← Chapters

ဒဏ္ဍာရီလာ မိတ်ကပ်နည်းလမ်း

Vol. 20 Ch. 299

ဒဏ္ဍာရီလာ မိတ်ကပ်နည်းလမ်း

Vol. 20 Ch. 299

“ပွဲ ဟုတ်လား၊ တကယ် အလကားလား”

အန်တီကျောက်က သေချာအောင် ထပ်မေးသည်။

“ကျွန်တော်တို့ အန်တီ့ဆီက တစ်ပြားမှ မယူပါဘူး”

ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော် အန်တီ့ကို အခမဲ့ မိတ်ကပ် ပြင်ပေးမှာပါ”

“ရတယ်လေ၊ ငါ စမ်းကြည့်မယ်”

အန်တီကျောက်၏ မျက်နှာက ပျော်ရွှင်မှုကြောင့် ဝင်းလက်နေပြီး ချက်ချင်း သဘောတူလိုက်သည်။ သူမ၏ ဟင်းသီးဟင်းရွက် အထုပ်ကို မြေကြီးပေါ် ချလိုက်ပြီး ခုံတစ်လုံးရှာ၍ ထိုင်လိုက်လေသည်။

“လာကြဟေ့၊ ဒီအံ့ဩစရာ‌ ကောင်းလှတဲ့ သူဌေးမှာ ဘယ်လို အရည်အချင်းမျိုး ရှိလဲ သွားကြည့်ရအောင်”

“ချီးကို ဘာအရည်အချင်းလဲ၊ သူက ပုံပြောတဲ့ နေရာမှာပဲ တော်တယ်လို့ ငါ ထင်တယ်”

“သူ ဒီမှာ မိတ်ကပ် လိမ်းပြဖို့ ပြင်နေတာလား၊ စိတ်ဝင်စားစရာပဲ”

လူအုပ်ထဲမှ တော်တော်များများသည် အဖြစ်အပျက်ကို ကြည့်ရန် ဆက်နေခဲ့ပြီး ရဲ့လင်းချန် ဘယ်လို အဆုံးသတ်မလဲ သိချင်နေကြသည်။

အချို့က ဆိုင်ထဲကို လိုက်ဝင်ပြီး ဆိုင်ထဲမှ အရာအားလုံးကို ဓာတ်ပုံ လိုက်ရိုက်ကြသည်။ အထူးသဖြင့် ဆိုင်ရှေ့တွင် ပြထားသည့် ဈေးနှုန်းများပင်။ သူတို့က အနီးကပ် သေချာရိုက်၍ TikTok ပေါ် တင်ကြလေသည်။

[ငါ ဒီနေ့ အပြင်သွားရင်း ထူးဆန်းတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့ခဲ့တယ်၊ ကျွတ်စ် ကျွတ်စ် ကျွတ်စ် … ဒီဈေးတွေကို ကြည့်ကြပါဦး]

တစ်ချို့ဆိုလျင် အခြေအနေကို အတိုချုံး ရှင်းပြပြီး ဗွီဒီယို ရိုက်ကာ TikTok ပေါ်၌ တင်လိုက်ကြသည်။

တစ်ခဏအတွင်းမှာပင် မှတ်ချက်များစွာ ပေါ်လာလေ၏။

[လခွမ်း ဒီဆိုင်က ဘယ်ကနေ ဘယ်လို သတ္တိရပြီး ဒီလို လုပ်ရဲတာလဲ]

[ဒီလောကမှာ ထူးဆန်းတဲ့ ကိစ္စတွေနဲ့ ပြည့်နေတာပဲ၊ ဒါ သေလမ်းရှာတဲ့ နည်းလမ်းအသစ်လား]

[ဒီဆိုင်က အတုတွေပဲ ရောင်းတယ်လို့ တစ်ယောက်က တင်ထားတဲ့ ဆိုင် မဟုတ်လား၊ သူတို့ ကြံရာမရလို့ ဒီလို လုပ်နေတာလား]

[ငါ ဒါတင်တဲ့လူကို ဖော်လို လုပ်ထားဦးမယ်၊ ဆိုင်ရှင်က ထူးဆန်းထွေလာတွေ လုပ်ပြမှာလား၊ ငါ သိချင်နေပြီ]

…

ထိုအခိုက်တွင် လူအုပ်ထဲမှ မိန်းကလေး တစ်ယောက်က ဆယ်ဖီဆွဲသည့် တုတ်တံလေးကိုကိုင်၍ သူတို့နှင့်အတူ လိုက်ဝင်လာ၏။

သူမ၏ ဖုန်းမျက်နှာပြင်တွင် မှတ်ချက်များ ပလူပျံနေသည်။ သူမက တိုက်ရိုက် ထုတ်လွှင့်မှု လုပ်နေခြင်းပင်။

“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မရဲ့ ထုတ်လွှင့်မှုလေးကနေ ကြိုဆိုလိုက်ပါတယ်၊ ကျွန်မကတော့ ရှင်တို့ရဲ့ အလှအပရေးရာ တင်ဆက်သူလေး ရှောင်မိန်ပါ”

ရှောင်မိန်က ကင်မရာကို ပြုံးပြ၍ အလှကုန် ပစ္စည်းဆိုင်ထဲ ဝင်လိုက်သည်။

“မိတ်ကပ်အကြောင်း လေ့လာချင်တဲ့သူတွေက ညာဘက် အပေါ်ထောင့်က ခလုတ်လေးကို နှိပ်ဖို့ မမေ့ပါနဲ့နော်၊ ဒီနေ့ ရှောင်မိန်က ရှင်တို့ကို ထူးဆန်းတဲ့ အလှကုန်ပစ္စည်းဆိုင် တစ်ဆိုင်ကို ပြသသွားပါမယ်”

သူမက ထိုသို့ပြောပြီး အခြေအနေကို ထပ်မံ၍ အတိုချုံး ရှင်းပြလိုက်သည်။ တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်နှင့် အန်တီကျောက်တို့အား အနီးကပ်ဆွဲ၍ ရိုက်ပြလေသည်။

[ငါတို့ TikTok ပေါ်က ကိစ္စကို အကြမ်းဖျင်း သိထားပြီးပြီ၊ ဒါပေမဲ့ တိုက်ရိုက် ထုတ်လွှင့်မှုတစ်ခုကို တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး]

[ဟားဟားဟား ငါ ဒီသူဌေး ဘယ်လို ပါးရိုက်ခံရမလဲ သိချင်လို့ တမင် လာကြည့်တာကွ]

[ဈေးကို ဒီလောက်အထိ မြှင့်ထားတယ်ဆိုတော့ သူ့တန်ဖိုးကို တော်‌တော် အထင်ကြီးနေတာပဲ ဖြစ်ရမယ်]

[တင်ဆက်သူရေ အဖြစ်အပျက် တစ်ခုလုံးကို မှတ်တမ်းတင်ထားပေးပါ၊ ဒီသူဌေး ဘယ်လို အရှက်ကွဲမလဲ ငါ မြင်ချင်တယ်၊ ငါ ကြိုပြီး ခနဲ့စကားတွေတောင် ပြင်ထားသေးတယ်]

[ဟုတ်တယ် အားလုံးပဲ ငါ ပြောတာကို စောင့်နေကြပါ၊ ငါတို့ ဒီအရှက်မရှိတဲ့ သူဌေးကို အတူတူ ဝေဖန်ကြရအောင်]

[သူက မျက်နှာဖုံးတောင် တပ်ထားလိုက်သေးတယ်၊ ဒီဆန်းကြယ်မှုကြီးက ဘာလဲ၊ သူ အမဲဖျက်ခံရမှာကို ကြောက်လို့လား]

ရှောင်မိန် ထိတ်လန့်နေ၏။ သူမ၏ သေးငယ်သော ထုတ်လွှင့်မှုလေးက ဤမျှ အာရုံစိုက်မှု ရလိမ့်မည်ဟု တစ်ခါမှ ထင်မထးမိချေ။ သူမ ချက်ချင်း ကင်မရာကိုဖွင့်၍ မိတ်ကပ်လိမ်းပေးရန် ပြင်နေသော ရဲ့လင်းချန်ကို ချိန်ထားလိုက်သည်။

“ကျွန်မလည်း အများနည်းတူ သိချင်နေပါတယ်နော်၊ ကဲ ဒါဆိုရင် ကျွန်မတို့ ဒီမှာ အတူတူ စောင့်ကြည့်ကြတာပေါ့”

“ယွင်ရှီ မင်းတို့တွေ ငါ့ကို ဒါလေး ကူလုပ်ပေးပါ”

ရဲ့လင်းချန် ပြောလိုက်သည်။

“အင်း”

ကျန်းယွင်ရှီ၏ မျက်နှာတွင် စိုးရိမ်မှုတို့ ပြည့်နေပြီး ပြဿနာက ဤမျှအထိ ဖြစ်လာလိမ့်မည်ဟု သူမ ထင်မထားမိပေ။

ကျန်မိန်းကလေး နှစ်ယောက်သည်လည်း စိုးရိမ်နေပြီး သူမဘေး၌ စိုးရိမ်တုန်လှုပ်စွာ ရပ်နေကြသည်။

သူ့ဘေးပတ်လည်မှ အကြည့်များစွာအောက်တွင် ရဲ့လင်းချန်က မိတ်ကပ်လိမ်းခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်သည်။

ရဲ့လင်းချန်သည် အန်တီကျောက်၏ မျက်နှာအနေအထားနှင့် မျက်ခုံးကို စ၍ သေသေချာချာ လေ့လာလိုက်သည်။ ထို့နောက် သူ စ၍ အစီအစဉ် ဆွဲလိုက်သည်။

ထို့နောက်တွင်မူ သူက မျက်ခုံးရိတ်ဓားကို ထုတ်၍ မျက်ခုံးမှ ပိုလွန်နေသော မျက်ခုံးမွေးများကို ဖယ်ရှားလိုက်သည်။ ထိုအထဲ၌ မျက်ခုံးနှစ်ခုကြားမှ အမွေးများ၊ နဖူးအောက်နှင့် အလွန် ထူနေသော မျက်ခုံးမွေးနေရာများလည်း ပါပေသည်။

အန်တီကျောက်တွင် ပုံမှန်အာရှသူတို့၏ မျက်ခုံးမွေးပုံစံ ရှိသည်။ ထိပ်၌ ထူ၍ အစွန်း၌ ပါးသွားတတ်သည်။ ရဲ့လင်းချန်က အစွန်းကို ထူ၍ နက်အောင် လုပ်ပြီး ထိပ်နားမှ မျက်ခုံးမွေးကို ရိတ်ကာ ညီတူမျှတူ ဖြစ်အောင် ပြုပြင်လိုက်သည်။ မျက်ခုံးမွေးများက နှာခေါင်းနှင့်အတူ တစ်ဖြောင့်တည်း ညီညာသွားသည်။ အကျယ်ကတည်း ထိပ်မှအစွန်းအထိ ညီနေလေသည်။

သူမမျက်ခုံးမွေး ပုံစံကို ပြုပြင်ပြီးနောက် ရဲ့လင်းချန်က သူမဆံပင်ပုံစံနှင့်အတူ အပေါ်နှုတ်ခမ်းကိုပါ လေ့လာလေသည်။ ထို့နောက် သူက ထူနေ၊ နက်နေသော အစိတ်အပိုင်းများကို ဖယ်ရှားလိုက်သည်။

အန်တီကျောက်၏ အသက်အရွယ်ကြောင့် ထိုအစိတ်အပိုင်းများအား မိန်းမပျိုလေးများကဲ့သို့ ထားထားရန် မသင့်တော်ပေ။ ယင်းက အနည်းငယ် ရှုပ်ပွဟန် ပေါ်စေ၏။ ရဲ့လင်းချန်က ၎င်းတို့ကို သေချာဂရုစိုက်၍ ပါးလိုက်သည်။

သူ၏ လုပ်ဆောင်ပုံကို အားလုံး သေချာမြင်ရသည်။ မိတ်ကပ်နှင့် ရင်းနှီးသူများသည် လုပ်ဆောင်မှုတိုင်းကို လိုက်ကြည့်၍ ခေါင်းတဆတ်ဆတ် ညိတ်နေမိသည်။ ထိုလုပ်ဆောင်မှုများကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ပုံ ပေါ်၏။

ထိုစဉ် ရဲ့လင်းချန်က တစ်ခဏမျှ အလေးအနက် တွေးနေပြီးနောက် မိတ်ကပ်အောက်ခံ လိမ်းပေးရန် စရွေးလေသည်။

အန်တီကျောက်၏ အသားအရေက အဆီပြန်တတ်သော အမျိုးအစား ဖြစ်သဖြင့် ခပ်မှိုင်းမှိုင်း အောက်ခံကို လိမ်းပေးသည်က ပိုသင့်တော်၏။

သူသည် သူမ အသားအရောင်နှင့် နီးစပ်သော မိတ်ကပ် အောက်ခံအချို့ကို ထုတ်၍ တစ်ခုချင်းစီ စမ်းကြည့်လိုက်သည်။ ရဲ့လင်းချန်က သူမ အသားအရောင်နှင့် အနီးစပ်ဆုံး အရောင်ကို ရွေးလိုက်ပြီးနောက် အန်တီကျောက်၏ အသားအရောင်ထက် ပိုမှိုင်းသော နောက်တစ်ရောင်ကို ထပ်ရွေးလိုက်လေသည်။

လင်းသော မိတ်ကပ်အောက်ခံနှင့် မှိုင်းသော မိတ်ကပ် အောက်ခံတို့ကို အတူတကွ ရောစပ်အသုံးပြုလိုက်လျင် အသားအရောင်ကို ပို၍ သိသာစေပေမည်။ နှစ်ခုလုံးကို မျှမျှတတ အသုံးပြုလျင် ကောင်းမွန်သော ရလဒ်ကို ရရှိပေလိမ့်မည်။

နောက်တစ်ဆင့်က မိတ်ကပ်လိမ်းခြင်း ဖြစ်သည်။

ရဲ့လင်းချန်၏ လုပ်ဆောင်ပုံက အနုစိတ်ကျသည်။ ထို့အပြင် လှုပ်ရှားမှုများက သိမ်မွေ့၍ သဘာဝ ကျယန်းသည်။ ရင်သက်ရှူမော ဖြစ်စေသည့် မြင်ကွင်းတစ်ခုပင်။

ထိုသို့သောအချိန်၌ ဆူညံသံများက တိတ်ဆိတ်လာ၏။ လူတိုင်း တိတ်ဆိတ်စွာ ကြည့်နေကြပြီး လှပသော မြင်ကွင်းကို တန်ဖိုးထားနေကြကာ သူတို့အသံက သိမ်မွေ့သော ဟန်ချက်ညီမှုအား ပျက်စီးသွားစေမည်ကို စိုးရွံ့နေကြသည်။

တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ မှတ်ချက်များပင် နည်းပါးသွားပြီး ကင်မရာကို သေချာအာရုံထား၍ ကြည့်နေကြလေသည်။

*ဒါ လုံးဝကို ဆရာကျလွန်းတယ်၊ ပြောင်မြောက်လွန်းလိုက်တာ*

မည်သည့်အလုပ်မဆို အလေးအနက်ထားခြင်းနှင့် ကျွမ်းကျင်ခြင်းတို့ ရှိသင့်သည်။ ၎င်းတို့က ပီတိဖြစ်သော အရာတစ်ခုကို ပြလုပ်ပေးနိုင်လေသည်။

မိတ်ကပ်လိမ်းပြီးနောက် အန်တီကျောက်၏ အရှိန်အဝါက ပြောင်းလဲသွားသည်ကို လူတိုင်း သတိပြုမိသွားသည်။ သူမက ပို၍ တက်ကြွပုံ ပေါ်လာပြီး ပြီးပြည့်စုံသော မျက်ခုံးနှင့် ကောင်းမွန်သော အသားအရောင်တို့ ပေါင်းစပ်လိုက်သောအခါ သူမက အတော်လေး ပိုငယ်သွားပုံရပြီး အဒေါ်ကြီးတစ်ယောက်နှင့် လားလားမျှ မတူတော့ချေ။

[လခွမ်း၊ ရိုးရှင်းတဲ့ မျက်ခုံးမွေးရိတ်ပုံနဲ့ မိတ်ကပ်လေးပုံက ဘယ်လိုလုပ် အဲ့လောက်ထိ အကြီးအကျယ် ပြောင်းလဲစေတာလဲ]

[ငါ့မျက်လုံးတွေက ငါ့ကို လှည့်စားနေတာလား၊ သူက မိတ်ကပ်လေး လိမ်းပေးတာပဲလေ၊ အဲ့လောက် ပြောင်းလဲ သွားစရာလား]

[အားလုံးရဲ့ မိတ်ကပ်က အဲ့လောက် ကောင်းနေရင် လမ်းပေါ်မှ အလှလေးတွေနဲ့ ပြည့်နေတော့မှာ မဟုတ်လား]

မှတ်ချက်များက ရှောင်မိန်၏ ထုတ်လွှင့်မှု၌ မကြာခဏ ပေါ်လာသည်။

ထို့နောက်တွင်မူ ပါးနီလိမ်းခြင်း၊ မျက်ခုံးမွေးဆွဲခြင်း၊ eyeshadow နှင့် eyeline ဆွဲခြင်း၊ နှုတ်ခမ်းနီဆိုးပေးခြင်း စသည်တို့ ဆက်လက် ပြုလုပ်လေသည်။ ရဲ့လင်းချန်က တစ်ဆင့်ခြင်း သေချာ ပြင်ပေးသွားသည်။

သူ၏ လှုပ်ရှားမှုများက မမြန်သော်လည်း ရပ်တန့်ခြင်းမရှိဘဲ အနုစိတ်ကျသည်။ လူအုပ်ကြီးအတွက် သူသည် မိတ်ကပ် လိမ်းပေးနေသည်နှင့် မတူဘဲ အနုပညာတစ်ခု ဖန်တီးပေးနေသည်ဟု ထင်မှတ်မှားရသည်။

လုပ်ငန်းစဉ်များက ရှုပ်ထွေးသော်လည်း သူ့အတွက် အကုန် ပြင်ဆင်ပြီးရန် တစ်နာရီသာ ကြာလေသည်။

“အန်တီကျောက် ပြီးသွားပါပြီ”

ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။

အန်တီကျောက် မတုံ့ပြန်နိုင်ပါ။ သူမ မှင်တက်နေပြီး မှန်ထဲမှ သူမပုံစံကို ကြည့်ကာ အံ့အားသင့်နေ၏။ သူမ သတိပြန်ဝင်ရန် အချိန် အတော်ကြာသွားသည်။

သူမက ပါးကို ညင်သာစွာ ကိုင်တွယ်ကြည့်ပြီး မယုံနိုင်စွာ မေးလိုက်သည်။

“ဒါက တကယ်ပဲ ငါလား”

သူမမျက်လုံးတွင် မျက်ရည်တို့ဖြင့် ပြည့်လာပြီး စိတ်ကြည်နူးကာ ဘယ်လို တုံ့ပြန်ရမလဲမသိ ဖြစ်နေ၏။ သူမအတွက် အိပ်မက် မက်နေသလားဟုပင် ထင်မှတ်ရလေသည်။

တစ်ချိန်တည်းမှာပင် သူမတို့ ဘေးပတ်လည်မှ လူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်နေ၏။ သူတို့၏ မျက်လုံးများ ပြူးကျယ်နေကာ သူတို့ မြင်လိုက်ရသည့် အရာကို မယုံနိုင် ဖြစ်နေကြသည်။

သူတို့သည် မျက်လုံးကို ဆက်တိုက် ပွတ်ကြည့်နေကြပြီး ခံစားနေရသော ထိတ်လန့်မှုကို တုံ့ပြန်နိုင်စွမ်းမရှိ ဖြစ်နေကြသည်။

“ဘယ်လို … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူက အခြားသူတစ်ယောက်လို ပြောင်းလဲသွားတာလား”

“ဘယ်လိုလုပ် မိတ်ကပ်က အဲ့လောက်ကြီး ပြောင်းလဲသွားအောင် လုပ်နိုင်တာလဲ၊ ဒါ မှော်ပညာပဲ ဖြစ်ရမယ်”

“လခွမ်း၊ လခွမ်းပဲဟေ့၊ ဘာတွေဖြစ်ကုန်တာလဲ”

…

All Chapters