← Chapters

ပြန်နုပျိုသွားခြင်း

Vol. 20 Ch. 300

ပြန်နုပျိုသွားခြင်း

Vol. 20 Ch. 300

“ဒါ … ဒါ တကယ်ကြီးလား”

ပတ်ဝန်းကျင်ရှိ လူများအားလုံး အံ့ဩနေကြသည်။ သူတို့ ကိုယ်တိုင် မတွေ့ခဲ့လျင် ဒါ တကယ် ဖြစ်နေသည်ဟု ယုံမိမည် မဟုတ်ပါ။

သူတို့၏ မျက်စိရှေ့ တည့်တည့်မှာပင် ဟင်းသီးဟင်းရွက် ထွက်ဝယ်သည့် အဒေါ်ကြီးတစ်ယောက်က မိတ်ကပ်ကြောင့် လှပသော မိန်းမပျိုလေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်တဲ့လား။

ထို့အပြင် ဤအပြင်အဆင်က နိုက်ကလပ်များမှ မိတ်ကပ် ထူလပျစ် လိမ်းထားသော မိန်းကလေးများနှင့် မတူကြောင်း တစ်ချက် ကြည့်ရုံဖြင့် သူတို့ ပြောနိုင်ပါသည်။ ထိုအပြင်အဆင်က ထူထဲသော မိတ်ကပ်များထက် ပို၍ သဘာဝဆန်ပုံ ပေါ်သည်။

“ငါတို့သူဌေးက …. အရမ်း ကြောက်စရာ မကောင်းလွန်းဘူးလား”

အလှကုန် ပစ္စည်းဆိုင်၌ အလုပ်လုပ်နေသော မိန်းကလေး နှစ်ယောက်လုံး အံ့အားသင့်နေကြသည်။ သူတို့သည် ထအော်မိမည် စိုး၍ အလန့်တကြားဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်ထားကြသည်။

သူတို့သည် မိတ်ကပ် ဘယ်လို လိမ်းခြယ်ပေးရမလဲ သင်ယူထားသဖြင့် ယင်းသို့ ပြုလုပ်ရာ၌ ပါဝင်သည့် အခက်အခဲများကို နားလည်ကြသည်။

နည်းနည်း များသွားလျင် ဝသည်ဟု ထင်ရပြီး နည်းသွားလျင်လည်း ပိန်သည်ဟု ထင်ရသည်ဟူသော စကားလိုပင်။ မိတ်ကပ် လိမ်းခြယ်ခြင်း နည်းစနစ်သည် အလွန် လက်ဝင်သော စွမ်းရည်တစ်ခု ဖြစ်သည်။ သဘောတရားကို နားလည်ရုံဖြင့် လုပ်နိုင်သော အရာတစ်ခု မဟုတ်ပေ။ လက်တွေ့ လေ့ကျင့်ခြင်းသည် အရေးအပါဆုံး အစိတ်အပိုင်း ဖြစ်သည်။ အဆင့်တိုင်းက အရေးကြီးပြီး နည်းနည်းလေးမှ အမှားမခံပေ။

နှုတ်ခမ်းနီဆိုးပေးခြင်းက ရိုးရှင်းသော တာဝန်တစ်ခုဟု ထင်ရသော်လည်း လူတော်တော်များများက အချိုးကျစွာ မဆိုးပေးနိုင်ဘဲ အလွယ်တကူ လက်ချော်လေ့ ရှိသည်။ ယင်းက ကြည့်မကောင်းသည့်အပြင် ပို၍ ကြည့်ရဆိုး စေ၏။

ဤအဆင့်သို့ မိတ်ကပ်တစ်ခုတည်းဖြင့် ရောက်နိုင်ခြင်းက မှော်ဆန်လွန်းလှသည်။

ရှောင်မိန်က အနီးဆုံး၌ ရှိနေပြီး အန်တီကျောက်အား အနီးကပ် ကြည့်နေသူ ဖြစ်သဖြင့် သူမအတွက် အတော်လေး သက်ရောက်မှုအား ကြီးနေ၏။ အကယ်၍ အန်တီကျောက်သာ သူမကိုယ်သူမ အသက် နှစ်ဆယ်ဝန်းကျင်သာ ရှိသေးသည်ဟု ပြောလာလျင် ရှောင်မိန် ယုံမိလောက်သည်။

*မိတ်ကပ်လိမ်းထားတာက ကောင်းလွန်းတယ်၊ ပြီးပြည့်စုံတယ်လို့တောင် ပြောလို့ရတယ်၊ အမှားအယွင်း မရှိဘူး*

ထိုအခိုက်တွင် သူမ၏ ထုတ်လွှင့်မှု၌ အုတ်အော်သောင်းနင်း ဖြစ်နေ၏။

[လခွမ်း ထုတ်လွှင့်သူရေ၊ မင်း ဘာလုပ်လိုက်တာလဲ၊ မင်း ဘာလို့ beauty filters ကို ဖွင့်လိုက်တာလဲ]

[ထုတ်လွှင့်သူရေ၊ မိတ်ကပ် လိမ်းပေးတာက ပြီးသွားပြီလား၊ မင်း filter ပိတ်ပေးလို့ ရမလား၊ ဒါမှ အဲ့သူဌေး ဘာဟာသ လုပ်နေလဲ ငါတို့ မြင်ရမှာ]

[ဒီနေ့ခေတ် Beauty filter စနစ်တွေက ကြောက်ဖို့ကောင်းလိုက်တာ၊ အန်တီကြီးတစ်ယောက်က ချက်ချင်း မိန်းမပျိုလေး တစ်ယောက် ပုံစံ ပြောင်းသွားရတယ်လို့၊ အခုကစပြီး ငါ တိုက်ရိုက် ထုတ်လွှင့်မှုကနေ မြင်နေရတဲ့ မိန်းမလှလေးတွေကို လုံးဝ မယုံတော့ဘူး]

[ထုတ်လွှင့်သူရေ မင်း ဘယ်မှာလဲ၊ တစ်ခုခု ပြောပါဦး၊ beauty filter ကို ပိတ်ပေးပါဦး]

တစ်ခဏကြာပြီးနောက် ရှောင်မိန် အံ့ဩနေရာမှ သတိပြန်ဝင်လာသည်။ သူမ ထုတ်လွှင့်မှု၌ ဝင်ကြည့်လိုက်ပြီး ပင့်သက်ရှိုက်၍ အံ့ဩနေသော အသံဖြင့် ရှင်းပြလိုက်သည်။

[အခု ကျွန်မ ရှင်တို့ကို လိမ်ပြောနေတာ မဟုတ်ဘူးလို့ ကျိန်ပြောရဲတယ်၊ ကျွန်မ လုံးဝ beauty filter မဖွင့်ထားဘူး]

[ဒီသူဌေးက အဒေါ်ကြီးတစ်ယောက်ကို မိတ်ကပ်တစ်ခုတည်းနဲ့ မိန်းမပျိုလေးအဖြစ် ပြောင်းလိုက်တာလား]

သူမ စကားကို ယုံကြည်စေရန် ရှောင်မိန်က ကင်မရာကို သူမဘက် ပြန်ချိန်လိုက်သည်။

[ကျွန်မ လိမ်နေတာ မဟုတ်ဘူး၊ ကျွန်မ မြင်လိုက်ရတုန်းက မျက်ရည်တောင် ကျသွားတယ်၊ တကယ် ငိုမိသွားတာ၊ ကြည်နူးဖို့ ကောင်းတယ်၊ အခုထိ ကြက်သီးထနေရတုန်းပဲ]

ထိုသို့ပြောပြီး သူမက မျက်လုံးထောင့်ကို အနီးကပ် ရိုက်ပြ၍ စီးကျနေသော မျက်ရည်စများကို ပြလေသည်။

ထို့နော် သူမက ကင်မရာအား ဘေးဘီသို့ ဝေ့ပြသည်။

[ကြည့်ကြည့်လိုက်ပါ၊ လူတိုင်း ထိတ်လန့်လွန်းလို့ ကြက်သေ သေပြီး ပါးစပ် အဟောင်းသား ဖြစ်နေကြတာ]

[လခွမ်း၊ လခွမ်း၊ လခွမ်းပဲဟေ့၊ ဒါ လူသားတစ်ယောက် လုပ်နိုင်တဲ့အရာရော တကယ် ဟုတ်ရဲ့လား]

[ထုတ်လွှင့်သူ၊ မင်း ငါ့ကို နောက်နေတာ ဟုတ်တယ်မလား၊ မင်းတို့အားလုံး သရုပ်ဆောင်နေတာ မဟုတ်လား၊ ငါ့ကို မခြောက်နဲ့နော်၊ ငါက ကြောက်တတ်တယ်၊ ဒါမျိုး မခံနိုင်ဘူး]

[ငါ့လူတို့၊ ထုတ်လွှင့်သူက beauty filter ကို မဖွင့်ထားဘူး၊ ငါတို့ အဖြစ်အပျက် တစ်ခုလုံးကို ကြည့်နေခဲ့တာလေ၊ သူ beauty filter ကို ဖွင့်ထားရင် ငါတို့ ပြောနိုင်တာပဲလေ]

[ငါ့အမေက ငါ့ကို ကွန်ပျူတာရှေ့ ဒူးထောက်နေတာလဲလို့ မေးနေတာ၊ ငါ နတ်သမီးလေးတစ်ပါးကို ကြည့်နေတာလို့ ပြန်ဖြေလိုက်တယ် …]

…

ချက်ချင်းဆိုသလိုပင် မှတ်ချက်များ ပလူပျံလာပြီး လူတိုင်း ထိတ်လန့်နေရာမှ မယုံနိုင် ဖြစ်သွားကြသည်။

[ကိုယ့်လူတို့၊ ငါ အလှကုန်ပစ္စည်းဆိုင်ရဲ့ အချက်အလက် အားလုံးကို သုံးမိနစ်အတွင်း လိုချင်လို့၊ ကျေးဇူးပြုပြီး မြန်မြန် ဖြေပေးကြပါဦး]

[လိပ်စာလေး ပြောဖို့ တောင်းပန်ပါတယ်၊ ငါ သွားချင်နေပြီ]

[အား … ဒီလို နတ်ဘုရားလို လူတွေ ဒီလောကမှာ တကယ် ရှိတာပဲ၊ ငါ ပြန်နုပျိုနိုင်မယ့် မျှော်လင့်ချက်ကို မြင်နေရပြီ]

[အဟင့် … ဟင့် … ဟင့် … ငါ ငိုနေမိပြီ၊ သိရဲ့လား၊ ငါ တကယ် ငိုနေတာ၊ မင်းတို့ အသက်မကြီးဖူးသေးရင် နုပျိုမှုက ဘယ်လောက် အရေးပါလဲ သိကြမှာ မဟုတ်ဘူး]

အမျိုးသမီးတစ်ယောက်အတွက် အသွင်အပြင်က အသက်ထက် ပိုအရေးကြီးသည်။ အထူးသဖြင့် အန်တီကျောက်လို အမျိုးသမီးပင်။ သူတို့သည် တစ်ချိန်က ငယ်ရွယ်ခဲ့ဖူးသော်လည်း ယခု အသက်ရလာပြီ ဖြစ်သည်။ သူတို့၏ ငယ်ရွယ်သော အသွင်အပြင်ကို လိုလားမှုက အသက်နှင့် မလိုက်ဖက်တော့ချေ။

“သူ…သူ…သူဌေး၊ မင်း ငါ့ကို မိတ်ကပ် လိမ်းပေးနိုင်မလား၊ ဈေးသာ ပြောပါ”

ထိုစဉ် လူအုပ်ထဲမှ အမျိုးသမီးတစ်ယောက်က ရဲ့လင်းချန်ကို မေးလာသည်။

“သူဌေး နင် ငါ့ကို မိတ်ကပ် လိမ်းပေးမလား၊ တစ်သိန်း မဟုတ်ဘူး နှစ်သိန်းလား၊ ငါ တောင်းဆိုပါတယ်နော်”

မကြာခင်မှာပင် လူအုပ်ထဲမှ နောက်အမျိုးသမီး တစ်ယောက်ကလည်း ပြောလာသည်။

“ငါ့ယောက်ျားက ပိုက်ဆံလေး နည်းနည်း ရလာတာနဲ့ အမြဲ အသက်ငယ်ငယ် ကောင်မလေးတွေနဲ့ သွားအီနေတာ၊ သူက ငါ့ကို မျက်လုံးချင်း ဆုံအောင်တောင် မကြည့်တော့ဘူး၊ ကျေးဇူးပြုပြီး ငါ့ကို လှသွားအောင် မိတ်ကပ် ပြင်ပေးပါနော်၊ တောင်းဆိုပါတယ်”

“သူဌေး ငါ မှားသွားပါတယ်၊ နင်က ပညာရှင် တစ်ယောက်ပါ၊ နင်သာ ငါ့ကို မိတ်ကပ် လိမ်းပေးမယ်လို့ ကတိပေးရင် ငါ ဘာမဆို သဘောတူတယ်”

တစ်ခဏအတွင်းမှပင် မရေတွက်နိုင်သော လူများက ရဲ့လင်းချန်အား အသနားခံသော အကြည့်များဖြင့် တောင်းဆို လာကြသည်။

ရဲ့လင်းချန် အဘယ်ကြောင့် အလွန် ယုံကြည်မှု ရှိနေသလဲ ဆိုသည်ကို သူတို့ နားလည်သွားကြသည်။ ဤသို့သော မိတ်ကပ် ပညာနှင့်ဆိုလျင် သူ ဘယ်နေရာသွားသွား လူပေါင်းများစွာ၏ အားကျခြင်း ခံရမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရဲ့လင်းချန် ပြောခဲ့သော စကားက အမှန်ဖြစ်ကြောင်း သူတို့ နားလည်သွားကြသည်။

ဤကမ္ဘာ၌ သူကိုယ်တိုင် မိတ်ကပ်လိမ်းပေးသည်နှင့် ထိုက်တန်သူ မည်သူ ရှိသနည်း။

နာမည်ကြီး အနုပညာရှင်များ၊ လူချမ်းသာများနှင့် အရေးပါသော ပုဂ္ဂိုလ်များတောင်မှ ရဲ့လင်းချန်နှင့်တွေ့လျင် သူ့အား အလေးပေး၍ ဖိတ်ကြားရပေမည်။ တန်ကြေးက ဘယ်လောက် ဖြစ်နေပါစေ များလွန်းသည်ဟု ခံစားရမည် မဟုတ်ပါ။

ဝိုင်အလှကုန် ပစ္စည်းဆိုင်တစ်ခုလုံး ချက်ချင်း သက်ဝင်လှုပ်ရှားကာ ဆူညံလာ၏။ သို့သော် ယခင်နှင့် မတူတော့ဘဲ ယခုတစ်ခေါက် လူအုပ်ထံမှ ဆူညံသများက မိတ်ကပ်လိမ်းပေးရန် တောင်းဆိုသည့် အသံများ ဖြစ်လေသည်။

“လတိုင်း ဒီဆိုင်က ကံစမ်းမဲဖောက်ပြီး ဖောက်သည်တစ်ယောက် ရွေးမယ်လို့ ကျုပ် ပြောပြီးပြီ။ အဲ့အခါကျမှ ကျုပ် အဲ့လူတစ်ယောက်တည်းကို အခမဲ့ မိတ်ကပ် လိမ်းပေးမှာပါ”

ရဲ့လင်းချန် တည်ငြိမ်စွာ ကြေညာလိုက်သည်။

“ဒါ ကျုပ်ဆီကနေ မိတ်ကပ်ပြင်ပေးထားကို ခံရနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ”

ထိုစဉ် ဆံပင်ဖြူနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရောက်လာသည်။ သူက လူအုပ်ထဲ၌ ဝေ့ကြည့်ပြီး အလှကုန် ပစ္စည်းဆိုင်ထဲ ဝင်လာ၏။ ကျန်းယွင်ရှီကို မြင်သောအခါ သူက ချက်ချင်း မေးလေသည်။

“မိန်းကလေး ယွင်ရှီ၊ မင်း အန်တီကျောက်ကို မြင်မိလား၊ သူ ခုနက ဟင်းရွက်သွားမယ်ဆိုပြီး ထွက်သွားတာ၊ အခု နေ့လယ်စာ စားချိန် ရောက်နေပြီကို အိမ်ပြန်မရောက်သေးဘူး၊ ငါ ဈေးထဲ လိုက်သွားကြည့်ပြီးပြီ၊ အဲ့ကလူတွေက သူ ပြန်သွားတာ ကြာနေပြီလို့ ပြောတယ်၊ သူက မင်းနဲ့ စကားဝင်ပြောရတာကို သဘောကျတယ်လေ၊ အဲ့ဒါကြောင့် မင်း သူ့ကို မြင်မိသေးလား”

ကျန်းယွင်ရှီက ပါးစပ်အဟောင်းသား ဖြစ်နေပြီး သူမဘေးမှ အန်တီကျောက်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက သူမ ကြည့်သည့်ဘက်သို့ လိုက်ကြည့်လေသည်။ ထို့နောက် ဓာတ်လိုက် သွားသကဲ့သို့ တောင့်ခနဲ ဖြစ်သွားသည်။

သူ ပါးစပ် အဟောင်းသား ဖြစ်သွားသော်လည်း ဘာစကားမှ ထွက်မလာနိုင်ချေ။ သူ အန်တီကျောက်ကို ငေးငိုင်၍သာ ကြည့်နေသည်။

“မင်းကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ၊ ငါ မင်းကို တစ်နေရာရာမှာ မြင်ဖူးတယ်”

“အဘိုးကြီးဖန့်၊ ရှင် ကျွန်မကို မမှတ်မိတော့ဘူးလား၊ ကျွန်မက ကျောက်ဟွေဖန့်လေ”

အန်တီကျောက်က ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကို ပြုံး၍ ကြည့်နေပြီး မျက်ရည်ကျလာသည်။

“မင်း … မင်းက ဟွေဖန့်လား”

လူလတ်ပိုင်းအရွယ် အမျိုးသားက မယုံနိုင်ဟန်ဖြင့် ဗလုံးဗထွေး ပြောလေသည်။

“မင်းက တကယ် ဟွေဖန့်ပဲ၊ မင်း … မင်း ဘယ်လိုလုပ် ဒီလောက် နုပျိုပြီး လှနေရတာလဲ”

“ကျွန်မပါ၊ ကျွန်မ အစစ်ပါ”

ကျောက်ဟွေဖန့်က လူလတ်ပိုင်းအရွယ် အမျိုးသားကို ဖက်လိုက်သည်။

“ရှင် ဘယ်လို ထင်လဲ၊ ဒီလောက် လှတဲ့ မိန်းမပျိုလေးဆီကနေ ဖက်တာ ခံရတော့ ဘယ်လို ခံစားရလဲ”

“ဟွေဖန့်၊ မင်း…မင်း…မင်း ငယ်သွားတာလား”

လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း မျက်ရည်ကျနေသည်။

“မင်းကို ဒီလောက် ရင်းနှီးနေတာက အံ့ဩစရာ မဟုတ်တော့ဘူး၊ ဒီပုံလေးကို ကြည့်ကြည့်ဦး”

ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ပိုက်ဆံအိတ်ကို ထုတ်၍ ဓာတ်ပုံဟောင်းလေး တစ်ပုံကို တုန်ယင်နေသော လက်ဖြင့် ထုတ်လိုက်သည်။ ယင်းမှာ ကျောက်ဟွေဖန့် နုပျိုစဉ်အခါတုန်းက ရိုက်ထားသည့် ပုံလေးပင်။

ဓာတ်ပုံက အလွန် ပြတ်သားခြင်း မရှိသော်လည်း ကျောက်ဟွေဖန့်က သူမငယ်ငယ်တုန်းကနှင့် တစ်ပုံတည်း တူကြောင်းတော့ ပြောနိုင်ပါသေးသည်။

“ဟွေဖန့်၊ မင်းက အသက်နှစ်ဆယ်အရွယ်ကို ပြန်ရောက်သွားပြီ၊ အခု မင်း ငါ့ကို ရွံတော့မှာလား”

လူလတ်ပိုင်းအရွယ် အမျိုးသားက ကျောက်ဟွေဖန့်နှင့်အတူ လိုက်ရယ်လိုက်၊ ငိုလိုက်လုပ်ကာ အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလေသည်။

ကျောက်ဟွေဖန့်က ထရယ်၍ မျက်ရည်များကို သုတ်လိုက်သည်။

“အရူးကြီး”

All Chapters