နည်းပြချီချန်း.......
Vol. 10 Ch. 135
ကတိအတွက် ဒုတိယအဆင့်အကြောင်းပြောပြီးသည်နှင့် ကျန်းချင်းအာသည် ယန်လင်းချီနှင့်အတူ ထွက်သွားသောကြောင့် လီလော့တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
" တော်တော်လွန်သွားပြီ....."
လီလော့ ငြီးငြူနေမိသော်လည်း ကြယ်တာယာခရီးရှည်ကောလိပ်တွင် တက်ရောက်နိုင်ပြီဖြစ်သောကြောင့် လီလော့ စိတ်အေးလက်အေး မနေမိစေရန် ကျန်းချင်းအာဘက်မှ တွန်းအားပေးနေခြင်းဖြစ်မှန်း လီလော့ နားလည်ပါသည်။
ယခုချိန်တွင် မိဘနှစ်ပါးစလုံး ပျောက်ဆုံးနေသောကြောင့် လော့လန်အိမ်တော်သည်လည်း ဖရိုဖရဲဖြစ်နေသည်။ကြယ်တာယာခရီးရှည်ကောလိပ်သို့ရောက်ရောက်ချင်းမှာပင် မြို့စားအဆင့်ရည်းစားလုဘက် တစ်ယောက်ရှိနေသည့်အပြင် ကုန်းရှန်ကျွင်းကလည်း အကြံအစည်အပြည့်ဖြင့် စောင့်ကြည့်နေသေးသည်။
အကယ်၍ တစ်နေ့ကို တစ်ဆင့်နှုန်းဖြင့် အဆင့်တက်နိုင်မည်ဆိုပါက ငါးရက်အတွင်း မြို့စားအဆင့်၊ဆယ်ရက်အတွင်း ဘုရင်အဆင့်သို့ရောက်ရှိနိုင်မည်ဖြစ်ပြီး ရှန်ကျင်းရှောင်နှင့် ကုန်းရှန်ကျွင်းတို့ကို မျက်နှာဖြတ်ကန်နိုင်မည်ဖြစ်သည်။
သို့သော်လည်း အတွေးသည် အတွေးမျှသာပင်....
" ကဲ...ငါ့ရဲ့စောင့်ရှောက်သူအသစ်လေးကို သွားတွေ့ဖို့အချိန်တန်ပြီ....."
ရရှိထားတဲ့ သတင်းအချက်အလက်အတိုင်း ချီချန်းရှိရာဆီ ထွက်လာခဲ့လိုက်သည်။
ဖြတ်သန်းလာရာလမ်းတစ်လျှောက်တွင် ကျောင်းဝတ်စုံ ဝတ်ဆင်ထားသော ကျောင်းသားကျောင်းသူပေါင်းများစွာကို မြင်တွေ့ခဲ့ရပြီး ၎င်းတို့ ဝတ်စုံပေါ်တွင် ဘယ်အခန်းမတွင် တက်ရောက်နေကြောင်း ကိုယ်စားပြုထားသည့် ကြယ်ပွင့်ရင်ထိုးများ ချိတ်ဆွဲထားကြသည်။
စီနီယာမမများကလည်း ကျောင်းဝတ်စုံစကတ်တိုလေးများကို ဝတ်ဆင်ထားပြီး လှပကျော့ရှင်းသော ခြေတံရှည်များကို လှစ်ဟာပြသထားပြသည်။
လမ််းတစ်လျှောက်လုံး မျက်စိအစာကျွေးခဲ့ပြီးနောက် နည်းပြချီချန်း၏နေရာဌာနဆီရောက်လာခဲ့ပြီဖြစ်သည်။
နည်းပြချီချန်း၏ နေရာသည် ဉယျဉ်ငယ်လေးတစ်ခုပါရှိသော အေးချမ်းဆိတ်ငြိမ်သည့်ခြံဝန်းတစ်ခုဖြစ်သည်။
ထိုခြံဝန်းရှေ့တွင် မိန်းကလေးတစ်ဉီး ရပ်နေပြီး ထိုမိန်းကလေးသည် လှပသောဆံနွယ်များကို လိပ်ပြာပုံ ကလစ်လေးဖြင့်သပ်ရပ်စွာထုံးဖွဲ့ထားသည်။
ညှင်သာစွာတိုက်ခတ်လာသော လေပြည်ကြောင့် သူမ၏ စကပ်အနားစလေး လှုပ်ခတ်သွားပြီး လှပသောခြေတံရှည်လေးများကို လှစ်ကနဲမြင်တွေ့လိုက်ရသည်။
သူမသည် အလွန်လှပသော မိန်းကလေးတစ်ဉီးဖြစ်သည်။
လီလော့ သူမဆီလျှောက်သွားလိုက်ပြီး....
" မဂ်လာပါ ပိုင်မျန်မျန်...."
လီလော့၏ ခေါ်သံကြောင့် သူမလန့်ဖြန့်သွားပြီး ရှက်သွေးဖြာနေသော မျက်နှာလေးနှင့်မော့ကြည့်နေရှာသည်။
" မင်..မဂ်လာပါ...."
သူမသည် ထိုသို့ဆိုပြီးသည်နှင့် မြေပြင်ပေါ်ကိုသာအကြည့်လွှဲထားပြီး လက်ချောင်းလေးများကို လိမ်ယှက်နေပြန်သည်။
//ဝိုးးး ဒီလိုအရှက်အကြောက်ကြီးတာမျိုးလေးကို ယုလန်ကြိုက်နေတာပေါ့....သနားစရာကောင်းလိုက်တာ...ယုလန်ခင်မျာ သူလေးနဲ့အတူမနေရဘဲ ကျားရဲမ ပိုင်တုတုနဲ့တဖွဲ့တည်းကျသွားရှာတယ်....ပိုင်တုတုရဲ့ စိတ်ဆတ်ပုံနဲ့ဆို ဒီကောင်နေ့တိုင်း အရိုက်ခံနေရတော့မှာပဲ...//
" ဒါ နည်းပြချီချန်ရဲ့နေရာမဟုတ်လား...မင်းဘာလို့ မဝင်သွားသေးတာလဲ..."
" နည်းပြချီချန်းက လူစုံမှ ဝင်လာခဲ့ဖို့မှာထားလို့ပါ....."
" ဒါဆို ရှင်းဖူဆိုတဲ့တစ်ယောက်ကျန်နေသေးတာပေါ့...ဒီကောင် အချိန်မလေးစားတတ်ဘူးလား..."
ပိုင်မျန်မျန်က အသက်ပြင်းပြင်းရှူလိုက်ပြီး အရိပ်ထဲကို လက်ညှိုးထိုးပြလိုက်ပြီး......
" သူ...သူရောက်နေတာကြာလှပြီ....သူအစောဆုံးရောက်နေတာ....ကျွန်မတို့က ရှင့်ကို စောင့်နေကြတာ"
လီလော့ အံ့သြသွားပြီး အရိပ််ထဲသို့ သေချာကြည့်လိုက်သည့်အခါ လူငယ်တစ်ဉီးသည် အရိပ်နှင့်တစ်သားတည်းဖြစ်နေသည့်အနက်ရောင်ဝတ်စုံကို ဆင်မြန်းထားပြီး မျက်နှာတစ်ဝက်လောက်ကို ခေါင်းစွပ်အနက်ရောင်နှင့် ဖုံးကွယ်ထားသောကြောင့် မျက်လုံးနှစ်လုံးကိုသာမြင်နေရသည်။
ထိုလူငယ်သည် လီလော့ကိုတစ်ချက်သာ ကြည့်ပြီး အကြည့်လွှဲသွားလေသည်။
လူစုံပြီဖြစ်သောကြောင့် သုံးယောက်စလုံး ခးခြံဝန်းလေးထဲသို့ ဝင်လာခဲ့ကြသည်။
ဘေးတစ်ဖက်တစ်ချက်စီတွင် ပန်းပင်ပုလေးများစီးတန်းစိုက်ပျိုးထားသော ကျောက်ခင်းလမ်းလေးအဆုံးတွင် စိမ်းစိုနေသော တိုက်ကပ်နွယ်ပင်များဖုံးလွှမ်းနေသော လသာဆောင်လေးတစ်ခုရှိနေသည်။ ထိုလသာဆောင်ပတ်ပတ်လည်ကို ဝါးယင်းလိပ်များကာရံထားပြီး လေတိုက်တိုင်း အသံမြည်သည် အလှဆင်ပစ္စည်းလေးများချိတ်ဆွဲအလှဆင်ထားသည်။
" ဝင်လာခဲ့ကြ...."
သုံးယောက်သာ နာခံစွာနှင့် ဝါးယင်စလိပ်အသာလှပ်ပြီး အထဲဝင်ခဲ့ကြသည့်အခါ စားပွဲပုလေးရှေ့တွင် ထိုင်ဖုံသုံးခု ချထားပေးပြီး ထိုစားပွဲအနောက်တွင် ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဉီးထိုင်နေသည်ကို မြင်လိုက်ရသည်။
အနီးကပ်ကြည့်လိုက်သည့်အခါမှသာ နည်းပြချီချန်းသည် အရွယ်တင်သူတစ်ဉီးဖြစ်မှန်းသိလိုက်ရသည်။ သူမသည် ရှည်လျားလှသောဆံနွယ်များကို အပြာရောင်ပိုးကြိုးဖြင့် သပ်ရပ်စွာစည်းနှောင်ထားပြီး မျက်နှာတစ်ဝက်လောက်ကို ပုဝါတစ်ခုဖြင့်အုပ်ထားသည့်အတွက် အေးစက်လှပသော မျင်ဝန်းတစ်စုံကိုသာ မြင်တွေ့နေရသည်။
ထို့အပြင် ခပ်ပွပွဝတ်ရုံဝတ်ဆင်ထားပြီး ခန္ဓာကိုယ်ကောက်ကြောင်းများကို ဖုံးကွယ်ထားသော်လည်း လှပကြံ့ခိုင်သူတစ်ဉီးမှန်း သိသားလွန်းလှသည်။
" နည်းပြကို ဂါရဝပြုပါတယ်.... "
သုံးယောက်သား တရိုတသေနှုတ်ဆက် ဂါရဝပြုလိုက်ကြသည်။
" ထိုင်ကြ...."
ထိုအခါမှသာ သုံးယောက်စလုံး ထိုင်ဖုံအသီးသီးတွင် ဝင်ထိုင်လိုက်ကြသည်။
" ဒီနေ့ကစပြီး မင်းတို့သုံးယောက်စလုံး ငါတပည့်တွေဖြစ်သွားပြီ...ကောလိပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မင်းတို့ကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးမယ်...."
သူမ၏လေသံအသွားအလာအရ ဘာကိုမျှအလေးအနက်ထားပုံမရပေ။ သို့မဟုတ်တစ်ခုခုရှိနေတာများလား....
" ကျေးဇူးတင်ပါတယ်"
" မလိုပါဘူး...ဒါငါ့တာဝန်ပဲလေ...မင်းတို့တွေကောင်းကောင်းလုပ်ဆောင်နိုင်ရင် ငါလည်း အကဲဖြတ်အမှတ်ပိုရလိမ့်မယ်....ဘာလဲ မြို့စားအဆင့်တစ်ယောက်ဖြစ်ပြီး နင်တို့ကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ အလကားသင်ပေးမယ်ထင်နေတာလား..."
သူမ၏ ခပ်ပြတ်ပြတ်စကားကြောင့် သုံးယောက်သားမချိပြုံးသာ ပြုံးပြနိုင်တော့သည်။
// ဆရာမကြီးရယ်...အဲ့သလောက်တောင် ပြတ်သားနေမှတော့ ဆရာတပည့်ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်ရပါတော့မလဲ...//
" ကောလိပ်မှာဆို လုံလောက်တဲ့အရင်းအမြစ်တွေရမယ်....အဲ့အတွက်လည်း မင်းတို့ဘက်က ကြိုးစားမှဖြစ်မယ်...ကိုယ်အသုံးမကျလို့ ရွှေအဆင့်နည်းပြတပည့်တွေ ဝေစုလာလုကြတော့မှ ငါ့ကို အပြစ်လာမတင်ကြနဲ့......"
" မင်းတို့တွေအားလုံး ကျင့်ကြံမှုတစ်ခုကလွဲရင် ကျန်တာတွေ အကုန်ခေါင်းထဲက ထုတ်ထားလိုက်ကြ....ညစ်ပတ်တဲ့လှည့်ကွက်တွေသုံးလာတဲ့သူတွေကို ငါ့ဘက်က အတတ်နိုင်ဆုံး ကာကွာ်ပေးမယ်...."
ထိုစကားကို လီလော့ကိုကြည့်ပြီးပြောလိုက်ခြင်းဖြစ်သည်။
ရင်ထဲထိသွားပြီ။ ပထမဆုံးတွေ့ဆုံခြင်းမှာတင် မျက်နှာပျက်မှာစိုးရိမ်မနေရဘူးဆိုလျှင် လီလော့တစ်ယောက် ချီချန်းကို ခြေသလုံးပြေးဖက်မိပေလိမ့်မည်။
" မင်းတို့တွေမှာ ကိုယ်ပိုင်အားသာချက်တွေရှိတယ်....."
" လီလော့မှာက အမွှာပဲ့တင်ထပ်သံရှိတယ်..ရှင်းဖူမှာက သိပ်ကိုရှားပါးလွန်းတဲ့ အရိပ်ပဲ့တင်ထပ်သံရှိတယ်....ပိုင်မျန်မျန်က အားလုံးထဲမှာ အားအနည်းဆုံးဆိုပေမယ့်သူ့ရဲ့ အိမ်မက်ဆိုးရေလိပ်ပြာက ရေသားရဲပဲ့တင်ထပ်သံတွေထဲမှာမှ ရှားရှားပါးပါး ဝိညဉ်ရည်ထုတ်ပေးနိူင်တဲ့ပဲ့တင်ထပ်သံဖြစ်နေတယ်.....သူက မင်းတို့လောက်မသန်မာပေမယ့် ဝိဉာဉ်ရည်သန့်စင်တဲ့နေရာမှာ သူမတူအောင်ထူးချွန်တယ်....ပဲ့တင်ထပ်သံပြုပြင်သူခန်းမက သူ့ကို လက်ခံဖို့စိုင်းပြင်းနေကြတယ်....."
ရှက်ရွံ့နေရှာသော ပိုင်မျန်မျန်သည် သူမကို တစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားလိုက်ရသောကြောင့် မော့ကြည့်လိုက်သည့်အခါ လီလော့သည် သူမကိုစားဝါးတော့မတတ် စိုက်ကြည့်နေပြီး ခဏခဏတံတွေးမျိုချနေလေ၏။
//ဒီလူ ရုပ်ချောသလောက် ကြောက်စရာကောင်းလိုက်တာ....//
" ငါ မင်းတို့ကို အရေးကြီးတဲ့သတင်းတွေမပြောရသေးခင်း မင်းတို့သိချင်တာတွေမေးခွင့်ပေးမယ်....တစ်ယောက်တစ်ခုဆီမေးကြ.... "
လီလော့ ကျန်နှစ်ယောက်ကို အကဲခတ်ကြည့်လိုက်သောအခါ ရှင်းဖူသည် အစကနေအဆုံးထိ ဖရဲသီးတစ်လုံးသဖွယ် တိတ်ဆိတ်နေပြီး ပိုင်မျန်မျန်ကတော့ ရှက်ရွံနေသည်နှင့် အလုပ်များနေသောကြောင့် လီလော့သာ လက်ထောင်ပြလိုက်ရသည်။
" ပြော....."
လီလော့ မျက်ဝန်းများထဲတွင် လေးနက်မှုများရှိနေပြီး ထိုမေးခွန်းထုတ်ပေးဖို့အတွက် နည်းနည်းလေးမျှ တုံ့ဆိုင်းမနေခဲ့ပေ။
" မြင့်မြတ်တဲ့စစ်ပွဲဆိုတာ ဘာလဲ...."
ထိုမေးခွန်းကြောင့် မြို့စားအဆင့်တစ်ယောက်၏စိတ်အခြေနေပြောင်းလဲမှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။