ကိုယ်စီ ကိုယ်စီ........
Vol. 10 Ch. 131
လုချင်းအာ၏ ဖြူလွှသော အရေပြားပေါ်တွင် အဆိပ်ကွက်များ ပြန့်နှံ့နေပြီး ခန္ဓာကိုယ်ထဲသို့လည်း ပျံ့နှံ့နေပြီဖြစ်သောကြောင့် ပိုးမွှားများကိုက်ခံနေသလို နာကျင်နေသော်လည်း သူမတိတ်ဆိတ်နေဆဲပင်.....
ဝမ်ဟေးကျူသည် ကိုယ်ပိုင်စွမ်းအားများဖြင့် လုချင်းအာ၏ ရေခဲအကျဉ်းထောင်ကို ဖျက်ဆီးလိုက်ပြီဖြစ်သောကြောင့် လွတ်လပ်နေပြီဖြစ်သည်။
" သူငယ်ချင်းလေးချင်းအာရဲ့ ရေခဲအကျဉ်းထောင်မှာ အကန့်သတ်ရှိတယ်နဲ့တူတယ်....ဒါပေမယ့်လည်း အံ့သြစရာတော့ကောင်းသားပဲ....မင်းသာ ဒီ့ထက်ပိုသန်မာမယ်ဆို ငါ့ကို တနေကုန်ချုပ်နှောင်ထားနိုင်လောက်မယ်ထင်တယ်....."
" မင်း ငါ့ကို တကယ်တားနိူင်ခဲ့တာပဲ.....ဒါပေမယ့် တခြားသူတွေ သူ့ကို အနိူင်ယူနိူင်တာကို ထည့်မစဉ်းစားမိဘူးလား....."
လုချင်းအာ သတိလစ်တော့မတတ် မူးဝေ
နေသောကြောင့် ဝမ်ဟေးကျူကို ဘာမှ ပြန်မဖြေနိုင်ရှာပေ။
သူမ လုံးလုံးလျားလျား သတိလစ်တော့မည့်အချိန်တွင် ကောင်းကင်ယံကနေ ခရမ်းတံဆိပ်ပြားနှစ်ခု ကျဆင်းလာခဲ့လေသည်။
၎င်းတို့ထဲမှ တစ်ခုသည် လုချင်းအာ၏ ဉီးခေါင်းထက်တွင် ပျံဝဲနေပြီး အလင်းတန်းများထုတ်လွှတ်ကာ အဆိပ်များကို ဖြေပေးနေသည်။
ဝမ်ဟေးကျူကလည်း သူ့ရှေ့တွင် ရှိနေသော တံဆိပ်ပြားကို တချက်ဉီးညွှတ်လိုက်ပြီး လှမ်းယူလိုက်သည်။
သူ့အဆင့် သူ့အနေထားနှင့်ဆို မည်သို့ပင်ဖြစ်စေ ခရမ်းအဆင့်နည်းပြထံမှ ကမ်းလှမ်းမှုရမည်ကို ကြိုသိနေသောကြောင့် ဝမ်ဟေးကျူ အံ့သြမနေခဲ့ပေ။
တကယ်အံ့သြနေရသူမှာ လုချင်းအာပင်ဖြစ်သည်။ တိုက်ပွဲတစ်လျှောက်လုံးတွင် သူမသည် ဝမ်ဟေးကျူကို တခဏသာချုပ်နှောင်နိုင်ခဲ့သော်လည်း သူမကတော့ ရုပ်ပျက်လောက်သည်အထိ အဆိပ်မိခဲ့သည် မဟုတ်လော။
အံ့သြနေသလို ဝမ်းလည်း ဝမ်းသာနေခဲ့ပါသည်။
"နည်းပြကို ကျေးဇူးတင်ပါတယ်....... "
........................................................................
တောအုပ်လေးထဲတွင်......
ပိုင်တုတု လက်စာမိထားကြသော ကျောက်ခွော်တို့တစ်အုပ်စုလုံး မြေပြင်ပေါ်တွင် ပင်ပန်းကြီးစွာလှဲလျောင်းနေကြသည်။
" ယုလန် အရိုက်ခံရလို့ သေပြီလားမသိဘူး....."
ကျောက်ခွော်သည် သနားစာနာစိတ်ကြီးစွာဖြင့် ပြောလိုက်သည်။
ထိုသို့ငြီးတွားနေသော်လည်း စောင့်ကြည့်နေကြသောနည်းပြများသည် ကျောင်းသားအချင်းချင်း သတ်ဖြတ်နေသည်ကို ထိုင်ကြည့်နေကြမည်မဟုတ်မှန်း နားလည်ထားကြပါသည်။
ပိုင်တုတုသည် နူးညံသိမ်မွေ့သောမိန်းကလေးတစ်ယောက်မဟုတ်မှန်း တစ်ချက်ကြည့်လိုက်ရုံနှင့်ပင်သိနိုင်သည်။ ယုလန်ကလည်း ရိုက်ပေါက်ချည်းပဲလုပ်တတ်သူဖြစ်နေသောကြောင့် ထိုနှစ်ယောက်၏လက်ရှိအခြေနေကို ပြေးကြည့်ရန်ပင်မလိုတော့ပေ။
ရုတ်တရက်.....ကောင်းကင်ပေါ်မှ ရွှေရောင်အလင်းတန်းတစ်ခုကျဆင်းလာခဲ့သည်။
ထိုအလင်းတန်းကို ကြည့်ပြီး ကျောက်ခွော်က......
" ငါပဲထင်ယောင်ထင်မှားဖြစ်နေတာလား....ရွှေအဆင့်တံဆိပ်ပြားကို မြင်နေရသလိုပဲ......"
ကျန်သုံးယောက်စလုံးကလည်း ထိုအလင်းတန်းကို တခဏကြာသည်အထိမှင်သက်စွာငေးကြည့်နေကြသည်။
သတိပြန်ဝင်လာတော့မှသာ နာကျင်နေမှုများကို မေ့ပျောက်သွားပြီး ထိုအလင်းတန်းဆီ အရူးများသဖွယ်ပြေးသွားခဲ့ကြသည်။
လေးယောက်စလုံး ရွှေအဆင့်တံဆိပ်ပြားတစ်ခုဆီရလိုက်သည့်အတွက် အတော်လေး
ကျေနပ်ဝမ်းသာနေကြပါသည်။
ကျောက်ခွော်....." ငါတို့တွေ ရွှေအဆင့်နည်းပြရဲ့တပည့်ဖြစ်ပြီကွ....."
ကျုံးဖူ......" တကယ် ရွှေအစစ်ပဲ...ငါတို့တွေ ရွှေအဆင့်နည်းပြမျက်စိကျလောက်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပြီ......"
သူတို့လေးဉီးစလုံးသည် ကိုယ်ပိုင်အင်အားဖြင့် ရွှေအဆင့်တံဆိပ်ပြားရအောင် သားရဲများကို တိုက်ခိုက်နိုင်ကြသူများမဟုတ်ပေ။
အထူးသဖြင့် ကျောက်ခွော်သည် ကျင့်ကြံမှုအဆင့်ရော ပဲ့တင်ထပ်သံအဆင့်ပါ နိမ့်ပါးသူဖြစ်သောကြောင့် ငွေအဆင့်နည်းပြလောက်နှင့်သာကျေနပ်ရမည့်သူဖြစ်သည်။
ရွှေအဆင့်တံဆိပ်ပြားများရရှိခြင်းသည် အိမ်မက်မက်နေသကဲ့သို့ပင်ဖြစ်နေလေသည်။
အကြီးအကျယ်အရိုက်ခံထားရသည်နှင့်ထိုက်တန်သောရလဒ်များ ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သည်။
........................................................................
တောအုပ်၏ အဝေးတစ်နေရာတွင်......
ပိုင်တုတုသည် အလိုလိုသိစိတ်ကြောင့် ရုတ်တရက်မော့ကြည့်လိုက်သည့်အခါ သူမ၏ ဉီးခေါင်းထက်တွင်ခရမ်းတံဆိပ်ပြားတစ်ခု ဝဲပျံနေသည်ကို မြင်လိုက်ရသည်။
" နည်းပြကို ကျေးဇူးတင်ပါတယ်..... "
သူမသည်လည်း အခြားသူများနည်းတူ တံဆိပ်ပြားကို တစ်ချက်ဉီးညွှတ်လိုက်ပြီး လှမ်းယူလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းဖြစ်လာသည့်အတွက် စိတ်အေးသွားရလေပြီ။
တံဆိပ်ပြား၏အလယ်တွင် " မီ " ဟူသောစကားလုံးကိုလှပသပ်ရပ်စွာရေးထွင်းထားသည်။
" နည်းပြမီအာ....."
ထိုနည်းပြသည် လေပဲ့တင်ထပ်သံပိုင်ဆိုင်ထားသူဖြစ်သည့်အတွက် ပိုင်တုတု လိုချင်နေခဲ့သောနည်းပြဖြစ်သည်။
ထိုနည်းပြ၏လက်အောက်တွင် လေ့ကျင့်သင်ကြားရမည်ဆိုပါက လျင်မြန်စွာတိုးတက်လာမည်မှာ အသေအချာပင်။
ကျေနပ်ပီတိဖြစ်နေသော ပိုင်တုတုသည် ဒုတိယမြောက် ခရမ်းတံဆိပ်ပြားကြောင့် အံ့သြသွားခဲ့ပြန်သည်။
" ဒီနေရာမှာ ဘယ်သူရှိသေးလို့လဲ...."
သို့သော်လည်း သူမ၏ အကြည့်များသည် သတိလစ်နေသော ယုလန်ဆီသို့ ကျရောက်သွားခဲ့သည်။
" ဒီကောင်လား....."
ပိုင်တုတု လုံးဝကို ရှော့ရသွားခဲ့လေပြီ။
အရှက်မဲ့တဲ့အပြင် အားလည်းနည်းသေးတဲ့ကောင်က ခရမ်းအဆင့်တံဆိပ်ပြားက
ရတယ်တဲ့.....နည်းပြကလည်း ဘယ်အချက်ကိုကြည့်ပြီး သဘောကျသွားတာလဲ....တကယ့်ကို ဟာသအကြီးစားပဲ......
ဖြာကျလာသော ခရမ်းရောင်အလင်းတန်းများကြောင့် ယုလန်၏ဒဏ်ရာများ လျင်မြန်စွာသက်သာလာပြီး မျက်နှာကလည်း သွေးရောင်ပြန်လွှမ်းလာခဲ့သည်။
ယုလန် မျက်လုံး ဖွင့် ဖွင့်ချင်းမြင်လိုက်ရသည်က ခရမ်းတံဆိပ်ပြားဖြစ်နေသည်။
ယုလန် တခဏလောက် ကြောင်အနေသေးသည်။ ထို့နောက် တံဆိပ်ပြားကို လျင်မြန်စွာခုန်အုပ််လိုက်ပြီး မြေပြင်ပေါ်တွင် ခန္ဓာကိုယ်နှင့်ပင်ဖိထားလိုက်သေးသည်။
" ဒါ ငါ့ဟာ....ဒါ ငါ့ဟာ....ငါပိုင်သွားပြီ....."
ပိုင်တုတုကို ကြည့်၍ ထိုသို့သာ ထပ်တလဲလဲ အော်ဟစ်နေသည်။
" နင်ဘာတွေ သောကများနေတာလဲ..ဒါနင့်အတွက်ရောက်လာတဲ့ဟာမို့ ဘယ်သူမှလဲယူလို့မရဘူး....."
" ငါ့အတွက်.... ဟုတ်လား...ခရမ်းအဆင့်နည်းပြက ငါ့ကိုရွေးလိုက်တယ်....."
" သူတို့အမှားလုပ်လိုက်မိတာလဲဖြစ်ချင်ဖြစ်မှာပေါ့...."
" မဖြစ်နိုင်ဘူး.....ဒီကိုရောက်နေပြီဆိုမှတော့ ငါပိုင်သွားပြီ....အမှားလုပ်မိတယ်ဆိုရင်တောင် ပြန်ပြင်ခွင့်မပေးနိုင်ဘူး...သူတို့ငါ့ကိုတာဝန်ယူကို ယူရမယ်......"
အဆုံးမရှိအရှက်မဲ့လှသော ယုလန်ကြောင့် ပိုင်တုတု ဘာပြောရမှန်းပင်မသိတော့ပေ။
ယုလန်က တံဆိပ်ပြားကို ဉီးချလိုက်ပြီး.....
" နည်းပြ...ကျွန်တော့် ဘက်က ဂါရဝပြုပြီးပြီဆိုတော့ အတည်ဖြစ်သွားပြီနော်...ပြီးတော့မှ တစ်မျိုးပြောင်းလို့မရတော့ဘူးနော်...."
ယုလန်တစ်ယောက် ကျေနပ်သွားတော့မှသာ တံဆိပ်ပြားကို သေချာကြည့်လိုက်ပြီး.....
" နေပါဉီး....နည်းပြမီက ဘယ်သူတုန်း...."
" ဘာ....နင်လည်း နည်းပြမီအာပဲလား...ပြစမ်း....."
ပိုင်တုတု အထိတ်တလန့်နှင့် ယုလန်လက်ထဲကတံဆိပ်ပြားကို ဆွဲလုကြည့်လိုက်သောအခါ သူမ၏ တံဆိပ်ပြားနှင့် တထပ်တည်းတူနေသည်ကို မြင်လိုက်ရသည်။
မဖြစ်နိုင်ဘူး...... အရှက်မဲ့တဲ့ကောင်နဲ့ နည်းပြတူနေတယ်တဲ့လား......
" ဟေးးးး နင်လည်း အတူတူပဲလား...ဒါဆိုငါတို့က နည်းပြတစ်ယောက်တည်းလက်အောက်မှာနေရမှာပေါ့....."
ပိုင်တုတု တံဆိပ်ပြားကို ယုလန်ဆီပစ်ပေးလိုက်ပြီး ကျောက်တုံးတစ်ခုပေါ် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်လေတယ်.....
ဖြစ်နိုင်ရင် နည်းပြသာပြောင်းလိုက်ချင်တော့တယ်.....
" သူငယ်ချင်းလေးပိုင်တုတု...ခရမ်းအဆင့်နည်းပြတွေက တပည့်သုံးယောက်ပဲလက်ခံတယ်လို့ကြားထားတယ်...နောက်ဆို ငါတို့က ဆရာတူတပည့်တွေ ဖြစ်လာကြတော့မှာ ကျေးဇူးပြုပြီး ကူညီစောင့်ရှောက်ပေးပါဉီး ......ငါ့ရဲ့ အကျင့်စရိုက်ကို နင်လည်း နားလည်းသင့်သလောက်နားလည်နေပြီမဟုတ်လား....ငါက မိတ်ဆွေတွေအတွက်ဆို ဓားထိုးခံရဖို့လည်း ကြောက်တဲ့ကောင်မဟုတ်ဘူး....အရင်တုန်းက နားလည်မှုလွဲ ထားတာလေးတွေရှိကောင်းရှိပါလိမ့်မယ်....ရှေ့လျှောက် အဆင်ပြေပြေနေကြတာပေါ့....."
" ........ဖြစ်နိုင်ချေ သိပ်မရှိပေမယ့်လည်း...နင် ငါ့အကြောင်း နားလည်လာတဲ့အခါကျရင် နင့်ညီမလေးနဲ့ ငါ့ကို မိတ်ဆက်ပေးပါလား......"
" နင် နောက်တစ်ခွန်းထပ်ပြောရဲပြောကြည့် ဒီနေရာမှာပင် အသေသတ်ပစ်မယ်....."
ယုလန်ကတော့ ပိုင်တုတု၏ ခြိမ်းခြောက်မှုကြောင့် ဘေးနားမှာ ကုပ်ကုပ်လေးထိုင်နေပြီး တံဆိပ်ပြားကို ကျေနပ်မှုအပြည့်နှင့် ခဏခဏ ထုတ်ကြည့်နေသည်။
ပိုင်တုတုကတော့ လက်ဝါးနှစ်ဖက်ထဲ မျက်နှာအပ်ကာ ဒေါသတကြီးအော်ဟစ်နေလေ၏။
ဒီလိုပါးစပ်ဖွာ အရှက်မဲ့တဲ့ကောင်က သူရဲ့ ဆရာတူတပည့်တဲ့လား......