည် ရှေ့သို့ ရွေ့လျားလာရင်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာသည်နှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ လောကကြီး သူတို့မြင်ကွင်းထဲ အပြည့်အဝ ပေါ်လာသည်။

မြေပြင်သည် မည်းနက်နေပြီး မရေမတွက်နိုင်သော မြက်ပင်နက်များဖြင့် ဖုံးလွှမ်းနေသည်။ ထိုမြက်ပင်များ၌ သိပ်သည်းထူထပ်သော ဓာတ်နှောများ ကိန်းအောင်းနေပေရာ ဤနေရာသည် ယခင်က ရွှီချင်း ရောက်ခဲ့ဖူးသည့် တားမြစ်နယ်မြေများနှင့် ကွာခြားခြင်းမရှိတော့ပေ။

All Chapters