အမွှာပဲ့တင်ထပ်သံ ထုတ်ဖော်ပြသခြင်း.......
Vol. 10 Ch. 128
ပြင်းထန်သော တိုက်ပွဲအရှိန်ကြောင့် အေးချမ်းတိတ်ဆိတ်နေသော ချောင်းစွယ်တစ်ခုလုံး ကပ်ဘေးဆိုက်သကဲ့သို့ဖြစ်နေလေသည်။
လီလော့သည် ချောင်းစွယ်ရေပြင်ထဲတွင် နောက်ပြန် ပြေးလျှက် ပိုင်ရွှမ်းဆီသို့ နှင်းစက်အလင်းမျှားချက်များ အဆက်မပြတ်ပစ်လွှတ်နေသည်။
သို့သော်လည်း ပိုင်ရွှမ်း၏ တက်ကြွမှုကြောင့် လီလော့ အတော်လေး စိတ်ပျက်နေလေပြီ။
ထိတ်လန့်စရာကောင်းသော တိုက်ကွက်သာ မထုတ်ဖော်နိုင်ပါက ဤအခြေနေမှ လွတ်လမ်း မမြင်နိုင်ပေ။
ထိုအချိန်တွင် ပိုင်ရွှမ်း အော်ဟစ် မာန်သွင်းလိုက်သည့်အခါ ခွန်အားများ ထပ်မံတိုးပွားလာခဲ့ပြန်သည်။
" ခွန်ပန် နိုးထခြင်း....."
ဝှစ်.....
လီလော့ ပစ်လွှတ်လိုက်သော မျှားချက်နှင့် အတူ ပိုင်ရွှမ်းသည်လည်း မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။
ဘန်းးးးး
နားကွဲလုမတတ်ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ လေးလံလှသော စစ်ပုဆိန်ကြီးသည် လီလော့ ထံသို့ ဉီးတည်ကျဆင်းလာနေသောကြောင့် လျင်မြန်စွာ လေးညှို့တင်လိုက်ရပြန်သည်။
ထန်.....
ဤတစ်ကြိမ်တွင် လီလော့ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့လေပြီ။လက်မောင်းတစ်ခုလုံး ထုံကျင်ကိုက်ခဲနေပြီး နောက်ဘက်သို့ ပေပေါင်းများစွာ လွှင့်စင်သွားခဲ့သည်။
" သူ့ရဲ့ ခွန်အား၊တိုက်ခိုက်နိုင်စွမ်း၊ ခုခံနိုင်မှုအကုန်လုံး ထပ်တိုးလာပြန်ပြီ....."
ပိုင်ရွှမ်းကို ကြည့်ပြီး လီလော့ တကိုယ်တည်း ငြီးတွားနေခဲ့မိသည်။
ပိုင်ရွှမ်းကလည်း ချောင်းစွယ်ထဲမှ ရေများ တဗွမ်းဗွမ်း မြည်သံထွက်နေသည်အထိ လီလော့ထံ တလှမ်းချင်း လျှောက်လှမ်းလာနေသည်။
အေးစက်သော ပုဆိန်ခုတ်ချက် ထပ်မံကျဆင်းလာခဲ့ပြန်သည်။
လီလော့ကလည်း ကမန်းကတမ်း ရှောင်တိမ်းလိုက်ပြီး ဤတစ်ကြိမ်တွင် ကုန်းမြေပေါ်ပြေးတက်သွားခဲ့သည်။
ပိုင်ရွှမ်းသည် လေးလံလှသော ပုဆိန်ကြီးကို တရွတ်ဆွဲ၍ လီလော့နောက်သို့ လိုက်လာနေသည်။
" လီလော့...မင်းမှာ လှည့်ကွက်တွေ ကုန်နေပြီမဟုတ်လား....မင်းနဲ့ ကစားနေရတာ အချိန်ကုန်တယ်...မြန်မြန်အဆုံးသတ်လိုက်ကြရအောင်....မင်းလို မျိုးစေ့ချခြင်း အဆင့်လောက်က ငါ့လိုပွင့်လန်းခြင်းအဆင့်ကို လိုက်မှီနိုင်မယ် ထင်နေတာလား.....ငါက မင်းထက် ကျင့်ကြံမှုအဆင့်ရော ပဲ့တင်ထပ်အဆင့်ပါ ပိုသာတယ်....."
ပိုင်ရွှမ်းက လီလော့ဆီ တလှမ်းချင်း လှမ်းလျှောက်လာနေပြီး သစ်ပင်အောက်တွင် ရပ်တန့်နေသော လီလော့ကို အဆိပ်ပြင်းသော မြွေတစ်ကောင်၏ အကြည့်မျိုးဖြင့် ကြည့်နေလေ၏။
" ပြေးလို့ဝပြီလား ကြွက်လေး....."
ပိုင်ရွှမ်းက စစ်ပုဆိန်ကြီးကို လီလော့ထံဉီးတည်လိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်ကာ.......
" အဆုံးသတ်လိုက်ကြရအောင်....."
လီလော့က နာကျင်နေသော ပုခုံးကို ဆုပ်ကိုင်ထားပြီး......
" တလှမ်းချင်း လျှောက်ပြီး စကားကြီးစကားကျယ်တွေပြောနေရုံနဲ့ မင်းကိုယ်မင်း အတော်မိမိုက်နေပြီထင်နေတာလား...ငါကတော့ မင်းကို ရူးနေတယ်ပဲထင်မိတယ်...."
" အခုထိ သန်မာချင်ယောင်ဆောင်နေတုန်းပဲလား လီလော့......"
ပိုင်ရွှမ်းက အန္တာရာယ်များလှသော ပုဆိန်ခုတ်ချက် တစ်ချက် ထပ်မံထုတ်ဖော်လိုက်သော်လည်း လီလော့သည် တစ်လက်မမျှ မလှုပ်ရှားဘဲ ဒီအတိုင်းသာ ရပ်နေလေ၏။
ပိုင်ရွှမ်း၏ ပုဆိန်ကြီး လီလော့နှင့် လက်မအနည်းငယ်ခန့်အကွာသို့ ကျရောက်လာချိန်တွင် လီလော့၏ နောက်ဘက်တွင်ရှိနေသော သစ်ပင်ကြီးမှာ သစ်ကိုင်းများ လှုပ်ခတ်လာပြီး ပုဆိန်ကြီးကို မြွေကြီးတစ်ကောင်သဖွယ် ရစ်ပတ်လိုက်လေသည်။
" သစ်သားပဲ့တင်ထပ်သံလား"
"....ငါ့ကို ဘယ်သူဝင်နှောက်ယှက်နေတာလဲ !!!!!"
" ဘယ်သူရှိရမှာလဲ ဒီနေရာမှာ မင်းနဲ့ငါ အပြင် ဘယ်သူရှိသေးလို့လဲ...."
" မင်း ဘာတွေလျှောက်ပြောနေတာလဲ သစ်သားပဲ့တင်ထပ်သံက မင်းဉစ္စာလို့ပြောချင်နေတာလား...မင်းမှာ ရေပဲ့တင်ထပ်သံရှိနေတာလေ....ရူးနေတာလား ဘယ်လိုလုပ် သစ်သားပဲ့တင်ထပ်သံရှိနေမှာလဲ....."
" တကယ်ဆို ဘယ်လို မိမိုက်အောင်နေရမလဲ မင်း ငါ့ကိုမေးခဲ့သင့်တယ်....ငါ အခု မင်းကိုအဲ့လိုနေတဲ့နည်း ပြပေးမယ်......"
လီလော့ ခပ်ပြင်းပြင်း လက်ခုပ်တီးလိုက်သည့်အခါ ခန္ဓာကိုယ်ထဲကနေ မတူညီသော ပဲ့တင်ထပ်သံစွမ်းအားနှစ်ခု ပေါ်ထွက်လာလေ၏။
အပြာရောင်ပဲ့တင်ထပ်သံစွမ်းအားများသည် ရေလှိုင်းများသဖွယ် လူးလွန့်နေပြီး အစိမ်းရောင်ပဲ့တင်ထပ်သံစွမ်းအားများသည် စိမ်းစိုနေသော အသက်ဓာတ်ကို ပေးစွမ်းနေကြသည်။
ထိုစွမ်းအားနှစ်ခုသည် လီလော့၏ ခန္ဓာကိုယ်ပေါ်တွင် လိုက်လျောညီထွေ လှည့်ပတ်နေကြသည်။
ပိုင်ရွှမ်းတစ်ယောက် ထိုမြင်ကွင်းကြောင့် မျက်လုံး ပြူးနေလေပြီ။
ထိုအချိန်တွင် လီလော့၏ ခပ်ထေ့ထေ့လှောင်ပြောင်သံကို ကြားလိုက်ရသည်။
" ရေပဲ့တင်ထပ်သံကလဲ ငါ့ဟာ...."
" သစ်သားပဲ့တင်ထပ်သံကလဲ ငါ့ဟာပဲ....."
" စိတ်တော့မကောင်းပေမယ့် မင်းမြင်နေရတာတွေက အစစ်အမှန်တွေပဲ...ငါက ဒဏ္ဍာရီလာ အမွှာပဲ့တင်ထပ်သံပိုင်ဆိုင်ထားတဲ့သူ...."
..........................................
ပိုင်ရွှမ်းသာမက ခန်းမထဲတွင် ရှိနေသူများလည်း ထိုမြင်ကွင်းကြောင့် အံ့သြမှင်သက်နေကြလေသည်။
အမွှာပဲ့တင်ထပ်သံတဲ့......
လီလော့က ဆရာသခင်အဆင့်နဲ့ ဒုတိယမြောက်ပဲ့တင်သံနန်းတော်ကို ဖွင့်နိုင်ခဲ့တာလား....ဒါမျိုးက လူတစ်သန်းမှာ တစ်ယောက်မရှိနိုင်တဲ့ ဖြစ်ရပ်မျိုးနော်......
ထိုသို့ဖြစ်နိူင်ချေသည် ကျန်းချင်းအာ၏ အဆင့်ကိုး ပဲ့တင်ထပ်သံထက်ပင် ရှားပါးလွန်းလှသည်။
လီလော့၏ ဒုတိယမြောက်ပဲ့တင်ထပ်သံ၏ အဆင့်ကို တည့်မတွင်လျှင်ပင် ပဲ့တင်ထပ်သံနှစ်ခု ရှိနေခြင်းကပင် အတော်ထူးဆန်းနေပြီဖြစ်သည်။
ပဲ့တင်ထပ်သံနှစ်ခုရှိပါက မြို့စားအဆင့်လောက်နီးနီးအစွမ်းထက်သည်ဟူသော အဓိပ္ပါယ်ပင်......
လူအုပ်ကြီးသည် လီလော့၏ အခြေနေကို အကဲဖြတ်သုံးသပ်နေကြသည်။လီတိုင်ရွှမ်နှင့်တိုင်တန်လန်တို့၏ သားတွင် ဗလာနန်းတော်ရှိနေသသည်ဟု ကြားလိုက်စဉ်က အကုန်လုံး တိတ်တဆိတ် ဝမ်းသာနေ
ခဲ့ကြသည်။လော့လန်အိမ်တော်တွင် မွန်းစတားဆန်လှသော မြို့စားအဆင့် နှစ်ဉီးအပြင် အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ရှင် ကျန်းချင်းအာပါရှိနေသည့်အတွက် လီလော့ မကျင့်ကြံနိုင်ခြင်းကို ဝမ်းသာနေခဲ့ကြခြင်းဖြစ်သည်။
အခုချိန်တွင် ဝမ်းသာစောနေခဲ့ကြမှန်း သဘောပေါက်ခဲ့ကြရပြီ။
လီလော့၏ ပဲ့တင်ထပ်သံသည် အဆင့်သိပ်မမြင့်သော်လည်း အမွှာပဲ့တင်ထပ်သံဖြစ်သည့်အတွက် အခြားသူများထက် ပိုထူးခြားနေပြီဖြစ်သည်။
"ရေပဲ့တင်ထပ်သံ...သစ်သားပဲ့တင်ထပ်သံ...သူ့မှာ ပဲ့တင်ထပ်သံနှစ်ခုတောင်ရှိနေတာလား....."
ဒူဇီဟုန်လျန် ထိတ်လန့်အံ့သြနေသည်။
" မယုံနိုင်ဘူး! !!"
သူမ ဒေါသတကြီး အော်ဟစ်နေလေ၏။
ဘယ်လိုဖြစ်လို့ လော့လန်အိမ်တော်က အခုလောက်ထိ ကောင်းချီးပေးခံနေရတာလဲ....အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ရှင် ကျန်းချင်းအာကိုတောင် မတားနိူင်သေးပါဘူးဆို အမွှာပဲ့တင်ထပ်သံရှိတဲ့သူ ပေါ်လာပြန်ပြီ.....
" ဝိုးးးးး ပဲ့တင်ထပ်သံနှစ်ခုတဲ့.....အံ့သြစရာကောင်းလိုက်တာ....."
ယန်လင်းချီတစ်ယောက် ဘေးနားက ကျန်းချင်းအာကို လှမ်းဖက်လိုက်ပြီး အောင်ပွဲခံနေလေသည်။
" နင် ကြိုသိနေလို့ ဒီလောက်ထိ တည်ငြိမ်နေတာမဟုတ်လား......"
ကျန်းချင်းအာက ယန်လင်းချီကို ပြုံးပြလိုက်ပြီး.......
" သူ့လို လော့လန်အိမ်တော် သွေးမျိုးဆက်က မကျင့်ကြံနိုင်တဲ့သူဖြစ်နိုင်ပါ့မလား.... "
................................................................
ထိပ်တန်း ပွဲကြည့်စင်ပေါ်တွင်......
ဒုကျောင်းအုပ်စုရှင်းသည် ထိုမြင်ကွင်းကို တည်ငြိမ်စွာကြည့်နေသော်လည်း သူမ အံ့သြနေမှန်း သိသာလှသည်။
" ပဲ့တင်ထပ်သံနှစ်ခု.....တကယ့်ကို ရှားပါးလွန်းတယ်....."
မင်းသမီးကြီးကလည်း ဒုကျောင်းအုပ်စုရှင်းဘက်လှည့်ကာ.....
" ဂုဏ်ယူပါတယ်.....ကောလိပ်ကနေ နောက်ထပ် ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်မွေးထုတ်ပေးနိုင်တော့မယ်....."
" အမွှာပဲ့တင်ထပ်သံတွေက ရှားပါးတယ်ဆိုပေမယ့် လူတစ်ယောက်ရဲ့ အနာဂတ်မှာ ဘယ်လောက်ထိ စွမ်းဆောင်နိုင်မယ်ဆိုတာ မသတ်မှတ်ပေးနိူင်ဘူး....သူ့ရဲ့ ပင်ကိုယ်စရိုက်နဲ့ ဘယ်လိုအသွင်ပြောင်းမလဲဆိုတာ ပေါ်မှာပဲ မူတည်နေတယ်...."
"တကယ်ဆို ဖြစ်နိူင်ချေ တချို့တော့ရှိနေသေးတယ်....ကောလိပ်က သူ့ကို သေချာပေါက်မျက်နှာသာပေးမှာပါ....."
ကြယ်တာယာခရီးရှည်ကောလိပ်သည် ပါရမီရှိသူများကို အလေးထားတတ်မှန်း မင်းသမီးကြီး နားလည်ထားသည်။စုရှင်း၏ စကားအသွားအလာအရဆို ကောလိပ်ဘက်က လီလော့အတွက် တရားမျှတစွာ ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်သည်။
မင်းသမီးကြီး၏ လှပသော ဖီးနစ်မျက်ဝန်းများသည် လီလော့ထံတွင်သာ ကပ်ငြိနေသည်။
လော့လန်အိမ်တော်သည် မြို့စားအဆင့်နှစ်ဉီး ဆုံးရှုံးလိုက်ရသော်လည်း ထူးချွန်လှသော တပည့်တစ်ယောက်နှင့်သားတစ်ယောက်ပိုင်ဆိုင်ထားနိုင်သေးသည်။
အချိန်တန်လျှင် လော့လန်အိမ်တော်သည် ပြာပုံထဲမှ ရုန်းထက အားမာန်အသစ်ဖြင့် ထွန်းတောက်လာပေတော့မည်။