← Chapters

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထူးဆန်းသော သတင်းစကား ( ၆ )

Vol. 18 Ch. 264

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထူးဆန်းသော သတင်းစကား ( ၆ )

Vol. 18 Ch. 264

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အတွက် ထိုကဲ့သို့ ဓာတ်နှောများ ထူထပ်သိပ်သည်းစွာ ရှိနေသော နယ်မြေများသည် သုခဘုံများ ဖြစ်ကြသည်။ သို့သော်လည်း ဝိညာဉ်စွမ်းအားကို စုပ်ယူသည့် ကျင့်ကြံသူများအတွက် ထိုနယ်မြေသည် အဆိပ်မြေနှင့် ဆင်တူသည်။

ထို့ပြင် ထိုနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်၍ ဓာတ်နှောများကို မထိန်းချုပ်နိုင်ပါက သန္ဓေပြောင်းသည့် ဖြစ်နိုင်ချေ အလွန် မြင့်မားသည်။

သို့သော်လည်း ခေါင်းဆောင်၌ ဓာတ်နှောအဆိပ်များကို ခဏတာ ဟန့်တားနိုင်သည့် နည်းလမ်းများ ရှိဟန်တူသည်။ ရွှီချင်းမှာ မည်သည့်အတွက်ကြောင့် မသိပါသော်လည်း ယင်းသည် နတ်အသားနှင့် တစ်နည်းနည်း ဆက်စပ်နေမည်ဖြစ်ကြောင်း ခံစားနေရသည်။

ကျူးယင်ကျွန်းပေါ်မှ ဇာတ်လမ်းသည် ခေါင်းဆောင်၏ ပထမဆုံး အရူးထခြင်း မဖြစ်နိုင်ပေ။ ထိုကဲ့သို့ မိုက်ရူးရဲဆန်သော ကိစ္စများကို ကြိမ်ဖန်များစွာ သူ လုပ်ခဲ့ပေလိမ့်မည်။

ရွှီချင်းသည် မြက်ပင်နက်များ၊ သွေးရောင်မှိုပွင့်နှင့် ခြောက်သယောင်းနေသော သစ်ပင်ရှည်ကြီးများအပြင် သွေးရောင်မြစ်ကြီးများကိုလည်း မြင်နေရသည်။

ကောင်းကင်ကြီး မှောင်မည်းနေပါသော်လည်း မမြင်နိုင်လောက်အောင်အထိတော့ မဟုတ်ပေ။ မိုးသားတိမ်စိုင်များထဲတွင် မျက်လုံးအမြောက်အမြား ရှိပြီး ထိုမျက်လုံးများအားလုံး နီမြန်းနေသည်။ ထိုမျက်လုံးများ ဖွင့်လိုက်သည့်အခါတိုင်း မြေပြင် လင်းထိန်သွားသည်။

ထိုမျက်လုံးများ ကြိမ်ဖန်များစွာ ဖွင့်ချည်ပိတ်ချည်လုပ်နေသည်ဖြစ်၍ မှောင်မည်းနေသော ကောင်းကင်ကြီး၏ ဖုံးလွှမ်းခြင်းခံထားရသော ထိုနယ်မြေမှာ အမြဲ လင်းထိန်နေပေသည်။ အလင်းက ဖျော့တော့ပါသော်လည်း ကျင့်ကြံသူများအတွက် ဘေးပတ်ဝန်းကျင်ကို မြင်နိုင်ရန် လုံလောက်သည်။

ထိုမျက်လုံးများနှင့်ပတ်သက်၍ အဖြေကိုမူ မကြာခင် ရွှီချင်း သိလိုက်ရသည်။

တိမ်စိုင်များထဲမှ မျက်လုံးတစ်လုံးကို သူ မြင်လိုက်ရပြီး ပုပ်ပွနေသော ဧရာမငါးကြီးတစ်ကောင် ပေါ်လာသည်။ ထိုငါး၏ ခေါင်းပေါ်၌ လက်တစ်ဖက်ရှိပြီး ထိုလက်၏ အစွန်တွင် မျက်လုံးတစ်လုံး ရှိသည်။

ထိုမျက်လုံး ပိတ်နေသည့်အခါ ဘာမှမမြင်ရပါသော်လည်း ဖွင့်လိုက်သည့်အခါ မီးအိမ်ကဲ့သို့ အလင်းတစ်ခုကို ထုတ်လွှတ်လေသည်။

ထိုငါးများကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တိမ်စိုင်များထဲ ပြွတ်သိပ်၍ ထည့်ထားပြီး ၎င်းတု့ိ ရံဖန်ရံခါ လေဟုန်ခွင်း၍ ပျံသန်းသွားသည့်အခါတိုင်း အလင်းတန်းများ အဆက်မပြတ် ထုတ်လွှတ်လေသည်။

ထိုမြင်ကွင်းကြောင့် ရွှီချင်းမှာ အထူးတဆန်း ဖြစ်သွားရသည်။ တချိန်တည်းမှာပင် အဏ္ဏဝါရုပ်အလောင်းများစွာကိုလည်း သူ မြင်လိုက်ရသည်။ ထိုမျိုးနွယ်ဝင်များသည် မျိုးနွယ်အသီးသီးမှ ရောက်လာကြသူများဖြစ်ပြီး အများစုကို ယခင်က ရွှီချင်းတစ်ခါမှ မမြင်ဖူးခဲ့ပေ။

ထိုရုပ်အလောင်းများ ရှေ့ဆက်သွားကြစဉ် ရွှီချင်းသည် သူ့စိတ်အား တုန်ခါသွားစေသည့်မြင်ကွင်းတစ်ခုကိုလည်း မြင်လိုက်ရသည်။

ယင်းမှာ နယ်မြေအစိတ်အပိုင်းတစ်ခုဖြစ်သည်။

ထိုနယ်မြေပေါ်တွင် မှိုပွင့်များအားလုံးနှင့် သစ်ပင်ကြီးများအားလုံး ခုတ်ထွင်ရှင်းလင်းခံထားရပြီး ပြောင်းသလင်းခါနေသည်။ ရေဘဝဲက ထိုနယ်မြေကို ဖြတ်သွားသောအခါ အဏ္ဏဝါရုပ်အလောင်းအမြောက်အမြားက မြေပြင်အား တူးဖော်နေသည်ကို ရွှီချင်း မြင်လိုက်ရသည်။

တူးဖော်နေသည့်အစိတ်အပိုင်းမှာ လက်ဖဝါးပုံစံရှိသည်။ သို့သော် ထိုလက်ဖဝါးမှာ ကြီးမားလွန်းလှပြီး ပေထောင်ဂဏန်းခန့် အရွယ်အစားရှိသည်။ ထိုနေရာသည် ရှေးဟောင်းလူ့ဘီလူးကြီးတစ်ကောင်၏ သင်္ချိုင်းဖြစ်ဟန်တူသည်။

မြေသားကို တူးထုတ်နေကြပြီး ပုပ်ပွနေသော အသားများ ပေါ်လာစဉ် နောက်ထပ်အဏ္ဏဝါရုပ်အလောင်းများ စုရုံးရောက်ရှိလာကြသည်ကို ရွှီချင်း သတိထားမိလိုက်သည်။ သူတို့က မန္တန်များကို ရွတ်ဖတ်ကာ ယဇ်ပူဇော်ဟန်ပြုမူနေကြသည်။

ရွှီချင်းရှိနေသည့် သင်္ဘောကြီး ထိုနေရာမှ ထွက်ခွာလာသောအခါ မြေပြင်တုန်ဟီးသွားစေနိုင်သော မြည်ဟည်းသံကြီး လွင့်ပျံလာပြီး ရွှီချင်း၏ စိတ်ထဲတုန်ရီသွားကာ လှည့်ကြည့်လိုက်ရာ ကောင်းကင်ကို ဖမ်းဆုပ်ချင်နေသည့်အလား မြေပြင်မှ ပေတစ်သောင်းရှည်သော လက်ကြီးတစ်ဖက် ဆန့်ထွက်လာသည်ကို မြင်လိုက်ရသည်။

“ အသက်ပြန်သွင်းတာ ”

ရွှီချင်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

ယင်းအပြင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၌ ‘ တစ္ဆေအိပ်မက်လိပ်ပြာ ’ ဆိုသော ထူးဆန်းသည့် သတ္တဝါတစ်ကောင်ရှိသည်။

ခေါင်းဆောင်ထံမှ သိခဲ့ရသည့် ဗဟုသုတများအရ ထိုလိပ်ပြာများကို မြင်လိုက်သောအခါ တစ္ဆေအိပ်မက်လိပ်ပြာများမှန်း သိလိုက်သည်။ ထိုတစ္ဆေအိပ်မက်လိပ်ပြာများသည် ထိုကျွန်းကြီး၏ စစ်မှန်သော ဒေသခံများ ဖြစ်ကြသည်။

ယင်းလိပ်ပြာများသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မပေါ်ခင်က ပေါ်လာခဲ့သော မျိုးနွယ်ဖြစ်သည်။ ဤကျွန်းပေါ်တွင် ထိုလိပ်ပြာ အများအပြား ရှိသည်။ ရွှီချင်းနှင့် ခေါင်းဆောင်တို့ ရှေ့ဆက်သွားနေကြစဉ် ထိုလိပ်ပြာများသည် သူတို့ပတ်လည်တွင် လူးလာပျံသန်းနေကြ၏။

ထိုမြင်ကွင်းသည် အလွန်လှပပါသော်လည်း ထိုလိပ်ပြာများ၏ အတောင်ပံများပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော တစ္ဆေမျက်နှာများက ဓာတ်နှောများကို အငမ်းမရ စားသုံးနေပေရာ ထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ရပ် ဖြစ်သွားစေတော့သည်။

မည်သည့်အတွက်ကြောင့်မသိ ထိုတစ္ဆေအိပ်မက်လိပ်ပြာအများအပြား ရွှီချင်းအနီးသို့ စုစည်းလာကြသည်။ အမှန်စင်စစ် အဝေးမှ လာနေသော လိပ်ပြာများကိုပင် သူ မြင်နေရသည်။

ထိုဖြစ်ရပ်ကြောင့် သူ မျက်မှောင်ကြုတ်သွားရသည်။

“ တာအိုအစောင့်အရှောက်လေး … နင် ဘာလို့ ပျားတွေနဲ့ လိပ်ပြာတွေကို ခေါ်နေရတာတုံး ”

သူ့နောက်ရှိ ခေါင်းဆောင်က ခပ်တိုးတိုးချောင်းဟန့်ကာ ပြောလိုက်သည်။

All Chapters