အဖွဲ့များ၏ စွမ်းအား.....
Vol. 10 Ch. 138
အခြားသော အဆောက်အဉီးတစ်ခုထဲတွင်.....ယုလန်သည် ပိုင်တုတုနှင့် ချိုးလော့တို့ကို ဘယ်ညာခြံရံလျှက် အေးအေးသက်သာ ထိုင်နေသည်။
သူတို့ရှေ့တွင် ဆံပင်ခပ်တိုတိုနှင့် ပျင်းတိပျင်းရွဲ ထိုင်နေသူတစ်ဉီးရှိပြီး ထိုသူသည် ခရမ်းအဆင့်နည်းပြမီအာပင်ဖြစ်သည်။
" ကဲ...မင်းတို့ သိသင့်သိထိုက်တာတွေပြောပြပြီးပြီဆိုတော့ အကောင်းဆုံးကြိုးစားကြပေါ့....ဘာမေးစရာရှိသေးလဲ....."
ယုလန်နှင့် ပိုင်တုတုတို့က ခေါင်းခါပြလိုက်သော်လည်း ချိုးလော့ဆိုသော လူငယ်က ယုလန်ကို မိုက်ကန်းကန်းကြည့်လိုက်ပြီး.....
"ဆရာ...သူ့လို အားနည်းတဲ့သူရကို ဘာလို့ရွေးလိုက်လဲ သိချင်ပါတယ်....ခပ်ရိုင်းရိုင်းပြောရရင် သူက ကျွန်တော်တို့ကို ဆွဲချသွားနိုင်တယ်...သူ့ကြောင့်နဲ့ အဖွဲ့လိုက်ရမှတ်တွေပါ ထိခိုက်နိုင်တယ်....."
ယုလန် မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်သော်လည်း ပြုံးနေဆဲပင်.....
" မင်းရဲ့ အသင်းဖော်ကို ဘာလို့ အထင်မြင်သေးနေရတာလဲ...."
" ဆရာ...ကျွန်တော် အထင်မြင်သေးတာမဟုတ်ဘူး....သူ့လို အဆင့်ခြောက်ပဲ့တင်ထပ်သံနဲ့ စည်းတံဆိပ်ကိုးခုအဆင့်က ကျွန်တော့်အသင်းဖော်ဖြစ်ဖို့မထိုက်တန်ဘူးထင်လို့ပါ...."
" ငါလည်း အဆင့်ခြောက်ပဲ့တင်ထပ်သံနဲ့ မြို့စားအဆင့်ထိကျင့်ကြံခဲ့တာပါကွာ...."
" ဆရာ...လူတိုင်း ဆရာ့လို အောင်မြင်နိုင်မယ်မထင်ဘူးနော်...."
" ချိုးလော့...ယုလန်က မင်းလို သဘာဝရဲ့လက်ဆောင်တွေရှိမနေပေမယ့် အကောင်းဆုံးအသင်းဖော်ဖြစ်လာမှာပါ...ဆရာပြောတာ ယုံပါ....."
နည်းပြမီအာ ထွက်သွားသည့်အခါ ချိုးလော့ ဒေါသတကြီးခေါင်းခါလိုက်ပြီး....
" ခရမ်းတံဆိပ်ပြရအောင် မင်းဘယ်လို လိမ်လည်ခဲ့မှန်းမသိပေမယ့် မတန်မရာတွေ မှန်းနေလို့ကတော့ နောက်ဆုံး မင်းပဲဒုက္ခရောက်ရမယ်ဆိုတာ မမေ့နဲ့...စောင့်ကြည့်နေလိုက် ရွှေအဆင့်နည်းပြတပည့်တွေကတောင် မင်းကို ကျော်တက်သွားလိမ့်မယ်....."
ဒေါသတကြီး ပြောချင်ရာပြောပြီးလှည့်ထွက်သွားသည့် ချိုးလော့ကို ယုလန် ဒီအတိုင်းသာ ကြည့်နေခဲ့သည်။
" ဘာမှ စိတ်ညစ်မနေနဲ့...ကြိုးစားနေသ၍ အမှီလိုက်နိူင်မှာပါ...."
ပိုင်တုတု ထိုသို့ အားပေးစကားပြောလိုက်သည့်အခါ ယုလန်က....
" သူပြောသွားတဲ့စကားတွေက ငါ့အတွက် လှုံ့ဆော်ပေးလိုက်သလိုပဲ....."
ပိုင်တုတု ခေါင်းလေးတညိတ်ညိတ်နဲ့ စိတ်ထဲကနေချီးကျူးနေလိုက်မိသည်။
// ယုလန်ကတော်သားပဲ...အပြင်ပန်းကြည့်ရင် ရိုင်းစိုင်းသလိုနဲ့စိတ်ဓာတ်ကြံ့ခိုင်သားပဲ... အခုလဲ ချိုးလော့ပြောလိုက်တဲ့စကားတွေကို အကောင်းဘက်က လှည့်တွေးနေတယ်....//
" ငါ့အစ်ကိုကြီး လီလော့ကို အကူညီတောင်းပြီး ဒီကောင့်ကို ရိုက်ခိုင်းရမယ်...."
ယုလန် ထပ်ပြောလိုက်သောစကားကြောင့် ပိုင်တုတု လျှာကိုက်မိမလိုဖြစ်သွားလေသည်။
// ဘယ်လို မျက်နှာပြောင်တိုက်မှုကြီးလည်း....ဒါကိုမသိဘဲ ငါ့မှာချီးကျုးနေလိုက်ရတာ....//
ယုလန် ခါးသက်စွာရယ်မောနေ၏။
// ဟူးး ခရမ်းအဆင့်နည်းပြရဲ့တပည့်ဖြစ်ရတာ ပန်းခြံထဲ လမ်းထွက်လျှောက်သလို လွယ်ကူမနေဘူးပဲ....//
................................................................
" မင်းတို့တွေ သောက်ဉီးမလား..."
လုချင်းအာသည် သူမရှေ့တွင် ဝိုင်ပုလင်းကိုင်၍ယိုင်တိုင်တိုင်ရပ်နေသော သက်လတ်ပိုင်းအရွယ်ယောက်ကျားကြီးတစ်ဉီးကို စိတ်ပျက်စွာ ကြည့်နေသည်။ ထိုသူသည် ခေါင်းညိတ်ပြလိုက်ပါက လောင်းချရန်အသင့်အနေအထားတွင်ရှိနေသည်။
// နည်းပြချောင်ရှန်းဆိုတာသူလား..နည်းနည်းလေးမှ ဆီလျော်မှုမရှိဘူး....//
လုချင်းအာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီး ဘေးဘက်ကို ကြည့်လိုက်သည့်အခါ ဗိုင်းကောင်းကျောက်ဖိ အမျိုးသမီးလေး ယင်ယွဲ့ကလည်း သူ့နည်းတူ ခေါင်းယမ်းနေရှာသည်။ ကြည့်ရသည်မှာ ဤနေရာတွင် ပုံမှန်အသိစိတ်ရှိသူဟူ၍ သူတို့နှစ်ယောက်တည်းသာ ရှိမည်ထင်သည်။
ထိပ်တန်းကျောင်းတော်သားကြီး ချင်ဇူလုကတော့ မိန်းကလေးများနှင့် အနည်းဆုံး မီတာရှစ်ရာအကွာတွင် နေတတ်သူဖြစ်သာကြောင့် ထောင့်ကပ်နေရှာသည်။ တစ်ခန်းထဲတွင် အတူရှိနေကြခြင်းမဟုတ်ပါက မြင်နိုင်ရန်ခက်လှသည်။
" မိန်းမတွေကိုအဲ့လောက်တောင်ကြောက်ရလာ....."
လုချင်းအာက ယင်ယွဲ့နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။
// ငါ ဘာလို့များ လီလော့နဲ့ တစ်ဖွဲ့တည်းမကျရတာလဲ....//
" ချင်းအာ....မင်းအမေရော နေကောင်းရဲ့လား...."
နည်းပြချောင်ရှန်း၏ မေးမြန်းမှုကြောင့် လုချင်းအာအံ့သြသွားပြီး.....
" နည်းပြက ကျွန်မအမေကို သိနေတာလား...."
ထိုမေးခွန်းကြောင့် ထောင့်ကပ်နေသော ချင်ဇူလုပင် သိချင်စိတ်ပြင်းပြသွားခဲ့သည်။
" သိတာပေါ့.....မိတ်ဟောင်းဆွေဟောင်းတွေပဲဟာ....."
နည်းပြချောင်ရှန်းကို ကြည့်ရသည်မှာ လေးနက်လှသော အတိတ်ဟောင်းကအကြောင်းအရာများကို ပြန်ပြောတော့မည့်ပုံ......
" ငါ သူ့ကို တစ်ခါမြင်ဖူးလိုက်ပြီးကတည်းက လုံးဝမေ့မရနိူင်တော့ဘူး....."
" နည်းပြ ကျွန်မကို အဲ့တာကြောင့် ရွေးချယ်ခဲ့တာတော့ မဟုတ်လောက်ပါဘူးနော်...."
"အိုး....မဟုတ်တာ...မင်းရဲ့ အရည်အချင်းနဲ့ အလားအလာတွေက ခရမ်းအဆင့်နည်းပြ တပည့်ဖြစ်ဖို့ ထိုက်တန်နေလို့ပါ....အဲ့တာနဲ့ မဆိုင်ပါဘူး....."
"........"
ချောင်ရှန်း၏ ကြောင်စီစီနိုင်လှသော အပြုံးကြောင့် လုချင်းအာ လက်သီးဆုပ်ထားလိုက်မိသည်။
အိမ်ပြန်ခွင့်ရရင် အမေ့ကို သေချာမေးမှဖြစ်တော့မယ်.....
...........................................................................
" ငါ့မှာ မင်းတို့သုံးယောက်စလုံးအတွက် ပြောစရာတစ်ခုပဲရှိတယ်...ကျောင်းသားသစ်တွေကြားမှာ အသန်မာဆုံးအဖွဲ့ဖြစ်အောင်ကြိုးစားကြပါ....."
ရှန်ကျင်းရှောင်၏ အထက်စီးဆန်သော လေသံထဲတွင် ထိုသို့ဖြစ်မလာပါက ခံစားရမည့်အကျိုးဆက်များအကြောင်း ချိန်းခြောက်နေသည့်အရိပ်အယောင်များ ပါဝင်နေသည်။
ဒူဇီပိုင်ရွှမ်း၊ ဝမ်ဟေးကျူနှင့် ချီလော့ဇီတို့သုံးဉီးစလုံး တညီတညွှတ်တည်း ခေါင်းညိတ်လိုက်ကြသည်။
" ဒူဇီပိုင်ရွှမ်း...မင်း လီလော့ကို ရှုံးခဲ့လို့ စိတ်ဓာတ်ကျနေစရာမလိုဘူး....သူ့မှာ ပဲ့တင်ထပ်သံနှစ်ခုရှိမှန်း မသိလို့ လျှော့တွက်ခဲ့မိတယ်မဟုတ်လား....သူ့ရဲ့ ဒုတိယပဲ့တင်ထပ်သံက အဆင့်သိပ်မမြင့်တော့ သူ့မှာ ကန့်သတ်ချက်တွေရှိနေတယ်....."
ရှန်ကျင်းရှောင်၏ အေးစက်သောအကြည့်များသည် ဒူဇီပိုင်ရွှမ်းထံတွင်သာ ကျရောက်နေသည်။
" နောက်တစ်ခါကျရင် အရှက်ရခဲ့သမျှကို အဖတ်ပြန်ဆယ်နိုင်ပါစေ.....ငါ ရှန်ကျင်းရှောင်ရဲ့တပည့်မှန်ရင် နှစ်ခါရှုံးတာမျိုး ဘယ်တော့မှ မဖြစ်စေရဘူး.....ကြားလား...."
လေးလံလှသောဖိအားများကြောင့် ပိုင်ရွှမ်းချွေးဒီးဒီးကျနေလေပြီ။
" ဟုတ်ကဲ့ပါနည်းပြ....ကျွန်တော် ရေကုန်ရေခမ်းကြိုးစားကျင့်ကြံပြီး အရှက်ရခဲ့သမျှကို ချေဖျက်ပစ်ပါ့မယ်....."
" အေး...နောက်တစ်ခါထပ်ရှုံးလို့ကတော့ မင်းအစား ဝမ်ဟေးကျူကိုပဲ ရှုံးကျွေးသွားတောင်းခိုင်းလိုက်မယ်...."
ဝမ်ဟေးကျူသည် ပြုံးစစမျက်နှာပေးနှင့် ကျောက်စိမ်းယပ်တောင်ကို ဖြန့်လိုက် ပိတ်လိုက်ဆော့ကစားနေ၏။
လီလော့တဲ့လား.....လုချင်းအာက လီလော့အတွက်ဆို သူ့ကိုယ်သူတောင် စတေးခံဝံ့တယ်ဆိုတော့.....အခါသင့်လို့ အခွင့်သာရင် လော့လန်အိမ်တော်သခင်လေးရဲ့ ပဲ့တင်ထပ်သံနှစ်ခုရဲ့စွမ်းအားအကြောင်း သိချင်မိပါရဲ့....သခင်လေးသာ ရှုံးသွားခဲ့ရင် လုချင်းအာဆီက အခွင့်ရေးများရနိုင်လောက်မလား.....
အပြစ်အနာဆာကင်းမဲ့သည့် ကြွေရုပ်ကလေးနှယ်လှပသော လက်ချောင်းလေးများကို အခုထိ အမှတ်ရနေမိသေးသည်။ ထို့အပြင် လုချင်းအား ကြီးမားဖွံ့ထွားလှသော ရင်နှစ်မွှာကိုသာ အားရပါးရဆုပ်ကိုင်ခွင့်ရမည်ဆို အကြီးအကျယ်ပျော်ရွှင်မိမှာ အမှန်ပင်.....
" မင်းတစ်ခုခုလိုအပ်ရင် ပြောသာပြောလိုက်"
ဝမ်ဟေးကျူ ထိုသို့ပြောလိုက်သော်လည်း ဒူဇီပိုင်ရွှမ်းက မျက်နှာသေနှင့်သာပြန်ကြည့်လိုက်ပြီး ရှန်ကျင်းရှောင်ကို ဉီးညွှတ်ကာ လှည့်ပြန်သွားလေတော့သည်။